Tuesday, August 23, 2016

သံသာစက်၌ အပိုင်း (၂၁)

သံသာစက်၌ အပိုင်း (၂၁)

{ ဇာတ်သိမ်းပိုင်း }

ဂျင်ကလိ ရေးသည်။

“မမမြတ်၊ မမမြတ်”

အမောတကောနှင့် ခေါ်လိုက်သည့် ကျွန်မ ကို မမမြတ် မော့ကြည့်သည်။ အစပိုင်းမှာ ဇဝေဇဝါဖြစ်နေသေးသော် လည်း မမမြတ် မျက်နှာ မှာ အပြုံးတခုတဖြည်းဖြည်းချင်းပေါ်လာ၏။ သူတစိမ်းတယောက်ကို ကြည့်နေသော အ ကြည့်မှနေ ရင်းနှီးနွေးထွေးသော မျက်နှာ ကိုပြောင်းသွားသည်။ ကျွန်မ ထင်ခဲ့တာတွေမမှားပါ။ ကျွန်မ ရုပ်ရည် ဘယ်လိုပဲ ရှိရှိ မမမြတ် သိနေပါသည်။

“နင် ဆွေဇင် မဟုတ်လား၊ ဘာဖြစ်လို့ ဒီရုပ်ဖြစ်နေရတာလဲ”

“မမမြတ်၊ ကျွန်မ ကိုမှတ်မိတယ်နော်၊ ဝမ်းသာလိုက်တာ မမမြတ်ရယ်၊ အရမ်းတွေ့ချင်နေတာကြာပြီ”

“ဟိုကောင်လေး နဲ့ မနေတော့ဘူးလား၊ ကလေးကော ကြီးပြီလား”

“အဲဒါက မမမြတ်ရယ် ….”

ကျွန်မ ဘာဆက်ပြောရမည်မသိ ဖြစ်သွားသည်။ မမမြတ် ကတော့ ကျွန်မကို နားလည်နိုင်စွမ်းရှိသူ ပီပီ ထူးခြားမှု တခုကိုသတိပြုလိုက်မိပုံရသည်။ မပီတပီလေး ပြုံးပြရင်း

“အင်း …နှစ်တွေလဲကြာခဲ့ပြီပဲ၊ နင့်ကို ဒီလိုပုံနဲ့ မြင်လိုက်ရကထဲက အရင်အတိုင်း မဟုတ်တော့ဘူးလို့ ငါတွေးမိပါ တယ်၊ ဒါနဲ့ အခုရော အဆင်ပြေရဲ့လား”

ကိုလင်း မျက်နှာကို ကွက်ကနဲပြေးမြင်လိုက်သည်။ ကျွန်မ မှာအကျပ်အတည်းတခုတွေ့နေကြောင်း မမမြတ် ကို ပြောပြလိုက်ချင်ပေမယ့် ဘယ်ကစလို့ ပြောရမှန်းမသိအောင် ဖြစ်နေရသည်။

“မမမြတ် အချိန်ရလား”

“ရပါတယ်၊ ညည်းနဲ့ မတွေ့တော့ရင် ငါပြန်တော့မလို့ပဲ”

“ပြောစရာတွေ အများကြီးရှိသေးတယ် မမမြတ်ရယ်၊ ကျွန်မ အိမ်ကို လိုက်ခဲ့ပါလား”

“သွားမယ်လေ”

မမမြတ် မဆိုင်းမတွပင် ထိုင်ရာကထပြီး ကျွန်မ နှင့်လိုက်ဖို့ ပြင်သည်။ ဒီနေရာက အိမ်နှင့် တမှတ်တိုင်လောက်ပဲ ဝေးသည် ဆိုတော့ ကားမစီးတော့ဘဲ လမ်းပဲလျှောက်သွားဖို့ဆုံးဖြတ်လိုက်သည်။ အိမ်ရောက်အောင် မစောင့်ချင် လမ်းမှာပဲ စကားတွေပြောသွားချင်သည်။ မမမြတ်က နယ်က မြို့လေးတမြို့၏ ဈေးထဲမှာ အပ်ချုပ်ဆိုင်လေး တ ဆိုင် ဖွင့်ပြီး နေနေကြောင်းသိရသည်။

“တို့အိမ်နားက ကလေး တယောက် ကလေးဆေးရုံကြီးမှာတက်နေတာလေ၊ ရက်ကြာလာတော့ ပိုက်ဆံပြတ်သွား ရော၊ အိမ်ကနေပို့ပေး ဖို့ကလဲ ဟိုမှာကျန်တဲ့ အဖိုးကြီး အဖွားကြီးက ရန်ကုန်တယောက်မှ မရောက်ဖူးကြဘူး၊ ကလေး အဖေအမေကလဲ ကလေးနဲ့ အတူ ဒီရောက်နေကြတာကိုး၊ အဲဒါနဲ့ ငါလဲ ဆိုင်ပိတ်ပြီး ပိုက်ဆံလာပို့ ပေး တာ၊ဒီမနက်ပဲ သွားပေးခဲ့ ပြီး ပြန်တော့မလို့၊ တိုက်တိုက် ဆိုင်ဆိုင် နင်နဲ့ လာတိုးတယ်”

ပုံမှန် တည်ငြိမ်သောမျက်နှာထားနှင့် ရှိပေမယ့် မမမြတ်ပျော်နေတာ ကျွန်မ သိသည်။ ကျွန်မ နှင့် စတွေ့တုန်း က လည်း အဖွားကြီး တယောက်ကို ကူညီဖို့ခရီးထွက်လာရင်း တွေ့ခဲ့ကြခြင်း ဖြစ်သည်။ အခုတကြိမ်လည်း မမမြတ် ၏ သူတပါး အပေါ် ကူညီချင် စိတ်ကြောင့် ကျွန်မတို့ ပြန်ဆုံမိကြလေပြီ။ တိုက်ဆိုင်လွန်းသည်လို့ တောင် ကျွန်မ ထင်မိပါသည်။

“မမမြတ် ကျွန်မ ကို ကူညီလို့ ဒုက္ခရောက်သွားတယ်ဆို”

“နင့်ကို ဘယ်သူပြောတာလဲ”

“ဟို စောနန်းနွယ် ဆိုတဲ့ ဗေဒင်ဆရာမ”

“သူက ဘယ်သူလဲ”

“ပြောရရင်တော့ အရှည်ကြီးပဲ၊ အိမ်ရောက်မှ ပြောမယ်၊ မမမြတ် မနက်စာစားပြီးပြီလား”

“ပြီးပြီ၊ နင်မစားရသေးဘူးလား”

“ကျွန်မ လည်းပြီးပြီ၊ ဒါဆို စကားအေးအေး ဆေးဆေးပြောလို့ ရပြီပေါ့”

“ဒါနဲ့ နင်က ဘာလို့ ဒီလိုပုံ ဖြစ်နေရတာလဲ”

“ပုံပြောင်းပေမယ့် မမမြတ်သိတယ် မဟုတ်လား၊ ပြောမယ်၊ အားလုံးကိုပြောမယ်၊ အခုသိချင်တာက ကျွန်မ ကြောင့် မမမြတ် ဘယ်လိုဒုက္ခ ရောက်ရတယ် ဆိုတာပြောပါလား မမမြတ်ရယ်”

မမမြတ်ပြုံးလိုက်သည်။

“ဒုက္ခ ရယ်လို့ မဟုတ်ပါဘူး၊ နင့် ဆီကို လာဖို့ မဖြစ်နိုင်တာကို ပြောတာ၊ ဥပမာ နင့် ဆီကို လာမယ်ဆိုရင် လမ်း မှာ ကားပျက်သွားတာမျိုး၊ အကြောင်းတခုမဟုတ်တခုကြောင့် ငါ မလာနိုင်ဘူး ဖြစ်နေတာပါ၊ တခါလဲ မဟုတ် နှစ် ခါလဲ မဟုတ်ဆိုတော့ ငါသိလိုက်တယ်၊ တို့ ရဲ့ အထက်က နင်နဲ့ ငါနဲ့ တွေ့ဖို့ကို သဘောတူပုံ မရဘူးလို့၊ နောက်ပြီး နင်လဲ နင့်ဖာသာ ရပ်တည်နိုင်နေပြီပဲ လေ”

“အထက်က…ဟုတ်လား၊ ဘယ်သူတွေကို ပြောတာလဲ မမမြတ်”

အသစ်အဆန်းတခုကြောင့် စိတ်ဝင်စားသွားသည်။ ကျွန်မ တို့ကို ကြီးကြပ်ကွပ်ကဲသူ ရှိနေလိမ့်မည်ဟု ဘယ်အခါ မှ မတွေးမိခဲ့ ဖူးပါ။ ကျွန်မ ကိုယ်ကျွန်မ ကံစီမံရာ နာခံသူ တယောက်လို့ သာအမြဲစွဲမှတ် ထားမိခဲ့သည်။

“နင့် မှာတွေ့ချိန်တန်ရင် တွေ့ပါလိမ့်မယ်၊ နင့်မှာ အပြစ်တွေ အမှားတွေ များလို့ကတော့ အချိန်မတန်လဲ တွေ့ရမှာပဲ”

ကျောထဲမှာ စိမ့်ကနဲဖြစ်သွားသော်လည်း ထိုအထက်ပုဂ္ဂိုလ် ဆိုသူတွေကို တွေ့ချင်သည်။ ကျွန်မ ပြုခဲ့မိခဲ့သော၊ ကျွန်မ လည်းလုံးဝသိရှိမှတ်မိခြင်း မရှိသော ဝဋ်ကြွေးတွေ အတွက် အခုလိုခံစားနေရတာ တရားပါရဲ့လားဟု မေး လိုက်ချင်သည်။

“မမမြတ်တွေ့ဖူးလား”

“နင် ကလေး မွေးတာကို လာကြည့်ပြီး အပြန်မှာ၊ အသံနဲ့လာပြောတယ်၊ နင့်ဝဋ်ကြွေးတွေက များတယ်တဲ့၊ ယူခဲ့ ရင်ဆပ်ရမယ်၊ အကြောင်းရှိလို့ အကျိုးတွေ ဖြစ်လာတာ၊ ပေါ့စေလိုရင် ကြောင်ရုပ်သွားမထိုးရဘူး၊ ငါဝင်ရှုပ်နေ တာ တွေများပြီတဲ့”

“ဘာပြောတာလဲဟင်”

“နင့်ဝဋ်ကြွေးကို နင်ပဲဆပ်ရမှာလေ၊ ငါက ကိုယ်စားခံပေးလို့လဲမရဘူး၊ ဝဏ္ဏရှိန် ဆိုတဲ့ ကောင်လေးနဲ့ နင်တို့ ယူကြ တယ် ဆိုတာလဲ ငါက တိုက်တွန်းလို့ ဖြစ်သွားတာမထင်နဲ့ သူ့ဖာသာ အကြောင်းရှိလို့ ဖြစ်လာတာ၊ အဲဒါကို သ ဘော ပေါက်သွားတော့ ငါဝင်ရှုပ်ရင် နင်အလုပ်ပိုမယ် ဆိုတာတွေးမိသွားတယ်လေ”

“မမမြတ်ပြောတော့ ကျွန်မဆီ လာရင်လဲ လွဲတယ်ဆို”

“ငါက ရိုးရိုးလာတာပါ၊ နင့်ကိုတွေ့ချင် နင့်ကလေးကို ကြည့်ချင်ရုံလေးပါပဲ၊ အဲဒီလောက်လေး ကိုတောင် အဆင် မပြေတော့ ငါလက်လျှော့လိုက်တာပေါ့”

ကျွန်မ တို့ မတွေ့ကြစဉ်ကာလ အတွင်းမှာ ကြုံရသည့် မမမြတ်၏ အကြောင်း တွေကို လမ်းမှာပဲ မေးသွားတာ ကောင်းမည်ဟု ကျွန်မ တွေးလိုက်မိသည်။ ကျွန်မ၏ အဖြစ်တွေကို မမမြတ်ကို ပြောပြဖို့က အချိန်တွေ အ များ ကြီး ယူရနိုင်သည်။ မမမြတ် ဆီက အကြံဉာဏ်လည်း လိုချင်သည်။ အကြံဉာဏ် ဆိုတာက ကျွန်မ ဝဋ်ကြွေးတွေ ကို ရှောင်လွှဲ ဖို့ မဟုတ်ပါ။ ကျွန်မ စိတ်ကူးနေသည့် ကိစ္စတခုက ကျွန်မ တို့လောက၏ စည်းမျဉ်းစည်းကမ်း တွေ နှင့် ညီမညီသလိုခြင်းသာဖြစ်သည်။

“ကျွန်မ ကလေးမွေးတုန်းက မမမြတ် လာတယ်နော် ဟုတ်လား”

“အေး”

“ဘယ်လိုလာတာလဲ”

“နင်ငါ့ကို အရမ်းတွေ့ချင်နေတယ် မဟုတ်လား၊ ငါကလည်း နင့်ကို စိတ်ပူတယ်လေ၊ အဓိက ကတော့ စိတ်ပါပဲ၊ နင် လည်းနောက်တော့ သိလာမှာပါ၊ လုပ်နိုင်လာမှာပါ”

ရင်မောစွာ ဖြင့် သက်ပြင်းချလိုက်မိသည်။ ခုတိုင်း ဆိုရင် ဒီဘဝမှာ ကျွန်မ က ဘာမှ မဟုတ်သေး။ ဖြတ်ကျော်ရ မည့် အကြောင်းအရာတွေ အချိန်တွေ မြောက်များစွာ ကျန်သေးသည်ဆိုတာကို သဘောပေါက်လိုက် သည်။

“နင့် အိမ်က အောင်လက်မှတ်တွေ အဲသလိုပဲ ငါသွားယူလိုက်တာလေ”

“ရှင်၊ ဒီလို လုပ်လို့ရတယ်လား”

“အင်းလေ၊ နောက်ဆိုနင်လဲ လုပ်နိုင်လာမှာပါ၊ နင်က နုသေးတာကိုး”

ဒီဘဝ၏ အချိန်ကာလတွေ အကြောင်း မကြားချင်ပါဘူးဆိုမှ ထပ်ပြောစရာ ဖြစ်လာသည်။ ကျွန်မ စကားလွှဲပစ် လိုက်မိပါသည်။ လောလောဆယ် သာမန် မဟုတ်သော အကြောင်းတွေ မသိချင်ပါ။ အဲဒါတွေက မမမြတ်ပြောသ လို တချိန်မှာသိလာမည့် အရာတွေလို့ပဲ ဒီအတိုင်း ထားလိုက်ချင်သည်။

“ကျွန်မ ကလေး နောက်တယောက် မွေးသေးတယ် သိလား”

“ဟင် …ဒါဆို နင်ကလေး နှစ်ယောက်ရပြီ ပေါ့၊ ကလေး နှစ်ယောက်ရ ပြီးမှ နင်က ဘာလို့ ဒီလို ဖြစ်သွားရတာလဲ”

“နောက် မွေးတဲ့ ကလေးက နောက်ယောက်ျားနဲ့ ရတာ မမမြတ်ရဲ့၊ ”

“ငါထင်တာ ထက်တောင် ရှုပ်နေပါလားဆွေဇင် ရယ်၊ ပြောစမ်း အေ ခပ်မြန်မြန်”

“လမ်းပေါ်မှာ ဇာတ်စုံခင်းလို့ မကောင်းပါဘူး မမမြတ်ရယ်၊ အိမ်ကျမှပေါ့”

“မေးဖို့ မေ့နေတာ၊ နင်က အခု ဘယ်သူနဲ့ နေတာလဲ”

“တယောက်ထဲ မမမြတ်”

မမမြတ် ခြေလှမ်းတုန့် သွားပြီး ကျွန်မကို စူးစိုက်ကြည့်သည်။ ပြီးတော့မှ သက်ပြင်းလေးလေး ချလိုက်ရင်း

“အေးလေ …တို့ ခပ်သွက်သွက် လျှောက်ကြတာပေါ့၊ ငါသိချင်လှပြီ”

..................................................................

အပိုင်း (ဇ)

ကျွန်မ စကားတွေကို နားထောင်နေသော မမမြတ် မျက်နှာက ပိုပြီးအေးစက်လာသည်။ နဂိုကထဲက အေးစက် စက်လို့ ပြောနိုင်သည့် မျက်နှာထားပေါ်မှာ တည်ငြိမ်မှုထပ်၍ စွက်လိုက်သော အခါ ပိုတင်းမာလာသယောင်ထင် ရသည်။ ဒါပေမယ့် ရီဝေသော အကြည့်နှင့် မျက်ဝန်းတွေထဲမှာ ကျွန်မ အပေါ် မမမြတ်၏ စာနာနားလည်မှုတွေ ကို မြင်ရသည်။ ဒါတောင်မှ ကျွန်မ ကြုံခဲ့ရသမျှ တွေထဲက အကြမ်းဖျင်းလောက်သာ မမမြတ်ကို ပြောပြခဲ့ခြင်း ဖြစ် ပါသည်။ ဝဏ္ဏရှိန် နှင့် လမ်းခွဲခဲ့ပုံ၊မှ စပြီး ကြုံခဲ့ ရသမျှ တချို့တလေသာ ဖြစ်သည်။ အဓိက အားဖြင့်တော့ ကိုလင်း နှင့် ပြန်ဆုံရ သည့် အကြောင်းတွေ လောက်ပဲဖြစ်သည်။ အဖြစ် အပျက်တွေထက်စာရင် ကျွန်မ ခံစားရတာတွေ ကို အဓိက ထားပြီးပြောဖြစ်သည်။

နောက်ဆုံးမှာ ကျွန်မ နှင့် ကိုလင်းတို့၏ လက်ရှိ အခြေအနေကို ပြောပြလိုက်သည်။ ဝေဒနာ အချိန်တွေမှာ ယောက်ျား တွေနှင့် မပတ်သက်ဘဲ ဖြေရှင်းလို့ ရနိုင်သည့် နည်းလမ်းကို ကျွန်မ ရခဲ့ကြောင်းပြောပြလိုက်သည့် အခါ မနက်က တင်ထားခဲ့ပြီး စား ပွဲပေါ်မှာ အခုထက်ထိရှိနေဆဲ အပ်ကြီးကိုမမမြတ် မကြာမကြာလှမ်း လှမ်း ကြည့်သည်။

ကျွန်မ ကိုခင်မင်သော မ မမြတ်သည် ကျွန်မ ခံစားရမည့် နာကျင်မှုတွေ တွေးမိပြီး စိတ်ချမ်းသာဟန် မတူပါ။

“သူနဲ့ ပတ်သက်တာဟာ နင့် အတွက်မကောင်းဘူး ဆိုတာ အရင်ထဲက ငါရိပ်မိပါတယ်”

“ကျွန်မ လည်းရှောင်ပါတယ် မမမြတ်ရယ်၊ ဒါပေမယ့် ဘယ်လိုမှ မလွတ်ဘူး၊ သူနဲ့ ဆုံဖို့ အကြောင်းက ဖန်လာတာ ချည်းပဲ”

“စိတ်ကောင်းရှိမယ့် သူပါ၊ ဒါပေမယ့် နင်တို့က ဘဝတွေ မတူကြဘူးလေ၊ ပေါင်းစပ်ဖို့က လွယ်လွယ်ကူကူ ဘယ် ဖြစ်နိုင်ကြပါ့မလဲ၊ ငါပြောဖူးပါတယ်၊ ဒီလူဟာ နင့်ရဲ့ဝဋ်ကြွေး ဖြစ်လိမ့်မယ်လို့”

ထိုဝဋ်ကြွေးကိုပင် ကျွန်မ က လိုချင်တပ်မက်နေကြောင်း ကို မမမြတ်အား မပြောတော့ပါ။ မပြောလည်း မမမြတ် သိနေမည်ဟု ထင်မိပါသည်။

“ကျွန်မ ဘာဆက်လုပ်ရမလဲ မမမြတ်”

“ငါမပြောတတ်ဘူး၊ ပြောလဲ မပြောချင်ဘူး”

ကမ ္ဘာပေါ်မှာ ကျွန်မ အယုံကြည်ရဆုံး အားအကိုးရဆုံး သူဆီက ဒီလိုစကားထွက်လာတော့ ကျွန်မ အတွက် အရာရာက အမှောင်ထုထဲရောက်သွား သလိုပင်။ ဘာကိုမှမမြင်ရ၊ ကျွန်မ ကိုယ်ကျွန်မ လည်း မမြင်ရတော့။

“မမမြတ်ရယ်”

“နင် သူနဲ့ နီးစပ်ချင်တာ အချစ်အတွက် မဟုတ်ဘူးဆိုရင်တော့ ငါတခုခု ပြောနိုင်လိမ့်မယ် ထင်ပါတယ်၊ အခု နင်က …. အဲဒါ သိပ်ကြောက်စရာကောင်းတယ် ဆွေဇင်၊ နင်ငါ့ဆီက အကြံဉာဏ် လိုချင်မှန်းလဲ သိနေတယ်၊ ဒါပေမယ့် ငါဘယ်လိုပြောရမှန်း မသိဘူး”

ကျွန်မ လမ်းဆုံးတခုကိုရောက်နေသလိုပင်။ အစကတော့ လမ်းဆုံလို့ ထင်ခဲ့သည်။ အခုကျတော့ မမမြတ်၏ စ ကားတွေ ကြောင့် ရွေးချယ်စရာတခုခု ရှိနေနိုင်သည် ဆိုသည့် အစား ရွေးစရာ မရှိတော့ဟု စိတ်မှာထင်လာ ၏။ 

“စိတ်ပျက်သွား သလားဆွေဇင်”

“ဟုတ်ကဲ့ မမမြတ်”

“နင်က ဘာလုပ်ချင်တာလဲ”

“မသိတော့ပါဘူး မမမြတ်ရယ်”

“နင် အဆင်ပြေမယ် ထင်သလိုဆုံးဖြတ်ပါ၊ အဆင်ပြေမယ် ဆိုတာက နင့်ဘက်တခုထဲမဟုတ်ဘူး၊ သူ့ အတွက် လဲပါတယ် ဆိုတာငါ ထည့်ပြောဖို့ မလိုဘူး ထင်ပါတယ်နော်”

“ကျွန်မ စဉ်းစားတာ သူ့ အတွက်ပါပဲ၊ ကျွန်မ အတွက်ကျွန်မ ကတော့ ဘာမှစဉ်းစားနေစရာ အကြောင်းမရှိပါ ဘူး”

“နင်သူ့ကို သိပ်ချစ်လား”

“ဟုတ်ကဲ့”

မမမြတ် မျက်နှာ ပိုလေးနက်တည်ကြည်သွားသည်။ ကျွန်မကို နူးညံ့သည့် အကြည့်ဖြင့်ကြည့်ရင်း တိုးတိုးညင် ညင် ဆက်ပြော၏။

“အချစ်ဆိုတာ တို့တွေမှာ မရှိသင့်ဘူး၊ နင်ဆုံးဖြတ်ရ ခက်အောင်ပြောတာ မဟုတ်ဘူးနော်၊ ငါ့ အယူအဆ သက် သက်ကို ပြောတာ၊ နင်တကယ် သူနဲ့ လက်ထပ်ချင်သလား”

ကျွန်မ ခေါင်းကိုလေး ပင်စွာညိတ်ပြလိုက်မိသည်။ ကိုလင်းနဲ့သာ တူတူနေရမည် ဆိုရင် လက်ရှိခံနေရသည့် ဝဋ် ကြွေးတွေ ပိုတိုးလာမယ် ဆိုရင်တောင် ကျွန်မ ကိုလင်းနားမှာ ပျော်နေနိုင်လိမ့်မည်ဟု ထင်ပါသည်။

“နင့် မှာ ဘယ်လို စိတ်ကူးတွေ ရှိနေလဲ”

ကျွန်မ မပြောတတ်ပါ။ အဆင်အပြေဆုံးတခုခု ဖြစ်လာဖို့သာ ကျွန်မ မျှော်နေမိခြင်း ဖြစ်ပါသည်။ ချောင်ထဲမှာ ပိတ် မိသလိုဖြစ်နေသည့် ကျွန်မ၏ အဖြစ်ကို မမမြတ် ကောင်းကောင်း သဘောပေါက်ရှာပါသည်။ ကိုယ်ကိုကိုင်း၍ ကျွန်မ လက်ကိုညှစ်လိုက်ရင်း

“ကဲ …တို့ တခုချင်းစီ ပြောကြည့်ရအောင်နော်၊ နင်စဉ်းစားရ လွယ်အောင်ပေါ့”

“ဟုတ်ကဲ့”

“နင်ကသူနဲ့ လက်ထပ်ချင်တာကတော့ ဟုတ်ပါပြီ၊ တသက်လုံး တူတူ နေသွားဖို့ အဆင်ပြေမယ်ထင်လား”

“အခက် အခဲတော့ရှိမှာပဲ မမမြတ်၊ အဲဒါတွေကို ကြိုးစားသည်းခံပြီး ကျော်ဖြတ်ကြည့်ချင်တယ်။ ဒါပေမယ့် ကြောက်လည်း ကြောက်တယ်”

“ဘာကိုကြောက်တာလဲ”

“အားလုံးပဲ၊ သူနဲ့ ကျွန်မက ဘဝချင်းမတူတော့ ဘယ်လောက်အထိအဆင်ပြေနိုင်မယ် ဆိုတာမပြောတတ်ဘူး၊ ကံအကြောင်းတရားက ဘာတွေထပ်ဖြစ်လာမယ် ဆိုတာကိုလည်း ကြိုတွေးလို့ မရဘူးလေ”

“နင့် သက်တန်းက အများကြီး ကျန်သေးတယ်၊ သူက နောက်အနှစ် ၂၀ လောက်ဆို အဖိုးကြီး ဖြစ်ပြီ၊ နင်က ဒီရုပ် နဲ့ ဒီအရွယ်ပဲ ရှိနေဦးမှာ၊ အို …ဟာ …. ငါဘယ်လိုပြောရမလဲ၊ သူက အသက်ကြီးလာလို့ နင်နဲ့ အိပ်မပေးနိုင်တော့ ဘူး ဆိုရင် ဘယ်လိုလုပ်မလဲ”

ကျွန်မ မတွေးခဲ့သည့် အကြောင်းတခုဖြစ်ပါသည်။ ရင်ထဲမှာ မွန်းကြပ်လာပြီးနောက် စားပွဲပေါ်က အပ်ကို မဝံ့မရဲ ဖြင့် လှမ်းကြည့်မိသည်။ ကျွန်မ အတွေးကို မမမြတ်သိသည်။

“ရုပ်ကတော့ ရင့်သွားအောင် နည်းနည်းချင်း ပြောင်းယူသွားရင် ရတယ်၊ အဓိက ကတော့အဲဒါပဲ၊ နင်က ဒီနည်းနဲ့ ကိုယ့်ကိုယ်ကို နှိပ်စက်ပြီပဲထားပါတော့ သူသိသွားရင်ကော၊အခုတောင် နင့်ဒါဏ်ရာတွေနဲ့ ပတ်သက်ပြီး သူသိ ချင်နေပြီ မဟုတ်လား”

“မမမြတ်”

“ဘာလဲ”

“ကျွန်မ ရဲ့ ဘဝမှန်ကို သူ့ကိုဖွင့်ပြီးဝန်ခံလိုက်ရင်ကော၊ ကိုလင်းက နားလည်မှု ရှိပါတယ်”

“ဟုတ်ပြီ ထားတော့၊ နင်လူမဟုတ်ပါ ဘူးဆိုတာ သူယုံအောင် ဘယ်လိုသက်သေပြမလဲ၊ သူ့လို ပညာတတ် တ ယောက်က ဒီလို အဖြစ်မျိုးတွေကို လွယ်လွယ်လက်ခံမယ် ထင်လား”

ယုံတမ်းစကားဆန်သည့် အကြောင်းအရာတွေကို ကိုလင်းလို စနစ်တကျ စဉ်းစားလုပ်ကိုင်တတ်သည့် လူတ ယောက်က လက်ခံဖို့ မလွယ်ကူမှန်းတော့ သိပါသည်။ ကျွန်မစိတ်ချမ်းသာအောင် ယုံသည်လို့ ပြောကောင်း ပြော မည်။ ကျွန်မကို ယဉ်ယဉ်လေးနှင့် ရူးနေသည့် မိန်းကလေးလို့ ထင်ချင်ထင်သွားလိမ့်မည်။ ဒါပေမယ့် ကိုလင်း ကျွန်မအပေါ်ထားသည့် အချစ်ကတော့ လွင့်ပျက်သွားမှာ မဟုတ်လို့ ယုံကြည်နေပါသေးသည်။ ရူးနေတယ်လို့ ထင်သွားလည်း သည်းခံအလိုလိုက်ပြီး ကျွန်မကို ဆက်ချစ်နေမည့်သူဆိုတာ သေချာပါသည်။

“ကျွန်မ စဉ်းစားမိတာတခုရှိတယ်၊ ဟိုအရင်ထဲက သူနဲ့ တွေ့ခဲ့ဖူးတဲ့ အကြောင်းတွေကို ပြန်ပြောလိုက်ရင် ကိုလင်း လက်ခံမယ်ထင်တာပဲ၊ ပုလဲရည် ဆိုတဲ့ အခုမှတွေ့တဲ့ ကောင်မလေးက အဲဒီအကြောင်းတွေ သိစရာ အကြောင်း မရှိဘူးလေ”

“ပြီးတော့ကော”

“ကိုလင်း ကျွန်မကို ဆက်ချစ်နိုင်မလားလို့ မေးရတော့မှာပေါ့၊ ဒါကိုမှ သူက လက်ခံနိုင်မယ် ဆိုရင်တော့ ဇွတ် မှိတ် လိုက်တော့မယ်၊ ဖြစ်ချင်ရာဖြစ် ရင်ဆိုင်လိုက်တော့မယ်”

“ဒါဆိုရင် လည်း လုပ်ကြည့်လေ”

မမမြတ်လေသံက တက်ကြွရွှင်လန်း ခြင်းကင်းမဲ့နေသည်။ ကျွန်မ စိတ်ချမ်းသာဖို့ ပြောရသော်လည်း မမမြတ် ဒီအကြံ အစည်ကို သိပ်သဘောမကျတာရိပ်မိလိုက်ရသည်။

ကျွန်မ ရင်ထဲမှာလည်း တစုံတရာကို သွားတွေးမိ ပြီး ထိတ်ကနဲဖြစ်သွားကာ မမမြတ်ကို ကမန်းကတန်းမေးလိုက်မိသည်။

“မမမြတ်၊ ကျွန်မက အသူရကာယ်ပါဆိုတာ လူသားတယောက်ကို ဖွင့်ပြောလို့ ရလားဟင်”

“ငါ မသိဘူး၊ ဒါပေမယ့် ဘယ်သူ့ကို ပြောမယ်ဆိုတာကလည်း လိုဦးမယ် ထင်တယ်၊ သူတော်စင် သူတော်ကောင်း တွေကို ဘုရားအမှူးရှိတဲ့ သံဃာတွေကို ပြောပြဝန်ခံလို့ရတာကတော့ သေချာတယ်၊ ဒါမှလည်း သူတော်ကောင်း တွေက မေတ္တာပို့ ပေးနိုင်မယ်၊ ကုသိုလ် အတွက် အမျှအတမ်းဝေပေး နိုင်မယ်၊ ကျွတ်လွတ်ဖို့ကံပါလာရင်လည်းထိုက်သင့်တဲ့ တရားကို နာခွင့်ရနိုင်မယ်လေ၊ ရည်းစား ကိုပြောပြလို့ ရမရတော့ ငါလဲ မသိဘူး”

မသိဘူး ဆိုသော်လည်း ကျိုးကြောင်းညီညွတ်စွာ ရှင်းပြသည့် မမမြတ်စကား ကြောင့် ကျွန်မ တွေေ၀ သွားရ သည်။ ကျွန်မ၏ အကြောင်းတွေကို ဖွင့် မပြောဘဲ ကိုလင်းနှင့်လက်တွဲဖို့က ရေရှည်တွင် မလွယ်ကူနိုင်ပါ။ ကျွန်မ ၏ ဝဋ်ကြွေး တွေကို ကိုလင်း နားလည်ခွင့်လွှတ်နိုင်မှ ဖြစ်မည်။ အကျိုးအကြောင်း ပြည့်စုံအောင်ရှင်းပြဖို့ က လည်း သင့် မသင့် ကျွန်မ ဆုံးဖြတ်ရခက်နေသည်။

ဆွေဇင်လတ် အကြောင်း၊ ခင်မြရင် အကြောင်း၊တွေ ကိုလင်းသိသွားရင် ပါးစပ်အဟောင်းသား ဖြစ်သွားမှာက တော့ သေချာပါသည်။ ခိုင်ခိုင်လုံလုံ ရှင်းပြရင် ကိုလင်းယုံကြည်လိမ့်မည်ဟု ကျွန်မ ထင်၏။ အကယ်၍ အ ကြောင်း တိုက်ဆိုင်မှု ကြောင့်တနေရာရာက ကျွန်မ ဒီအကြောင်းတွေ သိသည်ဟု ဆိုရန်ကလည်း အလွန် ဆုံးမှ ဆွေဇင်လတ် သို့ မဟုတ် ခင်မြရင် တယောက်ထဲ၏ အကြောင်း လောက်သာသိနိုင်ပေမည်။ နှစ်ယောက် လုံး အကြောင်းကို သူစိမ်းတယောက်က ရေရေရာရာ ပြောနိုင်ဖို့မလွယ်ပါ။ ဒီမိန်းမတွေ နှင့် ကိုလင်းပြောဆို ဆက် ဆံခဲ့ သမျှ အကြောင်းတွေကို ပုလဲရည် ဆိုသည့် ကောင်မလေးက အလုံးစုံ သိနေဖို့ မဖြစ်နိုင်။ ထို့ကြောင့် ကျွန်မ ရှင်းပြရင် ကိုလင်း နားလည်လက်ခံလိမ့်မည်ဟု တွေးမိသည်။ လိုအပ်ရင် ရေထဲခုန်ချသွားသည့် နွယ်နွယ်ဝင်း ဆို သည့် မိန်းကလေး အကြောင်းကိုပါ သက်သေပြထည့်ပြောလို့ ရသေးသည်။

“နင် အားလုံးပြောတော့မှာလား”

အတွေးထဲမှာ အစီ အစဉ်တွေချကြည့်နေရာမှ မမမြတ်စကားကြောင့် စိတ်ကူးတွေ ရပ်တန့်သွားရသည်။

“စဉ်းစား တာပဲ မမမြတ်ရယ်၊ ခိုင်ခိုင်လုံလုံ သက်သေ အထောက်အထား နဲ့ ပြောနိုင်ရင်တော့ ကိုလင်း လက်ခံ မယ် ထင်ပါတယ်”

“အပ်နဲ့ ထိုးတဲ့ အကြောင်းတွေက အစပေါ့”

ကျွန်မ ရှက်ရွံ့စွာ နှင့် ခေါင်းငုံ့လိုက်မိသည်။ ဒါကတော့ မပြောမဖြစ်ပြောရမည်။ ကျွန်မ ကိုယ်ပေါ်မှာ ဒါဏ်ရာ တွေ ဘယ်လိုရလာသည် ဆိုတာကို ကိုလင်းသိဖို့ လိုပါသည်။

ဒါမှလည်း ဒီလို မဖြစ်အောင်ဖြေသိမ့်ပေး နိုင်လိမ့်မည်ဟု ထင်မိပါ၏။ မမမြတ် လည်းငြိမ်သွားသည်။ သူလည်း စဉ်းစားနေပုံရ၏။ တော်တော်လေးကြာမှ စကားပြန်စသည်။

“နောက် တခုရှိသေးတယ်”

“ဘာလဲ မမမြတ်”

“အင်း …ဒါကလည်း  နင်ပြောလို့ ပြောရတာပါ။ အခုနနင် ပြောတဲ့ အကြောင်းတွေထဲမှာ ကောင်းထက်လင်းက စိတ်ထားကောင်းတာ၊ သူတပါးကို ညှာတာတတ်တာ၊ အားနာတတ်တာ အမြဲပါတယ်။ သူနဲ့ သေသေချာချာ မ ဆက်ဆံဖူးပေမယ့် သူစိတ်ရင်းကောင်းတဲ့ လူတယောက်ဆိုတာတော့ ငါလဲ ရိပ်မိပါတယ်”

“ဟုတ်ကဲ့”

အလိုက်သင့် စကားထောက်ပေး လိုက်ရသော်လည်း မမမြတ် ဘာကိုပြောချင်နေမှန်း ကျွန်မ မတွေးတတ်ပါ။

“အဲဒီ လိုလူတယောက်က၊ သူငယ်ချင်းရဲ့မိန်းမ၊ ဦးလေးရဲ့ မိန်းမ မှန်း သိသိကြီးနဲ့ ယူဖို့ စိတ်သန့်ပါ့ မလားလို့”

မမမြတ် စကားက ကျွန်မ ခေါင်းကို တူကြီးတလက်နှင့် ပြင်းထန်စွာ ရိုတ်ချလိုက်သလိုပင်။

“အပျိုမဟုတ်တာကိုပြောတာ မဟုတ်ဘူးနော်၊ သူလို လူတယောက်က ထည့်စဉ်းစားမယ့် မိတဆိုးကလေးတွေ လည်း နင့်မှာ နှစ်ယောက်တောင်ရှိတယ်”

မမမြတ် စကားတွေက နားထဲကို သံရည်ပူလိုဝင်လာသည်။ ကျွန်မ ကိုဆွေဇင်လတ်မှန်း သိရင် ကလေးမျက်နှာ ထောက်ပြီး ဝဏ္ဏရှိန် ဆီပြန်ဖို့ ကိုလင်းပြောပေလိမ့်မည်။ နွယ်နွယ်ဝင်း မှန်းသိရင် မောင်မောင်ထွေး ကို သူပြန် လိုက်ရှာတော့မှာ သေချာသည်။ ကိုလင်းက သူ့ခံစားချက် အတိုင်းလိုက်ဖို့ကို နောက်ဆုံးမှာ အမြဲထားတတ်သူ ဖြစ်သည်။ ဝဏ္ဏရှိန် ရော မောင်မောင်ထွေး ပါ နောက်အိမ်ထောင်တွေ ပြုပြီးသား ဖြစ်နေကြပါမှ ကျွန်မ အတွက် လွတ်လမ်း ရှိမည်။ တကယ်လို့ တယောက်ယောက်က သာ ကလေးတဖက်နှင့် တယောက်ထဲ ရှိနေဆဲဆိုရင် ကျွန်မ ကို အဲဒီတယောက်ဆီ ပြန်ဖို့ သူတိုက်တွန်းကောင်း တိုက်တွန်း နိုင်သည်။

“ဆွေဇင်လတ် အဖြစ်နဲ့တုန်းကရော၊ ခင်မြရင် ဘဝနဲ့ ရော ပြန်တွေ့ပေမယ့် ကိုလင်း ကျွန်မ အပေါ်ဆက်ဆံတာ အရမ်း ရိုးသားတယ် မမမြတ်ရယ်၊ အခု ပုလဲရည် အနေနဲ့ တွေ့တော့မှ သူ့ အချစ်ကိုရတာ၊ ကျွန်မ …ကျွန်မ သူ့ ကို အရမ်းချစ်ခဲ့တာပါ၊ သူက ချစ်တယ် ဆိုတော့ အရမ်းပျော်ခဲ့ရတယ်…ဒါပေမယ့် အခုတော့”

“မငိုပါ နဲ့ ဆွေဇင်ရယ်၊ ငါက နင်ကြိုတွက်လို့ရအောင် ဖြစ်နိုင်တာ ပြောပြတာပါ၊ နင့် ကို စိတ်ပျက်စေချင်၊ စိတ် လျှော့ စေချင်လို့ မဟုတ်ပါဘူး”

မျက်လုံးက မျက်ရည်တွေကျနေမှန်း ကိုယ့်ဖာသာတောင် မသိ။ မမမြတ်ပြောမှ မျက်ရည်တွေကို လက်နှင့်စမ်း မိသည်။

“မမမြတ်၊ ကျွန်မ ကလေ၊ မမမြတ်တို့ နဲ့ ဘဝတူတယ် ဆိုပေမယ့် …ကျွန်မ…ကျွန်မ ..က အင်မတန်ယုတ်နိမ့် တဲ့ သူပါ၊ ကျွန်မ က အောက်တန်း အကျဆုံးပါ၊ တရားဝင်လင်က နှစ်ယောက်ရှိဖူးတယ်၊ တရားမဝင်လင်တွေက ရေ လို့တောင် မနိုင်ဘူး၊ ယောက်ျားတကာနဲ့ အညစ်ပတ်ဆုံး၊ အရှက်မရှိဆုံး အလုပ်တွေလုပ်လာတဲ့ ဖာသယ်မပါ၊ ကို လင်း ဒါတွေ သိရင် ဘယ်လောက်စိတ်ဆင်းရဲလိမ့်မလဲ”

မမမြတ်ရင်ခွင်တွင်း ကိုပြေးဝင်ပြီး စိတ်ရှိလက်ရှိ ငိုချလိုက်မိသည်။ ကျွန်မ သည် ကိုလင်းနှင့် မတန် ဆိုသည့်အ တွေးက ကျွန်မ ရင်ကိုတလှိုက်လှိုက်ဆူစေသည်။ ကျွန်မ ဘယ်လိုအစားဆိုတာ သိရင်ကိုလင်း ကြေကွဲရရှာ လိမ့် မည်။ သူက တည်ငြိမ်သူမို့ တောင့်ခံနိုင်ဦးတော့ ကျွန်မ မလုပ်ရက်ပါ။ သူခံစားရတာကို မြင်ရင် ကျွန်မက သူ၏ နှစ်ဆ ပိုပြီးခံစားရလိမ့်မည်။ ကိုလင်း ကို စိတ်ဆင်းရဲစေရသည့် အတွက် ကျွန်မကိုယ်ကျွန်မ ဘယ်တော့မှ ခွင့် လွှတ် နိုင်မှာ မဟုတ်တော့ပါ။

“သူမသိတာ အကောင်းဆုံးလို့ ငါလဲထင်တယ်၊ ဘယ်သူ့ အတွက်မှ မကောင်းဘူးဆွေဇင်”

“ကိုလင်း အခု အစည်းဝေးသွားတယ်၊ ပြီးရင် ပြန်လာလိမ့်မယ်”

“ဟယ် …အဲဒါဆို ငါပြန်မှဖြစ်မယ်၊ ငါ့ကိုတွေ့ ရင်ပိုရှုပ်ကုန်လိမ့်မယ်၊ သူက မှတ်မိရင်မှတ်မိနေမှာ”

ပြောပြောဆိုဆို မမမြတ် ထိုင်ရာကထလိုက်သည်။ နှစ်တွေ ကြာခဲ့ပေမယ့် မမမြတ်ကို ကိုလင်းမှတ်မိနေနိုင် သည်။ ကိုလင်းက မှတ်ဉာဏ် ကောင်းသလို ဟိုအရင်ထဲက မမမြတ်ကို ထူးခြားသူလို့ သတ်မှတ်ပြောဆိုခဲ့ဖူး တော့ မှတ်မှတ်ရရ ရှိနေနိုင်ပါသည်။

“ငါ့ကိုမြင်ရင် ဆွေဇင်လတ် အကြောင်းတွေ မေးတော့မှာ”

ကိုလင်း ပြန်မလာနိုင်သေးတာကို သတိရပြီး မမမြတ်လက်ကိုဆွဲ၍ ပြန်ထိုင်ခိုင်းလိုက်ရသည်။

“မလာသေးပါဘူး မမမြတ်ရဲ့၊ ကျွန်မ ဖုန်းဆက်မှ လာမှာပါ။ သူက ကျွန်မ ကို အပြင်မှာပဲလို့ သိထားတာ”

“တော်ပါသေးရဲ့”

မမမြတ် ရင်ဘတ်ကို ဖိရင်း ပြန်ထိုင်လိုက်သည်။

“မမမြတ် ရောကိုလင်းကို တွေ့ရင် မှတ်မိမလား”

“မှတ်မိမယ် ထင်တာပဲ၊ သူသိပ်ပြီး ရုပ်မပြောင်းရင်ပေါ့”

“ကိုလင်း က အရင် အတိုင်းပါပဲ၊ ဘာမှ မပြောင်းဘူး၊ နဲနဲတော့ ရင့်သွားတာပေါ့”

“အေးပါအေ၊ ဒါပေမယ့် ငါလဲ သိပ်ကြာကြာမနေတော့ပါဘူး၊ ပြန်မှ ဖြစ်မှာပါ၊ နင် တွေ့ချင်ရင် လာခဲ့ပေါ့ ငါနေတဲ့ နေရာသိနေပြီပဲ၊”

မမမြတ်ကို မပြန်စေချင်သေးပါ။ ရှေ့တိုးရခက် နောက်ဆုတ်ရခက် ဖြစ်နေသည့် အခြေအနေမှာ မမမြတ်ကျွန်မ နားမှာရှိနေ စေချင်သည်။ စိတ်တူကိုယ်တူ ဘဝတူတယောက်ဆိုတော့ မမမြတ်က ကျွန်မ၏ ခံစားချက်အားလုံး ကို နားလည်ပေးနိုင်သူဖြစ်သည်။ ဒီကမ ္ဘာမှာ ကျွန်မ အယုံကြည်စိတ်အချရဆုံးသူ နှစ်ဦး က ကိုလင်းနှင့်မမမြတ် ဖြစ်သည်။ ကိုလင်း လည်း ကျွန်မ အကြောင်းတွေကိုသာသိရင် မမမြတ်လို နားလည်ပေး နိုင်လိမ့်မည်ဟု စိတ်က ထင်နေသည်။ ဒါပေမယ့် ကျွန်မအကြောင်းတွေ က ကိုလင်းကို ပြောပြရက်စရာ မရှိပါ။ ဒီဟာတွေ ကြောင့် ကျွန်မ နှင့် ထပ်တူကိုလင်းကြေကွဲရမည် ဆိုရင် ကျွန်မပဲ ခံစားလိုက်ပါမည်။

“ငါ မပြန်ခင် နင်ဘာလုပ်မလဲလို့ သိချင်တယ်၊ ဒါပေမယ့် အလောတကြီး ဆုံးဖြတ်စရာလဲမလိုဘူး၊ နင်ဘယ်လို ဆုံးဖြတ် ဆုံးဖြတ် နင့် အတွက် အဆင်အပြေဆုံး ဖြစ်ဖို့ ငါတတ်နိုင်သလောက်လုပ်ပေးမယ်၊ နင်အေးအေး ဆေး ဆေး စဉ်းစားချင်လဲစဉ်းစား ဟုတ်ပြီလား၊ ကောင်းထက်လင်း ကိုတော့ မယုတ်မလွန် ကြည့်ပြောထားပေါ့”

“အချိန်ဆွဲ ထားရမှာလား”

“အင်း … နင် အဖြေတခုခု ဆုံးဖြတ်နိုင်တဲ့ အထိပေါ့၊ ဒါပေမယ့် နင်က မယူသေးဘဲနဲ့ ညတိုင်းတူတူ အိပ်နေပြန် ရင်လည်း သူ့စိတ်ထဲမှာ တမျိုးမြင်သွားနိုင်တယ်၊ ပတ်ဝန်းကျင်ကလဲ ရှိသေးတယ်၊ နင့်သိက္ခာရော သူ့သိက္ခာပါ ထိခိုက်စေတာ မျိုးတော့မလုပ် နဲ့၊ အချိန် အများကြီးတော့ မယူနဲ့ ပေါ့ဟာ”

ကျွန်မ လက်ကို ဆုပ်ကိုင်ပြီး တတွတ်တွတ်ပြောနေသည့် မမမြတ်ကို အားနာခြင်း အပြည့်ဖြင့် ကျွန်မ စိုက်ကြည့် နေမိသည်။ ကျွန်မ တို့ စတွေ့ကထဲက သူ့ခမျာ ကျွန်မအတွက် စိတ်ရောလူပါ ပင်ပန်းဆင်းရဲခဲ့ရသည်။ ကျွန်မဖက် ကနေ ပြန်ပြီးကူညီနိုင်တာ တခုမှ မရှိသေးပါ။ ကျွန်မ ဘယ်လောက်ပဲ ကံဆိုးတယ်လို့ ဆိုဆို မမမြတ်နှင့် ဆုံဆည်း ခဲ့ ရခြင်းက ကျွန်မ အတွက် အကောင်းဆုံး ကံတရားဖြစ်ခဲ့သည်။ မမမြတ်သာ ချောင်းကမ်းနဘေးက ကောက်ယူ မလာခဲ့ ဘူးဆိုရင် ကျွန်မ၏ ဘဝသည် အရှက်တကွဲနှင့်စခဲ့ရမည်ဖြစ်သည်။ ချောင်းနဘေးမှာ လူမြင်မကောင်း အောင် ကိုယ်လုံးတီး နှင့် အိပ်ပျော်နေခဲ့သောမိန်းကလေး ကို ဘယ်သူကမှ တန်ဖိုးထားကြ ကူညီကြလိမ့်မည်မထင်ပါ။ မတတ်သာလို့ ကူကြသည်ဆိုဦးတော့ မမမြတ် နှင့် တွေ့ခဲ့ ရသလောက်တော့ ကျွန်မ အတွက်ပြည့်စုံ ကောင်းမွန်လိမ့်မည် မဟုတ်ပါ။

“ကိုယ့် အကြောင်းကိုယ်မစဉ်းစားဘဲ ဘာလို့ သူများအကြောင်းတွေ တွေးနေတာလဲ”

တည်ငြိမ်နေသောမျက်နှာမှာ အပြုံးတခုလှစ်ကနဲ ပေါ်လာပြီး မမမြတ်ပြောသည်။

“ကိုယ့် အကြောင်းက တွေးချင်စရာမှ မကောင်းတာ၊ တွေးမနေချင်တော့ဘူး”

“စိတ်ကို လျှော့ပြီးတော့သာထားလိုက်၊ အဖြေပေါ်သင့်တဲ့ အခြေအနေ ရောက်ရင် နင်လုပ်ရမှာတွေ သူ့ အလိုလို ဖြစ်လာလိမ့်မယ်၊ ခေါင်းတွေပူ၊ စိတ်တွေဆင်းရဲ နေတဲ့ အချိန်မှာ အမှန်ရောက်အောင် နင်တွေးနိုင်မှာ မဟုတ်ဘူး”

“မမမြတ် သွားတော့မယ်ပေါ့နော်၊ နေပါဦး မမမြတ်ရယ်၊ ကျွန်မ ကိုလင်းဆီ ဖုန်းမဆက်သေးပါဘူး”

မပြန်သေး ဆိုသည့် သဘောနှင့် မမမြတ်က ခေါင်းညိတ်ပြလိုက်တော့ ကျွန်မ ကိုင်ထားသည့် မမမြတ်လက်ကို လွှတ်လိုက်ပြီး ခုံကိုမှီကာ မျက်လုံးတွေကို မှိတ်ထားလိုက်သည်။ အသက်ကို မှန်မှန်ရှူပြီး စိတ်ကို တည်ငြိမ်အောင် ထိန်းရသည်။ မမမြတ်ကတော့ ကျွန်မ နားကနေထပြီး အိမ်နောက်ဖက်ကို ဝင်သွားတာ ခြေသံကြားလိုက်ရသည်။

စိတ်တွေ အနည်ထိုင်သွားတော့မှ ဒီရက်ပိုင်း အဖြစ်တွေကို တခုချင်းပြန် စဉ်းစားကြည့်နေမိသည်။ မမမြတ် နှင့် သာပြန် မတွေ့ရင် ကျွန်မ ဇာတ်ကိုဆက်မျှောထားမိဦးမှာ ဖြစ်သည်။ ကိုလင်း နှင့် မခွဲချင်။ ကိုလင်းလက်ကမ်း လာ သည့် အတိုင်း ထာဝရလက်တွဲသွားဖို့ ကိုလည်း မဝံ့ရဲ နှင့် ဆုံးဖြတ်ချက် တခုထွက်လာလို့ တော်တော် နှင့် လွယ်မှာ မဟုတ်ပါ။ မမမြတ် နှင့် တွေ့လိုက်လို့သာ သူမကို အားကိုးပြီး တိုင်ပင်ဆုံး ဖြတ်ဖို့ ကျွန်မ ကြိုးစားကြည့်မိခြင်း ဖြစ်ပါသည်။

ကိုလင်း က နားလည်တတ်သူမို့ ကျွန်မတို့ ရှေ့ကိုဆက်ဖြစ်ကြရင်လည်း ကိုယ်ပေါ်ကဒါဏ်ရာတွေ အကြောင်းမေး ချင်မှ မေးလိမ့်မည်။ ကျွန်မ ပြောချင်မှပြောပါ သူကတော့ မေးတော့မှာမဟုတ်လို့ ကိုလင်း ပေးခဲ့သည့်ကတိကို တည် မည်ဟု ယုံကြည်ပါသည်။ ကိုလင်း နှင့် ပေါင်းဖက်နေရင်း မမမြတ်ပြောခဲ့သလို ကိုလင်း အိုမင်းမစွမ်း ဖြစ် လာပြီ ဆိုရင်၊ ဒါမှ မဟုတ် မအိုသေးရင်တောင်မှ အကြောင်းတစုံတခုကြောင့် ကျွန်မ နှင့် အိပ်ဖို့ မဖြစ်ဘူးဆိုရင် ကျွန်မ မှာဖြေရှင်းစရာ နည်းတခုခု ရှိမှဖြစ်လိမ့်မည်။ ကိုလင်း အလုပ်က လည်း ခနခန ခရီးသွားရတတ်သည်။ တ ကယ်လို့ အဲဒီ အချိန်မျိုးကျမှ ကျွန်မ ကိုယ်ပေါ်မှာ ဒါဏ်ရာ အသစ်တွေထပ်တွေ့ လာရင်တော့ ရေငုံနေလို့မရ တော့ပါ။ ခိုင်လုံသည့် အကြောင်းပြချက်တခုခု ပေးကို ပေးရတော့မည်။ နောက်ထပ် ကျွန်မ စိတ်ထဲမှာ ထင့် နေ တာ တခုရှိသေးသည်။ ကျွန်မ ကိုယ်ပေါ်က ဒါဏ်ရာတွေ နှင့် ပတ်သက်ပြီး ကိုလင်း သိနေတာ တခုခုရှိသည် လို့ ခံစားနေရသည်။  ကိုလင်း ဘာကိုသိနေသလဲ ဆိုတာကိုတော့ ကျွန်မ ရေရေရာရာ မပြောတတ်ပါ။

ကျွန်မ ဘဝအကြောင်း အဖြစ်အစုံအလင်ကို ပြောပြဖို့ စိတ်ကူးကို တော့လုံး၀ ပယ်ဖျက်ခဲ့ ပြီး ဖြစ်သည်။ ဒါဆိုရင် လက်ထပ်ပြီးခါမှ ကိုလင်း အနားမှာမရှိရင် ကျွန်မ ကိုယ်ကျွန်မ ဒါဏ်ရာတွေရအောင် ထပ်လို့ နှိပ်စက်မလား ဒါမှ မဟုတ် …။ ကျွန်မ တကိုယ်လုံး အေးစိမ့်သွားသည်။

“ဟဲ့ … အိပ်ပျော်နေပြီ လား”

ကျွန်မ ခေါင်းကို အဆက်မပြတ်ခါလိုက်မိသည်။ မမမြတ် ကိုဖြေခြင်း မဟုတ်။ကျွန်မ ဖာသာ အလန့်တကြားခါ နေ မိခြင်း ဖြစ်ပါသည်။ မဖြစ်နိုင်ပါ။ ဘယ်လိုမှ မဖြစ်နိုင်ပါ။ကိုလင်း ကိုပေးပြီးသား၊ ကိုလင်း၏ ကာမပိုင်ဇနီး ဖြစ်နေ သည့် ကိုယ်ခန္ဓာ နှင့်တော့ တပါးယောက်ျားနှင့် လွန်ကျူးတာ မဖြစ်ချင်ပါ။ ကျွန်မ ကိုယ်က အေးစက်နေသလို လက်တွေ ခြေထောက်တွေ လည်းတုန်နေ၏။ နှုတ်ခမ်းတွေက လည်းတုန်ခါနေသော ကြောင့် စကားပြောဖို့ ပါး စပ်ကို မနည်းအားစိုက် ဖွင့်ယူရသည်။ စကားပြော ဖို့အားယူနေဆဲမှာ အတွေးတခုက ခေါင်းထဲကို လက်ကနဲတိုး ဝင်လာသည်။

ကျွန်မ အတွက် ဝေခွဲရခက်လွန်းလှသည့် လွန်ပွဲတခုမှာ ဟိုဖက်ရော ဒီဖက်ပါ တယောက်ထဲဆွဲကာ ပြိုင်ဆိုင်နေရ သည့် အခြေအနေ မျိုးတွင် မမမြတ် နှင့် ပြန်လည်ဆုံဆည်းရ ခြင်းသည် တိုက်ဆိုင်မှုတခု သက်သက်ဟု ယူဆရင် ကျွန်မ မိုက်မဲလွန်းရာကျပါမည်။

“မမမြတ်”

“ပြောလေ ဆွေဇင်”

“အရမ်း အရေးကြီးတဲ့ ကိစ္စတခု ကူညီပါလားဟင်”

“ပြောလေ”

မမမြတ် ကျွန်မ မျက်ဝန်းတွေထဲကို စူးစမ်းသည့် အကြည့်ဖြင့် လှမ်းကြည့်၏။ မမမြတ် မျက်နှာချက်ချင်း ညှိုးဖျော့ ကာ မီးခိုးရောင်သန်း သွားသည်။

“ဆွေဇင် ….ရယ်”

ကျောခိုင်း သွားပြီးမှ မမမြတ် ပြန်လှည့်လာသည်။

“ဆွေဇင် နင်သေချာပါတယ်နော်”

“သေချာပါတယ် မမမြတ်ရယ်”

“အေးလေ ဒါဆိုလဲပြီးရော”

ပြီးရောဆိုပေမယ့် မမမြတ် ထွက်မသွားသေးဘဲ ချီတုံချတုံ လုပ်နေသည်။

“မမမြတ် ဘယ်လိုသွားရမယ် ဆိုတာမှတ်မိပါတယ်နော်”

“ငါ ရန်ကုန်မှာ နင့်ထက်စောပြီးနေလာတာပါ၊ နင့်ဆုံးဖြတ်ချက်ကို ပြင်ချင်ပြင်နိုင်အောင်လို့ ငါစောင့်နေတာပါ”

“မပြင်တော့ဘူး မမမြတ်၊ ဒါအကောင်းဆုံးလို့ပဲထင်တယ်၊ မမမြတ်လဲ ထင်တယ် မဟုတ်လား”

“မပြောတတ်ပါဘူးအေ”

ကျွန်မ မျက်နှာကို ဝမ်းနည်းတဲ့ မျက်ဝန်းတွေနဲ့ စိုက်ကြည့်ပြီး မမမြတ် ချာကနဲလှည့်ထွက်သွားသည်။ လမ်းထောင့် မှာ မမမြတ် ပျောက်ကွယ်သွားသည် အထိ နောက်ကနေလိုက်ကြည့်နေမိ၏။ မမမြတ်ကတော့ ပြန်လှည့်မကြည့် ပါ။ သူမ ရည်ရွယ်ရာလမ်း အတိုင်းခပ်သွက်သွက် သွားနေသည်။ မမမြတ် အရိပ်ကလမ်းထောင့်မှာ ပျောက်သွား တော့မှ ကျွန်မ အိမ်ပေါ်ပြန်တက်လာခဲ့သည်။ ကျွန်မ မှာ လုပ်စရာတွေ အများကြီး ရှိသေး၏။

အိမ်ထဲပြန်ရောက်တော့ ငိုထားလို့ ဖြစ်ချင်တိုင်းဖြစ်နေသည့် မျက်နှာကို သန့်စင်ဖို့ ရေချိုးခန်းကို အရင်ဆုံးတန်း သွားလိုက်သည်။ မှန်ထဲမှာ မျက်လုံးတွေနီပြီး အဆီပြန်နေသည့် မျက်နှာနှင့် ဆံပင်ဖရိုဖရဲ မိန်းကလေးတယောက် က ကျွန်မကို ခပ်စူးစူးစိုက်ကြည့်နေသည်။ ကျွန်မကို စိုက်ကြည့်နေသည့် ပုလဲရည်၏ မျက်လုံးတွေက ခွန်အားမဲ့ နေသည်။ အသက်ကို ဝအောင်ရှူသွင်းလိုက်ပြီးနောက် မျက်နှာကို အရင်ဆုံးသစ်လိုက်သည်။ မျက်နှာသစ်ပြီး တော့ မှ ဖရိုဖရဲဆံပင်တွေကို ရေနှင့်သပ်ပြီး သေသေသပ်သပ်ဖြစ်အောင် ပြန်လုပ်ရသည်။ မှန်ထဲကို ပြန်ကြည့် လိုက်တော့ မျက်ခွံတွေမို့ ပြီး မျက်လုံးတွေ နည်းနည်းနီနေတာမှအပ သိပ်မထူး ခြားသလို မျက်နှာတခုကို တွေ့ ရသည်။

အဝတ်အစားလည်း လဲသင့်သည်ဟု ကျွန်မထင်သည်။ မနက်က ဝတ်ထားတာတွေက ကျွန်မ စိတ်လိုပင်ကြေမွ နေကြသည်။ ဒါကြောင့် ကိုယ်ပေါ်က အဝတ်တွေကို ချွတ်ချလိုက်ပြီး ဇလုံတလုံးထဲကို ပစ်ထည့်လိုက်သည်။ မနက်က ရေချိုးပြီးသား ဆိုတော့ ရေမချိုးတော့ဘဲ ချွေးပြန်နေသည့် ကိုယ်ကို ရေစိုအဝတ်တခုနှင့် ပွတ်တိုက် သန့်စင်လိုက်သည်။ စိတ်ရောလူပါ လန်းဆန်းလာမလား ဟုမျှော်လင့်ချက်နှင့် လုပ်မိပေမယ့် ဘာမှထူထူးခြား ခြား မခံစားရပါ။ ရေပတ်တိုက်ရင်း နှစ်ရက်လောက်ကင်း ပြတ်ခဲ့သည့် နှိပ်စက်ခြင်းကြောင့် ကျွန်မ ကိုယ်ပေါ်က ဒါဏ် ရာတွေ ချပ်ချပ်ရပ်ရပ် ဖြစ်နေတာ သတိထားမိသည်။ နောက်တပတ် ဆယ်ရက်လောက် ဆိုရင်တော့ အနာဖေး တွေ ကွာကျပြီး အမာရွတ်တွေမှ အမ အကောင်းပကတိ ပြန်ဖြစ်သွားနိုင်ကြောင်း တွေးရင်း မဲ့ပြုံး ပြုံးလိုက်မိသည်။ ဖြစ်နိုင်ရင် ဒီအကြောင်းတွေခေါင်းထဲ မထားချင်ပါ။

မထားချင်ပါဘူး ဆိုမှ ရေစိုအဝတ်ကို တန်းပေါ်ပြန်ထားရင်း ထမိန်တန်း အစွန်က အဖြူရောင် အဝတ်ပိုင်းလေး ကို ကြည့်မိ၏။ အစတုန်းက ဖွေးဖွေးလွနေသည့် ပဝါပိုင်းလေးသည် အနီရောင်သမ်းပြီး ညစ်တစ်တစ်ဖြစ်နေသည်။ ညစဉ်ညတိုင်း ဒီအဝတ်ပိုင်းလေး နှင့်ကိုယ်ပေါ်က သွေးတွေကို သုတ်သင်ပစ်ခဲ့သည်။ သွေးတိတ်သည်နှင့်ချက် ချင်းလျှော်ပစ်ခဲ့သောကြောင့် သွေးစွန်းပေနေတာတွေ မရှိပေမယ့် ကြာတော့လည်း အနီရောင်သမ်းချင်နေသည်။ အဝတ်စဆီက နေမျက်နှာလွှဲပြီး အပြင်ကို မြန်မြန်ပြန်ထွက် ခဲ့ပါသည်။ သိပ်အချိန် ကြာလို့ မဖြစ်ပါ။ ကျွန်မမှာ လုပ်စရာတွေ အများကြီး ရှိသေးသည်။

အဝတ်လဲပြီးတော့ အိမ်ရှေ့ခန်းမှာပဲ စာတစောင်ထိုင်ရေးလိုက်၏။ စားပွဲပေါ်မှာ ရှိနေဆဲ အပ်ကြီးကို ကောက်ယူ လိုက်ပြီး အိတ်ထဲကို သေသေချာချာ ထည့်လိုက်သည်။စာရေးပြီးနောက် အိမ်တံခါးပိတ်ပြီး နောက် လမ်းထဲက ဆက်သွယ်ရေးဖုန်းရုံလေးဆီ တခါထဲထွက်လာခဲ့၏။ အခုနတုန်းက ကိုလင်းဆီကို ဒီဖုန်းရုံကပဲ ဆက်ခဲ့သည်။ အလွတ်ရနေသည့် မေနှင်းဦး၏ လက်ကိုင်ဖုန်းနံပါတ်ကို နှိပ်ရင်း ကျွန်မ ရင်တွေခုန်နေသည်။ မေနှင်းဦး ဖုန်းနားမှာ ရှိနေဟန်တူသည် ချက်ချင်းဖုန်းကိုင်၏။

“ဟဲလို”

“အမ လား၊ ပုလဲပါ”

“အော် …ပုလဲ၊ ပြောပြော ဘာအကြောင်းထူးလို့လဲ”

“အမနဲ့ တွေ့ချင်လို့ပါ”

“အခုလား”

“ဟုတ်ကဲ့၊ အမ အားမယ်ဆိုရင် အခုပဲတွေ့ပါရစေ”

“အင်း …အားပါတယ်၊ အရေးတကြီးလား၊ ဖုန်းထဲက မပြောဘူးဆိုတော့”

“အရမ်း အရေးကြီးလို့ပါအမရယ်၊ ပုလဲ တောင်းပန်ပါတယ်”

“အိုကေ၊ အိုကေ အချင်းချင်းတွေပဲ တောင်းပန်စရာ မလိုပါဘူး၊ ပုလဲက အရေးကြီးတယ်ဆိုတော့ တွေ့ရမှာပေါ့”

မေနှင်းဦး နေထိုင်ရာ တိုက်ခန်းတွေနားက ကော်ဖီဆိုင်လေးမှာ တွေ့ဖို့ ချိန်းလိုက်သည်။ နာရီဝက် အတွင်းရောက် မည်ဟု မေနှင်းဦးကပြောသည်။ ကျွန်မ လည်းတက္ကဆီ နှင့်သွားမည်ဆိုရင် ရောက်လောက်ပါသည်။ ဒါကြောင့် ဖုန်းချပြီး ထွက်လာတာနှင့် အရင်ဆုံးတွေ့သည့် တက္ကဆီကို တားလိုက်ပြီး ချိန်းသည့်ဆီကို မောင်းခိုင်းလိုက်သည်။ ကားခ ဘယ်လောက်ကျမည် ဆိုတာကိုတောင် မမေးတော့ပါ။

ကားဆရာက မြန်မြန်မောင်းလို့ ကျွန်မ ကဆယ်မိနစ်လောက်စောပြီး ရောက်သွားသည်။ ကော်ဖီတခွက်မှာ ပြီး နောက် မသောက်ဖြစ်သေးဘဲ မေနှင်းဦး အလာကို စောင့်ရင်း ရောက်လာရင် ပြောရမည့် စကားတွေကို စိတ် ထဲမှာ အစီအစဉ်ချကြည့်နေမိ၏။ အိမ်နီးသည့် မေနှင်းဦးက အချိန်အတိအကျရောက်လာပါသည်။ အဖြူရောင် ချည်သားဘလောက်စ် ပွပွလက်စက နှင့် အဖြူ နှင့် အပြာရောင်အစင်းလေးတွေ ပါသည့် ထမိန်ဝတ်ထား ပြီး ဆံပင်တွေကို  မြင်းမြီးလို နောက်မှာစည်းထား သော မေနှင်းဦးကို ဆိုင်ထဲမှာ ရောက်နှင့်နေသူတွေ ကြည့်ကြ ငေး ကြ၏။ သူမ ကတော့ ဘယ်ကိုမှ မကြည့်ဘဲ ကျွန်မထိုင်နေသည့် စားပွဲဆီ တန်းပြီးလျှောက်လာသည်။ ဆိုင်ထဲကို ဝင်ကထဲက ကျွန်မ ဘယ်နေရာမှာရှိသည်ကို မြင်ပြီးသား ဖြစ်မည်။ ရပ်ပြီး ဟိုရှာဒီရှာ လုပ်တာမျိုး မတွေ့ရပါ။ လက်ထဲမှာ ခေါက်ပိုက်ဆံအိတ်ကလေး နှင့် ဖုန်းပဲ ပါသည်။

“ကဗ္ဗလာရည် ပေးပါ”

ထိုင်ပြီးသည် နှင့် အနားရောက်လာသည့် စားပွဲထိုးကို ပြောလိုက်ပြီး ကျွန်မဖက်လှည့်လာသည်။

“ကဲ ပုလဲ ပြောလေ၊ ဘာအရေးကြီးလာလဲ၊ မျက်လုံးတွေလဲ နီလို့”

ကြိုတင်စဉ်းစားလာပေမယ့် ရုတ်တရက် ဘာပြောရမှန်း မသိတာနှင့် ကျွန်မ ရေးလာသည့်စာကိုပဲ အိတ်ထဲက ထုတ်ပေးလိုက်မိသည်။ ကိုရီးယားကားတွေထဲကလိုတော့ စာအိတ်မပါပါ။ ဒီအတိုင်းပဲ ပေးလိုက်ခြင်း ဖြစ်ပါသည်။ စာကို ဖတ်ကြည့်ပြီးနောက် မေနှင်းဦး မျက်နှာ အံ့အားသင့်သည့် အမူအရာပြောင်းသွားသည်။ ပြီးတော့ ကျွန်မကို စိုက်ကြည့်ရင်း

“ထုံးစံကတော့ ထွက်မယ်ဆိုရင် တလကြိုပြောရတယ်ပုလဲ၊ အလုပ်ဝင်တုန်းက မ ရှင်းပြတဲ့ ထဲမှာလည်းပါတယ် မဟုတ်လား၊”

“ဟုတ်ကဲ့”

“ဒီလ ကုန်မှထွက်မယ် ပေါ့”

“အခုထွက်ချင်တာပါမမ”

စာရွက်ကို စားပွဲပေါ်ပြန်တင်လိုက်ပြီး ကျွန်မကို စူးစမ်းသည့် အကြည့်နှင့် စိုက်ကြည့်သည်။

“မနက်ဖြန် ရုံးမှာတွေ့မှာကို အခု တကူးတကလာပေးတယ် ဆိုထဲက အကြောင်းထူးရှိမယ် ဆိုတာသိသာပါတယ်၊ ပုလဲ ဖက်ကပေါ့လေ၊ မ ဖက်ကလဲ ပြောစရာလေး တွေရှိတယ်”

“ဟုတ်ကဲ့ ပြောပါ အမ”

ထွက်ခွင့် မပြုဟု ပြောမှာလားဟု စဉ်းစားမိသည်။ ထွက်ခွင့် မပေးလည်း အရေးမကြီးပါ မနက်ဖြန်ကစပြီး အလုပ် မသွားရင် မေနှင်းဦး ဘာမှပြောလို့ရတော့မှာ မဟုတ်ပါ။

“ပုလဲကို ခန့်တယ် ဆိုတာက အန်တီဒေါ်တင်တင်လှိုင်က အန်ကယ် ဦးမြင့်သိန်းကို request လုပ်လာလို့ ခန့်ပေး ခဲ့တာလေ၊ တကယ်လို့ ပုလဲ က ဗြုန်းစားကြီး ထွက်သွားတယ် ဆိုရင် အန်တီလှိုင် ဖက်ကတွေးစရာတွေ ရှိချင်ရှိ လာလိမ့်မယ်၊ မတို့ အန်ကယ် တို့ဖက်က တာဝန်မကျေသလိုမျိုး အန်တီလှိုင် ထင်သွားရင် မကောင်းဘူးလေ”

ကျွန်မ ထည့်မတွေးမသည့် အကြောင်းအရာတခုဖြစ်ပါသည်။ ကျွန်မ အတွက် ကြိုးစားကူညီပေး ခဲ့သည့် ဒေါ်တင် တင်လှိုင်၏ စေတနာ နှင့် ကျွန်မ တို့အတွက်လုပ်ပေးခဲ့သည့် ဦးမြင့်သိန်းတို့ကိုလည်း ထည့်တွေးရဦး မည်သာ ဖြစ်သည်။ ကျွန်မ အလုပ်ရပြီး ပထမဆုံး လခထုတ်ပြီးနောက် ဒေါ်တင်တင်လှိုင်ကို သွားကန်တော့ခဲ့ပါသေးသည်။ အဲဒီ နောက်တော့ မရောက်တော့။

ကျွန်မ အာရုံထဲမှာ ကိုလင်း နှင့် ပတ်သက်တာတွေပဲ ရှိနေခဲ့၏။

“အခုလို ထွက်ရတာ ပုလဲ ရဲ့ ကိုယ်ရေး ကိုယ်တာကြောင့်ဆိုတာ အန်တီ့ကို သွားပြောပြမှာပါ၊ အလုပ်က အဆင် မပြေလို့ ထွက်တာ မဟုတ်မှန်း အန်တီ့ကိုပြောရင် နားလည်မှာပါ။ ကျွန်မရဲ့ကိုယ်ရေးကိုယ်တာ အခက်အခဲတချို့ ကို အန်တီလည်း သိနေတော့ နားလည်မှာပါ မမ”

လာချပေးသည့် ဖျော်ရည်ကို တငုံစုပ်သောက်လိုက်ပြီးနောက် မေနှင်းဦး ငြိမ်သက်စွာ စဉ်းစားနေသည်။ ပြီးတော့မှ

“ဒါဖြင့် ရင်လဲ ပုလဲရယ်၊ မနက်ဖြန်ထိ ဘာလို့မစောင့်ဘဲ ဒီနေ့ တကူးတကလာပေးရတာလဲ၊ ရုံးကိုတောင်မလာ တော့ ဘူးဆိုတာ စဉ်းစားစရာ ဖြစ်နေတယ်၊ ဒါပေမယ့် ကိုယ်ရေးကိုယ်တာ ဆိုတော့ မမေးတော့ပါဘူးလေ”

“ခရီး ….ခရီး …သွားရမှာ မို့ပါ အမ၊ တခြား အကြောင်း မရှိပါဘူး”

“တကယ်ပြောတာနော်”

မေနှင်းဦး ဘာကြောင့်ဒီလိုမေးသနည်းဟု ကျွန်မစဉ်းစားရတော့သည်။ ကျွန်မ သိသလောက် မေနှင်းဦးမှာ လူတ ဖက်သားကို ချောင်ပိတ်ဖမ်းတတ်သည့် အလေ့အထမျိုးမရှိပါ။ မိန်းမတယောက်၏ သာမန်စပ်စုခြင်းမျိုးလည်း ဖြစ် ကောင်း ဖြစ်နိုင်ပါသည်။ ကျွန်မ အဖြေရုတ်တရက် မပေးနိုင်ဘဲ နှုတ်ဆိတ်စဉ်းစားနေတာကို မြင်တော့ မေနှင်းဦး အားတုံ့အားနာ ဖြင့် မပီတပီပြုံးလိုက်ရင်း

“ဆောရီး ပုလဲ၊ မ ဆိုလိုချင်တာကလေ၊ ကိုယ်ရေးကိုယ်တာဆိုရင်တော့ အကြောင်းမဟုတ်ဘူးပေါ့၊ တကယ်လို့ များ လုပ်ငန်းခွင်မှာ အဆင်မပြေမှုတခုခု ရှိခဲ့လို့ ဆိုရင်တော့ မ မှာ ဖြေရှင်းပေးရမယ့် တာဝန်ရှိတယ်လေ၊ အမှန် ပြောရရင် မ က ပုလဲကို မထွက်စေချင်ဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့ ပုလဲက ကျောင်းပြီးပြီးချင်း မ တို့ဆီတန်းဝင် လာတာ ဆိုတော့ မ တို့ဖက်ကလည်း ပုလဲကို အလုပ်ကျွမ်းကျင်လာတာနဲ့ အမျှ ခံစားခွင့် တိုးပေးပြီး ဒီမှာပဲဆက် လုပ်သွားနိုင်အောင် စီစဉ်ပေး မယ်စိတ်ကူးထားတာ၊ များသောအားဖြင့် staff တွေက ဟိုအလုပ်ဒီအလုပ် ကူး လိုက်သန်းလိုက်နဲ့ လုပ်နေကြတာပဲ၊ ရုံးကလူတွေဆိုရင် အနည်းဆုံးလူက တခြားကုမ္ပဏီ တခုမှာ လုပ်ဖူးတာ ချည်းပဲ၊ တချို့ဆို သုံးလေးခု ကူးခဲ့ ပြီးပြီ။ ပြောရရင်တော့ လူမွေးတဲ့ သဘောပေါ့၊ ပုလဲက တချိန်မှာ မ လိုမျိုး ဖြစ် ချင်လည်း ဖြစ်လာနိုင်တယ်လေ”

“ဟုတ်ကဲ့”

စကားရှည်ရှည် ပြောလိုက်ပြီးနောက် မောသွားဟန်ဖြင့် ဖျော်ရည် တကျိုက်သောက်လိုက်ပြီးမှ မေနှင်းဦး ဆက် ပြောသည်။

“ဒါကြောင့် ပုလဲမှာ အဆင်မပြေတာရှိရင် ပြောနိုင်တယ်၊ တကယ်လို့ကွာ ကိုယ်ရေးကိုယ်တာ ဆိုရင်လည်း ကိုယ့် အမ လိုသဘောထားပြီးပြောလို့ရတယ်။ ပြောနိုင်သလောက်ပြောပြအတတ်နိုင်ဆုံး ကူညီနိုင်တာ ကူညီပေးမှာပါ၊ ကိုယ့် လုပ်ဖေါ်ကိုင်ဖက် အချင်းချင်းတွေပဲ”

မေနှင်းဦး ဒီလောက် စေတနာကောင်းလိမ့်မည်ဟု ကျွန်မ မထင်ထားခဲ့ပါ။ သူမ၏ မျက်နှာကို ကြည့်လိုက်တော့ တကယ် စိတ်ပါလက်ပါ ပြောနေတာလို့ ခန့်မှန်းမိသည်။

“နောက်ပြီး ဆရာက လဲ ပုလဲကို သွားစေချင်မှာ မဟုတ်ဘူး၊ ပုလဲ အလုပ်ထွက်မယ် ဆိုတာ ဆရာသိလား”

“ရှင်”

................................

မမျှော်လင့်တဲ့ မေးခွန်းကြောင့် ကျွန်မ ကြောင်သွားသည်။ ကိုလင်း ကို ထည့်ပြောလာမည်ဟု တွေးမထားမိပါ။

ကျွန်မ ငြိမ်နေတော့ မေနှင်းဦး သူမ ဖာသာဆက်ပြော၏။

“ဆရာ မသိသေးဘူးထင်တယ်”

“ဟုတ်ကဲ့”

“ဆရာက ပြောဆိုတိုင်ပင် ဖို့ကောင်းတဲ့ လူတယောက်ပဲ၊ ပညာတတ်တယ်၊ အတွေ့အကြုံများတယ်၊ သူတပါး ကို လည်း ကူညီချင်စိတ်ရှိတယ်၊ ပုလဲ နဲ့လည်း အရမ်းရင်းနှီးကြတာပဲ၊ ဆရာ့ ကိုတောင် မတိုင်ပင်ဘူး ဆိုတော့ နည်း နည်းတော့ စိတ်ထဲမှာ ဆန်းနေတယ်”

“သူသိဖို့ မလိုလို့ပါ”

မတတ်သာလို့ ပြန်ပြောလိုက်ရသည့်  ကျွန်မအသံက အနည်းငယ်အောင့်သက်သက်နိုင်ပါသည်။ မေနှင်းဦးလည်း ရိပ်မိပုံရသည်။ မျက်နှာထား တမျိုးဖြစ်သွားသည်။

“ဆောရီးနော်၊ သူများကိုယ်ရေး ကိုယ်တာ ကိုဝင်ပြောသလိုဖြစ်သွားတယ်၊ တို့ အံ့သြမိတာကို ရိုးရိုးပြောလိုက်တာ ပါ၊ ပုလဲ ကိစ္စကို စပ်စုတာ ဝင်ပါတာမျိုး မဟုတ်ပါဘူး”

“ရပါတယ်”

အလုပ်ထွက်စာ စာရွက်ကလေး ကို သေသေသပ်သပ်ခေါက်ပြီး ပိုက်ဆံအိတ်ထဲထည့်နေသည့် မေနှင်းဦး၏ အမူ အရာကို ကျွန်မ အကဲခတ်နေမိသည်။ ဘာမှထူးထူးခြားခြား ဟန်မရှိပါ။ သူမ ကို ငြူစူဝန်တိုနေသည့် ပုလဲရည် ဆို သည့် ကောင်မလေး အလုပ်ထွက်သွားတော့ မည်ဆိုခြင်း အတွက်လှိုက်လှဲဝမ်းသာနေသည့် မျက်နှာထားမျိုးမ ဟုတ်။ ကျွန်မသာဆိုရင် မေနှင်းဦး အလုပ်ထွက်တော့မည် ဆိုသည့်သတင်းကိုကြားရရင် ကျွန်မ အတွက်အ နှောက် အယှက်တခုကင်းရှင်းသွားပြီဆိုသည့် အတွေးနှင့် ပျော်မိမှာသေချာသည်။ မေနှင်းဦးကို ကိုလင်းနားမှာ မြင်ရတိုင်း ကျွန်မရင်မှာ ပူလောင်လွန်းသည်။

“ကိုလင်း ကို ဂရုစိုက်ပေးပါနော် မမေနှင်း”

“ဘယ်လို”

မရည်ရွယ်ပါဘဲ ပြောလိုက်မိသည့်စကားကြောင့် မေနှင်းဦး မျက်ခုံးပင့်ကာကြည့်သည်။

“ကိုလင်း ကို ပစ်မထားပါ နဲ့လို့”

ကျွန်မ ထပ်ပြောလိုက်တော့ မေနှင်းဦး ရယ်သည်။

“ဆရာက တို့တွေထက် အများကြီး ရင့်ကျက်ပြီး ပညာတွေလည်း အများကြီးတတ်တဲ့ သူပါ၊ ဒီအရွယ်ရောက်နေ တဲ့သူကို ကလေးလို ဂရုစိုက်ဖို့ လိုမလားပုလဲရဲ့”

“ကိုလင်း က သနားဖို့ကောင်းပါတယ်၊ ပညာတွေဂုဏ်တွေပြည့်စုံပေမယ့် မိဘတွေလည်းမရှိတော့ဘူး၊ ညီအကို မောင်နှမ အသိုင်းအဝိုင်းလဲ မရှိဘူး၊ တကောင်ကြွက်ပါ၊သူ့ဘဝမှာ ပညာရေးနဲ့ အလုပ်ပဲ ရှိတော့တဲ့သူပါ၊ သူ့ကို ဒီအတိုင်း ဆက်သွားမနေစေချင်ဘူး၊ မမေနှင်း ကူညီပါ”

အိပ်မက်မက်နေသူတယောက်လို မျိုး စိတ်ထဲကိုရောက်လာတာတွေပြောချလိုက်မိသည်။ မေနှင်းဦး၏ အံ့သြနေ သည့် မျက်နှာကို စိုက်ကြည့်ရင်း ကျွန်မ မျက်ရည်တွေဝဲလာသည်။ အသံလည်းတုန်ခါလာပေမယ့် ကျွန်မဆက် ပြောမိသည်။

“ဒီက အလုပ်ပြီးရင် နိုင်ငံခြားကို ပြန်ထွက်သွားဦးမှာပဲ၊ ပြန်လာရင်လည်း သူ့ကိုကြိုမယ့်သူမရှိဘူး၊ စောင့်မယ့် လူ မရှိဘူး၊ တယောက်ထဲပဲ၊ ပြီးရင်ပြန်သွားဦးမယ်၊ အလုပ်လုပ်ဦးမယ်၊ သူ့ အထီးကျန်ဘဝကို ဖြေသိမ့်နိုင်ဖို့ သူဒီလို တွေလုပ်နေတာ၊ အဲဒါ ကျွန်မ သိတယ်၊ သူရှာတဲ့ ပိုက်ဆံတွေဆိုတာ တကယ်တော့ သူ့အတွက် အဓိပ္ပါယ် မရှိပါဘူး၊ သူ့ဘဝသူ မငြီးငွေ့ရအောင် လျှောက်လုပ်နေတာ၊ နောက်ဆုံးတချိန်ကျရင် သူ ဘုန်ကြီးဝတ်မယ်တဲ့၊ ကိုလင်း ဘုန်းကြီး မဝတ်အောင်တားနိုင်တာ မမေနှင်း ပဲရှိတယ်”

“ဘယ်လို …ဘယ်လို”

ပြောနေရင်း ကျွန်မ မျက်ရည်ကျလာသည်။ မေနှင်းဦး လည်း ကျွန်မ ကို ပြန်မေးဖို့စကားစ ရှာမရအောင်ဖြစ် နေ ပုံရသည်။ ကျွန်မ ကို အကြာကြီးစိုက်ကြည့်နေပြီးမှ

“ဒါဆိုလဲ ပွင့်ပွင့်လင်းလင်း ပြောမယ်ကွာ၊ မ သတိထားမိသလောက် ကတော့ ဆရာ့ ကို ပုလဲက….ပုလဲက၊ ဟိုလေ .. မ ပြောချင်တာ ပုလဲ သဘောပေါက်မယ် ထင်ပါတယ်နော်၊ ဒါပေမယ့် အခု မ ကို ဘာဖြစ်လို့ဒါတွေ ပြော နေရတာလဲ”

ကျွန်မ ထင်ခဲ့သလိုပင် ကျွန်မ၏ ဝန်တိုမှုတွေကို မေနှင်းဦး သိနေခဲ့ပါသည်။ မိန်းမသားချင်း ဆိုတော့လွယ်ကူ စွာ အကဲခတ်နိုင်ခဲ့ပါလိမ့်မည်။ ဒါပေမယ့် မေနှင်းဦး ဒါတွေကို ထည့်မတွက်ဘဲ ကျွန်မကို ပုံမှန်အတိုင်း အများနည်းတူ ဆက်ဆံ နိုင်ခဲ့ပါသည်။ ကျွန်မ၏ ငြူစူမှုတွေကို တုန့်ပြန်ခြင်းလုံး၀ မရှိခဲ့သလို သိပါသည်ဆိုသည့် အရိပ်အယောင် လည်း လုံးဝမပြခဲ့ပေ။ ဒီလိုနေရာကျတော့ မေနှင်းဦး၏ စိတ်ဓါတ်သည် ကိုလင်း နှင့် သွားဆင်နေသည်။ ကိုလင်း ဆိုရင်လည်း သူ့ကို မနာလိုဖြစ်နေသူတယောက်အပေါ် ဒီလိုပဲနေပေးနိုင်မည်ဖြစ်သည်။

“အမ သိပြီးသားဆိုတော့ ဖုံးကွယ်မနေတော့ပါဘူး၊ ပုလဲ ကိုလင်းကို ချစ်နေခဲ့ပါတယ်၊ ဒါပေမယ့် ကိုလင်းကတော့ အမ ကိုချစ်နေတာ”

မေနှင်းဦး မျက်နှာမှာ အလင်းရောင်တခု ဖျပ်ကနဲလက်သွားသလိုထင်ရသည်။

“ဒါကတော့ မဖြစ်နိုင်ဘူး လို့ထင်တယ်၊ မ အပေါ် ဆရာပြောဆိုဆက်ဆံတာတွေ အကုန်လုံးက ရိုးသားတယ်၊ သန့် သန့် ရှင်းရှင်း ဆက်ဆံတယ်”

“ကိုလင်း က လူတိုင်းအပေါ်ရိုးရိုးသားသားဆက်ဆံတာပဲ၊ ဒါသူ့စရိုတ်ပဲလေ၊ အမ ကို ဘာမှမပြောတာက အမ မှာ ချစ်သူရှိပြီးသား ဆိုတာသူသိနေလို့”

ဒီတခါ ကျွန်မ ပစ်သည့်မြှားက ပစ်မှတ်ကို တည့်တည့်ထိသည်။ မေနှင်းဦး တုန်လှုပ်သွားတာသိသာလွန်းသည်။ ဒါ ပေမယ့် အပစ်ခံလိုက်ရသည့် မေနှင်းဦးထက် ပစ်လိုက်သည့် ကျွန်မကို ဒီမြှားချက်က နာကျင်စေပါသည်။ ကျွန် ရင်တွေကွဲထွက်လုမတတ်နာနေသည်။ နှလုံးသားကို ကြမ်းတမ်းစွာညှစ်ဆုပ် ခံထားရသလိုပင်။

“ကိုလင်းလို သိက္ခာရှိတဲ့ တည်ကြည်တဲ့သူက ချစ်သူရှိပြီးသား မိန်းကလေးတယောက်ကို စိတ်နဲ့တောင် ပစ်မှားမှာ မဟုတ်ဘူး ဆိုတာ အမလည်း သိမှာပါ”

“အေးပါ၊ ရှိပါစေတော့ကွယ်၊ ဒါတွေက တို့တွေ အခုပြောနေတဲ့ ပုလဲ အလုပ်ထွက်တဲ့ ကိစ္စနဲ့လည်း မသက်ဆိုင်ပါ ဘူး၊ ဟုတ်တယ် မဟုတ်လား ”

ဘူးထဲက တစ်သျှူး တစကိုဆွဲထုတ်ပြီး ကျွန်မကို မျက်ရည်သုတ်ဖို့ ပေးရင်း မေနှင်းဦးက စကားဖြတ်သည်။ ကျွန်မ ကတော့ မရပ်နိုင်ပါ။ ပြောလက်စရှိသည့် တူတူမထူးဟု သဘောထားပြီး ဆက်ပြောရတော့သည်။ကျွန်မဘာ ကြောင့် ဒီလိုတွေပြောနေမှန်းကို ကျွန်မ မသိပါ။ သို့သော်လည်း ကျွန်မ သိနေသလိုလိုစိတ်မှာ ခံစားနေရသည်။

“ကိုလင်းက ကျွန်မကို ညီမလေးတယောက်လို သဘောထားတာပြီး ခင်တာပါ။ ကိုလင်း နဲ့ ကျွန်မက လည်းမတန် ပါဘူး၊ ကျွန်မက …ကျွန်မ ..က အပျိုမဟုတ်ဘူး”

“မဟုတ်တာတွေ မပြောပါနဲ့ ပုလဲရယ်၊ ပုလဲ ငယ်ငယ်လေး ရှိသေးတာကို”

မေနှင်းဦး စကားကို အလေးမထားဘဲ ကျွန်မပြောလိုရာတွေဆက်ပြောနေမိသည်။

“အိမ်ထောင်မရှိ ပေမယ့် ကျွန်မ က အပျိုမဟုတ်ဘူး၊ ယောက်ျားတွေနဲ့ ပတ်သက်ခဲ့ဖူးတယ်။ ဒါပေမယ့် မမေနှင်း ရယ်၊ ကျွန်မ နန့်လို့၊ ကမြင်းချင်လို့ ဖြစ်ရတာ မဟုတ်ပါဘူး၊ဘဝပေးအခြေအနေကြောင့် ဖြစ်ခဲ့ရတာပါ၊ ကိုလင်း လို ဖြူစင်တဲ့ သူကို ကျွန်မက ချစ်တယ် ဆိုတာတောင်လွန်လှပါပြီ၊ လုံး၀ မထိုက်တန်ပါဘူး၊ ကိုလင်းကလည်း ကျွန်မကိုရိုးရိုးပဲ ခင်ရှာတာပါ”

“ဒါတွေဘာလို့ မ ကို လာပြောနေတာလဲဟင်”

“ကိုလင်းကို ဘုန်းကြီး မဝတ်အောင်တားပေးစေချင်လို့၊ ကိုလင်းက ဉာဏ်ကောင်းတယ်၊ သမာဓိရှိတယ်၊ ကိုယ် ကျင့် တရားလည်းကောင်းတယ်၊ ဘုန်း ကြီး ဝတ်ပြီး တရားအားထုတ်လိုက်ရင် တရားထူးရပြီး သံသရာကနေ လွတ်လမ်း ကိုတွေ့ချင်တွေ့ သွားနိုင်တယ်”

“အဲဒါ မကောင်းဘူး လား”

“မကောင်းဘူး၊ ကိုလင်း သံသရာထဲကနေ လွတ်သွားရင် ကျွန်မ နဲ့ နောက်ဘ၀ ပြန်ဆုံဖို့ ဘယ်ဖြစ်နိုင်တော့ မလဲ”

မေနှင်းဦး မျက်နှာမှာ နားမလည်မှုတွေနှင့် တဖြေးဖြေးရှုပ်ထွေးလာသည်။ ကျွန်မ ကို ရူးသွားပြီဟု ထင်သွားပြီလား မသိပေ။ ကျွန်မ ကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကို ဘယ်လို အခြေအနေ ဖြစ်နေမှန်း သေသေချာချာ မသိပါ။ အများ ကြီးမဟုတ်တောင် အခုအခိုက်အတန့် ခန မှာ အနည်းငယ်တော့ ရူးသွပ်နေတာ ဖြစ်ကောင်း ဖြစ်ပါလိမ့်မည်။ဒါပေ မယ့် မေနှင်းဦးသည် စိတ်ကောင်းရှိတဲ့ သူဆိုတာပြောနေရင်း နဲ့ သိလာရလို့ စိတ်ကို လွှတ်ပြီးပြောချင်ရာတွေကို ပြော ချနေမိပါသည်။ ပြောလိုက်ရလို့ ကျွန်မ ရင်မှာပေါ့ပါး မသွား၊ပိုပြီးလေးလံလာသည်။ ဒါပေမယ့် ကျွန်မ ကျေ နပ်ပါသည်။

“ကဲ …ဟုတ်ပြီ၊ ညီမလေး ထွက်စာကို မ ယူထားလိုက်မယ်၊ ပုလဲကတော့ အိမ်ပြန်ပြီး အေးအေးဆေးဆေး နား လိုက်ဦး ဟုတ်လား၊ တကယ်လို့ အလုပ်ကိုပြန်ဝင်ချင် တယ်ဆိုရင် မ ဆီကို အချိန်မရွေး လာပြောဟုတ်လား၊ ဖုန်း ဆက်လည်းရတာပဲ၊ နော် ညီမ”

ကျွန်မ ပုံစံက တော်တော်ကြည့်ရဆိုးနေပုံရသည်။ မေနှင်းဦး အပြုံးချိုချိုလေး နှင့်ပြောရင်း ကျွန်မကို နှစ်သိမ့်၏။ မျက်ရည်သုတ်ဖို့လည်း တစ်သျှူးတွေ ထပ်ထုတ်ပေးသည်။

“ကိုလင်း ဘုန်းကြီး မဝတ်အောင် ပြောပေးပါ အမရယ်”

“အေးပါ၊ စိတ်ချပါ၊ ပြောပေးပါ့မယ်”

“သူ့ကို အထီးကျန် မနေစေချင်ဘူး သိလား”

ဒီတခွန်းပဲပြောပြီး ထိုင်ရာကနေ သုတ်ကနဲ ထွက်ပြေးလာမိသည်။ သောက်ထားသည့် ကော်ဖီ ဖိုးကိုတောင်မပေး ခဲ့ရ။ မေနှင်းဦးက သဘောကောင်းပါသည်။ ဒီလောက်တော့ ပေးပါလိမ့်မည်။ လမ်ပေါ်ရောက်တော့ ဆိုင်ထဲကယူ လာသည့် တစ်သျှူးတွေနှင့် မျက်ရည်တွေစင်အောင်သုတ်ပြီး လွှတ်ပစ်လိုက်သည်။ ပြီးတော့မှ ဆက်လုပ်ရန်ကို စဉ်းစားရ၏။ အရင်ဆုံး မမမြတ်နှင့် ချိန်းထားသည့် ဆီကိုသွားရမည်။ ခုလောက်ဆို မမမြတ် ရောက်ချင်တောင် ရောက်နေလောက်ပြီ။ နောက်ကို ပြန်လှည့်ကြည့်တော့ မေနှင်းဦး ထွက်

မလာသေး။ ပိုက်ဆံရှင်းနေတုန်းနှင့် တူ သည်။ ထို့ကြောင့် တက္ကဆီ အလွတ်တစီးကို လှမ်းတားလိုက်ပြီး ဒီနေရာက မြန်မြန်ခွာခဲ့သည်။

မနက်က ကျွန်မတို့ဆုံခဲ့ကြသည့် နေရာလေးမှာပဲ မမမြတ်နှင့် ချိန်းထား၏။ ကျွန်မ ရောက်သွားတော့ မမမြတ် မ ရောက်သေးပါ။ မှတ်တိုင်က ခုံတန်းလေးမှာ ဝင်ထိုင်ရင်း ဒီနေ့ ကျွန်မလုပ်ခဲ့တာတွေ မှန်မမှန် စဉ်းစားကြည့် နေ မိသည်။ မှန်သလားမှားသလား ဆိုတာ ကျွန်မ မဝေခွဲတတ်ပါ။ ဒါပေမယ့် လုပ်သင့်တာကို လုပ်ခဲ့သည်လို့တော့ ထင်မိပါသည်။

 မေနှင်းဦး ကတော့ ကျွန်မကို ရူးသွားပြီဟု ထင်မည်လားမသိပါ။ ထင်သွားလည်း ဂရုစိုက်နေစရာ အကြောင်း မရှိတော့ဟု ထင်ပါသည်။

မမမြတ်ကို စောင့်ရင်း ရှေ့ရေးကို တွေးကြည့်မိသည်။ ဘာလုပ်ရမည် ဆိုတာစဉ်းစားလို့ မရသေး။ တကယ်တမ်း တော့ အဖြေတခုခု ကိုလိုချင်လို့ ကျွန်မ တွေးနေတာမဟုတ်ပါ။

ကိုလင်း အကြောင်း မစဉ်းစားမိအောင် တမင်လုပ် နေခြင်း သက်သက်သာဖြစ်သည်။ ကိုလင်းနှင့် နှစ်ရက်တာ အတူတူ ဖြတ်သန်းခဲ့ကြသည့် အချိန်တွေမှာ ကျွန်မ ပျော် လည်းပျော်ခဲ့ရ သည်။ ကြေကွဲဝမ်းနည်းခြင်းတွေလည်း ရင်နင့်အောင်ခံစားရသည်။ အားလုံးကို မေ့ပြီး ပျော် ရတာတွေ လည်းရှိသလို အပျော်နှင့် ကြေကွဲခြင်းတွေ ရောယှက်ခံစား ရတာတွေလဲ ရှိသည်။ ကြေကွဲခြင်းသက် သက် ကလည်းကျွန်မ ကို နှိပ်စက်၏။

ကိုလင်းကတော့ ကျွန်မကို ပျော်ရွှင်ခြင်းကြည်နူးရခြင်းတွေပဲ ပေးခဲ့ပါသည်။ ဝမ်းနည်းရတာတွေကတော့ ကိုလင်း နဲ့ ဘာမှမသက်ဆိုင် ကျွန်မ၏ အားနည်းချက်သက်သက်သာ ဖြစ်၏။ ကျွန်မ အလိုချင်ဆုံးအရာ တခုကို လက်ဝယ် ရပြီးမှ အမြဲတမ်းသိမ်းထားဖို့ ဝန်လေးရခြင်းသည် ကျွန်မ၏ မကောင်းသည့် အတိတ်ကံကြောင့် ဖြစ်ပါလိမ့်မည်။ ပြန်တွေးကြည့်ရင်တော့ ကျွန်မဘဝ၏ ကွက်လပ်တခု ပြည့်စုံသွားပြီလို့ ဆိုနိုင်ပါသည်။ ကျွန်မ ကိုလင်းကိုချစ်ခဲ့၏။ ကျွန်မလိုချင်သောကိုလင်း၏ အချစ်ကိုလည်းရခဲ့သည်။ တန်ဖိုးရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ကျွန်မ၏ ကိုယ်ခန္ဓာ ကို ကျွန်မချစ်သောသူ လက်သို့ အပ်နှင်းခွင့်လည်းရခဲ့သည်။ အဲဒီ အချိန်တုန်းက ကျွန်မ၏ ပီတိက ဘာနှင့်မှ မ နှိုင်းသာအောင် ရှိခဲ့ရသည်။ ကျွန်မ၏ ဘဝတလျှောက်လုံးမှာ ထိုအချိန်တွေကိုပဲပြန်လည်တသရင်း ကျေနပ်နေ နိုင်လိမ့်မည် လို့လည်း ထင်ပါသည်။

ကျွန်မ အံ့သြနေမိတာ တခုရှိသည်။ ကိုလင်းကို စောင့်ရှောက်ဖို့ မေနှင်းဦးကို ဘာကြောင့်ပြောမိခဲ့တာကို ခုချိန် ထိ စိတ်မှာ ဝေခွဲလို့မရသေး။ ကိုလင်း နှင့် မေနှင်းဦးက လိုက်ဖက်တာကတော့ အမှန်ဖြစ်သည်။ ရုပ်ရည်၊ ပညာ၊ လူမှု အဆင့်အတန်း တူမျှသူတွေလို့ ပြောရင်ရပေမယ့် ဒီလိုမျိုးကိုက်ညီသူတွေ ဒုနှင့်ဒေး ရှိနိုင်သည်။ ခွင့်လွှတ်တတ် သော၊ တဖက်သားကို စာနာနားလည်ပေးတတ်သော ကိုလင်းလို စိတ်ဓါတ်မျိုးကို မေနှင်းဦးဆီမှာ လှစ်ကနဲမြင် လိုက်ရလို့လားဟု ကျွန်မ စဉ်းစားကြည့်နေမိ၏။

“ဆွေဇင်”

ကိုယ့် အတွေးနှင့် ကိုယ် ဖြစ်နေလို့ အနားကို မမမြတ်ရောက်လာတာကို တောင် သတိမထားလိုက်မိပါ။

“အဆင်ပြေသလား မမမြတ်”

“ဘယ်လိုပြောရမလဲ၊ အဆင်ပြေ မပြေဆိုတာ..ငါလဲ မပြောတတ်ပါဘူး၊ ပြောစရာရှိတာတော့ ပြောခဲ့တာပေါ့ ဟယ်”

ကျွန်မ ဘေးမှာဝင်ထိုင်လိုက်ရင်း မမမြတ်လေပူတွေကို ဟူးကနဲ မှုတ်ထုတ်လိုက်သည်။

“သူ မမမြတ်ကို မှတ်မိလား”

“မှတ်မိတယ်၊ အရမ်းအံ့သြနေတာ၊ ဆွေဇင်နဲ့တွေ့သေးလား၊ အခုဘာလုပ်နေလဲ ဆိုတာတန်းမေးတော့တာပဲ၊ နင်မှာလိုက်တာကို တောင် တော်တော်နဲ့ ပြောဖြစ်တဲ့ ဆီမရောက်ဘူး၊ ဆွေဇင်လတ် အကြောင်းပဲသူကပြော နေတာ။ ဝဏ္ဏရှိန် နဲ့ အဆက်အသွယ်ပြတ်သွားတာကြာပြီလို့ ပြောတယ်၊ နင် ဝဏ္ဏရှိန် ဆီက ထွက်လာပြီး ငါနဲ့ လာနေတာ လို့ ထင်နေပုံရတယ်ဟ၊ ငါလဲ ဆွေဇင်လတ်ကို မတွေ့တာကြာပြီဆိုတော့ သူ အံ့သြနေတယ်၊ ကျွန်တော့် အိမ်ကို ဘယ်လိုသိတာလဲ မေးတာနဲ့ ပုလဲရည် ပြောလို့ ဆိုတော့ ပိုအံ့သြသွားတယ်၊ ပုလဲ နဲ့လဲ သိတယ်လားတဲ့၊ ငါလဲ မထူးတော့ ဘူးဆိုပြီး နင်ပြောခိုင်းသလိုပြောချလိုက်တယ်”

“ဘာပြန်ပြောလဲဟင်”

“ခေါင်းငိုက်စိုက်ကျသွားတာပေါ့၊ မယုံနိုင်အောင် ဖြစ်နေတယ်”

ကျွန်မရင်ထဲမှာ လည်း ကျင်ကနဲဖြစ်သွားသည်။ ကိုလင်း ဘယ်လိုဖြစ်သွားမည်ကို ခံစားပြီးသိနေပါ၏။ ကျွန်မ ကိုယ်တိုင်လည်း ရူးမတတ်ခံစားနေရသည့် ကြားကဒီဆုံးဖြတ်ချက်ကို ချခဲ့ရပါသည်။

“ကျွန်မ ပြောတာတွေ အကုန်အမှန်ပါပဲ လို့ထပ်ပြောတော့ ထူးဆန်းတယ်ဗျာတဲ့၊ တိုက်ဆိုင်မှုတွေ ဘာဖြစ်လို့ ဒီ လောက်တောင် ဖြစ်နေရတာလဲ၊ နင်ဘယ်လို ဖြစ်ဖြစ်သူနားလည်ပေးနိုင်ပါတယ်တဲ့၊ အပျိုဟုတ်တာ မဟုတ်တာ သူ့ ခေါင်းထဲမှာ မရှိပါဘူးတဲ့”

နားထောင်နေရင်း နှင့် မွန်းကြပ်လိုလို့ ကျွန်မ မတ်တတ်ထရပ် လိုက်မိသည်။

“အိမ်ပြန်မလို့လား၊ ငါ့ စိတ်ထင် သူ နင့်အိမ်ကို သွားမယ်ထင်တယ်၊ သူက နင့်ကို အရမ်းတွေ့ချင်နေတယ်၊ ဘယ် လိုဖြစ်ဖြစ် သူ့ဖက်က မပြောင်းလဲပါဘူး ဆိုတာပြောချင်တယ်တဲ့၊ ငါက နင် တခြားကို ထွက်သွားပါပြီလို့ ပြောတာ ကို ယုံပုံမရဘူး”

“အိမ် မပြန်ပါဘူး၊ ယူစရာတွေတော့ရှိသေးတယ်၊ အေးအေးဆေးဆေးမှ သွားယူတော့မယ်”

“ငါလဲ စိတ်မကောင်းပါဘူး ဆွေဇင်၊ ဒါပေမယ့် နင်လုပ်တာ မှန်တယ်လို့ မပြောနိုင်ရင်တောင် မှားတယ်လို့ ယူ ဆလို့ မရဘူးဆိုတာ ငါလက်ခံပါတယ်”

“ရှိပါစေတော့ မမမြတ်ရယ်”

“အားလုံး ပြည့်ပြည့်စုံစုံ ပြန်ပြောရမလား ဆွေဇင်”

“နေပါစေ၊ ကျွန်မ ပြောပြစေချင်တာတွေ မမမြတ် သူ့ကိုပြောပြခဲ့ ပြီးပြီဆိုရင်တော်ပါပြီ၊ ရပါတယ်”

မမမြတ် အကြောင်းအရာတွေ အားလုံးကို ပြန်ပြောရင် ကျွန်မ နားထောင်နိုင်စွမ်းရှိချင်မှရှိပါမည်။ ကိုလင်း၏ ကြေ ကွဲမှုတွေကို လည်း မသိချင်ပါ။ ကျွန်မ ကိုယ်တိုင်ပြောခိုင်းလိုက်သည့် စကားလုံးတွေ မမမြတ်နှုတ်က နောက်တ ကြိမ်ထပ်ထွက်လာမှာကို ကျွန်မကြောက်သည်။

ကျွန်မ နှင့် မမမြတ် အိမ်နှင့်ဆန့်ကျင်ဖက်ရှိရာကို လျှောက်လာမိကြသည်။ ဘယ်ကိုသွားမည်ကို တယောက်ကို တယောက် မပြောမိကြပါဘဲ နှင့် လျှောက်နေကြသည်။ ကျွန်မ နောက်ကို မမမြတ်လိုက်နေတာလား၊ မမမြတ် နောက်ကို ကျွန်မ လိုက်နေတာလား ဆိုတာ ကျွန်မကိုယ်တိုင်လည်း မသိပါ။ လမ်းတော့ လျှောက်နေမိကြသည်။

အခုလောက် ဆိုရင် ကိုလင်း ကျွန်မ အိမ်ကိုရောက်နေမလားလို့ တွေးရင်း သက်ပြင်းချမိသည်။ အိမ်ထဲကိုတော့ ကိုလင်း ဝင်လို့ ရမှာမဟုတ် သော့ခတ်ထားသည်။အချိန်တန်ရင်တော့ ကိုလင်း ပြန်သွားမှာပါလို့ တွေးပြီးစိတ်ကို ဖြေရသည်။

အခုနက မွန်းကြပ်နေသောရင်သည် အခုတော့ဟာလာဟင်းလင်း ဖြစ်နေသည်။ ကျွန်မစိတ်မှာ ဘာတွေရောက် နေတာ ကျွန်မ မသိပါ။ တွေးတော့တွေးနေပါသည်။

ဘာတွေတွေးနေမိမှန်း ကျွန်မ မသိပါ။ မမမြတ်ကတော့ အလိုက်သိစွာ နှင့် စကားတခွန်းမှ မပြောဘဲ ကျွန်မဘေးမှာ ခပ်ဖြေးဖြေးလျှောက်နေသည်။ လမ်းတွေလူတွေအိမ် တွေကျွန်မ တို့နောက်မှာကျန်ခဲ့၏။ မော်တော်ကားတွေက ကျွန်မတို့ကို ကျော်ဖြတ်သွားကြသည်။ မျက်နှာချင်း ဆိုင်က လာသူတွေကလည်း ကျွန်မတို့ကိုကျောခိုင်းသွားကြ၏။ ကျွန်မ တို့ ဘေးမှာ၊ နောက်မှာ ရှေ့မှာ ကျွန်မ တို့ နှင့် ဦးတည်ရာတူစွာ သွားလာနေကြသူများရှိပါသည်။ ဒါပေမယ့် သူတို့မှာကခရီးဆုံး ပန်းတိုင်ရှိကြသည်။

ကျွန်မ တို့၊ အထူးသဖြင့် ကျွန်မမှာ လျှောက်နေရခြင်း၏ ခရီးဆုံး ဆိုတာ ကျွန်မ မသိပါ။ မရှိတာလည်း ဖြစ်ချင်ဖြစ်နိုင်ပါ သည်။ကျွန်မ ဘဝ၏ အစိတ်အပိုင်း အကန့်တခုပြီးဆုံးသွားသလိုလိုရှိပေမယ့် ထိုအစိတ် အပိုင်းက ကျွန်မရင်ထဲမှာ တွဲ ကပ်ပြီးပါလာသည်။ ကျွန်မ၏ သက်တမ်းတခုလုံး ဒီအရာကို သယ်ဆောင်သွားရမည် ဆိုရင်လည်း ဝန်မလေးပါ။ ကျွန်မ သယ်သွားမည်သာဖြစ်သည်။ အချစ် တခုဆိုသည်မှာ ချစ်နေဖို့ပဲ လိုပါသည်။ ပေါင်းဖက်ရခြင်း ဆိုတာ ဘုရားက ပေးသည့်ဆုတဆုသာဖြစ်မည်ထင်ပါ၏။ ကျွန်မ ဆိုတာကလည်း ကံတရား၏ မျက်နှာသာကို မျှော်လင့် ခွင့် မရှိသည့်သူဖြစ်သည်။

“ဆွေဇင်”

“ရှင်”

စိတ်လွတ်ကိုယ်လွတ် ဖြစ်နေသောကျွန်မ ကို မမမြတ်က လက်ဆွဲပြီးရပ်တန့် ခိုင်းလိုက်သည်။

“တို့ ဒီအတိုင်းလျှောက်သွား နေလို့ မဖြစ်သေးဘူး၊ ညနေစောင်းနေပြီ”

မြို့ပြ၏ မြင့်မားသောတိုက်တာတွေကြောင့် နေရောင်ခြည်က စောစီးစွာပင် လမ်းမတွေပေါ်မှာကွယ်ခဲ့လေပြီ။ အခု မမှောင်သေးပေမယ့် မကြာမှီပင် အမှောင်ရောက်လာတော့မည်ဖြစ်သည်။ ကျွန်မ တို့တွေ ဘယ်လိုဖြစ်နေဖြစ်နေ သဘာ၀ တရားကတော့ သူ့လမ်းစဉ်အတိုင်း အလင်းရောင်ကို ယူဆောင်သွားတော့မည် ဖြစ်သည်။ ထိုအခါညဆို သော အရာတခုက ကျွန်မတို့ကို ဝါးမြိုသွားမည် ဖြစ်သည်။

“မမမြတ် ဘာလုပ်မှာလဲဟင်”

“နင့် အိမ်လဲပြန်လို့ မဖြစ်ဘူးဆိုတော့ တို့တွေအတွက် နေရာတခုခု ရှာကြတာပေါ့”

“ဟုတ်ကဲ့”

“နင် ဆာသလားဆွေဇင်”

“မဆာဘူး မမမြတ်၊ မမမြတ်ရော”

“ငါလဲ ..စားချင်စိတ် မရှိတော့ပါဘူးဟယ်၊ ဒီည အတွက် တနေရာပဲ အရင်ရှာကြတာပေါ့”

မမမြတ် ၏ မျက်နှာက ဆည်းဆာအောက်တွင် နွမ်းလျနေ၏။ ကျွန်မ လည်းဒီအတိုင်းပဲ ဖြစ်ပါလိမ့်မည်။ နွမ်း နယ်မှုတွေသာမက ကြေကွဲဝမ်းနည်းခြင်းတွေပါ အရိပ်ထင်နေလိမ့်မည်။

“မမမြတ်ပဲ ကြည့်လုပ်ပါတော့၊ ကျွန်မ ဘာမှ မသိတော့ဘူး”

“အေးပါဟယ်”

ကျွန်မ လက်မောင်းကို ဖျစ်ညှစ်လိုက်ရင်း မမမြတ်ပြောသည်။ လမ်းချိုးတခု ကထွက်လိုက်သည်တွင် မြင်ကွင်းက ရှင်း သွားပြီး ဝင်လုလု နေလုံးနီနီကြီးကို တည့်တည့်တိုးသည်။

ပုဇွန်ဆီရောင် အလင်းတွေက ကျွန်မတို့ ကိုယ်ပေါ် မှာ လာဟပ်၏။ လွယ်ထားသည့် အိတ်ကို ဟပြီးအထဲကို လက်ထိုးစမ်းကြည့်လိုက်သည့် အခါ အေးစက်မာကျော သည့် အထိ အတွေ့ တခုကိုလက်ကသိလိုက်ရ၏။

“မမမြတ်”

“ဟင်”

“ကျွန်မ နဲ့ထိုက်တန်တဲ့ ဝဋ်ကြွေးအစစ်က အခုမှစတယ်လို့ စိတ်ထဲမှာခံစားရတယ် သိလား”

မမမြတ် ဆီက ခွန်းတုန့်ပြန်သံ မကြားရပါ။ ကျွန်မ ကလည်း သူမ ထံကတခုခု ပြန်ပြောမည်ကို မျှော်လင့်လို့မထား သည့် အတွက်ကျွန်မ လည်းခပ်မဆိတ်ပင်နေလိုက်ပါသည်။ဒါပေမယ့် မမမြတ် မျက်နှာကိုတော့ ကျွန်မ ကြည့် လိုက် မိပါသည်။ သူမ အမူအရာက အချိန်မတိုင်ခင် နားခိုရာတခုခုကိုတွေ့ဖို့သာအာရုံ ထားနေသယောင်ယောင် ပင်။ မမမြတ်ဟန်ဆောင်နေကြောင်းကျွန်မသိပါ၏။

ကျွန်မ တို့ လျှောက်လာနေရင်း တိုက်မြင့်မြင့်ကြီးတွေကြားထဲကို ရောက်သွားပြီး ဆည်းဆာရောက်တွေပျောက် သွား ပြန်သည်။ တဖြည်းဖြည်းနှင့် အမှောင်ထုကပိုများလာသယောင်ထင်ရသည်။ လမ်းထိပ်တခု အရောက်မှာ တော့ အနောက်ရပ်ကောင်းကင်ကို တပိုင်းတစ မြင်ရလို့ လှမ်းမျှော်ကြည့်လိုက်တော့ နေက လုံးလုံးလျားလျားဝင် သွားခဲ့လေပြီ။ လမ်းမပေါ်မှာ အလင်းရောင် ဖျော့ဖျော့လေးသာကျန်တော့၏။

..........................................................

အခန်း ( ၃ )

ခိုက်ကြုံဝိဘက်၊ သံသာစက်၌၊

ကောင်းကင်မှာ တိမ်တွေညိုနေသည်။ ပြိုမယောင်ဟန်ပြင် နေသည့်မိုးက မနက်ကထဲက ရွာမလိုလိုလုပ်နေပြီး ရုံး အလာလမ်းတွင် တပေါက်နှစ်ပေါက် ကျခဲ့သည်မှအပအခုထိတင်းခံနေသည်။ စီးကရက် တလိပ်ကို မီးညှိလိုက် ပြီး အုတ်ခုံလေးမှာ ကောင်းထက်လင်း ဝင်ထိုင်လိုက်၏။ မနက်ဖြန်က စပြီး ဒီအုတ်ခုံလေးမှာ ထိုင်ဖြစ်တော့မည်မဟုတ်ဟု အတွေးဝင်လာသည့် အခါ မလှမ်းမကမ်းက ရုံးဖက်ဆီကို လည်ပြန်ကြည့်လိုက်မိသည်။ ကောင်းထက် လင်း အလုပ်တွေလက်စသတ်သွားလေပြီ။ သိမ်းဆည်းရှင်းလင်းရုံမှအပ ဘာမှ မကျန်တော့။ နောက်တနေ့နေ့ ခင်း ပိုင်းလောက်ကစပြီး အားလပ်သွားပြီလို့ ဆိုနိုင်သည်။ မနက်ဖြန်ကျရင် ဦးမြင့်သိန်း ရုံးထိုင်ရာဆီကို သွားပြီးစာရင်းရှင်း ပြီးရင် ပြုဖွယ်ကိစ္စ မကျန်တော့။ ဒီရုံးကို မနက်ဖြန် လာစရာ မလိုတော့ပါ။

အခုန ရုံးထဲမှာ အားလုံးကို ဒီအကြောင်းပြောပြခဲ့သည်။ သူတို့တွေလည်း စိတ်မကောင်းကြပါ။ ကောင်းထက်လင်း လည်း ရင်ထဲမှာ မကောင်း။ ဒါပေမယ့် တွေ့ဆုံပြီးရင် ခွဲခွာရသည့် နိယာမ တရားကို ဘယ်သူမှ လွန်ဆန်နိုင်မည် မဟုတ်ပါ။ ကောင်းထက်လင်း၏ ဘဝထဲကို အမှတ်မထင်ဝင်ရောက်လာပြီး ထူးဆန်းစွာ ပြန်လည်ထွက်ခွာသွားသည့် ပုလဲရည် ဆိုသောမိန်းကလေးက ဒီသရုပ်ကို အကောင်းဆုံးသက်သေပြသွား၏။

သုံးလကျော်ကြာမြင့် ခဲ့ပြီဆိုသော်လည်း ပုလဲရည်ရှိနေချိန်တွေက မနေ့တနေ့ကလို စိတ်မှာလတ်လတ်ဆတ် ဆတ် ကျန်နေဆဲဖြစ်သည်။ တအားရှိုက်သွင်းပြီး ပြန်မှုတ်ထုတ်လိုက်သည့် မီးခိုးငွေ့တွေကြားထဲတွင် မိန်းက လေး သုံးယောက်၏ အသွင်ပုံရိပ်က ပေါ်လာသလိုလို စိတ်မှာထင်မိသည်။ လူချင်းမတူသော်လည်း ထူးခြားမှုတော့ တူ ညီကြသည့် မိန်းမများလို့ ကောင်းထက်လင်း သတ်မှတ်လိုက်ချင်ပါသည်။ဆွေဇင်လတ်၊ ခင်မြရင်၊ ပုလဲရည် ဆို သည့် မိန်းမသုံးယောက်၏ လျှို့ဝှက်အပ်သော နေရာမှာ ဒါဏ်ရာတွေရှိသည်။ သူတို့အား ထိုဒါဏ်ရာတွေကို ဘယ်သူကမှ မပေး သူတို့ကိုယ်တိုင်လုပ်ကြသည် ဆိုသည့်အချက်ကို ပုလဲရည် ထံမှာတွေ့ခဲ့သည့် အပ်အကြီးကြီး က သက်သေခံခဲ့သည်။

နောက်ထပ် တိုင်ဆိုင်တာတခုက ထို မိန်းကလေး သုံးယောက်အနက် ဆွေဇင်လတ်နှင့် ပုလဲရည် တို့သည် မြတ် ဟုခေါ်သော မိန်းမနှင့် ပတ်သက်နေကြ၏။ သူမ မှာ တခြားနာမည် အပြည့်အစုံရှိချင်ရှိမည် ဖြစ်သော်လည်း ကောင်း ထက်လင်းက မြတ် ဟုသာသိသည့် မိန်းမသည် ပုလဲရည်ကို မျှော်နေသော ကောင်းထက်လင်းထံသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာသည့် နေ့ကို ကောင်းထက်လင်း ဘယ်တော့မှ မေ့လို့ရမည် မထင်ပါ။ မယုံကြည် နိုင်ခြင်း တွေက ကောင်းထက်လင်းရင်ကို အခုထိ တိုးဝှေ့နေဆဲဖြစ်ပါသည်။

အဲဒီနေ့က ပုလဲရည်ရောက်အလာကိုမျှော်နေစဉ် တံခါးခေါက်သံကြားလိုက်ရ၍ အပြေးအလွှား တံခါးဖွင့်ပေး လိုက်သည်တွင် မမျှော်လင့်ဘဲမြတ် ကို မြင်လိုက်ရ၍ ကောင်းထက်လင်း အရမ်းအံ့သြသွားရသည်။ ပါးစပ်က လွတ် ကျသွားသည့် စီးကရက် ကို ခြေဗလာဖြင့် နင်းချေမီးသတ် ဖို့ကြိုးစားနေစဉ် မြတ်က ဦးသွားသည်။ မီးရှိသည့် ဖက်ကို ဖိနပ်ဖြင့် နင်းချေ သတ်လိုက်ရင်း

“ကျွန်မ ကိုမှတ်မိပါတယ်နော်၊ ကိုကောင်းထက်လင်း”

“အာ ..မှတ်မိပါတယ်၊ လာပါ အထဲကို၊ ကျွန်တော့်လိပ်စာ ဘယ်လိုသိတာတုန်း၊ ဆွေဇင်ရောနေကောင်းလား”

ပုလဲရည် နှင့် ချိန်းထားတာကိုတောင်မေ့ပြီး သိချင်ရာကို အလောတကြီး မေးလိုက်မိသည်။

“ကျွန်မ ဆွေဇင်လတ်ကို မတွေ့တာကြာပြီ၊ ကိုကောင်းထက်လင်းရော ဝဏ္ဏရှိန် နဲ့တွေ့သေးလား”

ဧည့်ခန်းထဲက ခုံမှာဝင်ထိုင်လိုက်ရင်း မြတ်ကပြောလိုက်သည်။

“ဟုတ်လား၊ ကျွန်တော်လည်း ဝဏ္ဏရှိန် နဲ့ မတွေ့တာ တော်တော်ကို ကြာပြီ၊ ပြောရရင် သူတို့လင်မယားကွဲ သွား ခါစလောက်ကထဲက မတွေ့တော့တာ၊ကျွန်တော်နိုင်ငံခြားရောက်နေတုန်း အန်တီနန်း နယ်ပြောင်းတဲ့နောက်ကို ဒီကောင်ပါသွားတယ် လို့ပဲကြားတယ်၊ မမြတ် တခုခု သောက်မလား၊ ကျွန်တော့်ဆီမှာ အအေးဗူး ရှိတယ်”

“နေပါစေ ရပါတယ်”

မြတ်က ငြင်းပေမယ့် ကောင်းထက်လင်း နောက်ဖေးကို ဝင်ပြီးရေခဲသေတ္တာထဲက စပါကလင်ဗူး ယူလာပြီး ဖန်ခွက် တခွက်နှင့် အတူ မြတ်ရှေ့မှာ ချပေးလိုက်သည်။ မြတ်က မသောက်ဘဲ ငြိမ်နေလို့ ကောင်းထက်လင်း ကပဲ ဖေါက်ပြီး ဖန်ခွက်ထဲထည့်ကာ ရှေ့မှာချပေးလိုက်ရသည်။

“သောက်ပါ၊ အားမနာပါနဲ့၊ တကယ်ဗျာ ကျွန်တော်က သူတို့လင်မယားကို သိပ်သတိရတာ၊ ကိုယ့်ညီတွေညီမ တွေလို ဖြစ်နေတာကိုး၊ ကလေးလဲ တွေ့ချင်တယ်၊အခုလောက်ဆို တော်တော် အတန်းရောက်ရော့မယ်၊ ကျွန် တော်က သူတို့ ပြန်ပေါင်းထုတ် ဖြစ်ကြမယ် ထင်တာ၊ ဒါမှ မဟုတ်ရင်လည်း ဆွေဇင် မမြတ် ဆီပြန်နေတာဖြစ် မှာ ပဲလို့”

“ကျွန်မ လည်း မသိဘူးရှင့် အဆက်အသွယ်လဲပြတ်နေတာကိုး၊ ဒါနဲ့ ဒီကို ကျွန်မ ဘယ်လိုရောက်လာလဲဆိုတာ သိလား”

“အင်း …အဲဒါတော့ ထူးဆန်းတယ်”

“ကျွန်မ ကို ပုလဲရည် ညွှန်လိုက်တာ”

“ဗျာ၊ မမြတ်က ပုလဲနဲ့လည်း သိတယ်ဟုတ်လား”

ထိုအချိန်က အံ့သြမိတာက များနေလို့ ဆက်စပ်ပြီးတွေးကြည့်ဖို့ ကောင်းထက်လင်း မေ့နေခဲ့သည်။

“ရှင် အခု ပုလဲရည် ကိုစောင့်နေတာ မဟုတ်လား”

“ဟုတ်ကဲ့၊ တိုက်တိုက် ဆိုင်ဆိုင်နော်၊ မမြတ်က ပုလဲနဲ့လည်း သိတယ်၊ တော်တော်ရင်း နှီးသလား မမြတ်”

မြတ်၏ မျက်နှာတည်သွားကြောင်း နောက်မှ ကောင်းထက်လင်း ပြန်တွေးမိသည်။

“ကျွန်မ က ပုလဲရည် ကိုယ်စားလာတာ၊ ပုလဲရည်က သူနဲ့ ပတ်သက်ပြီး ကိုကောင်းထက်လင်း သိသင့်တဲ့ အချက် ကလေးတွေကို သူကိုယ်တိုင်မပြောချင်လို့ ကျွန်မ

ကိုပြောခိုင်းလိုက်တာ”

“ဟုတ်ကဲ့ ပြောပါ”

ပုလဲက ဘာပြောချင်သည်ဆိုတာကို ကောင်းထက်လင်း စိတ်ဝင်စားပါသည်။ တကူးတက နှင့် လူစားလွှတ်ပြီး ပြောခိုင်းလိုက်တာဖြစ်လို့ ရင်ထဲမှာလည်း နည်းနည်းတော့ ပူမိသည်။ ဒါပေမယ့် အဆိုးဆုံးအခြေအနေကို မျှော် လင့် မထားမိတာကတော့ အမှန်ဖြစ်သည်။

“တကယ်တော့ ပုလဲရည်က အပျို မဟုတ်ဘူး၊ အိမ်ထောင်ကျဖူးတယ်”

“ဗျာ”

ရုတ်တရက် ခေါင်းထဲမှာ ချာချာလည်သွားသော်လည်း ထိန်းလိုက်နိုင်သည်။ အပျို မဟုတ်တာ တခုနှင့်တော့ ကောင်းထက်လင်း အချစ်တွေ လျော့ပါးသွားဖို့ ရာအကြောင်းမရှိပါ။ အိမ်ထောင်ကျဖူးပေမယ့် ကောင်းထက် လင်း မြန်နိုးစွာ ချစ်နိုင်ပါသေးသည်။

“အိမ်ထောင်ကျဖူးရုံမကဘူး ကလေးလဲရှိတယ်”

မဖြစ်နိုင်ဟုထင်သည်။ ဒါကတော့ မြတ် နည်းနည်းတော့လွန်လာပြီထင်သည်။ ပုလဲရည် အပျို ဟုတ်မဟုတ် ကောင်းထက်လင်း မခွဲခြားတတ်သော်လည်း သူမြင်ခဲ့ရသည့် ပုလဲရည်၏ ကိုယ်ခန္ဓာကတော့ ကလေးအမေတ ယောက်၏ ပုံမျိုးမဟုတ်ပါ။ ပကတိနုဖတ်လတ်ဆတ်လို့ နေသည်။ နားလည်ရခက်သည့် ဒါဏ်ရာတွေမှ အပ ပုလဲရည်၏တကိုယ်လုံးက ထိရက်စရာမရှိပါ။

“အဲဒါတော့ မဟုတ်ဘူးထင်တယ်ဗျာ၊ ပုလဲက အခုမှ အသက်ငယ်ငယ်လေးပဲ ရှိသေးတာ၊ ကျွန်တော့်ကိုဘာလို့ ဒါတွေ လာပြောနေရတာလဲ၊ ပုလဲပြောခိုင်းလိုက်တာရော ဟုတ်ရဲ့လား”

“ကျွန်မ ကိုယုံပါကို ကောင်းထက်လင်း၊ ပုလဲက ပြောပြလိုက်ပါ ဆိုလို့ကျွန်မ လာပြောရတာပါ”

“ကျွန်တော်တော့ မယုံဘူးဗျာ”

“မိန်းမ ဆိုတာ အပျိုဖြစ်လာပြီဆိုရင် ကိုယ်ဝန်ဆောင် ကလေးမွေးလို့ ရပြီပဲ ကိုကောင်းထက်လင်း၊ သူမီးဖွား တုန်း က ကျွန်မ ကိုယ်တိုင် အနားမှာရှိနေခဲ့ပါတယ်၊ ဒါကို ကျွန်မ သစ္စာဆို ကျိန်တွယ်ပြောရဲပါတယ်”

“ကဲဗျာ၊ ဟုတ်ပြီထားတော့၊ ပုလဲမှာ လက်ရှိကာမပိုင် လင်ယောက်ျားရှိမနေဘူး ဆိုရင် ကျွန်တော် အားလုံးကိုခွင့် လွှတ်တယ်၊ ကျွန်တော် သူ့ကို အပျိုဆိုပြီး မေတ္တာရှိခဲ့တာ မဟုတ်ဘူး၊ ခုခေတ်ကြီးမှာ ဒါကို အစွဲအလမ်းထားပြီး အယူသီး နေဖို့လဲ မလိုဘူး”

“ရှင်က ခွင့်လွှတ်ပေမယ့် ပုလဲက သူ့ကိုယ်သူ ခွင့်မလွှတ်ဘူး ကိုကောင်းထက်လင်း၊ ဒီထက် ဆိုးတာတွေလဲရှိ သေးတယ်”

“ကဲပြောဗျာ ဘာကျန်သေးလဲ”

သန်းခေါင်ထက်တော့ ညနက်ဖို့ မရှိတော့ဟုကောင်းထက်လင်း တွေးလိုက်ပါသည်။ မြတ်ရူးနေလို့ လာပြောတာပဲ ဖြစ်ချင်ဖြစ်စေတော့ ယုံကြည်ခြင်း မယုံကြည်ခြင်း ဆိုတာက ကောင်းထက်လင်း ကိုယ်တိုင်ဆုံးဖြတ်ရမည့် ကိစ္စ ဖြစ်ပါသည်။

“သူက ဟို …အဲဒါ ဘယ်လိုပြောရမလဲ၊ လမ်းပေါ်က မိန်းကလေး တယောက် အဖြစ်လဲ အသက်မွေးခဲ့ဖူးတယ်၊ ရှင် တို့ဆီမှာ အလုပ်ဝင်တော့မှ အဲဒါ မလုပ်တော့တာ”

“ဗျာ”

ဒီတခွန်းကတော့ ခေါင်းကို မိုးကြိုး ပစ်ချလိုက်သလိုထိသည်။ မဖြစ်နိုင်ပါ။ ထင်ရက်စရာလည်း မရှိ။ ဒီလို ဖြစ် ခဲ့ သည်ဟု လုံး၀ လက်မခံနိုင်ပါ။ မျက်နှာကို လက်ဝါးနှင့်အုပ်ပြီး ကောင်းထက်လင်း ငိုင်တွေနေမိစဉ် မြတ် က လေအေးလေးနှင့် ဆက်ပြောသည်။

“အဲသလိုတွေ ဖြစ်ခဲ့တာမှန်ပေမယ့် သူလော်မာ လို့ ဖြစ်ခဲ့ရတာ မဟုတ်ပါဘူး၊ သူ့ရဲ့ ဘဝကံ အကျိုးပေးကြောင့် မဖြစ်ချင်ဘဲဖြစ်ခဲ့ ရတာမျိုးပါ၊ ရုန်းထွက်နိုင်ဖို့ သူအမြဲတမ်းအားထုတ်နေခဲ့ ရှာတာပါ၊ ဒီအကြောင်းတွေကို ကျွန်မ လောက် ဘယ်သူမှ သိမှာ မဟုတ်ပါဘူး၊ ဘယ်သူကိုမှလည်း ကျွန်မ မပြောဘူး၊ ရှင့် ကိုတော့ပြောပြသင့်တယ် လို့ ပုလဲရည်က ထင်လို့ ကျွန်မ အခုထုတ်ပြောတာပါ”

“ဟုတ်ပြီလေ၊ ဒါတွေကို ပုလဲက ဘာကြောင့် ကျွန်တော့်ကို သိစေချင်တာလဲ”

လိုရင်းကို မေးလိုက်သော ကောင်းထက်လင်း လေသံက အားလျော့နေသည်။ မြတ် ဆိုသည့် မိန်းမ မဟုတ်က ဟုတ်က တွေလျှောက်ပြောနေတာဖြစ်ပါစေ ဟုလည်း စိတ်ထဲက ကျိတ်ပြီးဆုတောင်းနေမိသည်။

“ပုလဲက ပြောတယ်၊ သူက ရှင်နဲ့ မထိုက်တန်ပါဘူးတဲ့၊ ရှင့်လို ဖြူစင်သန့်ရှင်းတဲ့ သူတယောက်က သူ့လိုယုတ်ညံ့ တဲ့ မိန်းမ နဲ့ လက်တွဲဖို့ ဆိုတာ လုံး၀ မဖြစ်နိုင်ပါဘူးတဲ့”

လိမ်ညာစကားတွေပါဟု နှလုံးသွင်းထားတာတွေ အကုန်လွတ်ထွက်ကုန်သည်။ ပုလဲရည် ပြောလိုက်သည်ဆို သော လမ်းခွဲစကားက တင်းထားသမျှ အစိုင်အခဲတွေကို ဖြုတ်ချသွားသည်။ ကောင်းထက်လင်း မယုံပါ၊ လက် မခံနိုင်ပါ။ ဒါပေမယ့် ရင်ထဲမှာတော့ သွက်သွက်ရမ်းသွားသည်။

“မမြတ် ကို စော်ကားတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အခုပြောနေတာကို တကယ်လို့ကျွန်တော် မထင်ဘူး၊ ပု လဲ အခုဘယ်မှာလဲ၊ ကျွန်တော်သူနဲ့တွေ့ချင်တယ်၊စကားပြောချင်တယ်၊သူကိုယ်တိုင်ပြောတာကို ကြားချင်တယ်”

“ကျွန်မ နားလည်ပါတယ် ကိုကောင်းထက်လင်း၊ ကျွန်မ ဆိုလည်းဒီလိုပဲနေမှာပါ၊ ပုလဲရည်ကလည်း သူကိုယ်တိုင် ပြောမထွက်လို့ ကျွန်မ ကိုပြောခိုင်းလိုက်တာပါ”

“ပုလဲ အခု အိမ်မှာလား မမြတ်”

“မဟုတ်ဘူး ရှင့်၊ ကျွန်မ ကို လွှတ်လိုက်ပြီး သူက တခြားသွားစရာရှိလို့ တဲ့ အဲဒီကိုသွားတယ်၊ ဘယ်ကိုဆိုတာ တော့ ကျွန်မလည်း မသိဘူး”

တမင် ညာပြောနေသလားဟု မြတ်ကို ကောင်းထက်လင်း စိုက်ကြည့်လိုက်မိသည်။ မြတ် ကလည်း ခပ်တည် တည်ပင် ပြန်ကြည့်သည်။ မြတ် မျက်နှာက ညိုးလျော်နေသည်။မုသားတခုအတွက် မလုံမလဲဖြစ်နေခြင်း မျိုး မဟုတ်ဘဲ စိတ်မကောင်း ဖြစ်နေသည့် အသွင်ဆောင်နေသည်။

“ကျွန်တော် ဘာမှ နားမလည်တော့ဘူးဗျာ”

“ကျွန်မ ပြောနိုင်တာကတော့ ရှင်နဲ့ ရှေ့ကိုဆက်ဖို့ မရှိတော့ဘူးလို့ ပုလဲရည် ဆုံးဖြတ်လိုက်ပြီဆိုတာပါပဲ၊ လက် ခံတာ လက်မခံတာက ရှင့်အပိုင်းပါ၊ ကျွန်မကတော့ ပုလဲရည် အကူအညီတောင်းလို့ ကြားထဲကနေ လာပြောပေး ရုံသက်သက်ပါပဲ”

“ကျွန်တော် သူ့အိမ်လိုက်သွားမယ်”

“သဘောပါပဲ၊ တွေ့မယ်လို့တော့ ကျွန်မ အာမမခံနိုင်ဘူး၊ သူ့ကိုကြည့်ရတာ ရှင်နဲ့ ထပ်တွေ့ဖို့ စိတ်ကူးရှိတော့ပုံ မရဘူး၊ ပြောသင့်တာပြောပြီး ပြီဆိုတော့ ကျွန်မ ကိုခွင့်ပြုပါဦး”

ကောင်းထက်လင်း ငေးငိုင်နေစဉ်မှာပင် မြတ် အိမ်ထဲကနေထွက်သွားသည်။ ကောင်းထက်လင်း မတားမိပါ။ မြတ် ထွက်သွားတာကို ဒီအတိုင်းထိုင်ကြည့်နေမိသည်။ ခနကြာတော့မှ အသိဝင်လာပြီး ထိုင်ရာက ခုန်ထလိုက်မိသည်။ စားပွဲပေါ်က မြတ်လုံး၀ မသောက်သွားသည့် အအေးဖန်ခွက်ကို တချက်စောင်းကြည့်လိုက်ပြီးနောက် ကားသော့ကို လှမ်းယူကာ အိမ်ထဲကနေ တဟုန်ထိုးပြေးထွက်ခဲ့သည်။ ပုလဲနေသည့် အိမ်ဆီကို ဘယ်လိုမောင်းပြီးဘယ်လို ရောက်သွားမှန်း တောင်ကောင်းထက်လင်း မသိပါ။

လှေခါးကို အပြေးတက်သွားပြီးနောက် တွေ့လိုက်ရသည့် သောခတ်ထားသောတံခါးကြောင့် ကောင်းထက်လင်း အမော ဆို့သွားရသည်။

“ပုလဲ အပြင်သွားနေတာဖြစ်မှာပါ”

ကိုယ့်ဖာသာ ဖြေတွေးတွေးလိုက်ပြီးနောက် ကားထဲက စီးကရက်ဗူးသွားယူလာကာ အခန်းဝက ထိုင်စောင့်သည်။ စီးကရက် တဗူးလုံးကုန်သည် အထိပြန်မလာပါ၊ လှေခါးအိမ်ကျဉ်းကျဉ်း လေးထဲမှာ ဆေးလိပ်မီးခိုးတွေ နှင့်ပြည့် ကြပ်နေ၏။ အပြင်ထွက်ကာ စီးကရက်ထပ်ဝယ်ရင်း အပေါ်ပြန်မတက်တော့ဘဲ ကားထဲကစောင့်ပြန်သည်။ ည သန်းခေါင် နီးသည်အထိ ပုလဲပြန်လာတာ မတွေ့ရပါ။ ပုလဲ၏ အခန်းလေးကလည်း မှောင်မဲတိတ်ဆိတ်နေသည်။ နောက်တနေ့မှ ပြန်လာတော့မည် စိတ်ကူးပြီး အိမ်ကို မချင့် မရဲနှင့် ပြန်ခဲ့ရသည်။

တညနေလုံးလူပင်ပန်း စိတ်ပင်ပန်းဖြစ်ခဲ့ရသည့် အပြင် အစာလည်းဘာမှ မစားရသေးသော်လည်း ကောင်းထက် လင်း မဆာပါ။ အိမ်ပြန်ရောက်တော့ ရေငတ်သလိုလို ရှိသည်နှင့် မြတ်သောက် မသွားသည့် အအေးကိုပဲ မော့ သောက်လိုက်ရသည်။ မြတ်ပြောသွားတာတွေကို ကောင်းထက်လင်း မယုံချင်ပါ။ ဒါပေမယ့် ပုလဲရည်ကိုလည်း မတွေ့ ရသည့် အခါ လက်ခံရတော့မလိုလို ဖြစ်နေသည်။ အနည်းဆုံးတော့ ပုလဲက ကောင်းထက်လင်းကို မတွေ့ လိုတော့ ဆိုသည့် စကားတခုက မှန်လုလု ဖြစ်နေသည်။

ကောင်းထက်လင်း လွယ်လွယ်နှင့် စိတ်မလျှော့ပါ။ တညလုံး အိပ်မပျော်ပေမယ့် နောက်နေ့ မနက်အစောကြီးထ ပြီး ပုလဲအိမ်ကို လိုက်သွားသည်။ ခြေရာလက်ရာ မပျက် ရှိနေသော အခန်းဝက စီးကရက် တိုတွေနှင့် အတူ ပိတ် ထားသော တံခါးကို မြင်ရသည်။ ကိုးနာရီကျော်သည် အထိ အနားမှာယောင်လည်လည်လုပ်နေပြီးမှ လက်လျှော့ ပြီး ရုံးဖက်ကို လာခဲ့ရသည်။

ရုံးရောက်တော့ ပုလဲရည်ကို မတွေ့ရပါ။ ရုံးကလူတွေ မေးတော့လည်း မသိကြ။ ဖုန်းဆက်ပြီးခွင့်တိုင်တာမျိုးလည်း မရှိလို့ သာမန်နောက်ကျတာလို့ပဲ ရုံးကလူတွေ ထင်ကြသည်။

“နေမကောင်းဘူး ဆိုရင် မလာဖြစ်ဘူး လှမ်းပြောမှာပေါ့ဆရာရဲ့၊ ကိစ္စရှိလို့ ဝင်နေတာဖြစ်ပါလိမ့်မယ်”

ဆက်မေးရင် မကောင်းလို့ ကိုယ့်အခန်းထဲပြန်ဝင်နေလိုက်ရသော်လည်း အလုပ်လုပ်လို့ မရ။ စိတ်က မတည်မငြိမ် ဖြစ်နေသည်။ ဒါကြောင့် ကွန်ပျူတာဖွင့် ပြီး ဒီတိုင်းထိုင်နေမိသည်။ နေ့လည် မေနှင်းဦး ရောက်လာတော့မှ ပုလဲ အလုပ်ထွက်သွားပြီဆိုတာ သိရသည်။ မေနှင်းဦး ကိုယ်တိုင်ဆီကတော့ မဟုတ်ပါ။ ကောင်းထက်လင်းကို ကော်ဖီ လာပို့သည့် မစိန်ရီထံက သတင်းရခြင်း ဖြစ်သည်။

“ပုလဲ အလုပ်ထွက်သွားပြီတဲ့ ဆရာရေ၊ ဆရာတော့ ပျင်းနေတော့မှာပဲ”

“မစိန်ရီကို ဘယ်သူပြောတုန်း”

“မေနှင်း အပေါ်မှာ ကောင်မလေးတွေကို ပြောနေသံကြားရတာလေ၊ ဒီကလေးမကတော့ တကယ်ပဲ၊ လာတုန်းက လည်း ဗြုန်းစားကြီး ထွက်သွားတော့လည်း ဝုန်းကနဲပဲ”

ပုလဲ တကယ်ကိုစွန့်ခွာ သွားပြီဆိုတာ ကောင်းထက်လင်းရင်နာစွာ သိလိုက်ရသည်။ သူ့ကိုသာမန်ရှောင်ဖယ်ခြင်း မျိုးမဟုတ်တော့ပါ။ ကောင်းထက်လင်း ရှိနေရာ အသိုင်းအဝိုင်းကိုပင် ဖယ်ဖွာ သွားခဲ့လေပြီ။

“ဆရာ့ကို ကြည့်ရတာ အိပ်ရေးမဝသလိုပဲ၊ နေမကောင်းဘူးလားဆရာ”

“အာ ..ကောင်းပါတယ်၊ မနေ့က မိတ်ဆွေဟောင်းတယောက်အိမ်ကိုလာတာနဲ့ အိပ်ရေးပျက်သွားတယ်”

ကောင်းထက်လင်းစကား မုသားမဟုတ်ပါ။ သိဟောင်းကျွမ်းဟောင်းလို့ ဆိုနိုင်သည့် မြတ် ရောက်လာပြီးနောက် ပိုင်း ကောင်းထက်လင်း အိပ်ရေးပျက်ခဲ့ ရသည်မဟုတ်ပါလား။ ပိုပြီးသေချာ အောင် မေနှင်းဦးဆီတက် မေးလိုက် ချင်စိတ်တွေကို မနည်းထိန်းထားရသည်။ ခါတိုင်းလို မေနှင်းဦး စကားစမြည်ပြောဖို့ ရောက်လာတော့မှ မေးမည် စိတ်ကူးထား ပေမယ့် မေနှင်းဦးက လုံးဝရောက်မလာပါ။ ကောင်းထက်လင်း အတွက် နန်းကြီးသုပ် တပွဲသာ မ စိန်ရီ နှင့် ပို့ခိုင်းလိုက်သည်။ သူမ လည်း အလုပ်တွေ များနေပုံရ၏။

မနေသာလွန်းတော့မှ အပြင်ခန်းထွက်ပြီး ရုံးအဖွဲ့ဆီမှာ စနည်းနာကြည့်မိသည်။

“ဟုတ်တယ် ဆရာ၊ မနေ့က မမေနှင်း အိမ်ကိုလာပြီး ထွက်စာပေးသွားတာတဲ့၊ ဒီနေ့ ခရီးထွက်ရမှာမို့ ရုံးကိုမလာ နိုင်တော့ဘူးလို့ ပြောတယ်တဲ့”

ကောင်းထက်လင်း ငိုင်တွေသွားသည်ကိုမြင်တော့ တယောက်က လှမ်းစသည်။

“ဆရာ စိတ်မကောင်း ဖြစ်သွားလား”

“အေးဟာ၊ ငါ့ကိုရစ်မယ့် သူမရှိတော့ဘူးဆိုတော့ ပျင်းသွားတာပေါ့”

အလိုက်သင့်ပြန်ပြောပြီး ကောင်းထက်လင်း အခန်းထဲပြန်အောင်း နေလိုက်သည်။ ညနေ အပြန်မှာ လှေခါးက ဆင်းလာသော မေနှင်း ဦး နှင့် တိုး၏။

“ဆရာလဲ ပြန်တော့မယ်လား၊ နန်းကြီးသုတ် စားလို့ အဆင်ပြေရဲ့လားဆရာ”

“ပြေပါတယ်”

တဝက်တောင် မကုန်လို့ ကျန်တာတွေသွန်ပစ်လိုက်ရကြောင်း မေနှင်းဦးကို မပြောဖို့ မစိန်ရီကို ကောင်းထက် လင်း နှုတ်ပိတ်ထားပါသည်။

“သွားမယ် နော်ဆရာ”

မေနှင်းဦး ကားနောက်က ကောင်းထက်လင်းလိုက်မောင်း ထွက်ခဲ့သည်။ ဦးတည်ရာကတော့ ပုလဲရည် ၏ တိုက် ခန်းကို ဖြစ်သည်။ အိမ်တံခါးက မနက်ကအတိုင်း ပိတ်ထားသည်။ စီးကရက်တိုတွေလည်း နေရာမပျက်။ မနေ့က အတိုင်းပင် သန်းခေါင်နီးသည် အထိကားထဲကနေ ထိုင်စောင့်ကြည့်သည်။ ပုလဲရည်၏ အခန်းလေးက အလင်းမဲ့ စွာ ဖြင့် တိတ်ဆိတ်နေသည်။

...............................

ထိုနေ့က စပြီး ဝတ္တရားတခုလို မနက်တခေါက် ညနေတခေါက် မပျက်မကွက်သွားပြီး အခြေအနေစောင့်ကြည့် သည်။ ဘာထူးခြားမှုမှ ရှိမလာပါ။ တပတ်လောက်ကြာတော့ စီးကရက်တိုတွေ မရှိတော့တာတွေ့ရသည်။ ပုလဲ ရည် တော့မဖြစ်နိုင်။ သေသေသပ်သပ် ရှင်းထားတာကိုကြည့်ခြင်းအားဖြင့် ဒီတိုက်ခန်းတွေထဲက တယောက် ယောက်ကအမြင် မတော်လို့ ရှင်းသွားတာ ဖြစ်ပုံရသည်။ အနီးတဝိုက်မှာလည်း စုံစမ်းကြည့်သေးသည်။ ပုလဲ ရည် ပြန်လာတာကို မြင်လိုက်သည့် သူတယောက်မှမရှိ။ ဒါပေမယ့် ဒီသုံးလလောက်ကာလ အတွင်းမှာ ခရီး ထွက်ရသည့် ရက်ပိုင်း တွေမှအပ ။ နေ့တိုင်း လိုလို ရောက်သည်။ မနက်ဆိုရင် ပုလဲ အခန်းကို လာပြီးမှ ရုံး တက်သည်။

ပုလဲ နှင့် ပတ်သက်ပြီး မတည်မငြိမ်ဖြစ်နေရသည့် စိတ်ကိုထိန်းချုပ်ဖို့ အလုပ်ကိုပိုကြိုးစားလုပ်သည်။ ရင်ထဲမှာ တမြည့်မြည့် လောင်မြိုက်နေသည့် ဝေဒနာကို ကြိုးစားဥပက္ခာပြုရင်း အလုပ်တွေဇယ်ဆက် သလိုလုပ်မိသည့် အတွက် အလုပ်ပိုတွင်သည်။ ထမင်းမေ့ ဟင်းမေ့ လုပ်သည်လို့တောင်ပြောလို့ရသည်။ အစားအသောက်နှင့် ပတ် သက်ပြီး မေနှင်းဦးကသာ ဂရုတစိုက်မရှိရင် ကောင်းထက်လင်း နေ့လည်စာတောင် စားဖြစ်မည် မထင်ပါ။ မေနှင်း ဦးကတော့ အရင်ကထက်တောင် ပိုဂရုစိုက်ပေးသည်။ သူမ ထက်အသက်ကြီးသည့် ကောင်းထက်လင်းကို က လေးတယောက်လို စောင့်ရှောက်ခြင်းမျိုး ဖြစ်သည်။ အနေခက် ပေမယ့် မေနှင်းဦး၏ ဂရုဏာသက်သည့် မျက်ဝန်း တွေကို အားနာလို့ ကောင်းထက်လင်း ငြိမ်သက်စွာနေခဲ့ပါသည်။

အခုတော့ အလုပ်တွေအားလုံးပြီးသွားခဲ့ပါပြီ။ ရုံးအဖွဲ့ တွေကိုတော့ နှုတ်ဆက်သည့် အနေဖြင့် လာမည့်ရုံးပိတ်ရက် တခုခုတွင် နေ့လည်စာလိုက်ကျွေး မည်ဟု ကတိပေးထားသည်။ မေနှင်းဦးကိုတော့ မပြောရသေးပါ။ သူမ၏ မွေး နေ့မှာ တုန်းက သီးသန့်လိုက်ကျွေးထားသည်ဆိုတော့ ကောင်းထက်လင်း အလှည့်မှာလည်း မေနှင်းဦး တ ယောက်ထဲကို သီးသန့်ခေါ်ကျွေးသင့် မကျွေးသင့် စဉ်းစားနေရသည်။ ပုလဲသာ သိရင် ကောင်းထက်လင်းကို ရန် လုပ်မှာ သေချာသည်ဟုတွေးရင်း ကောင်းထက်လင်း မချိပြုံးပြုံးလိုက်မိသည်။

လက်ထဲက ဆေးလိပ်တိုကို မြေပေါ်ပစ်ချနင်း ချေလိုက်ပြီး အထဲကိုပြန်ဝင်ဖို့ လုပ်ပြီးမှ ဝင်ချင်စိတ်မရှိသေး။ ထိုင် နေတာကလည်း ကြာပြီဆိုတော့ ရုံးဝင်း အပြင်ဖက်ကို ထွက်လာခဲ့သည်။ လွန်ခဲ့သော တလလောက်က ဒီရုံးနှင့် မနီးမဝေး လို့ ဆိုရမည့် နေရာမှာ လဘက်ရည်ဆိုင် အသစ်တခုလာဖွင့်သည်။ လဘက်ရည် ကောင်းသည့် အ တွက်တခါတလေ နေ့ခင်းဖက် ခနထွက်ပြီး ကောင်းထက်လင်း သွားထိုင်တတ်သည်။ အခုလည်း အဲဒီကိုပဲ သွား ထိုင်နေတော့မယ်ဟု စိတ်ကူးလိုက်သည်။

သွားနေရင်းမှ မိုးနံ့ပါသည့် လေက ကောင်းထက်လင်းကို ဖြတ်သန်းသွားသည်။ မိုးမရွာခင် အရောက်သွားဖို့ အရှိန် ကို မြှင့်လိုက်စဉ် နောက်က ခေါ်သံကြားလိုက်ရသည်။

“ဆရာ …ဆရာ”

ကောင်းထက်လင်း လှည့်ကြည့်လိုက်ရာ မပြေးရုံတမယ် ခြေလှမ်းတွေနှင့် လာနေသည့်မေနှင်းဦးကို တွေ့လိုက်လို့ ရပ်စောင့်နေမိသည်။ ်။ မိုးကြိုလေ ခပ်ကြမ်းကြမ်းကြောင့် မေနှင်းဦး၏ ဆံနွယ်တွေနှင့် အဝတ်အစားတွေက တဖျပ် ဖျပ်လွင့်နေ သည်။ အပြာနုရောင်အင်္ကျ ီ၊ အောက်က အနက်နှင့် အညိုရင့်အစင်းကြားစကပ်ရှည် ဝတ်ထားသည့် မေနှင်းဦး က ကပိုကရိုဖြစ်နေသော်လည်း လှနေဆဲဖြစ်ပါသည်။

“အမယ်လေး ဆရာ့ခြေလှမ်းက မြန်လိုက်တာ၊ မနည်းလိုက်ရတယ်၊ အရေးထဲ စကပ်က တုပ်နေသေးတယ်”

အနားရောက်တော့ မောသံလေးစွက်ပြီးပြောလိုက်သည်။

“ကိစ္စရှိလို့လား မမေနှင်း”

“မရှိပါဘူး၊ ဆရာ့ကို အခန်းထဲမှာလဲ မတွေ့၊ ရုံးထဲမှာလဲ မတွေ့လို့ အပြင်ထွက်ကြည့်ရင်း ဒီဖက်ကို လာတာတွေ့ လို့ လိုက်လာတာ၊ ဆရာ ဘယ်သွားမလို့လဲ”

“ဟိုဖက်နားက  လဘက်ရည်ဆိုင် သွားမလို့”

“အော် သိပြီ၊ ဆရာနေ့ခင်းဖက် တွေပျောက်ပျောက်သွားတာ အဲဒီကိုသွားတာပေါ့၊ မေနှင်းလဲ လိုက်မယ်ဆရာ၊ ပိုက်ဆံအိတ်တော့ ကျန်ခဲ့တယ်၊ ဖုန်းပဲပါတယ်”

“ရပါတယ် ကျွန်တော်တိုက်ပါ့မယ်”

ရပ်နေရာက ခြေလှမ်းပြန်စလိုက်တော့ မေနှင်းဦး ကောင်းထက်လင်း ဘေးကနေကပ်လိုက်လာသည်။

“ဒါနဲ့၊ ဆရာ့ အလုပ်တွေပြီးပြီနော်”

“ဟုတ်တယ်၊ မနက်ဖြန် ဦးမြင့်သိန်း ဆီမှာ ရှင်းစရာရှိတာ ရှင်းပြီးရင် ပြီးပြီ”

“ဒါပြီးရင် ဆရာ ဘာလုပ်မှာလဲဟင်၊ နိုင်ငံခြား ပြန်သွားမှာလား”

ကြည်လင်စွာမော့ကြည့်နေသည့် မျက်ဝန်းတွေက စူးစမ်းချင်တာထက်ပိုသည်ဟု ကောင်းထက်လင်းခံစားရသည်။

“မပြောတတ်သေးဘူး မမေနှင်း၊ အခြေအနေအရပဲ၊ ပြန်ထွက်ဖြစ်ဖို့ များပါတယ်၊ ဒီမှာ မပြီးခင်ကထဲက လှမ်းမေး တာတွေလဲရှိတယ်”

“မသွားပါနဲ့တော့လားဆရာရယ်”

“ဘာဖြစ်လို့တုန်း”

“ကိုယ့်မြေကိုယ့်အရပ်ထက် ကောင်းတာ ဘာရှိလို့လဲဆရာရဲ့၊ အန်ကယ်တို့ ဖေါင်ဒေးရှင်း ကလဲ ဆရာအမြဲတမ်း လုပ်မယ် ဆိုရင်ခန့်မှာပဲ၊ အန်ကယ်ကပြောတယ် ဆရာဆက်နေရင်ကောင်းမှာပဲတဲ့”

“အမြဲတမ်း ဆိုရင် management ပါယူရမှာလေ၊ ကျွန်တော်နဲ့ မကိုက်ဘူးထင်တာပဲ၊ အဲဒါမျိုးဆိုကျွန်တော်က ညံ့တယ်”

“တခြားနေရာတွေလဲရှိပါတယ် ဆရာရယ်၊ အရင်ကဆိုဟုတ်ချင်ဟုတ်မယ် အခုတော့ ခေတ်တွေစနစ်တွေပြောင်း နေပြီပဲ၊ ဆရာ့ပညာနဲ့ လုပ်လို့ရတဲ့ နေရာတွေ အဖွဲ့ အစည်းတွေ အများကြီးရောက်လာကြတော့မှာပါ”

“ကျွန်တော်လဲ စောင့်ကြည့်ဖို့ စိတ်ကူးထားပါတယ်”

“အဲဒါဆိုရင်တော့ ကောင်းတာပေါ့”

ကြည်နေသည့် မျက်နှာလေးက ဝင်းသွားသည့် အခါ မေနှင်းဦးပိုလှသွားသည်။ ရှေ့ကို လှမ်းမျှော်ကြည့်လိုက်ပြီးမှ

“ဆရာ့ ဆိုင်က နီးမလိုလိုနဲ့ ဝေးတယ်နော်၊ ဒီလိုမှန်း သိရင် ဆရာ့ကား တက်မောင်းပြီး ယူလာတယ်၊ မနက်က ဆရာ သော့မဖြုတ်ထားဘူးသော့တန်းလန်းနဲ့ တွေ့ခဲ့တယ်”

“ရုံးရှေ့မှာ ရပ်ထားတာပဲ ဘယ်သူမှ မခိုးပါဘူး”

“မထင်နဲ့ ဆရာရဲ့၊ အခုကားဟောင်းတွေ ဈေးကောင်းနေတော့ ခိုးချင်ခိုးမှာ၊ အော် …ကားဆိုလို့ ..ဆရာ့ကားလဲ ပြန်အပ်ရမယ့် ထဲမှာပါတယ် မဟုတ်လား၊ ပြန်အပ်ပြီး အသစ်လဲမှာလားဆရာ”

“မအပ်တော့ဘူးမမေနှင်း၊သိမ်းထားလိုက်တော့မယ်၊ အဖေ့ အမွေဆိုတော့ အမှတ်တရသိမ်းထားမယ်လေ”

“ဘယ်မှာသိမ်းမှာလဲ”

“ကျွန်တော် နိုင်ငံခြားသွားရင် ကားယူသိမ်းပေးထားတဲ့ သူငယ်ချင်းခြံရှိတယ်၊ သူ့ခြံနားမှာ ကျွန်တော်လဲခြံကွက် လေးတကွက်ဝယ်ထားတာရှိတယ်။ အဲဒီက အိမ်လေးမှာ သွားသိမ်းထားမယ်”

“ဒါဆိုရင် ဆရာဘတ်စ်ကား စီးရတော့မှာပေါ့”

“နိုင်ငံခြား ပြန်မထွက်ဖြစ်သေးရင်တော့ ကားအသစ်ဝယ်ဖြစ်မှာပါ”

“မထွက်ပါနဲ့ တော့ဆရာရယ်”

“ဘာဖြစ်လို့လဲ”

“ဆရာ့ကို ကားအသစ်စီးစေချင်လို့”

မေနှင်းဦး အမူအရာက ခါတိုင်း တွေ့နေကျ တည်တည်ငြိမ်ငြိမ်ပုံလေးနှင့် ကွဲထွက်ကာ တမျိုးလေးဖြစ်နေသည်။ စကားတွေလည်း ရွှင်နေ၏။ အချိန်တော်တော်ကြာလမ်းလျှောက်နေရသည့်တိုင်အောင် အပြုံးမပျက်ဘဲ ကောင်း ထက်လင်း နှင့် ရင်ဘောင်တန်းလျှောက်နေသည်။ ကောင်းထက်လင်းကို လည်းအရောင်တောက်သည့် မျက်လုံး တွေနှင့် ခနခန မော့ကြည့်သည်။

“ဟော မိုးစက်တွေကျလာပြီ၊ထီးလည်း မပါဘူး၊ ပြန်လှည့်ကြမလား”

“ဒီနား အထိရောက်လာပြီးမှတော့ ပြန်မလှည့်တော့ပါဘူး၊ ရောက်အောင်သွားကြတာပေါ့၊ မေနှင်းက ဆရာ့ကိုယ် နဲ့ ကွယ်ထားမယ်လေ”

လေနှင့် အတူ မိုးစက်တွေဝေ့ဝိုက်ပါလာသည့် အခါ မေနှင်းဦးက ကောင်းထက်လင်း နှင့်ကွယ်နေလိုက်၏။ နှစ် ယောက်လုံးလူချင်းထပ်တော့ မတတ်ထိကပ်သွားပြီး မို့သောအိသောမေနှင်းဦး၏ ရင်သားတွေက ကောင်းထက် လင်းကျောပြင်နှင့် လက်မောင်းဆီကို အိကနဲ ငြိမ့်ကနဲ တိုးဝင်လာသည်။

“အော် ..ပြောရဦးမယ်၊ ပုလဲကလေ အလုပ်မထွက်ခင် မေနှင်းဆီက ကတိတခုတောင်းသွားတယ် သိလား”

ပုလဲရည်ဟုဆိုလိုက်သည့် အတွက် ကောင်းထက်လင်း လည်ချောင်းတွေခြောက်ကပ်သွားသည်။ မေးခွန်းပြန်မေး နိုင်ဖို့ မနည်း အားစိုက်ထုတ်လိုက်ရ၏။

“ဘာကတိလဲ မမေနှင်း”

မေနှင်းဦး ရယ်သည်။ ရယ်သံလွင်လွင်လေးနှင့် အတူ မွှေးပျံ့သည့် ရနံ့လေးတခုကို နီးကပ်စွာရလိုက်သည်။ မျက် နှာလေးက နီယောင်ယောင်ဖြစ်သွားတာ ကောင်းထက်လင်းသတိပြုလိုက်မိသည်။

“ဆရာ့ ကို ဘုန်းကြီး မဝတ်ပါစေနဲ့တဲ့”

“ဗျာ”

“ဆရာက ပါရမီ ဓါတ်ခံကောင်းတယ်။ ဘုန်းကြီးဝတ်သွားရင် တရားထူးရသွားမယ့်သူတဲ့၊ သံသရာက လွတ် သွားရင် သူနဲ့ နောင်ဘဝတွေမှာ ပြန် မတွေ့မှာစိုးလို့တဲ့”

ကောင်းထက်လင်း ရင်ထဲမှာ နာကျင်စွာခံစားလိုက်ရသည်။ မေနှင်းဦးကို မကြည့်နိုင်တော့ဘဲ တဖွဲဖွဲ မိုးစက်တွေ ကို ဖြတ်သန်းပြီး အဝေးက တိမ်ညိုညိုတွေဆီကိုသာ ငေးနေမိ၏။ ဘာမှ မသိရှာသည့် မေနှင်းဦး ကသာဆက် ပြော နေ၏။

“ဆရာ့မှာ ဒီဘဝကျွတ်တမ်းဝင်ဖို့ ကံပါလာရင် မေနှင်းလည်း ဘယ်တတ်နိုင်မလဲ ဆရာရယ်..နော်၊ ဒါပေမယ့် မေ နှင်း ကတိပေးလိုက်ပါတယ်၊ ဆရာ ဘုန်းကြီးမဝတ်စေရဘူးလို့”

ကောင်းထက်လင်း အလန့်တကြားနှင့် မေနှင်းဦးကို ငုံ့ကြည့်လိုက်မိသည်။ ကြယ်ရောင်လိုတလက်လက်တောက် နေသည့် မျက်ဝန်းတွေနှင့် မေနှင်းဦး ပြန်မော့ကြည့်၏။

 ကြည်သောလဲ့သော အကြည့်တွေ၏နောက်တွင် နက်ရှိုင်း သော သဘောတခုကို ကောင်းထက်လင်း မြင်ရသည်။ သိမ်မွေ့သော၊ နူးညံသော ဂရုဏာတရား အပြင် မျှော်လင့်ခြင်း တခုကိုလည်း ထိုနက်ရှိုင်းခြင်းထဲမှာ တွေ့နေရသည်။

“ပုလဲရယ်”

ကောင်းထက်လင်း ရင်ထဲကပဲ တိုးတိုးလေး ညည်းလိုက်မိသည်။

“ပုလဲက သနားစရာကောင်းပါတယ်၊ သူအလုပ်မထွက်ဖို့ မေနှင်း အတန်တန်တားခဲ့ပါတယ်၊ ပြောလို့မရဘူး၊ ဆရာ့ ကို တော့ဘာမှ မပြောဘူးမဟုတ်လား”

ရင်နာစွာ ပင် ခေါင်းခါပြလိုက်ရသည်။ စကားတခွန်းပြောထွက်ဖို့ ကောင်းထက်လင်းအတွက် အခုအချိန်မှာ အရမ်း ဝန်လေးနေရသည်။ လဘက်ရည် ဆိုင်ထဲကိုရောက်တော့ ခုံတလုံးမှာ ဝင်ထိုင်ပြီး လဘက်ရည်မှာ လိုက် ပြီး လာ ချပေးတာကိုစောင့်ရင်း မေနှင်းဦးက အကြမ်းပန်ကန်လုံးလေးတွေကို ရေနွေးနှင့် ဆေး နေ၏။

“လူတွေက ပြောကြတယ်၊ အချစ်ဆိုတာရယူခြင်းတဲ့၊ တချို့ကလည်းပေးဆပ်ခြင်းတဲ့၊ ဆရာရောဘယ်လိုထင်လဲ ဟင်”

“ကျွန်တော် မပြောတတ်ဘူး မမေနှင်း”

“မေနှင်း တော့ အဲဒါ နှစ်မျိုးလုံးလို့ထင်တယ် ဆရာ”

ထိုအချိန်မှာ မိုးက ရုတ်တရက်သဲသဲမဲမဲ ရွာချလိုက်သည်။ ပတ်ဝန်းကျင်တခုလုံး မည်းမှောင်သွားသလို သွပ်ပြား ကို မိုးစက်ရိုတ်ခတ်သံတွေက ဆိုင်ထဲမှာ ဆူညံသွား၏။ ဖွင့်လက်စ သီချင်းသံတောင်မြုပ်ကွယ်သွားသည်။

“မိုးက တော်တော်နဲ့ တိတ်မဲ့ ပုံမရှိဘူး၊ မေနှင်း တို့တော့ ဒီမှာပဲ သောင်တင်တော့မယ်ထင်တယ် ဆရာ”

အသံတွေဆူညံနေသော်လည်း မေနှင်းဦး၏ စကားကို ကောင်းထက်လင်း သဲသဲကွဲကွဲကြားလိုက်ရပါသည်။ အပြင် ကို လှမ်းကြည့်လိုက်တော့ အရာရာက ဝိုးတဝါးဖြစ်နေပြီး မိုးစက်မိုးပေါက်တွေကိုသာ မြင်နေရ၏။



........................................⭐⭐⭐⭐⭐........................................

ပြီးပါပြီ။


သံသာစက်၌ အပိုင်း (၂၀)

သံသာစက်၌ အပိုင်း (၂၀)

ဂျင်ကလိ ရေးသည်။

စာဖတ်နေသောဒေါ်တင်တင်လှိုင် ကို ကျွန်မ အသက်တောင်မရှူရဲဘဲ စိုက်ကြည့်နေမိ၏။ ဝတာချင်းတူသော် လည်း ဒေါ်တင်တင်လှိုင်က ကိုငြိမ်းချမ်းလို အသားမမည်းပါ။

 ဖြူဖြူခန့်ခန့် ဖြစ်သည်။ ဖတ်နေရင်း နှင့် မျက်နှာ အနည်းငယ် နွမ်းသွားပြီးနောက် ကျွန်မ ကို မျက်မှန်ပေါ်ကကျော်ပြီး တချက်လှမ်းကြည့် လိုက်သေးသည်။ ဆုံး အောင်ဖတ်ပြီးသွားတော့မှ စာကို အံဆွဲထဲကိုထည့်လိုက်ရင်း

“သမီး က ဒီနှစ်မှ ကျောင်းပြီးတာနော်”

“ဟုတ်ကဲ့ အန်တီ”

“ငြိမ်းချမ်းကတော့ အလုပ်ကောင်းကောင်းရဖို့ ကူညီလိုက်ပါတဲ့၊….ဒီလို ..သမီးရယ်၊ အလုပ်ကောင်း လစာကောင်း ရဖို့ အတွက်က အတွေ့ အကြုံလိုတယ်”

“ဟုတ်ကဲ့”

“သမီးက အခုမှ ကျောင်းပြီးလာတာဆိုတော့ အတွေ့ အကြုံ မရှိဘူး၊ ဒီတော့ သမီး အတွက် ကူညီနိုင် တာနှစ် ခုရှိ တယ်၊ အန်တီတို့ ကျောင်းမှာ သင်တန်းတွေ အများကြီးရှိတယ်၊ အဲဒီ ထဲက သမီး နဲ့ အဆင်ပြေမယ့် ကို့စ် နှစ်ခု သုံး ခုလောက်ကို အခမဲ့တက်နိုင်ဖို့ အန်တီလုပ်ပေးလို့ရတယ်၊ ဒီက ဆာတီဖီကိတ် တွေရမှ အလုပ်ဝင်ဖို့ ချိတ်ပေးမယ်လေ၊ ဒါမှ မဟုတ် သမီးက အလုပ်ပဲ လိုချင်တယ် ဆိုရင်လည်း အတွေ့ အကြုံ မရှိတဲ့ လူသစ်တယောက်နဲ့ အ ဆင်ပြေမှာ မျိုးအန်တီ ရှာပေးနိုင်တယ်၊ သမီးစဉ်းစား။အလုပ်တန်းလိုချင်သလား၊ ဒီမှာသင်တန်းတွေ အရင်တက် ပြီးမှ အလုပ်ထဲဝင်မလား”

“သင်တန်းက ဘယ်လောက်တက်ရမှာလဲ အန်တီ”

“အနည်းဆုံးတလခွဲ ကနေ ကိုးလ အထိပေါ့၊ သမီးလိုက်နိုင်ရင်လိုက်နိုင်သလောက် အန်တီလုပ်ပေးမယ်”

ကျွန်မ ဘာဆုံးဖြတ်ရမည် မသိဖြစ်နေသည်။ ကိုငြိမ်းချမ်း၏ တိုက်တွန်းမှုကြောင့် တခုထဲမဟုတ်ဘဲ ဒေါ်တင်တင် လှိုင်ကိုယ်တိုင်လည်း ကျွန်မ ဘဝကို သနားပြီး မိန်းမသားချင်းစာနာစွာ ကူညီဖို့ ပြောနေတာမှန်းလည်း သိသည်။ ဒါပေမယ့် သူတို့ သိနေတာက လုပ်ဇာတ်ကြီးတခုဖြစ်သည်။

“သမီးဆန္ဒ ရှိတာသာပြောပါ၊ အန်တီ့ အတွက်က ဘယ်ဟာ ဖြစ်ဖြစ် အပန်းမကြီးပါဘူး၊ အားနာစရာလဲ မလိုဘူး”

ကျွန်မ တွေဝေနေမှန်းသိလို့ ဒေါ်တင်တင်လှိုင်က ထပ်ပြောသည်။ သင်တန်းတွေ အခမဲ့တက်ပြီးတော့မှ အလုပ် ရှာခိုင်းတာမျိုးဆိုရင် သိပ်ပြီးအခွင့်အရေး ယူရာကျမည်ဟု ကျွန်မ တွေးလိုက်မိသည်။

“သမီး အလုပ်ပဲ လုပ်ချင်ပါတယ် အန်တီ၊ အခုရရင် အခုလိုချင်ပါတယ်”

ဒေါ်တင်တင်လှိုင်ပြုံးသည်။

“ဒါဆိုလဲ သမီးသဘောပါပဲ၊ ဒါနဲ့ ငြိမ်းချမ်းပြောတော့ အမက ကျောင်းထားပေးတာဆို၊ သင်တန်းတက်ရင် သင်တန်းခ မပေးရပေမယ့် အမက ဆက်ပြီးစရိတ်ထောက်နေရမှာ စိုးလို့ လား”

“အဲ …အဲ ဒါလဲပါပါတယ် အန်တီ၊ သမီးကလဲ အလုပ်ပဲ လုပ်ချင်လို့ပါ”

“အင်းလေ …ဒါဆိုလဲ အန်တီ အလုပ်ရှာပေးပါမယ်၊ အခု သမီးမှာ ဘာစာရွက်စာတန်းတွေပါလဲ၊ CV ပါလား၊ မပါ လဲ ဒီက ကလေးတယောက်ကို ရိုတ်ခိုင်းပေးလိုက်မယ်”

“ပါပါတယ် အန်တီ”

အသင့်ယူလာသည့် စာအိတ်ညိုကြီးကို ထုတ်ပေးရင်း ရင်တွေခုန်နေမိသည်။ ဘွဲ့လက်မှတ်က အတုဖြစ်ပြီး CV က တော့ ကွန်ပျူတာဆိုင်မှာ ကျွန်မ စိတ်ထင်ရာတွေ လျှောက်ရိုတ်ခိုင်းလာခြင်း ဖြစ်သည်။ လက်ရှိနေသည့် လိပ်စာမှ အပ ကျန်တာတွေက တခုမှ အမှန်မဟုတ်ပေ။

“အော် … သမီးက မိတ္တူတွေပါ ဆွဲလာတာကိုး”

ကျွန်မ စိတ်ပူနေသည့် ဘွဲ့လက်မှတ်နှင့် မှတ်ပုံတင်ကို တချက်ပဲကြည့်ပြီး မိတ္တူကူးထားတာတွေကို ဆွဲထုတ်ကာ စီစီရီရီ သူမ ကိုယ်တိုင်ထပ်ကာ စားပွဲပေါ်က ချုပ်စက်ကလေးနှင့် ချုပ်လိုက်သည်။

“ဓါတ်ပုံရောပါသေးလား၊ လိုလိုမယ်မယ် နှစ်ပုံလောက်ပေး”

ဓါတ်ပုံရတော့ လည်းဒေါ်တင်တင်လှိုင် ကိုယ်တိုင်ပဲ ကပ်ပြီး ကျွန်မကို မူရင်းတွေပြန်ပေးသည်။ ဒါတွေလက်ထဲ ကို ရောက်မှ ပြန်သိမ်းရင်း သက်ပြင်းချမိ၏။ လုပ်ပေးလိုက်သည့် ဆိုင်ကတော့ ဒီလက်မှတ်တွေနှင့် နိုင်ငံခြားတောင် သွားလို့ ရသည်ဟု အာမခံလိုက်သော်လည်း ကျွန်မ စိတ်မလုံပါ။

“ရော့ …သမီး၊ သဘက်ခါ ညနေလောက် အန်တီ့ကို ဖုန်းဆက်လိုက်၊ အကျိုးအကြောင်း ပြန်ပြောပေးမယ်၊ ရုံးခန်း မှာ ရှိချင်မှလည်း ရှိမှာဆိုတော့ ဟန်းဖုန်းကိုပဲ ဆက်လိုက်”

“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် အန်တီ”

အလုပ်အရမ်းများသည်လို့ ကိုငြိမ်းချမ်းက ပြောထားဖူးလို့ ဒေါ်တင်တင်လှိုင်ကို ဦးညွှတ်နှုတ်ဆက်ရင်း ပြန်ဖို့ထ လိုက်သည်။

“သမီး ပြန်လိုက်ပါဦးမယ် အန်တီ”

“အေးအေး၊ သဘက်ခါ ညနေတော့ ဖုန်းဆက်ဖြစ်အောင်ဆက်လိုက်နော်”

“ဟုတ်ကဲ့ပါ အန်တီ”

ကိုငြိမ်းချမ်း၏ အဒေါ်သည်လည်း ကိုငြိမ်းချမ်းလိုပင် သဘောကောင်းပြီး ကူညီတတ်သည်ဟု အပြန်လမ်းမှာ တွေး နေမိသည်။ ဒီလိုလူတွေကို မလိမ့်တပတ်လုပ်သလိုဖြစ်ရသည့် အတွက် စိတ်ထဲကနေ ကျိတ်ပြီးတောင်းပန်မိ၏။ တကယ် တော့ အမဆိုတာလည်းမရှိ၊ ညီမဆိုတာလည်းမရှိ ကျွန်မ တယောက်ထဲသာဖြစ်ကြောင်း သိရင် စေတ နာတွေ အတွက် သူတို့ စိတ်မကောင်း ဖြစ်မှာကိုတော့ စိုးမိပါသည်။ ဒါပေမယ့် ညဖက်မှာ ယောက်ျားတွေနှင့် လျှောက်လိုက်၊ နေ့ခင်းကျတော့ ယောင်ချာချာနှင့် အခန်းထဲမှာ အောင်းနေရခြင်းမျိုးအစား နေ့လည်ဖက်တွင် တော့ လူလူသူသူ ဘဝလေး တခုနှင့် နေချင်သည်။ မမမြတ်ဆီက အပ်ချုပ်သည့် ပညာကို ရအောင်မသင်ခဲ့ မိ သည့် အတွက်တော့ အခုမှနောင်တရမိသည်။ ဒါတတ်ရင် ဘယ်သူ့အကူအညီမှ မလိုပါ၊ စက်တလုံးဝယ်ပြီး အလုပ်ဖြစ်သည်ဖြစ်စေ မဖြစ်သည်ဖြစ်စေ အလုပ်တခုအနေနဲ့ လုပ်နေလို့ရသည်။

နောက် တရက် ကျော်ညနေခင်း ဖက်မှာ ဒေါ်တင်တင်လှိုင်၏ ဖုန်းကို မရဲတရဲနှင့် ခေါ်ကြည့်လိုက်မိသည်။ ကျွန် မ မှန်းသိသော အခါ သူမက ဝမ်းသာအားရဖြင့် နောက်တနေ့မနက်လာခဲ့ ဖို့ခေါ်သည်။

“အန်တီ့ မိတ်ဆွေ တယောက် ဆီမှာ ပြောထားတယ် သမီး၊ သူက လူသစ်ဆိုလဲရတယ်တဲ့”

ရချင်တော့လည်း လွယ်သလိုလိုတောင် ဖြစ်နေသည်။ ဒါကလည်း ကိုငြိမ်းချမ်းကျေးဇူးကြောင့် ဒီလောက်အဆင် ပြေတာသေချာပါသည်။ နောက်တနေ့ မနက်ကျွန်မသွားတော့ ဒေါ်တင်တင်လှိုင်က ကျွန်မ သွားတွေ့ရမည့် နေ ရာ ကိုပြောပြ၏။

“သမီး စာရွက်စာတမ်းတွေတော့ ဦးမြင့်သိန်း လက်ထဲ အန်တီထည့်ခဲ့ပြီ၊ ခနလေး အန်တီထပ်မေးလိုက်ဦးမယ်”

ကျွန်မ ရှေ့မှာပင်ဖုန်းခေါ်ပြီး ချိန်းဆိုပေးပါသည်။

“မနက်ဖြန် ဆယ်နာရီခွဲ အရောက်သွားလိုက်၊ အန်တီပြောထားပြီးပြီ၊ ရုံးကို ရောက်ရင် ဦးမြင့်သိန်းနဲ့ တွေ့ဖို့လာ တာပါ၊ အန်တီလှိုင်လွှတ်လိုက်တာပါလို့ ပြောလိုက်နော်၊ receptionist ကလည်း အန်တီ့ တပည့်ပါပဲ၊ သူဝင်ပြော ပေးလိုက်လိမ့်မယ်”

“ဟုတ်ကဲ့”

“မြန်မြန် အဆင်ပြေသွားတာသမီးကံပဲ၊ အန်တီတောင် ဒီလောက်မြန်မယ် ထင်မထားဘူး”

“ကျေးဇူးအရမ်း တင်ပါတယ် အန်တီ”

“မလိုပါဘူးကွယ်၊ အခက်အခဲရှိတဲ့ သူကို ကူညီရမှာပေါ့၊ ငြိမ်းချမ်း မပြန်ခင်ပြောသွားကထဲက အန်တီမျှော်နေ တာ၊ တော်တော် နဲ့ ပေါ်မလာတော့ အလုပ်အဆင်ပြေသွားပြီလို့တောင် ထင်ထားတာ”

“တခြားကိစ္စ လေးတွေ မပြတ်သေးလို့ပါ အန်တီ၊ သမီးလည်း လာချင်ပါတယ်၊ ဘွဲ့လက်မှတ်က လည်း မရသေး တာနဲ့”

တကယ်တော့ ကျွန်မ ချီတုံချတုံ ဖြစ်နေခဲ့ခြင်းသာဖြစ်ပါသည်။ ကိုငြိမ်းချမ်း အသင့်ခင်းပေးသွားသည့် လမ်းကို လျှောက်သင့် မသင့် တွေဝေနေမိပါသည်။

“အော် …ကျောင်းက ထောက်ခံစာနဲ့ ရတယ်လေ၊ ဘွဲ့ လက်မှတ်စာရွက် ရှိမှ မဟုတ်ပါဘူး၊ သမီး မနက်ဖြန်ကျ ရင် သပ်သပ်ရပ်ရပ် လေးဝတ်သွား၊ မေးရင်လည်း သွက်သွက်ဖြေ၊ ဦးမြင့်သိန်းက ချက်ချက်ချာချာ ရှိမှ သဘောကျ တာ၊ အချိန်လည်း အတိအကျရောက်အောင်သွား၊ သူက အလုပ်များတယ်”

“ဟုတ်ကဲ့ပါ အန်တီ”

စကားပြောနေရင်း ဖုန်း မြည်လာလို့ အလိုက်သိစွာနှင့် ထပြန်လာခဲ့ပါသည်။ ဆွေဇင်လတ် အဖြစ်နှင့်တုန်းက လုပ် ငန်းခွင်ဝင်ခဲ့ ဖူးသော်လည်း ကာလများစွာ ခြားခဲ့ပြီဖြစ်သည်။ သဘောသဘာဝနှင့် အခြေအနေတွေက တူနိုင်မှာ မဟုတ်တော့၊ ကျွန်မ အလုပ်လုပ်တုန်းက တရုံးလုံးမှာ ကွန်ပျူတာက သုံးလုံးပဲ ရှိသော်လည်း အခုတော့ ဒေါ်တင် တင်လှိုင်တို့ ရုံးခန်းတွင် စားပွဲတိုင်းမှာ ကွန်ပျူတာရှိတာမြင်ခဲ့ ရသည်။ အင်တာနက်ဆိုတာလည်း ပေါ်လာခဲ့ပြီ။ စာရွက် တွေ အစားအီးမေးလ် နှင့် အလုပ်လုပ်ကြသည်လို့လည်း စာအုပ်တွေထဲမှာ တွေ့နေရ၏။

ခေတ်နောက် ကျနေသော ကျွန်မ ဒါတွေ လုပ်နိုင်မည်လား ဟု တွေးရင်း မှန်ထဲက ကိုယ့်ရုပ်ကိုယ်ပြန်ကြည့် ကာ ပြုံးမိသည်။ ဒီဘဝမှာ ကျွန်မ၏ သက်တမ်းက နုနုလေးပဲရှိသေးသည်။ ဗေဒင် ဆရာမ စောနန်းနွယ် ကတော့ လူ တွေ၏ ပြက္ခဒိန် တွေ လိုက်လို့မမှီအောင် ခရီးဆက်ရမလိုလို ပြောခဲ့ ဖူးသည်။ ကျွန်မ ကတော့ ကျွန်မ ကိုယ်ကျွန် မ အသက်ကြီးသူ တယောက်လို့ ထင်နေမိ၏။ မှန် ထဲမှာတော့ အသက်နှစ်ဆယ်ဝန်းကျင် ဒီနေ့ခေတ် အသွင် အ ပြင် နှင့် မိန်းမပျိုလေး တ ယောက်က ကျွန်မကို ပြန် ပြုံးပြသည်။

................................................

ဦးမြင့်သိန်း နှင့် သွားတွေ့သည့်ကိစ္စက အဆင်ပြေပါသည်။ သူလိုလုပ်ငန်းရှင်ကြီးတယောက်က ခုမှအလုပ်ဝင် မည့် မိန်းကလေး တယောက်ကို ကိုယ်တိုင်တွေ့ဖို့ မလိုပါ။

လက်ထောက်တွေ အများကြီးရှိသည်။ ဒါပေမယ့် သူနှင့် ဒေါ်တင်တင်လှိုင်က တော်တော်ရင်းနှီးပုံရသည်။ ဒေါ်တင်တင်လှိုင်က အထူးမေတ္တာရပ်ခံ ခဲ့သည့် မိန်းက လေး ကို အကဲခတ်ဖို့ သူ့အခန်းကို လာခိုင်းတာသက်သက် ဖြစ်သွားသည်။ ကျွန်မ ဝင်သွားတော့ စာဖတ်နေရာ မှ ထိုင်ဖို့ လက်ဟန်ပြပြီး စားပွဲပေါ်က ဖုန်းကို ကောက်ယူလိုက်သည်။

“မေနှင်း ရေ၊ အန်ကယ့် ဆီကို ခန လောက်”

ဖုန်းပြန် ချပြီးမှ အံဆွဲထဲက ကျွန်မ စာရွက်တွေကို ထုတ်ကြည့်လိုက်ပြီး

“အလုပ် မလုပ်ဖူးဘူးပေါ့”

“ဟုတ်ကဲ့ မလုပ်ဖူးပါဘူး ရှင့်”

“အေး ..အေး … အားလုံးလဲ ဒီလိုပဲ စကြရတာပါပဲ၊ ကိုယ့်အရင်လူတွေ ဆီက အတုယူပေါ့၊ သင်ပေါ့ ဟုတ်လား”

“ဟုတ်ကဲ့ ရှင့်”

ကျွန်မ တို့ စကားပြောနေစဉ် အခန်းတံခါး ပွင့်သွားပြီး အသက်အစိတ်ဝန်းကျင်လောက်ရှိမည့် မိန်းကလေး တ ယောက်ဝင်လာသည်။ ဆင်စွယ်ရောင် လက်ရှည်ဘလောက်စ်၊ အခြေနားမှာ ရွှေအိုရောင်ချိတ်ဆင်ဖေါ်ထားသည့် ထမိန်စကပ် နှင့် ဆံပင်တွေကို သေသေသပ်သပ် စည်းနှောင် ထားသည့် မိန်းကလေးက အရမ်းကြည့်ကောင်းပါ သည်။ အရပ်အမောင်း၊ ကိုယ်လုံးနှင့် ရုပ်ရည်က အပြစ်ဆိုစရာ တခုမှမရှိ။ အဝတ်အစားက လည်းချပ်ချပ်ရပ်ရပ် နှင့် သူမနှင့် လိုက်ဖက်ကြည့်ကောင်းသည်။ ကျွန်မ၏ အကဲခပ် မျက်လုံးတွေကို သာမန်သာပြန်ကြည့်သွားပြီး ဦး မြင့် သိန်းကို မျက်နှာမူ၍ စားပွဲရှေ့မှာရပ်လိုက်သည်။

“မေနှင်း ..ဒါ ပုလဲရည်တဲ့၊ ဒေါ်တင်တင်လှိုင် လွှတ်လိုက်တာ”

“အော်”

မိန်းမချောလေး၏ အပြုံးကတော့ လှိုက်လှိုက်လှဲလှဲ ရှိပါသည်။

“ကဲ …ဒါ .. မေနှင်းဦးတဲ့၊ ညည်းရဲ့ မန်နေဂျာပေါ့၊ သူနဲ့ လိုက်သွားလိုက်”

“ဟုတ်ကဲ့”

ကျွန်မ ကိုပြုံးပြပြီး မေနှင်းဦးက ဦးမြင့်သိန်းဖက် လှည့်လိုက်သည်။

“ever ကိုပဲ ပို့ရမှာလား အန်ကယ်”

“အေးအေး၊ အလုပ်ကိစ္စ၊ လစာ ကိစ္စ မေနှင်းပဲ ဆက်ပြောလိုက်ပေါ့”

“ဟုတ်ကဲ့ အန်ကယ်”

မေနှင်းဦး က သူမ၏ ရုံးခန်းသို့ ကျွန်မ ကိုခေါ်သွားသည်။ လမ်းလျှောက်ပုံ နှင့် လှုပ်ရှားဟန်တွေက သွက်လက် ဖျတ်လတ် သော်လည်း အိန္ဒြေ ရပြီးကြည့်ကောင်းသည့် မေနှင်းဦးကို အဲဒီအချိန် တုန်းကတော့ ခင်မင်စိတ် ဖြစ် မိခဲ့သည်။ ကျွန်မ၏ အထက်လူကြီး ဖြစ်သည့် သူမသည် သဘောကောင်းမည့် ပုံရှိသည် ဟုတွေးကာ လုပ်ရတော့မည့် အလုပ်အသစ် အတွက် စိတ်လက်လည်းပေါ့ပါးရသည်။

“ညီမ က ဒီရုံးချုပ်မှာ လုပ်ရမှာမဟုတ်ဘူး၊ မ တို့ ကုမ္ပဏီ ခွဲ တခုကိုသွားရမှာ”

အခန်းထဲမှာ ထိုင်မိသည်နှင့် မေနှင်းဦး စရှင်းပြသည်။

“လစာကတော့ ငါးသောင်း က စပေးမယ်၊ နောက်ပိုင်း အတွေ့ အကြုံရသွားရင်တော့ တိုးလာမှာပေါ့၊ အစမ်း ခန့် ကာလ သုံးလလုပ်ရမယ်၊ အစမ်းခန့် ကာလမှာ အဆင်ပြေတယ် ဆိုရင် ပါမင့်နင့် ပေးမယ်၊ ပါမင့်နင့် ဖြစ်ရင်တော့ လစာ က ငါးသောင်းခွဲ ခြောက်သောင်းလောက် ဖြစ်ချင်လည်း ဖြစ်သွားမယ်၊ ဒါကတော့ အန်ကယ့် သဘောပေါ့ လေ၊ ညီမ အတွက် အဆင်ပြေမလား”

“ပြေပါတယ် မမ”

“ခါတိုင်း ဆိုရင် မ က ဒီမှာ မနက်ပိုင်းနေတယ်၊ နေ့လည်ဆို အဲဒီဖက်ကူးရတယ်၊ ဒီနေ့တော့ အစည်းအဝေး နှစ် ခု ဆက်နေလို့ သွားနိုင်မှာ မဟုတ်ဘူး၊ သွားမယ် ဆိုရင်တော့ ညီမ ကို တခါထဲခေါ်သွားလို့ ရတယ်လေ၊ မနက်ဖြန် ကျ ရင် ဒီအချိန်လောက်ပဲ ဟိုကိုလာခဲ့၊ မ လဲ မနက်ဖြန်တော့ စောရောက်မယ်လေ ဒီနေ့ မရောက်ဖြစ်ဘူး ဆို တော့”

“ဟုတ်ကဲ့”

မေနှင်းဦးက ကျွန်မကို နေရာပြောပြီး ဘယ်လိုလာရမည် ဆိုတာရှင်းပြသည်။ ကျွန်မ လာတတ်ပြီဆိုတော့မှ မနက် ဖြန်တွေ့မယ်ဟု ပြောပြီး ပြန်ခိုင်းလိုက်၏။ တခြားနေရာတွေမှာ ကံဆိုးပေမယ့် အလုပ်ကိစ္စမှာတော့ ကျွန်မ ကံ ကောင်းတတ်သည် ဟုထင်သည်။ ဆွေဇင်လတ် ဘဝတုန်းကလည်း အလုပ်ရှာတော့ လွယ်လွယ်ရခဲ့သည်။ အခု လည်း ကျွန်မကို ကူညီနိုင်မည့် ကိုငြိမ်းချမ်း နှင့် ဆုံမိခဲ့၏။ သူများတွေ အလုပ်ရဖို့ ပြေးလွှားကြိုးစားနေချိန်မှာ ကျွန် မ က ရက်ပိုင်း အတွင်းအဆင်ပြေသွားသည်။

တလ ငါးသောင်း ဆိုသည့်ဝင်ငွေက မနည်းပေမယ့် များတယ်လို့လည်း မဆိုနိုင်ပါ။ ညဖက် အပြင်ထွက်ရင်း တ ပတ် လောက် အတွင်းမှာ ကျွန်မ ရနိုင်သည့်ငွေဖြစ်သည်။

ဒါကြောင့် သုံးသောင်း လောက်ပဲ ပေးမည်ဆိုလဲ ကျွန်မ လုပ်မည်ပင်။ ညဖက် မှာဝင်ငွေရနိုင်သေးသည့် အပြင် ကျွန်မမှာလည်း စုဆောင်း ထားသည့် ပိုက်ဆံတွေ က ရှိနေတော့ လစာကိုခေါင်းထဲ မထားဘဲ နေ့ခင်းဖက်မှာ တည်ငြိမ်သည့် အလုပ်လေးတခုရလာတာကိုပဲ ဝမ်းသာပါ သည်။

နောက်တနေ့ မနက် ကုမ္ပဏီ ရုံးကို ရောက်သွားတော့ မေနှင်းဦး မလာသေးပါ။ ဖုန်းဆက်ပြောထားလို့ ကျွန်မ လာ မည် ဆိုတာကိုတော့ ဝန်ထမ်းတွေ သိကြပါသည်။ နာမည်တွေ အသီးသီး ပြောပြမိတ်ဆက်ကြပြီးနောက် သူတို့ အ လုပ်သူတို့ လုပ်နေကြချိန်တွင် ကျွန်မ ကတော့ ခုံလွတ်တလုံးမှာ ဝင်ထိုင်ရင်း လိုက်ပြီး ငေးမောစူးစမ်း နေမိသည်။ ဝန်ထမ်းတွေက ငယ်တဲ့ သူတွေများသည်။ အသက်အရွယ်တွေကလည်း သိပ်မကွာခြားကြတော့ ပြော လိုက် နောက်လိုက်နှင့် ဆူညံနေသည်။ ကျွန်ပျူတာတွေမှာလည်း စပီကာလေးတွေ နှင့် သီချင်းတွေ အပြိုင် အ ဆိုင် ဖွင့်ကြသည်။ လူသံ နှင့် သီချင်းသံတွေကြားမှာ ကျွန်မ တောင်ရောယောင်ပြီး ပျော်သလိုလို ဖြစ်လာသည်။ ဒီလိုမျိုးအသိုက်အဝန်း လေးနှင့် နေချင်လို့ ကျွန်မ အလုပ်ရှာခဲ့ခြင်းလည်း ဖြစ်ပါသည်။ သူတို့တွေကို ကြည့်ရင်း ကျွန်မ ဒီရုံးမှာ လုပ်ခွင့်ရတာကံကောင်းသည်ဟု တွေးမိသည်။

ရုံးရှေ့ တံခါး၀ မှာ နီညိုရောင်ကားလေး တစီးထိုးရပ်လိုက်ချိန်မှာတော့ အသံတွေတိကနဲ ရပ်သွားသည်။ သီချင်း သံတွေလည်းပျောက်သွားသည်။ အံ့သြစွာ နှင့် ကျွန်မလှမ်းကြည့်လိုက်တော့ ကားပေါ်ကဆင်းလာသော မေနှင်း ဦးကို ကျော့ရှင်းလှပ စွာ မြင်လိုက်ရသည်။ လှပပြီး သဘောကောင်းသော်လည်း ဝန်ထမ်းတွေ၏ လေးစားမှု ကိုရသည့် မေနှင်းဦးသည် ထက်မြက်သော မိန်းကလေး တယောက်ဖြစ်ရမည်ဟု ကျွန်မ သိလိုက်သည်။

“အော် … ပုလဲ ရောက်နေပြီလား”

“ဟုတ်ကဲ့ မမ”

“အင်း ..အင်း၊ အဲဒီမှာပဲ ထိုင်နေလိုက်ဦး၊ ခနနေ မ ခေါ်လိုက်မယ်၊ အခု သက်သက်လိုက်ခဲ့”

မေနှင်းဦး အပေါ်ထပ်ကို တက်သွားချိန်တွင် စောစောက ဆူညံနေတာ သူတို့ မဟုတ်သလိုမျိုးပင် အားလုံး ကိုယ့် အလုပ်ကိုယ် လုပ်နေကြသည်။ ခနလောက်ကြာတော့ သက်သက် အပေါ်က ပြန်ဆင်းလာပြီး

“မမေ နှင်းက ညီမလေး လာခဲ့တဲ့”

လှေခါး နားမှာ တံခါးပိတ်ထားသည့် အခန်းတခန်းရှိသည်။ ရှေ့ကဖြတ်အသွားတွင် အခန်းတခုရှိသည် ဆိုတာ လောက်ပဲ ခေါင်းထဲကို ရောက်၏။ မေနှင်းဦး ရှေ့ကိုရောက်တော့ မေ့သွားသည်။ မေနှင်းဦးက ကျွန်မ ကိုထိုင် ခိုင်း ပြီးနောက် စာရွက်လွတ်နှစ်ရွက် သုံးရွက်လောက် ရှေ့ ကိုချပေးပြီး

“ဒီကုမ္ပဏီ နဲ့ ပါတ်သက်လို့ အလုပ်တွေနဲ့ ပါတ်သက်လို့ မ အကြမ်းဖျင်း ရှင်းပြမယ်၊ မေ့မှာ စိုးရင်ရေးချ မှတ် ထား လိုက်၊ အဓိက ကျတာတွေပဲပြောမှာပါ၊ ကျန်တာတွေကတော့ ညီမလေး လုပ်ရင်းတတ်သွားမှာပါ”

“ဟုတ်ကဲ့ မမ”

မေနှင်းဦးက ကုမ္ပဏီ အကြောင်းနှင့် ဒီမှာလုပ်နေကြတာတွေ၏ သဘောတရားကို ရှင်းပြသည်။ ဆက်သွယ်လုပ် ဆောင်ရသည့် လုပ်ငန်းတွေ နှင့် ရုံးဌာနတွေ ဘယ်နှစ်ခု ရှိသည် ဆိုတာကိုလည်း တပါထဲပြောပြသည်။ နောက် တော့ ဒီရုံးမှာ ဘယ်သူက ဘာတာဝန်ယူထားရသည်။ အစမ်းခန့်ကာလမှာ ကျွန်မက သူတို့ကိုဘယ်လိုကူညီပေး ရင်းနှင့် သင်ယူရမည် ဆိုတာတွေလည်းပြော၏။ကုမ္ပဏီ၏ စည်းကမ်းနှင့် သတ်မှတ်ချက်တွေ လည်းပါသည်။ လိုက်မှတ်ရင်း နှင့် ကျွန်မ ၏ ရှေ့က စာရွက်သုံးရွက် ပြည့်လုနီးပါး ဖြစ်သွားသည်။

ကျွန်မ မှာရေးစရာ ကုန်သွား ပြီဆိုတာ မေနှင်းဦး မြင်သည့် အခါပြုံးလိုက်ပြီး

“ကဲ ..ကဲ၊ ဒီလောက်ပါပဲ၊ နောက်တော့ တဖြည်းဖြည်းနဲ့ ပုလဲ နားလည်သွားမှာပါ၊ အောက်မှာ သွားပြီး သူတို့ လုပ်တာတွေလိုက်ကြည့် မသိရင်မေးပေါ့၊ မ လဲ ခနနေရင် ဆင်းလာမယ်”

မေနှင်းဦး ဆီက ပြန်ထွက်လာပြီးလှေခါးထိပ်အရောက်တွင် အောက်က စကားပြောသံတချို့ ကြားလိုက်ရသည်။

“ဟာ … တယ်ဟုတ်ပါလား၊ ဘယ်သူ ကိုယ်ဝန်ရှိနေပြီလဲ”

“ဆရာကလဲ ကိုယ့် နှမ အပျိုလေးတွေကို မဦးမချွတ်နဲ့၊ ဘယ်လို အစားတွေထင်နေလို့ လဲ၊လူသစ်တ ယောက် ထပ်ခန့်လိုက်လို့ ပြောနေတာ”

“ဟုတ်လား၊ ငါလဲ မတွေ့ပါလား”

“အပေါ်မှာ မမေနှင်းနဲ့ စကားပြောနေတယ်၊”

“ယောက်ျားလေး လား မိန်းကလေးလား”

“မိန်းကလေးပါ၊ ဒါပေမယ့် အစားပုတ်မယ့် ပုံတော့ မပေါ်ပါဘူး”

ကျွန်မ အလွန်ကိုရင်းနှီးစွာသိသည့် အသံတခုလို့ထင်မိသည်။ ပြီးတော့ချက်ချင်းပင် ရင်ကတဝုန်းဝုန်းခုန်လာ သည်။ သေချာအောင် အောက်ကို ဆက်ဆင်းရင်း ကြည့်လိုက်ရာ ကျွန်မကို လှမ်းမော့ကြည့်နေသောကိုလင်း ကို မြင်လိုက်ရသည်။ တိုက်ဆိုင်လွန်းစွာပင် ကိုလင်းနှင့် နောက်တကြိမ်ဆုံရပြန်လေပြီ။ ကံကြမ္မာ မှာ ဘယ်လိုရည် ရွယ်ချက်တွေ ရှိနေသလဲဆိုတာ ကျွန်မ နားမလည်နိုင်တော့ပါ။

ကြည့်နေရင်း ကိုလင်း မျက်နှာပေါ်မှာ အရိပ်တခုဖြတ်သန်းသွား၏။ သူ့မျက်လုံးတွေထဲမှာ လည်း ထူးခြားသည့် အလင်း တခုကိုမြင်ရသည်။ ခုန်နေသောရင်က ရပ်တန့်အေးစက်သွားပြီး အပျော်တခုက ကျွန်မ ကို လွှမ်းခြုံ လိုက်သည်။ ကိုလင်း ကျွန်မ ကိုမြင်လိုက်ရလို့ စိတ်လှုပ်ရှားသွားသည်။ သာမန်စိတ်လှုပ်ရှားမှုမျိုး မဟုတ်ဘဲ အနက် အဓိပ္ပါယ်တွေ အများကြီးပါတယ် ဆိုတာကျွန်မ ခန့်မှန်းလို့ရလိုက်သည်။

“သူပေါ့ ဆရာရဲ့”

သန ္တာဆိုသည့် မိန်းကလေးက ပြောရင်း ကျွန်မ ကိုခေါ်လိုက်သည်။

“လာ ညီမလေး၊ မိတ်ဆက်ပေးရမယ်၊ ဒါ ဒေါက်တာဦးကောင်းထက်လင်းတဲ့၊ ဆေးမကုတတ် တဲ့ ဒေါက်တာပေါ့၊ ဆရာ … ဒီညီမလေး က ပုလဲရည် တဲ့”

“တွေ့ရတာဝမ်း သာပါတယ် ရှင့်၊”

“ကိုယ်လဲ ဝမ်းသာပါတယ်”

“ထိုင်လေ ညီမလေး၊ မုန့်လဲစား၊ ဆရာဝယ်လာတာ၊ နောက်ဆိုပိုဝယ်ရတော့မယ်၊ လူဦးရေ တိုးလာပြီလို့ တောင် အ ခုပြောနေတာ”

“ပုလဲက အစားမပုတ်ပါဘူး၊ နဲနဲ ပဲ ပိုဝယ်ပါ၊ ရပါတယ်”

ကိုလင်း မလုံမလဲ မျက်နှာနှင့် ကျွန်မကိုကြည့်သည်။ ကိုလင်းဝယ်ကျွေးသည့် မုန့်ဆိုတာ ကျွန်မ စားနေကျအရာ ဖြစ်သော ကြောင့် ခပ်တည်တည်ပင် ဝင်ထိုင်ပြီးစားလိုက်သည်။

မုန့်စားနေသည့် ကျွန်မကို ကိုလင်း ခိုးခိုးကြည့် တာကို မြင်ရတော့ ပျော်သည်။ ဒီလို မျက်လုံးမျိုးဖြင့် ကိုလင်းကျွန်မ ကို ဘယ်တုန်းကမှ မကြည့်ဖူးပါ။ ဆွေဇင် လတ်ကို ကြည့်သည့် အကြည့်က ညီမငယ်တယောက်ကို ကြည့်သည့် အကိုတယောက်သဖွယ်ဖြစ် ပြီး ခင်မြရင် ကိုတော့ စာနာနားလည်သော၊ အားပေးကူညီချင်သော မျက်လုံးတွေ နှင့်သာ ကိုလင်းကြည့်ခဲ့၏။ ဆန့်ကျင်ဖက် လိင် မိန်းမတယောက်ကို စိတ်လှုပ်ရှားစွာ ကြည့်ခြင်းမျိုး အခုတကြိမ်ပဲ ကြုံရပါသည်။

“ကဲ ..ငါလဲ အထဲဝင်လိုက်ဦးမယ်”

သူကြည့်နေတာကို ကျွန်မ ရိပ်မိသွားမှန်း သိသည့်အခါ ကိုလင်း ထိုင်ရာကထပြီး လှေခါးနားက အခန်းလေးထဲ ကသုတ်ကရက်ဝင်သွားသည်။ အမြဲလိုအေးဆေး တည်ငြိမ်သော ကိုလင်း ကျွန်မကြောင့် ရှက်နေတာကို မြင်ရ သည့် အခါ ရင်ထဲမှာ တသိမ့်သိမ့် နှင့် ပြောမပြတတ်အောင်ကြည်နူးရပါသည်။ ကျွန်မ အမြဲလိုလိုတောင့်တ လို ချင်သည့် အရာတခုကို လက်ဝယ်ရတော့မလို ခံစားကျေနပ်ရသော်လည်း ကျွန်မဘ၀ နှင့် ကံကြမ္မာကို ယုံကြည် စိတ်ချစွာ နေလို့မရဆိုသည့် အတွေးက ကပ်ပါလာပြီးနောက်တွင် ရင်ထဲမှာ စူးစူးနင့်နင့် ဖြစ်သွားသည်။

ကိုလင်းနှင့် ပြန်တွေ့ရလို့ ကျွန်မပျော်ပါသည်။ ဒါပေမယ့် ထိုအပျော်ကို လက်ခံဖို့ မရဲ ရသည့် အတွက်ပျော်နေရင်း နှင့် ကြေကွဲရပါသည်။ ကျွန်မ အတွက်က အရာရာသည် ကံစီမံသည့် အတိုင်းသာ ဖြစ်ရသည်မှာ မထူးဆန်းစွာ လက်ခံနေရသည့် အကြောင်းတရားတခုဖြစ်ပါ၏။

..........................................

ကိုလင်းက ကာလတိုပရောဂျက် တခုနှင့် ဒီကုမ္ပဏီကို ရောက်နေခြင်း ဖြစ်ကြောင်းသိရပါသည်။ ကျွန်မ၏ ဝဋ် ကြွေးလို့ ဆိုနိုင်သည့် ဒီယောက်ျားနှင့် မကြာခနပြန်လည်ဆုံစည်းနေရခြင်းသည် ကံကြမ္မာ၏ ကျီစယ်မှု မဟုတ် ရင် ရက်စက်မှု တခုဖြစ်ပါလိမ့်မည်။ ဘယ်လိုရှောင်ရှောင် မလွတ်မြောက်နိုင်အောင် ဖြစ်လာသည့်နောက်တွင် ရင်ထဲဖြစ်ရသမျှကို ရင်စီးခံဖို့သာရှိပါတော့သည်။ ကိုလင်း ရှိနေရာ အခန်းဆီကို လူမသိအောင်ခိုးကြည့်ရင်း ကျွန်မ သက်ပြင်းတွေ အကြိမ်ကြိမ်ချနေရသည်။ ကိုလင်းတခါနှစ်ခါလောက် အပြင်ကို ထွက်လာသေးပေမယ့် မမြင်ချင် ယောင်ဆောင်နေမိသည်။ ကျွန်မကို လှမ်းကြည့်တတ်တာကို လည်း မသိသလိုလုပ်နေမိသည်။ ကိုလင်းကိုရှောင် ဖယ်ဖို့ ဒီနေ့မှ စဆင်းသည့် အလုပ်ကထွက်ခွာရန် စိတ်ကူးကိုတော့ ရရချင်း ခေါင်းထဲက ထုတ်ပစ်လိုက်မိသည်။ ကျွန်မ ကို ကူညီခဲ့သူတွေ၏ စေတနာကို အားနာသည့် အပြင် ဒီလိုဖြစ်လာမှတော့ မပြေးတော့ဟု စိတ်ကိုတင်း ထား လိုက်ပါသည်။

ညနေ အလုပ်ကပြန်လာတော့ ကျွန်မ အရေးတကြီးလုပ်မိသည်က အပ်ကြီးကြီး တချောင်း ကိုလိုက်ရှာဝယ်ခြင်း ဖြစ်သည်။ ကံကောင်းထောက်မစွာပင် ကျွန်မလိုချင်သည့်အပ်ကို ကုန်စုံဆိုင်တခုက ရခဲ့သည်။ တခြားယောက်ျား တွေနှင့် ထပ်ပြီးမပတ်သက်တော့ဖို့ ကျွန်မ ကို ကြည့်သည့်ကိုလင်း မျက်လုံးတွေကို မြင်ပြီးကထဲက ဆုံးဖြတ်ခဲ့ ပြီး ဖြစ်ပါသည်။ တွေ့ကရာယောက်ျားနှင့် ညအိပ်ပြီး နောက်တနေ့ မနက်မှာကိုလင်း နှင့် မျက်နှာချင်း မဆိုင်လိုပါ။ ကို လင်း၏ စူးစူးနစ်နစ် မျက်ဝန်းတွေကို မြင်ရရင် ကျွန်မငိုမိမှာသေချာသည်။ ဒါကြောင့် ဒီရုံးမှာ ကိုလင်းရှိနေသရွေ့ ကျွန်မ ကိုယ်ကျွန်မ နှိပ်စက်ခြင်းဖြင့်သာ ဝေဒနာကိုဖြေဖျောက်ရပါတော့မည်။

ဖေါ်ရွေပြီး လိုက်လျောတတ်သည့် ကိုလင်း နှင့် တတိယ အကြိမ်မြောက် တရင်းတနှီး ပြန်ဖြစ်ဖို့ သိပ်ပြီးအချိန် မကြာလိုက်ပါ။ အားလုံးက တရိုတသေနှင့် ဆရာ ဟုခေါ်ကြသည့် ကိုလင်း ကို ကျွန်မကတော့ အရင်လိုကိုလင်း ဟု ခေါ်သည်။ တခြားသော အခေါ်အဝေါ်တွေ နှင့် ကိုလင်းကို မဆက်ဆံချင်ပါ။ ခေါ်နေကျအတိုင်းပဲ ခေါ်ပါသည်။

သဘောကောင်းသည့် ကိုလင်း က ဘယ်လိုမှထူးခြားပုံမရသော်လည်း ကျန်တဲ့သူတွေအတွက်တော့ တမျိုး ဖြစ် နေ ပုံရသည်။ အချိန် အနည်းငယ်လေး အတွင်းမှာပင်

ကျွန်မ နှင့် ကိုလင်းတရင်းတနှီး ဖြစ်သွားကြခြင်းကို အံသြ နေကျပုံရသည်။ ကျွန်မ နှင့် ကိုလင်း ရင်းနှီးကျွမ်းဝင်ခဲ့ကြတာကြာပြီဆိုခြင်းကို ကာယကံရှင် ကိုလင်း တောင်သိပုံ မရပါ။

“ကိုလင်း လို့ ပဲခေါ်မယ်နော်၊ သူများတွေလဲ ဒီတိုင်းပဲခေါ်ကြတာမဟုတ်လား”

“ပုလဲ ဘယ်လိုသိတာလဲ”

“မှန်းကြည့်တာပေါ့”

“ခေါ်ပါရပါတယ်၊ ငါ့ သူငယ်ချင်းတွေကလဲ ဒီလိုပဲခေါ်တာပဲ”

“ဒါဆို ပုလဲ နဲ့ ကိုလင်းက သူငယ်ချင်းတွေပေါ့ ဟုတ်လား”

“ကောင်းပါတယ်၊ နင့်သူငယ်ချင်းဆိုတော့ ငါလဲ နုသွားတာပေါ့”

“ကိုလင်းက အရွယ်တင်ပါတယ်”

“အေး ..အေး၊ မုန့်ဝယ်ကျွေးမယ်”

ကိုလင်းတကယ် မုန့်ဝယ်ကျွေးပါသည်။ ကျွန်မ တယောက်ထဲကို မဟုတ်ပါ တရုံးလုံးကို ဝယ်ကျွေးခြင်း ဖြစ်သည်။ သူ့ကို နုတယ်ပြောလို့ ဝယ်ကျွေးတာ မဟုတ်မှန်း ကျွန်မသိပါသည်။ ကိုလင်း သဘောကောင်းသည့် အကြောင်း ကို ကျွန်မ အရင်ထဲက သိခဲ့ပြီး ဖြစ်ပါသည်။ ရုံးက လူတွေကိုတော့ သူ့ကို အရွယ်တင်တယ်ပြောလို့ ဝယ်ကျွေး တာဟု ပြောလိုက်သည်။ ကိုလင်းကတော့ ရယ်နေပါ၏။

အလုပ်အားတာ နှင့် ကိုလင်း အခန်းကို ကျွန်မ ရောက်သွားတတ်သည်။ စကားပြောချင်ပြော၊ မပြောရင် ကွန်ပျူ တာ နှင့် ဂိမ်းဆော့သည်။ ကျွန်မ မသိသည့် အင်တာနက်ကို ပြန်သင်သည်။ ကိုလင်း ကိုတော့ မသုံးတာကြာလို့ မေ့နေတာဟု အကြောင်းပြမိ၏။ တကယ်တော့ အဲဒီကိစ္စတွေထက် ကိုလင်း ဆီကို သွားချင်လို့ သွားနေမိခြင်း ဖြစ်သည်။ ကိုလင်း အခန်းလေးထဲဝင်လိုက်ရင် စိတ်ထဲမှာ လုံခြုံနွေးထွေးသွားသည်။ ကိုလင်း အနားမှာနေနေရရင် ပျော်သည်။ နူးညံ့သည့် အကြည့်တွေနှင့် ကိုလင်းက ကြည့်လာရင် ရင်ထဲမှာ တသိမ့်သိမ့် ကြည်နူးရသည်။

ကိုလင်းကို မချစ်သင့်တာကို အရင်ထဲက သိပြီးဖြစ်ပါသည်။ ဒါပေမယ့် အချစ်က ဖျောက်ဖျက်လို့ မရ၊ မေ့ပစ်လို့ ရင်ထဲမှာ အမြဲတွယ်ညိကပ်ပါနေသည်။ ကိုလင်းအကြောင်းမတွေးမိသည့် နေ့၊ ကိုလင်းကို သတိမရမိသည့် နေ့ ဆိုတာ ကျွန်မမှာ မရှိခဲ့ဖူးပါ။ အခုလိုအတူတကွ လက်ပွန်းတတီးနေခွင့် ရသည့် အခြေအနေ ရောက်သောအခါ ကျွန်မအချစ်တွေက ပိုပြီးတောက်လောင်လာသည်။ စိမ်းလန်း ရှင်သန်လာသည်။ ကိုလင်း အကြည့်တွေမှာရင် ခုန်ရင်း ကိုလင်း အချစ်ကိုလည်း မိုက်မဲစွာပိုင်ဆိုင်လိုလာသည်။

ကိုလင်းလည်း ကျွန်မ ကိုချစ်နေသည်လို့သိသည်။ စတွေ့သည့် နေ့ကထဲက ကိုလင်းစိတ်လှုပ်ရှားသွားတာ သိ သာလွန်းသည်။ တခြားသူတယောက်ဆိုရင် သိချင်မှသိနိုင်ပေမယ့် ကိုလင်းကို အရိပ်လိုကြည့်ကာချစ်နေခဲ့ ရ သည့် ကျွန်မ ကတော့သိသည်။ ဟိုအရင် ကထဲကသာ ကိုလင်းက ကျွန်မကို သူ့ရင်ထဲမှာ နေရာပေးခဲ့ရင် မဖြစ် သင့်တာတွေဖြစ် လာမှာမဟုတ်ဟု တွေးကာ နှမျောတမ်းတမိသည်။ ဝဏ္ဏရှိန် နှင့် လက်ထပ်ခဲ့မှာ မဟုတ်၊ မိုက် မဲစွာ နှင့် လေလွင့်ခဲ့မှာ မဟုတ်ပါ။ ဒါပေမယ့် ကိုလင်း အခုချစ်နေတာ အရင်ကသိခဲ့ ဖူးသည့် ဆွေဇင်လတ် ဆို သည့် မိန်းကလေးကို မဟုတ် အခုမှသိသည့် ပုလဲရည် ဆိုသောကောင်မလေးကိုသာဖြစ်ပါသည်။

ကိုလင်း နားမှာ တဝဲ၀ဲလုပ်ရင်း ရုံးချိန်တွေမှာ ပျော်ရသော်လည်း အိမ်ပြန်ရောက်ရင်တော့ မျက်ရည်ကျရသည်။ အရင်ထဲက ချစ်ရသည့်ကိုလင်း ကို အခုပိုချစ်လာရသလို ကိုလင်းကလည်း ကျွန်မကို တနေ့တခြား ပိုပြီးတွယ်တာ လာ တာကို သိနေ ရသည့် အတွက် ပျော်လဲပျော်ရပြီး ငိုလည်းငိုမိသည်။ ကိုလင်းနှင့် အမြဲတမ်းချစ်ခွင့်ရဖို့ဆိုတာ ကျွန်မ ပေါ်မှာမတည်ပါ။ ကံကြမ္မာပေါ်မှာသာလုံးလုံး တည်မှီနေပါ၏။

ညရောက်တိုင်း အပ်ချွန်ကြီးကို ကိုင်ကာ ဝေဒနာချိန်ကို စောင့်ရင်းကျွန်မ မျက်ရည်ကျသည်။ ဝေဒနာချိန်ကျော် လွန်သွားရင်လည်း သွေးအလူးလူး နှင့် ငိုမိသည်။ နာကျင်မှုကြောင့် မဟုတ်ပါ။ သွေးသံတရဲရဲနှင့် ကျွန်မ၏ ခန္ဓာ ကိုယ်က ကျွန်မနှင့် ကိုလင်းကွာခြားမှုကို ဖေါ်ပြနေသည်။ အဲဒီလို အချိန်မျိုးတွင် ကိုလင်း၏ အချစ်ကို ရယူဖို့ ကျွန် မ အတွက် မထိုက်တန်ဟု တွေးရင်း ရင်ထဲမှာ မချိမဆန့် နာကျင်စွာခံစားရသည်။ မနက်ခင်း အဝတ်အစားလဲ တိုင်း ကိုယ်ပေါ်က ဒါဏ်ရာတွေ တနေ့တခြားများလာတာကို ကြည့်ကာ ဒါတွေက ကိုလင်းကို ကျွန်မ ဘယ် လောက် ချစ်သည်ဆိုတာကို ဖေါ်ပြနေသည်ဟု ရူးမိုက်စွာတွေးရင်း ကိုလင်း နှင့် တွေ့ဖို့ စိတ်စောရပြန်ပါသည်။ ဒါက ဝဋ်ကြွေးတခု ဖြစ်ချင်ဖြစ်မည်။ ဒါပေမယ့် ကိုလင်းကို ချစ်ဖို့ကတော့ ကျွန်မ အတွက် အလွန်ချိုမြိန်သည့် ဝဋ် ကြွေးဆိုး တခုဖြစ်နေ၏။

အိန္ဒြေကြီးပြီး တည်ငြိမ်သည့်ကိုလင်းကတော့ သူ့စိတ်ခံစားမှုကို ထိန်းချုပ်ထားနိုင်သည်။ သူရူးလိုဖြစ်နေသော ကျွန်မ သည်သာ တခါတလေကျရင် လွတ်လွတ်ထွက်သွားတတ်၏။

အဲဒီအချိန် မျိုးကျရင် ကိုလင်း ရိပ်မိချင် လည်း ရိပ်မိစေတော့ဟု မထူးစိတ်မွေးကာနေ ပစ်လိုက်သည်။ ဒါပေမယ့် ကိုလင်း၏ တည်ငြိမ်မှု ကြောင့် ရုံးက လူတွေတောင်မှ ကျွန်မ စိတ်လှုပ်ရှားမှုကို အဓိပ္ပါယ် မှန်အောင် မကောက်နိုင်ကြပါ။ ကျွန်မ နှင့် ကိုလင်းဆက် သွယ်မှုကို မှန်အောင် မဖတ်နိုင်သူတွေထဲတွင် ထက်မြက်လှပါသည် ဆိုသော မန်နေဂျာမလေး မေနှင်းဦး လည်း ပါပါသည်။

အစပိုင်းတုန်းကတော့ ကိုလင်းနှင့် ပတ်သက်ရင် အကဲဆတ်လွန်းသည့် ကျွန်မ ၏ စိတ်ကြောင့်လို့ ထင်ခဲ့သော် လည်း နောက်ပိုင်းကျတော့ မေနှင်းဦး ကိုကျွန်မ ရိပ်မိလာသည်။

သူမ၏ အနေမှန်မှု ကြောင့် သူများတွေမရိပ် မိကြသော်လည်း မြွေမြွေချင်း ဖြစ်သည့် ကျွန်မကတော့ မေနှင်းဦး ခြေကို မြင်နေရသည်။ ကိုလင်း ကလည်း သူ့ ထက်ဆယ်နှစ်လောက်ငယ်သည့် ကောင်မလေးကို အလေးဂရုပြုလွန်းသည်။ ကျွန်မ ကိုဆိုရင် ချာတိတ် မလေး တယောက် ကိုဆက်ဆံပေမယ့် မေနှင်းဦးကို ကျတော့ တလေးတစားဆက်ဆံပြီး တန်းတူရည်တူပေါင်းသည်။ တခါတလေ ကျွန်မက ကိုလင်း အခန်းမှာ ရှိနေချိန်မျိုးဆိုရင် မေနှင်းဦး ရောက်လာတတ်ပြီး ကိုယ့်အလုပ်စားပွဲ ကို ပြန်စေချင် သလိုအမူအရာမျိုးပြတတ်သည်။ သူမ ကျတော့ အပေါ်ထပ်မှာ ရုံးခန်းရှိလျှက်နှင့် ကိုလင်း အခန်းမှာ လာ ထိုင်တတ်ခြင်း ကို ကျွန်မ လက်မခံနိုင်ပါ။

အပေါ်ထပ်မှာ ပလပ်ပေါက်တွေ အများကြီး ရှိရက်နှင့် ကိုလင်း အခန်းမှာ သူမ၏ဖုန်း ကို Charging် သွင်းသည်။ ကို လင်းနေ့လည်စာစားဖို့ လုပ်ပေးရ၊ တူတူစားဖို့ ခေါ်ရနှင့် ကိုယ့်ကိုယ်ကို ကိုလင်း၏ အိမ်ရှင်မ လိုပြုမူနေသည့် မေ နှင်းဦးကို ကြည့်မရသည့် အတွက် ကျွန်မ မှားသည်လို့ မထင်ပါ။ ကိုလင်း၏ ရင်ခုန်သံက ဘယ်သူ့ဆီမှာဆို တာကို ကျွန်မတယောက်သာသိသည်။ ပါးရည်နပ်ရည် ရှိလှပါသည်ဆိုသော မေနှင်းဦး မသိတာ အံ့သြဖို့ အလွန် ကောင်း ပါသည်။ စီးပွားရေးနှင့် စီမံခန့်ခွဲမှု မှာမေနှင်းဦး တော်ချင်တော်လိမ့်မည်။ ယောက်ျားတယောက်၏ နှလုံး သားကို ခန့်မှန်းတွက်ချက်ရာ မှာတော့ ညံ့သည်ဟု ထင်ပါသည်။

ဒါတောင်မှ မေနှင်းဦး မှာ ချစ်သူရှိသည်ဟု သိရသည်။ ရည်းစားတယောက်လုံး ရှိနေပါရက်နှင့် ကိုလင်းနားကို ကပ်နေတာကိုက သဘာဝမကျသည့် အရာတခုဖြစ်ပါသည်။ မေနှင်းဦး မှာ ရည်းစားရှိသည်ဆိုတာကို ကျွန်မ အရင် ကမသိပါ။ ရုံးက လူတွေလည်းမသိကြ။ ကိုလင်းပြောပြမှ ကျွန်မ သိရသည်။ သူမကိုယ်သူမ အမြဲစမတ်ကျ နေအောင် သနေတတ်သည့် မိန်းမ၊ အလုပ်ကိစ္စတွေကလွဲရင် ခေါင်းထဲမှာ ဘာမှမရှိသည့် မိန်းမ ဟု ကျွန်မ ထင် ခဲ့ ဖူးသည့် မေနှင်းဦးက ရည်းစားနှင့် ဆိုတော့ အံ့သြစရာလည်း ကောင်းသည်။ ကိုလင်းနားကို အခုလိုအတင်း လိုက်ကပ် နေတာကိုသာ ရည်းစား သိရင် ကြေကွဲရမှာသေချာသည်။

မေနှင်းဦး ကြောင့် စိတ်ကသိကအောင့် ဖြစ်ရတာကလွဲရင် ဒီရုံးမှာ လုပ်ရတာ ကျွန်မ အတွက်အဆင်ပြေပါသည်။ အားလုံးထဲမှာ အသက်အငယ် ဆုံးလို့ သတ်မှတ်ပြီး ခင်ခင်မင်မင်ဆက်ဆံကြသလို ကျွန်မ ချစ်သည့် ကိုလင်းလဲ ရှိနေသည်။ ကိုလင်း ခရီးထွက်သွားရသည့် နေတွေမှာ ဆိုရင်တော့ ကျွန်မ ရင်ထဲမှာခြောက်ကပ်နေသည်။ ဒီလို ရက်တွေဆိုရင် ကိုလင်း အခန်းကို မေနှင်းဦးက အပိုင်စားဝင်ယူနေတတ်လို့ အကုန်လုံး အနေကျုံ့ကြရသည်။ သူ များတွေက မန်နေဂျာ အနားမှာရှိလို့၊ အင်တာနက် ဝင် မချတ် ရလို့ စိတ်ညစ်တာပေမယ့် ကျွန်မ ကတော့ ကျွန်မ ၏ ကိုလင်း အခန်းထဲကို မေနှင်းဦး ဝင်နေတာကို မရှူ့စိမ့် လို့ စိတ်ရှုပ်ရသည်။

စားစရာတွေ လက်ဆောင်တွေနှင့် ကိုလင်း ပြန်ရောက်လာရင်တော့ ကျွန်မ ပျော်ရသည်။ အဲဒီလို နေ့မျိုးမှာ ကျွန် မ ပျော်နေတာကို ဘေးလူတွေတောင်ရိပ်မိသည်။ ဒါပေမယ့် ထူးဆန်းလှစွာပင် ကျွန်မ၏ စိတ်ကို ထွေလီကာလီ မတွေးကြပါ။ အကိုကြီးပြန်ရောက်လာလို့ ပျော်ရွှင်နေသည့် ညီမငယ်လေး တယောက်သဖွယ်ပဲ သဘောထားကြ သည်။ ဒါကလည်း ကိုလင်း၏ အနေအထိုင်တည်ကြည်မှု ကြောင့်ဖြစ်မည် ထင်ပါသည်။

ကိုယ်က လူတယောက်ကိုချစ်သည်။ ထိုသူကလည်း ကိုယ့်လိုပဲ ချစ်နေသည် ဆိုတာကို သိနေရသည့် ခံစားမှုက ဘယ် အရာနှင့်မှမတူပါ။ ကျွန်မစိတ်၊ ကျွန်မ အတွေးနှင့် ကျွန်မတကိုယ်လုံးမှာ ထိုအသိစီးဆင်း နေသည့်အတွက် အရာရာတိုင်းက အဓိပ္ပါယ်ရှိနေသလိုပင်။ ကိုလင်းကော ဒီလိုပဲလားလို့ သိချင်သည်။ မေးလိုက်ချင်သည်။ ဒါပေ မယ့် မမေးရဲပါ။

ကိုလင်း က သူ၏ အချစ်တွေကို ထုတ်ပြလာတာကို အရမ်းလိုချင်သလို တခါတလေကျပြန်တော့ လည်း အဲဒါကိုပဲ ကြောက်ရွံ့နေမိပြန်သည်။ မေနှင်းဦး နှင့် ပတ်သက်သည့် ကျွန်မ၏ ဝန်တိုမှုတွေက တခါတခါ အရမ်း ကိုသိသာသွားချိန်မျိုးတွင် ကိုလင်း ကျွန်မကို ခွင့်လွှတ်နားလည်သည့် အကြည့်မျိုးနှင့် ကြည့်တတ်သည်။ ရှက်ပေမယ့် ကျွန်မ ဘာမှမတတ်နိုင်ပါ။ နှစ်ပေါင်း များစွာ ကျွန်မ ကျိတ်ပြီးချစ်ခဲ့ရသူက ကျွန်မကို ပြန်ချစ်လာ သည့် အခြေအနေမျိုးတွင် ဒါကိုအလျော့ပါး မခံနိုင်ပါ။

ဒါပေမယ့် ကိုလင်း အချစ်ကိုရပြီး ကိုလင်းကို ပိုင်ဆိုင်ခွင့်ရမည့် အနေအထားမျိုးကိုလည်း ကျွန်မ လိုချင်ပေမယ့် မကြုံရဲပါ။ ကျွန်မ ၏ ဘဝက ဘာမှပြောလို့ရတာမဟုတ်။ အချိန်မရွေး ပြောင်းလဲသွားနိုင်သည်။ ကိုလင်းနှင့် တ သက်တာလုံး အတူတူနေသွားချင်ပေမယ့် ကျွန်မ ဝဋ်ကြွေးက ခွင့်မပြုမှာစိုးသည်။ လူသားစစ်စစ် ကိုလင်းနှင့် လူ သားမဟုတ်သည့်ကျွန်မ ကြားမှာ ကွာခြားချက်တွေက အများကြီးရှိသည်။ ရင်လေးစရာ ကောင်းသည့် ထိုအ ချက် တွေက ကျွန်မကို မကြာမကြာနှိပ်စက်၏။ ကိုလင်း အနားမှာ နေနေရပါလျှက်နှင့်ရုတ်တရက် မရွှင်မလန်း ဖြစ်ဖြစ် သွားခြင်းကို ကိုလင်းတောင် ရိပ်မိသည်။

“နင်က စိတ်အပြောင်းအလဲ သိပ်မြန်တာပဲ၊ ခုတမျိုးတော်ကြာတမျိုးနဲ့၊ ကလေးကျနေတာပဲ”

“ပုလဲက ကိုလင်း နဲ့ ယှဉ်ရင် ကလေးပဲ လေ ကိုလင်းရဲ့”

ဒီလိုအလျှော့ မပေးတမ်း ပြန်ပြောရင်တော့ ကိုလင်း ခွင့်လွှတ်ပြုံးနှင့် ကျွန်မကို ကြည့်တတ်သည်။ ကျွန်မ ရင်ထဲ က ခံစားချက်ကို သိသည်ဖြစ်စေ မသိသည်ဖြစ်စေ ကိုလင်းကတော့ ကျွန်မ ကို အမြဲခွင့်လွှတ်ပေးမည့်သူဖြစ်ပါ သည်။ ကျွန်မ ချစ်သူ ကို စိတ်ချမ်းသာစေချင်ပါသည်။ သူ့ကို ချစ်သည့် အချစ်တွေ တနေ့ထက်တနေ့ ပိုပိုများ လာကြောင်းနှင့် ထိုအချစ်တွေကြောင့်ပင် ကျွန်မ ရင်နှင့် မဆန့်အောင် ခံစားကြေကွဲနေကြောင်းကိုတော့ ဘယ် တော့မှ သူ့ကို သိခွင့် မပေးဖို့ ဆုံးဖြတ်ထားပါသည်။

နေမကောင်းလို့ မူးလဲသွားသည့် မေနှင်းဦးကို ကိုလင်းပွေ့ဖက်ထားသည့် မြင်ကွင်းကြောင့် ကျွန်မ မျက်လုံးတွေ ပြာပြီး ကြမ်းပြင်ပေါ်ပုံလဲ သွားမတတ်ခံစားရပါသည်။

ကိုလင်းက အခွင့်အရေး ယူတတ်သည့် ယောက်ျားတ ယောက် မဟုတ်သလို မေနှင်းဦး ကလည်း ယောက်ျားတယောက်၏ ရင်ခွင်ကို လွယ်လွယ် တိုးဝင်မည့် မိန်းမစား မဟုတ်မှန်း သိသိနှင့် ဒီလိုခံစားလိုက်ရခြင်း ဖြစ်သည်။

ဖြစ်နိုင်ရင် ဝန်တိုစိတ် မထားချင်ပါ။ ကျွန်မ၏ အတိတ်ကံကြွေး မကောင်းလို့ ဒီလိုဘ၀ ရောက်ခဲ့ရသည်။ မကောင်း သည့် အတိတ်ကံတွေထဲတွင် သူများအပေါ် ဝန်တိုမစ ္ဆရိယစိတ် ထားခဲ့ခြင်းတွေပါချင်လည်းပါနိုင်သည်။ ဒါပေမယ့် မတတ်နိုင်ပါ။ ရင်ထဲမှာ သူ့ အလိုလို ဖြစ်လာသည့် ခံစားမှုကို ထိန်းချုပ်လို့မရ။ ကိုလင်းက ကျွန်မ ကို ချစ်မနေဘူးဆိုရင်တော့ တမျိုး တဖုံဖြစ်လိမ့်မည် ထင်ပါသည်။ အခုတော့ ကိုလင်းက လည်းကျွန်မ ကိုချစ်နေသည် ဆိုသည့် အသိက အရာရာကို မီးလောင်ရာလေပင့် လုပ်နေသလိုပင်။

မေနှင်းဦး နှင့် ကျွန်မကိုယ်ကျွန်မ နှိုင်းယှဉ် ကြည့် မိတိုင်း ရင်မောရသည်။ မေနှင်းဦး ချောတာလှတာ ကိုယ်လုံး လေးက စွဲမက်ဖွယ်ကောင်းတာ ကို ကျွန်မ ဂရုမစိုက်ပါ။

သူမထက် ဆယ်ဆသာသည့် အလှအပမျိုး ကျွန်မ လုပ် ယူလို့ရပါသည်။ ဒါပေမယ့် ကိုလင်းချစ်တာက ပုလဲရည် ဆိုသည့် ရုပ်သိပ်မချောသော ကောင်မလေးကို ဖြစ် သည်။

ဒီရုပ်ကနေ ပြောင်းလိုက်သည်နှင့် ကိုလင်းအချစ်ကို ဆုံးရှုံးရတော့မှာ ဖြစ်သည်။ ကိုလင်းက လည်းရုပ် ရည်ကို ဂရုစိုက်တာ မဟုတ်လို့ ရုပ်ရည် နှင့် ပတ်သက်လို့ မေနှင်းဦးကိုဘယ်လိုမှ မကြောက်ပါ။

ကျွန်မ မေနှင်းဦးကို လိုက်မမှီတာက မေနှင်းဦးက အပျိုစင် ဖြစ်နေခြင်းကိုပင်။ သူမက အပျိုဖြစ်နေသော်လည်း ကျွန်မ ကတော့ မရေမတွက် နိုင်အောင်များသည့် ယောက်ျားတွေနှင့် ပတ်သက်ခဲ့သူဖြစ်သည်။ အပြင်လောက က တကယ့်ကြေးတန်းစား မိန်းမပျက်စစ်စစ်တွေတောင် ကျွန်မလောက်များသည့် ယောက်ျားတွေနှင့် အိပ်ဖူး ကြလိမ့်မည် မထင်ပါ။ ကျွန်မ၏ ရုပ်ခန္ဓာကို ဘယ်လောက်ပင် အသစ်ဖြစ်အောင်ဖန်တီးလို့ ရနိုင်သည် ဖြစ်စေ ကျွန်မ ၏ ညစ်နွမ်းစုတ်ပြတ်နေသည့် စိတ်ဝိဉာဉ် ကိုတော့ သန့်စင်အောင် မလုပ်နိုင်တော့ပါ။  မေနှင်းဦးက သာသည့် နောက်တချက်က သူမက လူသားစစ်စစ်ဖြစ်နေသည်။ ကိုလင်းနှင့် သူမက ဇာတ်တူသည့် လူသားတွေဖြစ်နေ သည်။

ကျွန်မက သူတို့လို လူသားမဟုတ် နိမ့်ကျသည့် အပါယ်ဘုံကဖြစ်သည်။ ဒီအချက် နှစ်ချက်ကြောင့်ပင် ကိုလင်းနှင့် ရှေ့ခရီးအတွက် ရင်လေးနေရသလို မေနှင်းဦး နှင့်ယှဉ်၍လည်းကျွန်မ ကိုယ်ကျွန်မ စိတ်လည်နေ ရ သည်။

ချစ်သူလက်ရှိဖြစ်သော်လည်း လက်ထပ်ထားသည့် လင်ယောက်ျားမဟုတ်သည့် အတွက် မေနှင်းဦး ကိုလင်းကို စိတ်ဝင်စားတာကို အပြစ်လို့ မဆိုနိုင်ပါ။ ဒါပေမယ့် ကျွန်မ ခံစားနေရတာကိုတော့ ဖြေဖျောက်လို့ မရ။ ဒီကြားထဲ မေနှင်း ဦးကလည်း ရှေ့ကို တဖြည်းဖြည်းတက်လာနေသည်လို့ ကျွန်မ ထင်သည်။ သူမ ကိုလင်းကို ပြောဆို ဆက် ဆံပုံတွေက ပိုင်ပိုင်နိုင်နိုင် အမူအရာမျိုးတွေပြလာ၏။ သူမ၏ မွေးနေ့မှာတော့ အားလုံးထဲကနေ ကိုလင်း ကို ခွဲထုတ်ခေါ်သွားသည် အထိ လုပ်လာသည်။ ကျွန်မ သည်းခံနိုင်စွမ်းမရှိတော့ပါ။

အဲဒီနေ့က ရုံးထဲကို ဝင်လာသည့် မေနှင်းဦး ကို မြင်ကထဲက စိတ်ထဲလေးသွားသည်။ သူမ၏ မွေးနေ့ ဆိုတာ ကြို ပြောမထားပဲ ထမင်းထည့် မလာကြနဲ့ လို့သာ တရက်ကြိုမှာသွားသည်။ ရုံးချုပ်မှာ အကျွေးအမွေး တခုခု ရှိလို့ ပို့ ပေးမှာလို့ပဲ အားလုံးထင်ထားကြသော်လည်း မေနှင်းဦး ရောက်လာမှ မွေးနေ့မှန်း သိရသည်။ ကိုလင်း အတွက် ထည့်ဝယ်မလာတဲ့ အပြင် အားလုံးစားသောက်ဖို့ ပြင်ဆင်နေတာကိုလည်း ကိုလင်းနား အတင်းတိုးကပ်ကာ ရပ် ကြည့်နေ၏။ ကျွန်မ တို့ကိုပဲ သူတို့ စုံတွဲက ဧည့်ခံနေသလိုလို အချိုးမျိုးလုပ်တာဟု ကျွန်မ တွေးမိသည်။ ကိုလင်း ကို တခုခု သီးသန့်လုပ်ပေးတော့မယ် ဆိုတာ သိလို့ ကျွန်မ တို့ နှင့်ပဲဝေမျှစားဖို့ အတင်းခေါ်တာကို လက်မခံပါ။ နဂိုထဲက အားနာတတ်သည့် ကိုလင်းက သူ့ကြောင့် ကျွန်မ တို့ဝေစုနည်းသွားမှာ စိုးပြီး ဝင်မစားဘဲ မေနှင်းဦး စီစဉ်တာ နာခံသည်။

“နေပါစေ၊ မစားပါဘူး၊ ပုလဲတို့ မဝဘဲ နေဦးမယ်”

“ဆရာ မကြိုက်ဘူး ဆိုလို့ ဝယ်မလာတာပါ၊ အားမနာကြပါနဲ့၊ ဆရာ့ ကို နောက်မှ ဆရာ ကြိုက်တာ တခုခု ဝယ်ကျွေးလိုက်မယ်၊ ဟုတ်ပြီလား”

ကျွန်မ စိတ်အနှောက်အယှက် ဖြစ်နေမှန်း ကိုလင်းသိပုံရသည်။ ဘာကြောင့်ရယ်လို့တော့ သေသေချာချာ သူ တွေးမိပုံမရပါ။ တချက်လှမ်းကြည့်ပြီးနောက် မေနှင်းဦး ကိုသာ စကား

ဆက်ပြောနေသည်။

 “မမေနှင်း ဘာလို့ ဒီနေ့ ကိုထွန်းဦး နဲ့ မလာတာလဲ”

 “ကိုထွန်းဦးနဲ့ လာတာ၊ ကိုထွန်းဦးကို ဟိုဖက်ရုံးအတွက် ဝယ်ထားတာ တွေစောင့်ယူပြီး သွား ပို့ခိုင်းထားတယ်၊ ဒီမှာ နောက်ကျနေမှာ စိုးတာနဲ့ မေနှင်း တက္ကစီ နဲ့ ဒီကိုလာလိုက်တာ”

“အော်”

“အဲဒါ ပြောရဦးမယ် ဆရာ၊ ဆရာ့ ကားနဲ့ မေနှင်းကို အခု ပြန်ပို့ပေးလို့ရမလား”

“ရပါတယ် ၊ အခုလား”

“ဟုတ်တယ်”

ကျွန်မ ထင်ထားသည့် အတိုင်းပင် ဖြစ်ပါသည်။ ကိုလင်းကို ခွဲထုတ်သွားဖို့ မေနှင်းဦး ကြိုတင်စီစဉ်ထားခဲ့သည်။ “နောက် တပွဲကူးရဦးမယ်၊ စားကြနော်၊ မဝရင်လဲ ပြော၊ နောက်နေ့ ထပ်

ဝယ်ကျွေးမယ်”

“နောက်နေ့ မှ လက်ဆောင်ပေးမယ် နော်၊ ကြို မသိတော့ ဘာမှ ဝယ်မထားရဘူး”

“အော် … မပေးပါ နဲ့ ၊ လက်ဆောင် ပေးနေကြမှာ စိုးလို့ တမင်ကြို မပြောတာ၊ ပေးရင် စိတ် ဆိုးမှာနော်”

သွက်လက်တက်ကြွနေသောမေနှင်းဦး စကားသံတွေက နားစည်ကို သံချွန်နှင့် ဆွနေသည့် အလားပင်။

“သူများတွေကျ တော့ အမက ပေးတယ်လေ”

“အဲဒါ တို့က လခပိုရလို့ ပေးတာ၊”

 “ကဲ သွားမယ်၊ မမေနှင်း”

ကိုလင်း ထွက်လာတာကို မမြင်သလိုခေါင်းငုံ့ နေမိသည်။ ကိုလင်းကျွန်မကို လှမ်းကြည့်လိုက်တာကိုတော့ စိတ် က အလိုလိုသိသည်။

“အားလုံး တာ့တာ”

နှုတ်ဆက်ပြီး ပေါ့ပါးစွာ ထွက်သွားကြသည့် နှစ်ယောက်ကိုလိုက်မကြည့်မိအောင် စိတ်ကိုတင်းထားရသည်။ မျက် လုံးတွေ ဝေနေသည်။ မျက်ရည် မဝဲအောင် ကြိုးစားထိန်းချုပ်ရင်း

ပါးစပ်ထဲမှာ ဘယ်လိုမှ အရသာမရှိသည့် ကြာ ဆံ ဖတ်တွေကို ကျိတ်မှိတ်မျိုချရသည်။ ဒီကြားထဲ ဘယ်သူပြောလိုက်မှန်း မသိသည့် အသံတသံက နားထဲသို့ တိုး ဝင်လာသည်။

“မမေနှင်း ဒီနေ့ အရမ်းလှနေတယ်နော်”

ဟုတ်ပါသည်။ မေနှင်းဦး ဒီနေ့ ဖိုသတ္တဝါ တွေသွေးကြွစေလောက်အောင်လှနေသည်။ ကိုယ်လုံးနှင့် အတိအတိုင်း ကပ်နေသည့် တီရှပ်အဖြူလေးမှာ အောက်က ဘရာကလည်း

ပုံကျတော့ ရင်နှစ်မွှာက လှလှပပ ဖူးမို့နေသည်။ မေနှင်းဦး ရင်သားတွေက မိန်းမချင်း ပင်မနာလိုရလောက်အောင် ဖွံ့ထွားပြီး အချိုးကျသည်။ စကပ်တိုတိုအောက် မှာ တင်းနေ

သည့် တင်ပါးတွေနှင့် ဖြူဝင်းလှပသည့် ခြေတံတွေကိုပေါင်း စပ်လိုက်ရင် ကိုလင်းကို ဆွဲဆောင်နိုင် လိမ့်မည်ဟုများ မေနှင်းဦး တွေးသလား မသိပါ။ ကိုလင်း စိတ်ဓါတ်ကို ကျွန်မ

အကျွင်းမဲ့ ယုံပါသည်။ ဒါပေမယ့် ဒီနေ့ မေနှင်းဦးလှနေပုံ က တောက်တောက်ပပ ရှိလွန်းသည်။ ကိုလင်းတောင်မှ ရှောင်ခွာ နိုင်ပါ မလားလို့ တွေး ရင်း ရင်လေးလာရ၏။

“ဟဲ့ ပုလဲ စားလေ၊ နင်က ဘာဖတ်ရှာနေတာလဲ”

“ဟို …အင်း .. အသားဖတ်”

“ဒီလောက် အပုံလိုက်ကြီးရှိတာကို ကြာဆံတွေထဲ မွှေနေရလား”

“ကပ်ကျန်တာ ရှိမလားလို့”

“ဒီကောင် မလေးကတော့လေ”

ကျွန်မ ဆက်မစားချင်တော့ပါ။ ဒါပေမယ့် ဟန်မပျက်ဆက်ထိုင်နေရင်း အသားဖတ်လေးတွေကို တူနှင့်လိုက်ညှပ် ယူပြီး စားချင်ယောင်ဆောင်နေရသည်။ အသားဖတ်တွေ ကုန်အောင်

စားပြီး ချိန်မှာတော့ မထိုင်ချင်တော့တာနှင့် ထလိုက်သည်။

“တော်ပြီလား”

“အသားတွေကုန်ပြီလေ”

ဘာမှ မဖြစ်သလိုနောက်တီးနောက်ရွှတ် ပြောရင်း ကိုလင်း အခန်းထဲကို ဝင်လာခဲ့သည်။ စားပွဲပေါ်က ကွန်ပျူတာ ကိုရော Note Book ကိုပါ ပိတ်မသွား၊ မေနှင်းဦး ကို လိုက်ပို့ဖို့

အလောတကြီးဖြစ်သွားပုံရသည်။ စိတ်မပါလက်မ ပါနှင့် ဖဲထိုင်ကစားရင်း ဘာကြောင့်မှန်း မသိငိုချင်လာသည်။ မျက်ရည်တွေကိုလည်း ထိန်းမရတာနှင့် ခုံပေါ်ကို မှောက်ပြီး အားရပါးရငိုချလိုက်သည်။ ကျွန်မ ငိုနေချိန်မှာ ကိုလင်းနှင့် မေနှင်းဦး ကတော့ ပျော်ရွှင်ကြည်နူးနေကြ လိမ့် မည်ဟု အတွေးဝင်လာသည့် အခါပိုပြီး ဝမ်းနည်းလာရသည်။ အခန်းထဲကို တယောက်ယောက်ဝင်လာနိုင် တာကိုလည်း ဂရုမစိုက်နိုင်တော့ဘဲ ရှိသမျှ မျက်ရည်တွေကို အကုန်သွန်ချပြီး ငိုမိပါတော့၏။

အားရအောင် ငိုပြီးသွားသည့် အခါ မောသွားသည်။ ကိုလင်းကလည်း ကြာလွန်းလှသည်။ ဒီတိုင်းဆိုရင်လိုက် ပို့ ပေးရုံသက်သက်တော့ မဖြစ်နိုင်ပါ။ တနေရာရာမှာဝင်ပြီး နှစ်ယောက်ထဲ မွေးနေ့ ပွဲ နွှဲဖို့ အကြံ အစည်နဲ့ မေနှင်းဦး ကိုလင်းကို ခေါ်သွားတာပဲဖြစ်မည်။ ငိုချင်ပေမယ့် မျက်ရည်တွေက ထပ်ပြီးတော့ မကျလာတော့ပါ။ သွက်လက်ရွှင် မြူးနေသော မေနှင်းဦး အမူအရာတွေကို မျက်လုံးထဲမှာ ပြန်မြင်ယောင်လာသည်။ နဂိုလှပြီးသား မိန်းကလေး က ရင်ဖိုစရာဝတ်လာပြီး ဆွဲဆောင်တာကို ကိုလင်းတောင့် ခံနိုင်ပါမလားဟု ကျွန်မ ရင်လေးနေမိသည်။ ဒါပေမယ့် ကျွန်မ ဖက်မှာ အားကိုးစရာ ဖြစ်သောကိုလင်း၏ တည်ကြည်သော စိတ်ထားကိုတွေး မိပြန်တော့ ထင်သလောက် တော့ အခြေအနေဆိုးမှာ မဟုတ်ကြောင်း ဖြေသိမ့်စရာရပြန်သည်။

စားပွဲပေါ်က တစ်သျှူးစက္ကူ ယူပြီး မျက်နှာပေါ်ကမျက်ရည်တွေကို သုတ်လိုက်သည်။ ကိုလင်း မြန်မြန်ပြန်လာပါ စေ လို့လည်း ကျိတ်ပြီးဆုတောင်းနေမိ၏။ တကယ်လို့တယောက်ယောက်ဝင်လာပြီး ကျွန်မ ရောက်နေခြင်းနှင့် ငိုနေတာကို မရိပ်မိစေရန် ခုံပေါ်မှာ မျက်နှာမှောက်ပြီး အိပ်ချင်ယောင်ဆောင်နေမိသည်။ ကုန်ခဲလွန်းသည့် အချိန် တွေကို အိပ်ချင်ယောင်ဆောင်ရင်း ကိုလင်းကို မျှော်မိသည်။ ကိုလင်းပြန်ရောက်တာ ရောက်သင့်သည့် အချိန် ထက် အများကြီးနောက်ကျပါသည်။

“မအိပ်ပါဘူး”

ကျွန်မ နိူးမှာစိုးလို့ ခုံကိုအသာလေးယူထိုင်လိုက်သည့် ကိုလင်းကို ပြောလိုက်မိသည်။

“မအိပ်ဘူးသာ ပြောတယ် မျက်လုံးတွေက အစ်လို့”

“ကိုလင်း ကလဲ ကြာလိုက်တာ”

“သိပ်မကြာပါဘူး”

“ဘယ်တွေ သွားနေတာလဲ၊ ထမင်းစားခဲ့ပြီလား”

“စားခဲ့ပြီ”

“ထင်သားပဲ၊ မမေနှင်း ကျွေးလိုက်တာ မဟုတ်လား”

“အင်း”

“သွားတော့မယ်”

ကိုလင်း အတွေ့ အကြုံတွေကို မေးချင်သိချင်ပါသည်။ ဒါပေမယ့် ကိုလင်း အမူအရာက အေးအေးဆေးဆေး ပဲ ဆိုတော့ မေးကြည့်မနေတော့ဘဲ အပြင်ကိုပြန်ထွက်ခဲ့သည်။

“ပုလဲ”

“ပြောစရာ ရှိလဲ နောက်မှပြောတော့ ကိုလင်းရာ”

ကျွန်မ ကို နားမလည်သည့် မျက်လုံးနှင့် ကြည့်ရင်း ကိုလင်းကျန်ခဲ့သည်။

“အိပ်ရေးဝခဲ့ ရဲ့လား”

“နဲနဲပါ မမသန ္တာရယ်”

အလိုက်အထိုက်ပြန်ပြောရင်း ခုံမှာဝင်ထိုင်လိုက်သည်။ မေနှင်းဦး ပြန်မလာတော့ဘူးဆိုတာသိလို့ အလုပ်ရှိနေသူ တွေက လွဲရင် အားလုံးလွတ်လွတ်လပ်လပ်ဖြစ်နေသည်။

ကံကောင်းထောက်မစွာပင် ကျွန်မ အားပါးတရငိုနေချိန် တွင် ကိုလင်း အခန်းဆီကို ဘယ်သူမှရောက်မလာခဲ့။ ကျွန်မလည်း ငြိမ်သက်စွာနှင့် ဆက်တွေးနေမိပါသည်။ မေ နှင်းဦးတောင်မှ ရှေ့ကိုတိုးဖို့ ကြိုးစားလာရင် ကျွန်မ ရပ်နေသင့်ပါရဲ့လားဟု ကိုယ့်ကိုယ်ကို ပြန်ပြီးစောကျောမိ သည်။ ကိုလင်းက စိတ်တည်ငြိမ်ပေမယ့် ပြောလို့ရတာမဟုတ်။

ရေဆိုတာ မြင့်ရာက နိမ့်ရာကိုစီးဆင်း တတ် သည့် သဘောရှိသည်။ တဖက်ကပေးလာသော မြောင်းက တဖက်စောင်းနင်း ဖြစ်လွန်းရင် သူ့အလိုအလျောက် စီး မျောသွားမည်သာ။ ကျွန်မ တကိုယ်လုံးအေးစက်သွားသည်။

ကျွန်မ နှင့် ကိုလင်း အခြေအနေကို ဘယ်သူမှ မရိပ်မိသော်လည်း ကိုလင်းနှင့် မေနှင်းဦး လိုက်ဖက်သည် ဆိုတာ ကိုတော့ ရုံးက ကောင်မလေးတယောက်ပြောဖူးတာ ကျွန်မ နားနှင့် ဆတ်ဆတ်ကြားဖူးသည်။ ကျန်တဲ့ သူတွေက လည်း ထောက်ခံသလိုလို သဘောကျသလိုလို အမူအရာတွေပြကြ၏။ ဘေးကပါ တွန်းလာရင် ကိုလင်းတောင့် ခံနိုင်ပါမည်လား ဆိုသည့်သံသယတွေက ကျွန်မကို ပြင်းထန်စွာ နှိပ်စက်သည်။ ထိုင်ရာကနေ ဆတ်ကနဲထပြီး ကို လင်းဆီ တခေါက်ပြန်သွားမိ၏။

“ကိုလင်း”

“ခင်ဗျာ”

“ဘာတွေစားလာလို့ အူမြူးနေတာလဲ၊ ပြောစရာ ရှိလို့”

“ပြော”

“အပြန်ကျရင် ကိုလင်းနဲ့ လိုက်မယ်၊ ရတယ် မဟုတ်လား”

“ကျားသားမိုးကြိုး၊ ကားစုတ်ကြီး မစီးဘူးဆို”

“အဲဒါတွေ ပြောမနေနဲ့၊ ရလားမရ ဘူးလားပဲပြော”

“ရတာပေါ့၊ ဘာလို့ မရရ မှာလဲ”

“ဒါဆိုလဲပြီးရော”

ကိုလင်း အံသြနေမှာ သေချာပါသည်။ ကိုလင်းနှင့် အရမ်းခင်သော်လည်း သူ့ကားကို ကျွန်မ တခါမှလိုက်မစီးဖူး ပါ။ ကားစုတ်ကြီး မစီးချင်ဟု အကြောင်းပြပြီးရှောင်နေခဲ့သည်။

အမှန်ကတော့ ကိုလင်းအကြောင်းကို သိလို့ ပို့ခိုင်း ခြင်းဖြစ်ပါသည်။ တခြားသူတွေကို မှတ်တိုင်အထိသာပို့ပေမယ့် ကျွန်မ ကိုဆိုရင်တော့ အိမ်အထိလိုက်ပို့ ပေးမှာ သေချာသည်။ ကိုလင်းကို အိမ်ခေါ်မသွားချင် ကျွန်မ အိမ်ကို ကိုလင်းသိသွားမှာ စိုးသလို ကျွန်မ စိတ်ကိုယ်ကျွန်မ မယုံကြည်လို့လည်း တကြောင်း ဖြစ်ပါသည်။ ဒါပေမယ့် ဒီနေ့တော့ ပို့ခိုင်းမှကိုဖြစ်မည်။ မေနှင်းဦး တောင်မှ ပို့ခိုင်း ရင် ကျွန်မ လည်းပို့ခိုင်းသင့်သည်ဟု ထင်မိပါ၏။ ညနေအပြန်ကျတော့ ကျွန်မ ကားပေါ်ကမဆင်းသည့် အခါ ကိုလင်းအံ့သြနေသည်။

“အိမ် အထိ ပို့ရမှာလား”

“ဟုတ်တယ်”

“ဒါဆို ဘယ်ကို မောင်းရမှာလဲ”

“လောလောဆယ် အိမ်မပြန်ချင်သေးဘူး၊ ကားလျှောက်စီးချင်တယ်”

“ဆီကုန် မှာ နှမျောလို့လား၊ ဒါမှ မဟုတ် ပုလဲ နဲ့ဆို မသွားချင်လို့လား”

“မဟုတ်ပါဘူး၊ စိတ်ထဲ ထူးဆန်းနေလို့”

“မထူးဆန်းနဲ့ ဘာမှ မထူးဆန်းဘူး၊ အရင် အတိုင်းပဲ”

“ဟုတ်ပြီ ဘယ်ကို မောင်းရမှာလဲ၊ ပဲခူး အထိမောင်းလဲရတယ်”

“မောင်း”

ကိုလင်း ဘာလုပ်မလဲသိချင်လို့ စကားဆက်မပြောတော့ဘဲ ခုံကိုမှီကာ မှိန်းနေလိုက်သည်။

 “အိပ်ချင်ပြန်ပြီလား၊ နေ့ခင်းကလဲ အလုပ်မလုပ်ဘဲ သူများစားပွဲ မှာ လာအိပ်နေသေးတယ်”

“မအိပ်ပါဘူးဆို ၊ ပုလဲ ဖာသာ အလုပ် မလုပ်တော့ ရော ဘာဖြစ်လဲ၊ ကိုလင်း က မန်နေဂျာ လား၊ ဒါမှ မဟုတ် မန်နေဂျာ နဲ့ ဘာတော်လို့လဲ”

“မတော်ပါဘူး”

“နောက်ဆိုရင်တော်ရင်တော် မှာပေါ့”

“မဟုတ်တာတွေ မပြောစမ်းပါ နဲ့ ပုလဲရာ”

“ကိုလင်း များကြားချင် မလားလို့ပါ”

“မကြားချင်ဘူး”

“သေချာလို့လား”

ကိုလင်းကို တမင်ဂျီတိုက်နေမိပါသည်။ ကျွန်မ ဘယ်လိုဆိုးဆိုး ကိုလင်း ခွင့်လွှတ်မယ် ဆိုတာသိလို တမင်လုပ် နေ မိခြင်း ဖြစ်ပါသည်။ ဒါပေမယ့် ပြောရင်းပြောရင်းနှင့် ကျွန်မ ၏ မေနှင်းဦး အပေါ် ဝန်တိုစိတ်တွေက ခေါင်း ထောင်ထလာ၏။ ကျွန်မ စိတ်ပါလက်ပါ ဆက်ရစ်မိသည်။

“ကဲ ငြိမ်သွားပြီ”

ဘာမှ မပြောဘဲ ကားကို လမ်းဘေးမှာ ထိုးရပ်လိုက်၏။ သူဘာပြောချင်လဲ ဘာလုပ်ချင်သလဲဆိုတာ တွေးကြည့် ရင်း ကျွန်မ ရင်တွေတဒိတ်ဒိတ်ခုန်လာ၏။ ကျွန်မကိုစိုက်ကြည့်နေသည့် ကိုလင်း မျက်လုံးတွေကို ရင်ဆိုင် ပြန် ကြည့်ရင်း ကျွန်မ ကိုယ်ထဲက အသိစိတ် ဟူသမျှ ပျောက်ဆုံးလွင့် ထွက်သွားတော့သည်။ ကိုလင်း ရင်ခွင်ထဲကို ကျွန်မ ဘယ်လိုရောက်သွားမှန်း မသိတော့ပါ။

ကျွန်မပါးကို ကိုလင်းနမ်းသည်။ နဖူးကို နမ်းသည်။ ကျွန်မ ဘာဆိုဘာမှ မသိတော့ ရင်ခုန်စွာနှင့် အပျော်ကြီး ပျော် နေမိပါသည်။ ချစ်သူ၏ အနမ်းက ဘယ်လောက်အထိနှစ်သိမ့်ကြည်နူးမှု ပေးနိုင်သည်ဆိုတာကို နောင်ကြုံကြိုက်မှ ကိုလင်းကို ပြောပြရပါမည်။

“ချစ်တယ် ပုလဲရယ်”

ကျွန်မ ရင်ထဲကို မြစ်တစင်း တငြိမ့်ငြိမ့် ဖြတ်စီးသွားသည်။ ကြမ်းတမ်းစွာ ပြင်းထန်စွာ စီးဆင်းတာမျိုး မဟုတ်။ အေး ဆေးငြင်သာစွာ ဖြတ်ဆင်းသွား ခြင်းမျိုးဖြစ်သည်။

ထိုငြိမ့်ငြောင်းသည့် ရေစီးထဲမှာ ကျွန်မ သာသာယာ ယာ မျောပါသွားသည်။ ကိုလင်းကို စကားပြန်ပြောဖို့ အချိန်အများကြီးယူလိုက်ရပါသည်။

 “တော်သေးတာပေါ့၊ ပြောဖေါ်ရလို့”

“ဘာရယ်”

“လူကို ဖက်လဲဖက်တယ်၊ နမ်းလဲနမ်းတယ်၊ ပြီးတော့မှ ချစ်တယ်ပြောလို့ တော်သေးတာပေါ့ လို့”

“ဆောရီး၊ ကိုယ်ဘာဖြစ်သွားမှန်း မသိလိုက်ဘူး”

မိန်းကလေး တယောက်ကို ဘာမပြောညာမပြောနှင့် ဒီလိုလုပ်ခြင်းက ကိုလင်း ပုံစံ မဟုတ်ပါ။ ကိုလင်းအားနာ ထိတ်လန့်သွားပုံရသည်။ ကျွန်မ ကိုမလွှတ်ပေမယ့် ဖက်ထားတာက တောင့်တောင့်ကြီးဖြစ်သွား၏။ ကျွန်မ ကို လင်း ပုခုံးကို မှီလိုက်သည်။

“မောင်းတော့နော်၊ ပုလဲ ဒီလိုလိုက်ခဲ့မယ်၊ အကြာကြီး ရပ်ထားလို့ ဘယ်ကောင်း မှာလဲ”

 “တကယ် ပဲခူး အထိမောင်း ရမှာလား”

“မောင်းလေ”

“ဒါဆို သိပ်မိုးချုပ်သွားလိမ့်မယ်၊ ပုလဲ အိမ်က ပြောနေဦးမယ်”

“အရမ်းကြီး နောက်မကျရင် ရပါတယ်၊ ဒါပေမယ့် မသွားပါနဲ့ တော့ တနေရာရာ မှာပဲ သွား ထိုင်ရအောင်”

ကျွန်မ တို့ အင်းလျားကန်ဘောင်ကို ရောက်သွားကြသည်။ ခုံမှာထိုင်တော့ ကိုလင်းကိုကျွန်မ မှီထားသည်။ ကို လင်းက ကျွန်မ ကို ရွရွလေး ဖက်ထားသည်။ ကိုလင်း ပျော်နေပုံရသည်။ ဆည်းဆာ၏ အားနည်းသည့် အလင်း ရောင်အောက်တွင် သူ့မျက်နှာက တောက်ပ လင်းလက်နေ၏။ ကျွန်မ လည်းပျော်ပါသည်။ ဒီလို အချိန်ရောက် ဖို့ ကျွန်မဘယ်လောက်အထိ စောင့်မျှော်ခဲ့ရ၊ ခံစားခဲ့ ရတယ်ဆိုတာကို ကျွန်မ တယောက်ပဲသိပါသည်။

“အရေးကြီးတာ ပြောဖို့မေ့နေတယ်”

“ဘာလဲ ပုလဲ”

“ကိုလင်း ကို ချစ်တယ် လို့”

ကိုလင်းကို အဖြေပေးလိုက်ပြီးနောက် ကျွန်မ ဘဝတခုလုံး ပြီးပြည့်စုံသွားသလိုခံစားရသည်။ ကျွန်မတို့ စကား တွေ အများကြီးမပြောဖြစ်ကြပါ။ တယောက်ကို တယောက်မှီတွယ်ရင်း အချိန်တွေကို ဖြတ်သန်းနေကြသည်။ စကား ပြောစရာမလို တယောက်ရင်ထဲကို တယောက်က မြင်သိနေခြင်း ကြောင့် ကျွန်မတို့ ကြားမှာ စကားလုံး တွေ မလိုပါ။ ကိုလင်း၏ ဖုန်းက မြည်မလာရင် ကျွန်မ တို့ တညလုံးထိုင်နေဖြစ်တော့မည် ဟုထင်ပါသည်။ ညစာ စားဖို့ ဖိတ်ခေါ်လာသော မိတ်ဆွေကို ကိုလင်းက သူပဲခူး သွားစရာ ရှိသည် ဆိုပြီးညင်းပယ်လိုက်သည်။ ခုလို အချိန် မှာ ဘာကိုဖြစ်ဖြစ်သူငြင်း လိမ့်မည်ဆိုတာ ကျွန်မ သေသေချာချာသိပါ၏။

“တခုခု သွားစားရအောင် ကိုလင်းရယ်၊ ဆာလာပြီ”

နေ့လည်က ဘာမှ မည်မည်ရရ မစားခဲ့ရသည့် ဗိုက်က အခုမှ ဆန္ဒ ပြလာလို့ ကိုလင်းကို ပြောမိသည်။ ကျွန်မ အ လိုကိုတော့ သူမငြင်းပါ။ ကျွန်မ တို့ ကန်ဘောင်က ဆင်းခဲ့ကြသည်။

“ကိုလင်း မဆာဘူးလား”

“မဆာဘူး”

“ဘယ်ဆာမလဲ၊ ဟွန်း မပြောလိုက်ချင်ဘူး”

 “ပုလဲ လည်း နေ့လည်ကကြေးအိုး စားတာပဲ”

“စားလို့ မှ မကောင်းတာ၊ ပုလဲ နည်းနည်းပဲ စားလိုက်တယ်”

“ဘာဖြစ်လို့လဲ”

“ဒါလောက်တောင် မသိဘူးလား၊ မသိရင်လဲ ပုလဲလက်ကို ကိုင်မထားနဲ့ တော့ အခုလွှတ်”

 “ဘာစားချင်လဲ ပြော”

“စားလို့ရတာ အကုန်စားတယ်၊ လူသားလည်းစားတယ်”

ကျွန်မ တကယ်ကို စိတ်ဆိုးမာန်ဆိုးပြောမိခြင်း ဖြစ်ပါသည်။ ကိုလင်းက ရိုးသားပြီးအားနာ တတ်ပေမယ့် လူနုံ လူအ မဟုတ်ပါ။ သူ့ကိုစိတ်ဝင်စားနေသော မိန်းမချောနှင့် နှစ်ယောက်ထဲထွက်သွား ခြင်းအတွက် ကျွန်မ စိတ် ပူ လိမ့်မည် ဆိုတာကိုတော့ ကိုလင်းသိသင့်ပါသည်။ ကျွန်မ ဘာကို မကြိုက်ဘူး ဆိုတာ ဟိုအရင်ထဲက သူသိသင့် ပါသည်။

“ဒါဆိုလဲ ကိုယ့်ကို သတ်စားလေ”

“တခါတလေ အရမ်းသတ်ချင်တာပဲ သိလား”

“ပုလဲရယ်”

ကိုလင်း ပုံစံက တကယ်ကို စိတ်ညစ်သွားသည့် ပုံဖြစ်နေလို့ ကျွန်မ လျှော့ပေးလိုက်ပါသည်။ ကျျွန်မ ကိုယ်တိုင် လည်း ကိုလင်း ကို ကြာရှည်စိတ်ဆိုးနိုင်ခြင်း မရှိပါ။ ကျွန်မ တို့ နေရာအနှံ့လျှောက်သွားကြသည်။ ထိုင်ချင်သည့် နေရာမှာထိုင်သည်။ စားချင်တာတွေ့ရင်ဝင်စားသည်။ တခါမှ ကျွန်မ ဒီလောက်မပျော်ခဲ့ဖူးပါ။ ဒီ ဘဝကိုရောက် ပြီးမှ ပထမဆုံး အူလှိုက်သည်းလှိုက်ပျော်ရသည့် ပျော်ရွှင်ခြင်း လည်းဖြစ်ပါသည်။ ကိုလင်းလက်ကို အမိအရ မလွှတ်တမ်း တွဲထားရင်း ကျွန်မ၏ ဝေဒနာချိန်ကိုတောင်မှ မိုက်မဲစွာမေ့ လျော့နေမိ၏။ကိုလင်း နာရီကြည့်တာမြင်မှ ကျွန်မလည်း နာရီကြည့်မိသည်။

“ကိုးနာရီ တောင်ထိုးတော့မယ်၊ ပြန်ကြရအောင် ကိုလင်းရယ်”

ကျွန်မ ၏ ဝေဒနာချိန် ရောက်လာတော့မည် ဆိုသည့် အသိက ကျွန်မ၏ အပျော်တွေ အကုန်လုံးကို တခုမကျန် ဆွဲ ထုတ်ယူသွား၏။ ကျွန်မ ရင်ထဲမှာ စိုးရိမ်ထိတ်လန့် မှုတွေသာကျန်နေခဲ့တော့သည်။ ကိုလင်း မျက်မှောက်မှာ ဝေဒနာ တက်တာမျိုး လုံး၀ အဖြစ်မခံနိုင်ပါ။

 “ပြန်တာပေါ့၊ ဒါပေမယ့် ကိုယ် မပြန်ချင်သေးဘူး”

“တူတူပါပဲ ကိုလင်းရယ်၊ ဒါပေမယ့် ပြန်ကြရအောင် နော်၊ မနက်ဖြန်တွေ့တာပေါ့”

“မနက်ဖြန် ရုံးပိတ်တယ်လေ”

“ပိုကောင်းတာပေါ့၊ တနေ့လုံးလျှောက်သွားမယ်လေနော်၊ မနက် အစောကြီး ပုလဲကို လာ ခေါ်”

“မိုးမလင်းခင် လာခဲ့မယ်”

“အင်း … လာခဲ့၊ ကိုလင်းရောက်တဲ့ အချိန်ပုလဲ အဆင်သင့် ဖြစ်နေစေရမယ်”

ကျွန်မ ကို အလိုလိုက်ပြီး ပြန်လိုက်ပို့ပေးသည်။ စိုးရိမ်ထိတ်လန့် စိတ်ကြောင့် ကိုလင်းကို အိမ်အပြန်လမ်းပြောပြ ပေးနေသည့် ကျွန်မ အသံတွေတုန်နေတာကို ဘယ်လိုမှ မဖုံးကွယ်နိုင်ပါ ကိုလင်းကတော့ အိမ်အပြန်နောက်ကျ လို့ အိမ်က ဆူမှာစိုးရိမ်နေသည်ဟု ထင်ပါလိမ့်မည်။ စကားဆက်ပြောရင် ကျွန်မ စိုးရိမ်နေမှန်း ပိုသိသာသွားမှာစိုးတာကြောင့် မျက်လုံးမှိတ်ပြီး အိပ်ငိုက်ချင်ယောင် ဆောင်နေလိုက်သည်။ မျက်စိမှိတ် ထားပေမယ့် ကိုလင်းကျွန်မ ကို မကြာမကြာ လှည့်ကြည့်နေတာကျွန်မ သိသည်။

“ပုလဲ”

“ရှင်”

“အိပ်ငိုက်နေပြီလား”

“မငိုက်ပါဘူး”

 “တို့ နှစ်ယောက်က ဒီနေ့ မှ ချစ်သူတွေ ဖြစ်တယ် ဆိုပေမယ့် ကိုယ့်စိတ်ထဲမှာ တော့ ချစ်သူ ဖြစ်တာ အခုမှ မဟုတ်သလို ခံစားရတယ်”

“ပုလဲ လဲဒီလိုပဲ”

 “နောက်ပြီး ပုလဲကို စတွေ့တဲ့ နေ့ကထဲက အရင်ထဲကပုလဲ နဲ့ သိနေသလိုရင်းနှီးနေ သလိုပဲ သိလား”

“ဟုတ်မှာပေါ့”

 “အရမ်းပင် ပန်းနေလား ပုလဲ”

“မဟုတ်ပါဘူး”

မေးတခွန်း ဖြေတခွန်းလုပ်နေတာကို ကိုလင်းက စကားမပြောချင်ဘူး ထင်မှာစိုးလို့ ကိုလင်း ပုခုံးကိုမှီပြီး ခါး ကို တင်းတင်းကျပ်ကျပ် ဖက်ထားပေးလိုက်သည်။ ကိုလင်းကိုဖက်ထားရင်း အိပ်ငိုက်ချင်သလိုလို ဖြစ်လာသည်။ စိတ်ကို စုစည်းကာ အားတင်းရင်း ဝေဒနာ၏ ရှေ့ပြေးတွေကို တွန်းလှန်နေရစဉ် ကျွန်မ နေသည့် တိုက်ခန်းရှေ့ သို့ ရောက်လာသည်။ ကိုလင်းကို လွှတ်မပေးချင်ပါ။ တသက်လုံးဖက်ထားချင်သည်။ တဖြေးချင်းတက်လာနေ သည့် ဝေဒနာကြောင့်လည်း ကိုလင်းရင်ခွင်ကို မစွန့်လွှတ်နိုင်သလိုပိုဖြစ်နေရသည်။ ဒီတိုင်းနေလို့ မဖြစ်ဟု အသိ ဝင်လာတော့မှ အားတင်းပြီး ဆင်းလိုက်ရသည်။ ကိုလင်းလည်း ဆင်းလာပြီး အိမ်ကို မော့ကြည့်ကာမေးသည်။

 “ဘယ်အခန်းလဲ”

“သုံးလွှာလေ၊ အပေါ်ဆုံးပါပဲ”

ကိုလင်း အပေါ်အထိလိုက်ပို့ ပေးချင်ပုံရသည်။

“ပုလဲ”

“ဟင်”

ဖြစ်နိုင်ရင် ကိုလင်းကို ဒီအပေါ်အထိ မဟုတ်ပါ။တသက်လုံး ကျွန်မ နားမှာပင်ခေါ်ထားချင်သည်။

“အပေါ် အထိလိုက်ပို့လို့ ရမလားဟင်”

ချစ်သူကို ဒီလောက် အထိတော့လိုက်လျောသင့်သည်ဟု ဆုံးဖြတ်ပြီးကျွန်မ လက်ခံလိုက်သည်။ ဖြစ်သင့်တာက အခု အချိန်မှာ ကျွန်မ၏ ဝေဒနာတွေ တက်အလာကို အပ်ကြီးကိုင်ပြီးစောင့် နေရမည့် အချိန်ဖြစ်သည်။မှောင်မဲ နေသည့် လှေခါးထစ်တွေကို ကိုလင်းလက်ကိုဆွဲကာတက်ရင်း ကျွန်မ ရင်တွေ တဒိတ်ဒိတ်ခုန်နေ၏။ အိပ်ငိုက် ခြင်းကလည်း ပိုတိုးလာလို့ မှောင်ထဲမှာ ကိုယ့်ပေါင်ကို အတင်းဆွဲလိမ်နေရသည်။

 “ကိုလင်း”

ပြန်ဖို့သင့်ကြောင်း ပြောမထွက်ပေမယ့် ကိုလင်းက အလိုက်သိပါသည်။ ဒါပေမယ့် ကျွန်မ ကိုတင်းတင်းဖက်ရင်း နှုတ်ဆက်အနမ်းပေး၏။ အလိုက်သင့်ပြန်ဖက်ရင်း အနမ်းတွေကို ခံယူမိသည်။ နဖူး၊ ပါးပြင် မှသည် နမ်းရင်းနှင့် နှုတ်ခမ်းတွေ တိုက်မိကြသည်။ ပူနွေးသည့် အနမ်းတွေကြောင့် ကျွန်မ သွေးတွေပွက်ပွက်ဆူလာသည်။ ကိုလင်းအနမ်းတွေကို အငမ်းမရတုန့်ပြန်နေမိသည်။ ကိုလင်းကသာ အလိုက်တသိပြန်ခွာ မသွားရင် ဒီနေရာမှာပင် ကျွန်မ ၏ စိတ်တွေလွတ်ထွက်သွားနိုင်သည်။ ကိုလင်းကို ဖက်ထားသည့် လက်တွေကို ခက်ခဲပင်ပန်းစွာ ဖြင့် ပြန်ခွာထုတ် ရသည်။

 “ကိုလင်း”

“ဘာလဲ ပုလဲ”

“တကယ်တော့ ပုလဲ က တယောက်ထဲ နေတာ”

 “ဒါဆို ကိုယ် အထဲအထိ လိုက်ခဲ့မယ်နော်”

“လိုက်ခဲ့”

ဘာကြောင့် လိုက်ခဲ့ဖို့ ခေါ်မိမှန်း ကျွန်မ မသိပါ။ ကျွန်မ သိတာက ခေါင်းထဲမှာ ရီဝေပြီး ကိုလင်းကို မပြန်စေ ချင်တာ တခုပဲ သိသည်။ တံခါး ဖွင့်ဖို့ကိုတောင် ကျွန်မလက်တွေ တုန်နေလို့ ကိုလင်းကူရသည်။ မီးခလုပ် ကို လည်း ကိုလင်း ကိုပဲ ဖွင့်ခိုင်းရသည်။

 “အဝတ်သွားလဲ လိုက်ပါလားပုလဲ”

“ဟင့် အင်း … ကိုလင်း နားမှာပဲ နေချင်တယ်”

“ပုလဲ …ရယ်”

ကိုလင်း ကိုတင်းကျပ်စွာ နှင့် ဖက်လိုက်မိပြန်သည်။ စိတ်ကိုချုပ်ထိန်းဖို့ ကြိုးစားချက်တွေ ဘယ်လိုမှမအောင် မြင်ပါ။ အသိစိတ်က ဝင်လာတာနှင့် ချက်ချင်းလွင့်ထွက်သွားသည်။ဝေဒနာ ရမ္မက်ကသာကျွန်မ ကိုကြီးစိုးထား ၏။

“ပုလဲ က ကိုယ့်ကို အိမ်မပြန်ချင်အောင်လုပ်နေတာလား”

“ဟုတ်တယ် မပြန်နဲ့၊ တညလုံးပုလဲ နားမှာပဲနေ၊ ပုလဲ ဘယ်မှ ထွက်မသွားနိုင်အောင် ဖက် ထား”

 “ဒါဆို ကိုယ်မပြန်တော့ဘူးလေ၊ ခနလေး စောင့်နော်၊ ကိုယ်အောက်ဆင်း ပြီး ကားကို မှန်တင် ပြီး လော့ဂ် ချလိုက် ဦးမယ်”

“မြန်မြန်ပြန်ခဲ့နော်”

ကိုလင်းအောက်ကိုပြန်ဆင်းသွားချိန်တွင် ကျွန်မ ကိုယ်ကျွန်မပြန်ထုရိုတ် မိ၏။ ကိုလင်း မြန်မြန်ပြန်တက်လာစေ ချင်သည်။ ကိုလင်းပြန်လာတာနှင့် ကျွန်မ ကို လိင်ဆက်ဆံဖို့ ပြောမည်ဆိုသည့် အတွေးဝင်လာပြီးနောက်တွင် ကျွန်မ အိပ်ခန်းထဲသို့ သွေးရူးသွေးတန်း ပြေးဝင်လိုက်မိသည်။ ကျွန်မ အာရုံထဲက ကိုလင်းပျောက်သွားသည်။ အပ်နှင့် ထိုးစိုက်ပစ်ရမည် ဆိုတာပဲသိတော့၏။ အခန်းထဲမှာ အပ်ကို ဘယ်လိုမှရှာမရ၊ ထားတတ်သည့်နေရာတွေ လိုက်ကြည့်ရင်း ရင်ထဲမှာ ဗလောင်ဆူလာသည်။ ကျွန်မ ကိုယ်ထဲမှာ သွေးတွေကလည်း တရွရွနှင့် စီးနေကြ လေ ပြီ။ မခံနိုင်အောင် ပူလောင်နေသောရင်ကို လက်သီးနှင့် ထုမိသည်။ ရင်ဘတ်ကြယ်သီးတွေကို ဆောင့်ဆွဲ ဖြုတ် မိသည်။ 

ထိုအချိန်မှာ ကိုလင်း အနားကိုပြန်ရောက်လာ၏။

 “ပုလဲ၊ ပုလဲ ဘာဖြစ်တာလဲ”

ကိုလင်းကို ကျွန်မ အဖြေပေးသည်လို့ထင်ပါသည်။ ဒါပေမယ့် ဘာတွေပြောနေမိမှန်း ကျွန်မ ကိုယ်တိုင်လဲမသိပါ။

ထွက်သွားဖို့ပြောတာလား၊ ကျွန်မ ကို သားမယား အဖြစ်ပြုကျင့်ဖို့ ပြောတာလား၊ လာပြောနေမိမှန်းတောင် မသိ တော့။ ကိုလင်း ပြောနေသည့် စကားတွေကိုလဲ နောက်ပိုင်းမှာ မကြားတော့ပါ။ ကိုလင်း ကျွန်မ ပုခုံးကို အတင်း ကိုင်လှုပ်ရမ်းနေတာကိုပဲ သိတော့သည်။

တခုခု ရေရေရာရာ ပြောပြဖို့ အားယူပေမယ့် ဘယ်လိုမှပြောလို့မရပါ။ မနည်းကို ကြိုးစားအားတင်းနေချိန်တွင် လင်းထိန်သည့် မီးရောင်က ကျွန်မ စိတ်ကိုအနှောက်အယှက်ပေး၏။ ကိုလင်းရင်ခွင်ထဲကို အတင်းတိုးဝင်ရင်း ရှိ သမျှအားကို ညှစ်၍ ပြောမိသည်။

 “ဘာပြောချင်လို့လဲ ပုလဲ”

 “မီးပိတ်လိုက်ပါ၊ ပုလဲကို မကြည့်ပါနဲ့”

မီးမှောင်သွားပြီးနောက် ကျွန်မ ဆီပြန်ပြေးလာသည့် ကိုလင်းနှင့် မှောင်ထဲမှာတိုက်မိကြသည်။ တယောက်ကို တယောက် အလိုလို ဖက်ထားလိုက်မိကြသည်။ ကျွန်မ ကတော့ ကိုလင်းကို လွတ်ထွက်သွားမှာ စိုးသည့် အလား အစွမ်းကုန် ဖက်ကာထားမိသည်။

 “ပြန်တော့ ကိုလင်းရယ်”

“ဘာဖြစ်လို့ ပြန်ရမှာလဲ၊ ကိုယ်ပုလဲ နားမှာပဲ နေမှာပေါ့”

ကိုလင်းကျွန်မ ကို အတင်းဖက်လာသည်။ ရမ္မက်ဇော၏ ဆွဲဆောင်မှုကြောင့် ကျွန်မ သူ့ ရင်ခွင်ထဲကို အတင်း တိုး ဝင်မိသေးသော်လည်း အသိစိတ် အနည်းငယ်ပြန်အကပ်မှာကိုလင်းကို တွန်းထုတ်ဖို့ ကြိုးစားမိပြန်ပါသည်။ ကို လင်းက လက်လျှော့ပါ။ ရုန်းရင်း ဆန်ခတ်ဖြစ်ရင်း ကျွန်မ တို့ အိပ်ယာပေါ်ကို လုံးထွေးလဲကျသွားကြသည်။

 “မပြန်ဘူး၊ မပြန်ဘူး”

ပင်ကိုအားဖြင့် စိတ်တည်ငြိမ်သော်လည်း ပေးလာသည့် အခြေအနေကြောင့် ကိုလင်းစိတ်လွတ်သွားပုံရပါသည်။ ကျွန်မ ကို အတင်းလိုက်နမ်း၏။ နဖူး၊ ပါးပြင်နှင့် လည်တိုင်ကိုနမ်းရင်း ကျွန်မ ရင်သားတွေကိုပါ ပေါ်နေသ လောက် လိုက်နမ်း၏။ အခန်းကျဉ်းလေးထဲမှာ ကိုလင်း အသက်ရှူသံက ပဲ့တင်ထပ်ကာ ပြင်းထန်လာသလို ကျွန်မ၏ စိတ်တွေကလည်း ပိုပြီးလှုပ်ရှားယိမ်းယိုင်လာသည်။ ရင်ဘတ်ကို ဘရာစီယာပေါ်က နေဖွဖွလေး ကိုင် ညှစ်လိုက်သော အခါ ကျွန်မ ရင်ထဲမှာ မီးဟုန်းဟုန်း တောက်လုမတတ်ဖြစ်သွားသည်။

“ကိုလင်းရယ်”

ကျွန်မ ကိုလင်းကို အငမ်းမရဖက်ထားမိသည်။ ကိုလင်း လက်တွေကလည်း ကျွန်မ တကိုယ်လုံးကို ပွတ်သပ် ဆုပ် နယ်နေသည်။ တင်ပါးနှင့် ပေါင်တံတွေကို ပွတ်နေသောလက်က ပေါင်ကြားထဲတိုးဝင်လာသည့် အခါ ကျွန်မကို ကျွန်မ မထိန်းနိုင်တော့ဘဲ ကိုလင်း လွယ်လွယ်ကူကူ နှိုက်လို့ ရအောင် ပေါင်ကားပြီး ကော့ပေးလိုက်မိ၏။ ဒါပေ မယ့် ကိုလင်းချက်ချင်းရပ်သွားသည်။

 “ဆောရီး ပုလဲ၊ ကိုယ်စိတ်လွတ်သွားတယ်”

“တောင်းပန်စရာမလိုပါဘူး၊ ပုလဲ ကိုလင်းကို အားလုံးကြည်ဖြူတယ်”

ကိုလင်းနှင့် ပါးချင်းကပ်ပြီး အငမ်းမရပြောလိုက်မိသည်။ ကျွန်မ၏ စိတ်ကို ထိန်းလို့ မနိုင်တော့ဆိုတာ သိနေသည့် နောက်တော့ ကိုလင်းကို မတားမြစ်ချင်တော့ပါ။

 “ဘာဖြစ်လို့လဲ ”

“ကိုလင်း ကို အရမ်းချစ်လို့”

ရင်ဘတ်က ကြယ်သီးတွေကတော့ အကုန်ပြုတ်သလောက်ဖြစ်နေပါပြီ။ စကားပြောရင်း လက်တဖက်နှင့် ဘရာစီ ယာချိတ်ကို နောက်ပြန်ဖြုတ်လိုက်သည်။ ဘရာစီယာခွက်ကို အပေါ်ပင့်တင်လိုက်ပြီး ရင်သားတွေ လွတ်လပ်သွား တော့မှ ကိုလင်းလက်ကို ယူပြီး ရင်ဘတ်ပေါ်တင်ပေးလိုက်မိသည်။ ကိုလင်း အသာလေးပွတ်ပေးသည့် အခါ ကျွန် မ ကိုယ်ထဲက သွေးကြောတွေ တဖျင်းဖျင်း ထအောင် နှစ်သိမ့်ကြည်နူးမှုတွေ ခံစားရပါသည်။

“ဒါလောက်ပဲလား”

“အားလုံးပါဆို”

ကျွန်မ စိတ်လျှော့လိုက်ပါပြီ။ အနည်းဆုံးဒီတခါပဲဖြစ်ဖြစ် ကျွန်မချစ်သူနှင့် အစွမ်းကုန်ချစ်ပစ်လိုက်ချင်သည်။ နောက် ဖြစ်လာမှာတွေကို မစဉ်းစားပါ။ သိလဲ မသိချင်တော့ပါ။ကျွန်မ ပေါင်တံတွေနှင့် ထိနေသည့် ကိုလင်း ပေါင်ကြားထဲက ခပ်မာမာအရာတခုကြောင့် ကိုလင်းလည်း စိတ်ထက်သန်နေပြီဆိုတာ သိလိုက်ရသည်။ ဒီအ ချိန်ရောက်မှတော့ ဘာကိုမှ မတွေးချင်တော့ပါ။ ကျွန်မ၏ ထမိန်နှင့် ပင်တီကို ကိုလင်းတုန်ရီသော လက်တွေ နှင့် ချွတ်ခွာနေချိန်တွင် မြန်မြန်ပြီးအောင်ဝိုင်းကူချွတ်ပေးမိ၏။ ကိုလင်း၏ အဝတ်မဲ့ပေါင်တံတွေက ကျွန်မ တင်ပါး ကို လာထိချိန်မှာတော့ ရင်ထဲက တလှပ်လှပ် အမောကို ထိန်းချုပ်မထား နိုင်တော့ဘဲ

“ပုလဲ တကိုယ်လုံးက ကိုလင်း အတွက်သိလား”

ဒီစကားကို ပြောမိသည်လို့ပဲ ကျွန်မ နောက်ဆုံးသိလိုက်ပါသည်။ ကျွန်မ အာရုံထဲမှာ ရမ္မက်နှင့် ဆန္ဒပဲ ရှိတော့ ၏။ကျွန်မ နှင့် ကိုလင်း တသားထဲဖြစ်သွားသည်။ ဘာတွေဖြစ်လို့ ဖြစ်မှန်း မသိတော့ဘဲ သတိပြန်ဝင်လာချိန်မှာ ကျွန် မက ကိုလင်းကို တင်းတင်းဖက်ထားဆဲ ရှိသေးသည်။

ကိုလင်း လည်းမောနေသည်။ ကျွန်မ လည်း နုံးခွေပြီး နွမ်း လျနေ၏။ အခုအချိန်မှာ ခံစားရမှုက တခြားယောက်ျားတွေနှင့်ပတ်သက်ခဲ့ ရချိန်တွေနှင့် လုံးဝမတူပါ။ ကျွန်မ တ ကိုယ်လုံးမှာ နှစ်သိမ့်အားရခြင်းတွေ ပြည့်နေသည်။ ကျွန်မ တိတ်တခိုးစွဲလမ်းချစ်ခဲ့ ရသူနှင့် အဆုံးတိုင်အောင် ချစ်ခွင့်ရခဲ့ ခြင်းကြောင့် ကျေနပ်နေမိသည်။

“မီးမဖွင့် လိုက်နဲ့နော်၊ ပုလဲ ရှက်တယ်”

ဒီနေ့မှ ချစ်သူဖြစ်ခဲ့ သူနှင့် နေ့မကူးခင်ပင် အဆင့်ကျော်မိသည်ကို သတိရပြီးနောက် ဝင်လာသည့်ရှက်စိတ်ကို မထိန်း နိုင်ဘဲ ပြောလိုက်မိသည်။

အဆုံးစွန် အထိချစ်ခဲ့ကြပြီးသည့် နောက် တယောက်ကိုတယောက်ဖက်၍ နားနေကြရင်း ပုလဲကပြောသည်။

“ဒီအခြေအနေ အထိရောက်ပြီးမှ ပုလဲရယ်”

“ဟာ … နောက်မှ ကွာ… ခုတော့ ပုလဲ ရှက်သေးတယ်”

“ကိုယ်တွိုင်းလက်သွားချင်လို့”

“ကိုလင်းကတော့ လုပ်ပြီ၊ ခနနေဦး”

မှောင်ထဲမှာ စောင်ကို စမ်းပြီး အဝတ်မဲ့ ကိုယ်လုံးပေါ်အုပ်လိုက်ရသည်။ ကျွန်မ တို့ ဇာတ်လမ်း မစခင်က ကျွန်မ ကိုယ်အပေါ်ပိုင်းမှာ ဘရာစီယာနှင့် အင်္ကျ ီ ရှိသေးသည်။

အဲဒါတွေကို ဘယ်အချိန်က ချွတ်ပစ်လိုက်မိသည်ကို ကျွန်မ မသိတော့ပါ။ ကျွန်မ ကိုယ်တိုင်ချွတ်သလား ကိုလင်းချွတ်တာလား ဆိုတာ မမှတ်မိသည့် အတွက်ရှက် စိတ်က ပိုကြီးလာသည်။ ယောက်ျားတွေနှင့် ပတ်သက်ပြီး ကျွန်မမှာ အရှက်ကုန်ခဲ့တာကြာပါပြီ။အသိစိတ်ရှိသည့်  ဝေဒနာချိန်ပြင် မှာဆိုရင်တောင် မထူးတော့ပါ။ ဒါပေမယ့်အခုက ကိုလင်းဖြစ်နေသည်။ ကျွန်မ တကယ်ကိုရှက် နေမိခြင်း ဖြစ်ပါသည်။

“ရပြီ”

မီးလင်းသွားပြီးနောက် ကိုလင်း ကိုမရွံမရဲ ခိုးကြည့်မိရာ အပေါ်ပိုင်းမှာ အဝတ်မပါသော်လည်းအောက်ကတော့ ပုဆိုး ဝတ်ထားတာတွေ့သည်။ သူလဲမှောင်ထဲမှာ စမ်းပြီးဝတ်ထားတာ ဖြစ်မည်။ ကျွန်မ ကိုလည်း မချိုမချဉ် မျက် နှာ ထားနှင့် ကြည့်နေ၏။

“ဘာကြည့်တာလဲ”

ရှက်စိတ်နှင့် အသံကုန်အော်လိုက်တော့မှ ကိုလင်းထွက်သွားသည်။ သူအပြင်ရောက်သွား ပြီး နောက်ဖေးဖက်က တံခါး ဖွင့်သံကြားရတော့မှ ကဗျာကယာ အဝတ်ထဝတ်ရသည်။ အခုန အဝတ်တွေကို လုံးထွေးပြီး ခြင်းထဲပစ် ထည့်လိုက်ပြီးနောက် တွေ့သည့် တီရှပ်နှင့် ထမိန်တထည် ကောက်စွပ်လိုက်ရသည်။ ကိုလင်း ပြန်ဝင်လာမှာစိုး လို့ အတွင်းခံတောင် မဝတ်တော့ပါ။ ကိုလင်း ပြန်လာတော့မှ ကျွန်မ လည်း အပြင်ထွက်ရသည်။

“ဘယ်လဲ”

“ဘယ်သွားသွားပေါ့”

ရေချိုးခန်းထဲမှာ သန့်ရှင်းရေးလုပ်ရင်း စိတ်ထဲမှာပျော်နေသလိုလို ခံစားရသည်။ ဒါပေမယ့် ချစ်သူနှင့် ချစ်ပွဲဝင် ရခြင်း၏ အရသာကို ကျွန်မ ကောင်းကောင်း သိခွင့် မရလိုက်သည့် အတွက်တော့ စိတ်ကသိကအောင့် ဖြစ်ရ သည်။ ကိုလင်းနှင့် ဖြစ်ခဲ့သမျှ အားလုံးလိုလိုကို သိချင်နေသည်။ အခုတော့ ကျွန်မ က သတိလက်လွတ်ဖြစ်သွား သည့် အတွက်ဘာမှမသိသလိုဖြစ်နေသည်။ ကျွန်မ အသိဝင်သည့် အချိန်ကို ရောက်တော့လည်း ကိစ္စက ပြီး သွားခဲ့ပြီ ဖြစ်သည်။

အခန်းထဲကို ရှက်ရှက်နှင့် ပြန်ဝင်သွားတော့ ကျွန်မ အိပ်ရာပေါ်မှာ အခန့်သားအိပ်နေသည့် ကိုလင်းကိုတွေ့ ရသည်။ ကျွန်မ ကိုမြင်တော့ လက်ယပ်ခေါ်၏။

“တခြမ်းစီ အိပ်တာပေါ့၊ လာလေ”

မတတ်သာလို့ ဝင်ထိုင်လိုက်ရပေမယ့် ကျွန်မ ကိုလင်းကို မျက်နှာချင်း မဆိုင်ဝံ့ပါ။ ကိုလင်းကို ကြည့်ရတာ အိပ်ချင် သေးပုံမရ။ ကျွန်မ လည်း မအိပ်ချင်သေးပါ။ ချစ်သူကို အနားမှာထားပြီး ကျော်ဖြတ်ရမည့် တညတာက ရင်ခုန်စ ရာကောင်းလို့ ကျွန်မ မျက်လုံးတွေ ကြောင်နေတာလည်း ဖြစ်နိုင်ပါသည်။ ရုတ်တရက် ဖြစ်သွားသည့် ပြောင်းလဲ ခြင်း တခုထဲမှာ ကျွန်မ အသားတကျမဖြစ်သေးလို့ လည်း ထင်မိပါသည်။

“မအိပ်သေးဘူးလား”

“မအိပ်ပါဘူး”

ကိုလင်း အမေးကို ချက်ချင်း ခွန်းတုံ့ပြန်မိသည်။

“ဘာဖြစ်နေတာလဲ ပုလဲရယ်”

“ဘာဖြစ်ရမှာလဲ၊ ပုလဲက မိန်းကလေးပဲ ရှက်တာပေါ့”

“ရှက်မနေနဲ့တော့နော်၊ ကိုယ်ကပုလဲ ကိုချစ်တယ်၊ ပုလဲကလဲ ကိုယ့်ကိုချစ်တယ် မဟုတ်လား”

ကျွန်မ ဘယ်လောက် အထိချစ်တာကို ပြောပြလိုက်ချင်ပါသည်။ ဖြစ်နိုင်ရင် ဘယ်အချိန်ကထဲက ချစ်ခဲ့ရသည် ဆိုတာကိုလည်း ပြောပြလိုက်ချင်ပါသေး၏။ ဒါပေမယ့် ကျွန်မ မှာ ပြောနိုင်ခွင့် မရှိပါ။

“ချစ်တယ်၊ ချစ်လွန်းလို့ ပုလဲ ခက်နေတာ”

“ခုန ရှက်တယ်ဆို၊ အခု ခက်တယ်တဲ့”

“တခုမေးမယ်”

“မေး”

“အထင်သေးလား”

“ဘာရယ်”

“ဒီနေ့ပဲ ရည်းစားဖြစ်တယ်၊ ဒီနေ့ပဲ ….ကိုလင်း နဲ့ ….”

ကျွန်မ အကြောက်ဆုံးအရာကို မေးမိသည်။ တကယ်လို့ ကိုလင်းကသာ ကျွန်မ ကို အညှာလွယ်သည့် မိန်းက လေး တယောက်၊ ကိုယ့်ဘဝကိုယ် တန်ဖိုးမထားသည့် မိန်းကလေး တယောက်လို့ မြင်သွားပြီဆိုရင် ကျွန်မ အ တွက်ဆေးမရှိတော့ပါ။ ကျွန်မ၏ ဝဋ်ကြွေးကြောင့် ဒီလိုဖြစ်ရပါသည်လို့လည်း ရှင်းပြလို့ မဖြစ်နိုင်ပြန်ပါ။ မိန်းမ ပေါ့ ကလေးတယောက်လို့ မြင်ရာကနေ အရူးမ လို့တောင်မြင်ချင်မြင်သွားနိုင်သည်။ ကိုလင်း ကျွန်မ ကို ဒီလိုမျိုး မြင် သွား ထင်သွားမှာ အရမ်းစိုးရိမ်မိပါသည်။

“အထင်မသေးဘူး၊ အရင်ကထက် ပိုချစ်သွားတယ်”

“အခုတော့ ဟုတ်မှာပေါ့၊ နောက်ပိုင်း ကျရင်သာ”

“တနင်္လာ နေ့ကျရင် ရုံးက ခွင့်ယူလိုက်”

“ဘာလုပ်ဖို့လဲ”

“တရားရုံးမှာ လက်မှတ်သွားထိုးမယ်၊ ကိုယ်ပုလဲ နဲ့ ခွဲမနေချင်တော့ဘူး”

“အပိုတွေ”

“တကယ်ပြောတာ၊ ပုလဲ အုပ်ထိန်းသူတွေ ခွင့်တောင်းစရာရှိတာ ရှိရင်တောင်းထားလိုက်တော့၊ ကိုယ် လိုက်ပြောရမယ် ဆိုလဲ လိုက်ပြောမယ်”

ကိုလင်း ဟန်ပန်နှင့် အမူအရာက တကယ်ပြောနေကြောင်း ထင်ရှားပါသည်။ ကိုလင်းနဲ့ သာလက်ထပ်ပြီး အတူ နေခွင့် ချစ်ခွင့်ရမည် ဆိုရင် ဒီဘဝကနေ မလွတ်မြောက်ဘဲထာဝရနေသွားရမည် ဆိုရင်တောင် နေနိုင်ပါသည်။ ဒါပေမယ့် အရာရာက ကိုယ့်ဆန္ဒ အတိုင်းဖြစ်ပျက်နေသည် မဟုတ်ပါ။ ကိုလင်းနှင့် ကျွန်မ ကြားမှာ ခြားနားခြင်း တွေရှိနေသည်။ ဝဏ္ဏရှိန် နှင့် မောင်မောင် ထွေးတို့ ကို လက်ထပ်ခဲ့ခြင်းမျိုးနှင့် အခုအခြေအနေက မတူပါ။ သူတို့ ကို တကယ်မချစ်ပါဘဲ နှင့် လက်ထပ်ခဲ့ပြီး ခွဲခွာရတော့လည်း ကလေးတွေသံယောဇဉ် တခုထဲကို ပဲ ခက်ခဲစွာရင် ဆိုင်ကျော် ဖြတ်ခဲ့ရ၏။ ကိုလင်းနှင့် သာလက်ထပ်ပြီးမှ ခွဲခွာရဦး မည်ဆိုရင် ကမ ္ဘာမြေပေါ်မှာ ကျွန်မ အတွက်နေ စရာ နေရာရှိမှာ မဟုတ်တော့ပါ။

“ဖြေးဖြေး ပေါ့ ကိုလင်းရယ်၊ အချိန်တွေ အများကြီး ရှိပါသေးတယ်”

“ပုလဲက ကိုယ်နဲ့ တူတူ မနေချင်လို့လား”

“မနေချင်ပဲ ရှိပါ့မလား၊ ပုလဲ ခံစားချက်ပုလဲ အသိဆုံးပေါ့၊ ကိုလင်း အတွက်ပြောတာပါ၊ ပုလဲ ကို မလေ့ လာတော့ဘူးလား”

“ခုဟာက စဉ်းစား ရမယ့်အချိန်လို့ မထင်ဘူး၊ ဆုံးဖြတ်ရမယ့် အချိန်၊ ကိုယ်ကတော့ ဆုံးဖြတ် ပြီးသွားပြီ”

“ပုလဲ ကို အချိန်နည်းနည်း လောက်ပေးပါလား”

ဒီကြားထဲမှာ ကျွန်မ ဟဉ်းစားရမည်။ ကိုလင်းကို လည်းစဉ်းစားခွင့် ပေးရမည် ဖြစ်သည်။ တူတူနေရမည့် အဖြစ် က တွေးလိုက်တာနှင့် ရင်ထဲမှာ ပျော်စရာဖြစ်သော်လည်း နောက်ဘာဖြစ်လာမည်ကို ပါထည့်တွေးရင်တော့ ကျွန်မ အတွက်ရင်မောစရာတွေသာရှိပါသည်။

“ပေးမယ်လေ၊ ဒါပေမယ့် မကြာစေနဲ့နော်”

“အင်းပါ၊ အခုမှ အသည်းအသန် နဲ့ အစ က ဒီလို မထင်ပါဘူး”

ကျွန်မ အပြောကြောင့် ကိုလင်း အသည်းယားသွားပုံရသည်။ ကျွန်မ ကို အတင်းအကြပ်ဖက်ထား၏။

“တအားမဖက်နဲ့ ကွာ၊ နာတယ်”

 “မအိပ်ချင်သေးဘူးလား”

“ဟင့်အင်း၊ ကိုလင်း အိပ်ချင်ပြီလား”

“ကိုယ်လဲ မအိပ်ချင်သေးပါဘူး”

“ဒါဆို ဘာလို့ မေးနေတာလဲ”

လက်ရှိအချိန်လေး၏ သာယာသောခံစားမှုက ကျွန်မကို ဖျားယောင်းယူလိုက်သည်။ ကိုလင်း၏ အကြင်နာ အယု အယတွေက ကျွန်မ၏ အခက်အခဲတွေကို ခေတ္တ မေ့သွားစေ၏။ ရောက်တတ်ရာရာ စကားတွေ လျှောက်ပြော နေ ကြရင်း ကျွန်မ ကြည်နူးနေစဉ် ကိုလင်း၏ မေးခွန်းတခုက ကျွန်မ ကိုလှုပ်နှိုးလိုက်သည်။

“ဒါနဲ့ ပုလဲ၊ ကိုယ်တို့ ပြန်လာတုံးက ပုလဲ ဘာဖြစ်တာလဲဟင်”

ရှိသမျှ အပျော်တွေ ပျောက်ဆုံးသွားပြီးနောက် ရင်ထဲမှာ အချက်ပေးခေါင်းလောင်းသံတွေ မြည်လာသည်။ မညာ ချင်တဲ့ ချစ်သူကို ကျွန်မ ရင်နာနာနှင့် ညာရဦးတော့ မည်ဆိုသည့် အသိက ကျွန်မ ကိုမောပန်းနွမ်းနယ်စေသည်။ ကိုလင်းကို ပြန်ဖြေသည့် အသံက ဖျော့တော့တိုးတိမ်နေသလို ကျွန်မ ရင်ထဲမှာလည်း တစစ်စစ် နှင့် ကျဉ်တက် လာရပါသည်။

“ဘာမှ မဖြစ်ပါဘူး၊ ကိုလင်း ကဘယ်လိုထင်လို့လဲ”

“ပယောဂ တွေ ဘာတွေ များကပ်လာသလားလို့”

 “ညမိုးချုပ်မှ အပြင်က ပြန်လာရင် ပုလဲ အဲဒီလိုဖြစ်တတ်တယ်”

“အဆန်းပါလား၊ အမြဲဖြစ်တာ လား”

“အင်း …. ငယ်ငယ်ထဲက၊ ခါတိုင်း ပုလဲ မိုးချုပ်အောင် ဘယ်တော့ မှ မနေဘူး၊ ဒီနေ့တော့ ကိုလင်း ကြောင့် သိလား”

“နောက်ဆို ဒီလို မျိုးဘယ်တော့မှ ဖြစ်စရာအကြောင်း မရှိတော့ဘူး၊ ကိုယ်တယောက်လုံး ရှိ တယ်”

ကျွန်မ ကို အကြိမ်ကြိမ် ကယ်တင်ကူညီဖူးသည့် ကိုလင်း ဒီတကြိမ်တော့ ကူညီနိုင်လိမ့်မည် မထင်ပါ။ ဒါပေမယ့် ချစ်သူက ဒီလိူုပြောတော့ လည်းကျွန်မ အားတက်ရပါ၏။

မမမြတ်လိုမျိုး ဝေဒနာမျိုးလောက်သာဆိုရင် ဘယ် လောက် ကောင်းမလဲဟု မချင့်မရဲ တွေးမိသည်။ မမမြတ် ဘယ်လောက်တောင် ခံစားရတာကို ကျွန်မ မြင်ဖူးလို့ သိပါသည်။ ဒါပေမယ့် ကိုလင်းသာ ကျွန်မနားမှာ နေပေးမည်ဆိုရင် ထိုဝေဒနာမျိုးကို ကျွန်မ သည်းခံကျော်ဖြတ် နိုင်လိမ့်မည်ဟု ယုံကြည်သည်။ မမမြတ်မှာသာ ကိုလင်းလိုချစ်သူတယောက်ရှိနေရင် ဘယ်လောက်ကောင်းမ လဲ လို့ တွေးမိသည်။ ကျွန်မ မှာတော့ နားလည်နှစ်သိမ့် ပေးနိုင်သည့် ကိုလင်းလို လူတယောက် ကံကောင်းထောက် မစွာရခဲ့သည်။ မြတ်မြတ်နိုးနိုး နှင့် ကိုလင်းကို ကျွန်မ စိုက်ငေးကြည့်မိသည်။

“ဘာဖြစ်လို့ကြည့်တာလဲ”

“ကြည့်ချင်လို့ကြည့်တာပေါ့ မကြည့်ရဘူးလား၊ ကိုယ့်ဘဲကိုယ်ကြည့်တာ ဘာဖြစ်လဲ”

ကျွန်မ အပြောနှင့် အကြည့်က ကိုလင်းရင်ကို လှုပ်ခတ်သွားစေပုံရသည်။ ကျွန်မ ကိုဖက်ပြီး အတင်းတွန်းလှဲ၏။ ကျွန်မ ရင်တွေ တဒိတ်ဒိတ်နှင့် ခုန်လာရသည်။

“ကိုလင်းကတော့ ခက်ပါတယ်၊ ဟာ… အင်..ဘာတွေလုပ်နေတာလဲ”

တီရှပ်ပေါ်ကနေ ကျွန်မ ရင်သားတွေကို လက်နှင့်ညှစ်သည်။ သူ့ရင်ခုန်သံတွေလည်း မြန်နေကြောင်းလူချင်းကပ် နေလို့ ကျွန်မ သိနေရသည်။

“ပြောလေ ကဲလေပဲ ကိုလင်းကကွာ”

ကိုလင်း နောက်တကြိမ်ချစ်ချင်နေသည်ထင်ပါသည်။ လိုက်လျောပေးဖို့ ကျွန်မ ဝန်မလေးပေမယ့် ရှက်စိတ်က လွှမ်း မိုးထားတော့ ကိုလင်းလက်တွေကို အတင်းပြန်ဖယ်ထုတ်နေမိသည်။

“မီးပိတ်လိုက်မယ် နော်”

ကိုလင်း အရမ်းတက်ကြွနေသည်။

“ပိတ်၊ ပိတ်”

ကိုလင်းမီးထပိတ်နေတုန်း အသာလေးထောင့်မှာကပ်ပြီးနေလိုက်သည်။ အသံမထွက်အောင်ငြိမ်ငြိမ်လေး နေရင်း ကျွန်မ ရင်ခုန်သံတွေကတော့ ကျယ်လောင်စွာ မြည်ဟိန်းနေသည်။ အိပ်ရာကျဉ်းကျဉ်း လေးထဲမှာဆိုတော့ ဘယ် လိုမှရှောင် မလွတ်ပါ။ မှောင်ထဲမှာ ကိုလင်း ကျွန်မ ကို ဖမ်းမိသွားသည်။

“ဒီလို ပြေးလို့ ဘယ်ရမလဲ”

“လူဆိုးကြီး”

သဘောမတူသလို ပြောလိုက်မိသော်လည်း ကျွန်မ ကိုလင်း အလိုကိုလိုက်ဖို့ အဆင်သင့် ဖြစ်နေပါပြီ။ ဝေဒနာ ချိန် မဟုတ်လို့ အရာအားလုံးကို သိနေမည်ဖြစ်သည်။ ထို့အတူနာကျင်မှုကို လည်း ခံစားရမည် ဖြစ်သည်။ ဒါ ပေမယ့် ကျွန်မ ဂရုမစိုက်တော့ပါ။ ဝေဒနာချိန် ပြင်ပမှာ ကျွန်မကို နှိပ်စက် ခဲ့သည့် ယောက်ျားတွေ ကြုံခဲ့ဖူးပါပြီ။ သူတို့ နှင့်တောင် တောင့်ခံနိုင်ခဲ့ပါလျှင် ကျွန်မချစ်ရသူအတွက် ဒီနာကျင်မှုတွေက အသေး အဖွဲသာဖြစ်ပါသည်။

နောက်တွန့် နေစရာ အကြောင်းမရှိပါ။

ယောက်ျားလက်ပေမယ့် အလုပ်ကြမ်း မလုပ်ဖူးသူဆိုတော့ ကိုလင်းလက်က မိန်းကလေး လက်တမျှနူးညံ့သည်။ ထိုလက်တွေနှင့် ကျွန်မ တကိုယ်လုံးကို ပွတ်ပေး၏။ထိုအထိအတွေ့က ကျွန်မ အတွက်ရမ္မက်ကို ယူမလာသော် လည်း ကျေနပ်ပီတိကိုတော့ ပေးပါသည်။

“ကိုလင်း ရယ်”

မှောင်ထဲမှာ ကိုလင်း မျက်နှာကိုဆွဲယူပြီး နမ်းမိသည်။ တီရှပ်ကို ချွတ်တော့ ကျောကိုကြွပြီး လက်ကိုပါ မြှောက် ထားပေးလိုက်သည်။ ကျွန်မ ရင်သားတွေကို ကိုလင်းတော်တော် သဘောကျပုံရသည်။ လက်နှင့် အကြိမ် ကြိမ် ဆုပ်နယ် သလို ပါးစပ်နှင့် အကြာကြီးစို့၏။ ကြာတော့ ကျွန်မ နို့သီးခေါင်းတွေ ကျိန်းလာသည်။ ဒါပေမယ့်ကို လင်း ဆံပင်တွေကို အသာအယာပွတ်ပေးရင်း ကျွန်မ ကြိတ်ခံနေလိုက်ပါသည်။ ထမိန်ကို ဖြေပြီးအောက်ကို လက်နှင့် နှိုက်ဖို့ လုပ်တော့ ကျွန်မ ကိုလင်းလက်ကိုအတင်းဆွဲထားမိသည်။

“မဟုတ်တာ မလုပ်နဲ့ ရွံစရာကြီး”

“ဒါဆို ဟုတ်တာပဲ လုပ်ရမယ်ပေါ့”

“ကိုလင်းနော်”

ကိုယ်ပေါ်ကို ကိုလင်းခွလိုက်သည့် အခါ အလိုက်သင့်ပေါင်ကို ကားပေးထားမိသည်။ အခုနတုန်းက အရည်တွေ တရွှဲရွှဲ ထွက်ခဲ့သလောက် အခုထွက်မှာ မဟုတ်တော့နာမှာသေချာပါသည်။ ကိုလင်းက ခပ်ဖြည်းဖြည်းသွင်းလိုက် ပေမယ့် စူးအောင့်သွားတာကြောင့် ကျွန်မ အမှတ်တမဲ့ စုတ်သတ်မိသည်။

“အား ..ကျွတ် ..ကျွတ်”

“နာလို့လားဟင် ပုလဲ”

ကျွန်မ ဖြေမနေတော့ဘဲ ကိုလင်းကိုပဲ ဆွဲနမ်းလိုက်သည်။ ကိုလင်း ဆန္ဒပြည့်ဖို့ ဘယ်လောက်နာနာ ရင်ဆိုင်နိုင် ပါသည်။ချစ်သောသူပေးသည့် နာကျင်ခြင်းက ကျွန်မ အတွက်ချိုမြိန်ပါ၏။ ကိုလင်းလှုပ်လိုက်တိုင်း နာသည်။ ဘယ် လောက်လုပ်လုပ်လုပ် အရည်မထွက်လာလို့ ကြာတော့ အထဲမှာစပ်လာသည်။ ဒါပေမယ့် ကျွန်မ အား တင်းပြီးကျိတ်ခံသည်။ မနေနိုင်လွန်းမှ အသာအယာခိုးညည်းရသည်။ အဲဒီအချိန် မျိုးဆိုရင်တော့ ကိုလင်းအ ရှိန် ပြန်လျော့သွားသည်။

ချစ်သူနှင့် ချစ်ပွဲဝင်နေချိန်မှာ အသိစိတ်ရှိနေဖို့ အခုန ကျွန်မ တောင့်တခဲ့သည်။ အခု ကျွန်မ တောင့်တခဲ့သလိုဖြစ် လာသော်လည်း ကျွန်မမှာ ခံစားရခက်နေသည်။ နာကျင်မှုမှ အပ ဘာကိုမှမသိရ။ ဒါလည်း ကျွန်မ၏ ဝဋ်ကြွေးတ မျိုး ဖြစ်လိမ့် မည်ထင်ပါသည်။ ဒါပေမယ့် ဒီဝဋ်ကြွေးကတော့ ကျွန်မ လိုလိုချင်ချင် ယူတဲ့ဝဋ်ကြွေး လို့ဆိုနိုင်ပါသည်။ နာကျင်ရသည် မှန်သော်လည်း ကျွန်မ ပျော်နေမိသည်။

မှောင်ထဲမှာ ကိုလင်း ကိုယ်လုံးကိုစမ်းရတာ၊ ထွက်သက်လေ ပြင်းပြင်းက ကျွန်မ ကိုလာမှန်တာ၊ ကျွန်မကသူ့ကို နမ်းမိသလို သူကလည်း ကျွန်မကို ပြန်နမ်းတာ၊ တခါတရံ နှုတ်ခမ်းချင်း မွတ်သိပ်စွာ စုပ်မိကြတာ အားလုံးကို ကျွန်မ ကျေနပ်ပါသည်။ ကိုလင်းနဲ့ ခုလိုနေရဖို့ ကျွန်မခံစားရသည့် နာကျင်ခြင်းတွေနဲ့ ပေးဆပ်ရတာ တန်သည် ဟု ကျွန်မ ကျေကျေနပ်နပ်ကို လက်ခံပါသည်။

အခုန တကြိမ်လုပ်ထားပြီးသားဆိုတော့ ဒီတကြိမ်က နည်းနည်းပိုကြာသည်။ စိတ်က ဘယ်လိုရှိရှိ ကိုယ်ခန္ဓာက နာကျင်မှုကို သူ့အလိုလိုတုန့်ပြန်သည့် အခါ ကျွန်မမျက်ရည်စို့လာသည်။ ဗိုက်ကြောတွေနှင့် ပေါင်ကြောတွေနာ လာသည်။ ဒါပေမယ့် ကိုလင်းကို တားမြစ်ဖို့ လုံး၀ စိတ်မကူးမိပါ။ ကိုလင်းက တညလုံး ဆိုရင်လည်းကျွန်မနေ ပေးလိုက်မည်ပင်။

ကိုလင်း ကိစ္စပြီးသွား ချိန်မှာတော့ ကျွန်မ စိတ်ကိုလျှော့ချလိုက်သည်။ လူလည်း အားအင်တွေကုန်ခမ်းပြီး လှုပ် တောင်မလှုပ်ချင်တော့ ဦးကျော်ဒင် နဲ့ နေ့ခင်းဖက် အိပ်ရတာထက်စာရင် အများကြီးတော်သေးသည် လို့တွေး ရင်း ကျွန်မ မောပန်းစွာ အိပ်ပျော်သွားမိပါသည်။ ဒီလို အိပ်ပျော်သွားရတာက ကျွန်မ အကျဉ်းအကြပ်ထဲ ရောက်ဖို့မှန်းသိရင် ကျွန်မ တညလုံး မအိပ်ဘဲ ထိုင်နေ လိုက်မှာဖြစ်သည်။ ဒါပေမယ့် ခြေကုန်လက်ပန်းကျပြီး အိပ်မောကျသွားခြင်းကြောင့် ကျွန်မ ကိုယ်ပေါ်က ဒါဏ်ရာ တွေကို ကိုလင်း မြင်သွားခဲ့၏။

........................

အိပ်ပျော်နေရင်းကနေ တစုံတယောက်က ဆွဲလိုက်သလို ခံစားလိုက်ရပြီး ကျွန်မ အိပ်ရာက ရုတ်တရက်နိုးလာ သည်။ ဝေေ၀ဝါးဝါး အာရုံတွေထဲတွင် ကျွန်မ ခြေရင်းမှာထိုင်နေသည့် ကိုလင်းကို အရင်ဆုံး သတိပြုလိုက်မိ သည်။ ကိုလင်းက ကျွန်မ ကိုယ်အောက်ပိုင်း ကိုစူးစိုက်ကြည့်နေသည်။ သူကြည့်ပုံကြောင့် ကျွန်မ ရှက်ပြီးမေး လိုက်မိသည်။

“ဟင် … ကို လင်း၊ ဘာလဲ”

မေးရင်းနှင့်စောင်ကို လက်နှင့်စမ်းပြီး ကိုယ်ပေါ်ကို ဖုံးလိုက်ရသည်။ တခုခု မှားနေပြီလို့တော့ စိတ်ကထင်သည်။ ကိုလင်းလို လူက မိန်းကလေးတယောက်၏ လျှို့ဝှက်သော နေရာကိုအရသာခံပြီး ထိုင်ကြည့်နေမည့် သူမျိုးမ ဟုတ်ပါ။

“ဘာလုပ်မလို့လဲ၊ ကိုလင်းက ဆိုးတယ်ကွာ၊ သူများရှက်ပါတယ် ဆိုနေမှ”

“ဟို ဒါဏ်ရာတွေက ဘာဖြစ်တာလဲဟင်”

“ဘာလဲ၊ ဘာဒါဏ်ရာတွေလဲ”

မေးလိုက်ပြီးတော့မှ ကျွန်မ တကိုယ်လုံးရေခဲထဲကို နစ်ဝင်သွားသလိုအေးစက်ထုံထိုင်းသွားရသည်။ ကိုလင်း ကြည့်နေသောနေရာမှာ ဘာတွေရှိသည်ဆိုတာကို သတိရသွားသည်။

ငယ်ထိပ်ကိုမြွေပေါက်သလို ဟုပြောကြ သည့် ခံစားမှုကို ကျွန်မ လက်တွေ့ ကြုံလိုက်ရသည်။စောင်ကို အတင်းဆွဲဖယ်ဖို့ကြိုးစားလာသည့် ကိုလင်းကို ရှောင်တိမ်းရင်း ကျွန်မ နံရံနားကို ကပ်မိသွားသည်။ အကြောက်အကန် ရှောင်တိမ်းနေသည့် ကျွန်မ ကြောင့် ကိုလင်းစောင်ကို လှန်ဖို့ မကြိုးစားတော့ပါ ကျွန်မကို သာ နားမလည်နိုင်သည့် မျက်လုံးတွေနှင့်စိုက်ကြည့်နေသည်။ ကြောက်စိတ် စိုးရွံ့စိတ်တွေကြောင့် ကျွန်မ တကိုယ် လုံး ချုပ်တည်း မရအောင်တုန်ရီပြီး မျက်ရည်တွေလည်း ထိန်းမနိုင်သိမ်းမရ စီးကျလာတော့သည်။ ဖြစ်နိုင်ရင်ဒီ နေရာကနေ အငွေ့ပျံပျောက်ဆုံးလို့သွားချင်ပါတော့သည်။

“သေအောင်သာသတ်လိုက်ပါတော့ ကိုလင်းရယ်”

ကိုလင်းက ကျွန်မ ကို ဖက်ဖို့ကြိုးစားသည်။ ကျွန်မက လက်မခံသည့်အခါ လက်ကိုမရအရလိုက်ဆွဲ ဖမ်းပြီး အေးစက်နေသည့် ကျွန်မလက်ကို ဆုပ်ကိုင်ရင်း ညင်သာသောအသံဖြင့်မေးသည်။

“ကိုယ့်ကို ပြောပြပါလား ပုလဲ”

ကျွန်မ မှာပြောစရာစကားလုံး မရှိပါ။ ခေါင်းခါရုံပဲ တတ်နိုင်ပါသည်။ ပြောစရာရှိရင်လည်း ပြောထွက်မည့်စကား တွေမဟုတ်ပါ။ ဒီဒါဏ်ရာ တွေဘယ်လိုရခဲ့ သည်ဆိုတာကို အမှန်အတိုင်းပြောရင်လည်း ယုံကြည်လောက်စရာ တခုမှ မရှိပါ။ ဒါပေမယ့် ဒီကိစ္စ နှင့် ပတ်သက်ပြီး ကိုလင်း တစုံတရာသိနေသလိုလိုမျိုးလည်း ကျွန်မ စိတ်မှာခံ စားနေရသည်။

 “ဘာဖြစ်လို့လဲ”

“မပြောပြလို့ မရဘူးလား”

“ကိုယ် အတင်းမတောင်းဆိုပါဘူး၊ ဒါပေမယ့် သိချင်တာတော့ အမှန်ပဲ”

“ကြာရင်ပျောက်သွားမှာပါ၊”

ပြောလိုက်သည့် စကားသံက ကျွန်မကိုယ်တိုင်တောင်မှ ကောင်းစွာမကြားရလောက်အောင် တိုးတိမ် နွမ်း ဖျော့ နေသည်။ ရင်ထဲမှာလည်း အလုံးကြီးတခုက ဆို့နေသလိုခံစားနေ ရသောကြောင့် စကားပြောထွက်ဖို့ ကျွန်မမှာ ခွန်အား ကင်းမဲ့နေပါသည်။ ကိုလင်း အမူအရာက အေးအေးဆေးဆေး ရှိသော်လည်း ဒီအကြောင်း ကိုသူသိ ချင် နေမှန်း သိအောင်ကြိုးစားတော့မည်မှန်း ပေါ်လွင်နေ၏။ ဒီတခါ ကိုလင်း ကျွန်မ ကိုဖက်လာတော့ ရှောင်ဖယ်ဖို့ ကျွန်မမှာ အင်အားမရှိတော့ပါ။ ကိုလင်း ရင်ခွင်ထဲသို့ ရောက်သွားသည်။ ကျွန်မ လက်တွေကအေးစက်နေသ လောက် ကိုလင်းလက်တွေကတော့ ပူနွေးနေသည်။

 “ညတုန်းက မီးပိတ် ခိုင်းတာ ကိုယ်ဒါတွေ မြင်သွားမှာ စိုးလို့လား”

“မဟုတ်ဘူး၊ မဟုတ်ဘူး”

ကိုလင်းရင်ခွင်ကို အတင်းတိုးဝှေ့ ရင်းအကြောက်အကန်ညင်းမိသည်။ ကျွန်မ ညတုန်းက ဒီဒါဏ်ရာတွေကို မေ့ လျော့နေခဲ့ ပါသည်။ မနေ့က ညသည် ကျွန်မ အတွက် ရမ္မက်တခုထဲမဟုတ်၊ အချစ် ဆိုသည့် ခံစားမှု လည်း တွဲနေသည့်အတွက် ကျွန်မ ပိုပြီးရူးရူးမူးမူးဖြစ်ခဲ့ရပါသည်။

 “မနေ့က ဒါတွေကို သတိလုံး၀ မရဘူး၊ ပုလဲက မိန်းကလေးပါ ကိုလင်းရယ်၊ ကိုလင်း ကိုချစ်လို့ အလို လိုက် ချင်တယ်၊ ရှက်လဲ အရမ်းရှက်တယ်၊ ဒါကြောင့် မီးပိတ်ခိုင်းတာပါ”

ကိုလင်း မျက်နှာပိုပြီးနူးညံ့ပျော့ပြောင်းသွားသည်။ ကျွန်မ နဖူးကဆံစလေးတွေကို ပွတ်သပ်ပေးရင်း

“အခုကော ရှက်သေးလားပုလဲ၊ မရှက်နဲ့တော့နော်”

“ကြောက်တယ်”

“ဘာကိုကြောက်တာလဲ”

“ပုလဲ မဖြေချင်တာတွေကို အတင်းမေးမှာကို ကြောက်တယ်”

“မဖြေချင် မဖြေပါနဲ့၊ ကိုယ်အတင်းမမေးပါဘူး”

“ကိုလင်း စိတ်မဆိုးပါဘူးနော်”

“မဆိုးပါဘူး၊ ဒါပေမယ့် သိတော့ သိချင်တယ်”

ကိုလင်း သိချင်တာကို အပြစ်မဆိုနိုင်ပါ။ ကျွန်မ ဆိုရင်လည်း သိချင်မှာသေချာပါသည်။ ကိုလင်းလို တဖက် လူက ပြောလာအောင် အလိုက်သင့်စောင့်တာမျိုးလုပ်နေမှာ မဟုတ်ဘဲ အတင်းအကျပ်မေးမိမှာသေချာပါသည်။ ကျွန်မ နှင့် ကိုလင်းဆိုတာလည်း သာမန်ထက်ပိုသည့် ဆက်သွယ်ရင်းနှီးမှုတွေရှိနေပြီ ဖြစ်လို့ အတင်းမေးရင်တောင်မှ ကို လင်း အလွန်လို့ မဆိုသာပါ။ ဒါပေမယ့် ကျွန်မ ချစ်သောကိုလင်း ကတော့ ကျွန်မ က မပြောဘူးဆိုလည်း အလိုက် သိစွာ ဖြင့် နေပေးမည့် သူမျိုးဖြစ်နေတာ ကျွန်မ အလွန်ကံကောင်းပါသည်။

 “ပုလဲ ကိုလင်း ကိုချစ်တဲ့ အထဲမှာ အဲဒါကြောင့်လဲပါတယ်”

“ဘာကိုလဲ”

“သူများကို နားလည်ပေးတတ်တာ၊ ညှာတာထောက်ထားတတ်တာ ကိုပေါ့”

“ဒါကတော့ လူတိုင်းလူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ ကိုယ်ဆိုတာ ရှိတတ် တာပဲ ပုလဲ ရာ”

ကိုလင်း၏ သိတတ်မှုက ကျွန်မကို ပိုပြီးကြေကွဲစေပါသည်။ အားတုံ့ အားနာလည်း ဖြစ်ရသည်။ ကျွန်မကိုယ်ပေါ် က ဒါဏ်ရာတွေကို ဝဏ္ဏရှိန် လည်းမြင်ဖူးသည်။ ဝဏ္ဏရှိန် မေးတုန်းကတော့ အတင်း ပိတ်ကာငြင်းပယ်ခဲ့ ပေမယ့် ကိုလင်း ကိုကျတော့ ဒီလိုမလုပ်ရက်ပါ။ ဒါကတော့ ကိုလင်းကို ချစ်လို့ ဖြစ်လိမ့်မည် ထင်ပါသည်။ သူသူ ကိုယ် ကိုယ် ဒါဏ်ရာဆိုတာ ရတတ်ပါသည်။ ကိုယ်ခန္ဓာ၏ အခြားသော အစိတ်အပိုင်းများမှာဆိုရင် အဖြေတခုကို လွယ် လွယ်ပေးလို့ ရနိုင်ပေမယ့် ကျွန်မ ဒါဏ်ရာတွေရှိတဲ့ နေရာကတော့သာမန် အကြောင်းတရား မဟုတ်မှန်းသိသာ နေသည်။

“ပုလဲ စဉ်းစားနေပါတယ်၊ ပုလဲ နဲ့ ပတ်သက်ပြီး ကိုလင်း မသိတာ တွေ ကိုရှင်းပြဖို့၊ သတ္တိမွေး ကြည့် ပါ့မယ်”

“ဒီလောက်တောင်ပဲလား”

“အင်း”

ကျွန်မ ဘယ်လောက်အထိ သတ္တိမွေးရမည် ဆိုတာကို ကျွန်မ သာအသိဆုံးဖြစ်ပါသည်။ မိန်းကလေးတယောက် ၏ လျှို့ဝှက်အပ်သော နေရာက ဒါဏ်ရာတွေ အများကြီးရှိသည်ဆိုတာသဘာဝမကျပါ။ ရက်ပိုင်းအတွင်းကဒါဏ် ရာတွေ ဆိုရင် လတ်လတ်ဆတ်ဆတ်ရှိနေသေးသည်။ မျက်ရည်တွေဝဲရင်း တွေဝေနေသည့် ကျွန်မကို ကိုလင်း က ချော့ရှာပါသည်။

“ဒါဆိုလဲ ဘာမှ မပြောနဲ့တော့ အားလုံးမေ့ထားလိုက်တော့၊ ကိုယ်တို့ ပျော်ပျော်ပဲ နေကြမယ် လေ”

“ကိုလင်း တကယ်ပျော် နိုင်လား”

“တကယ်ပါ”

“အင်းလေ၊ ကိုလင်း ပျော်ရင် ပုလဲ လည်းပျော်မှာပါ”

ကိုလင်း စိတ်ချမ်းသာဖို့ အလိုက်သင့်ပြောလိုက်ရပေမယ့် ကျွန်မ ဘယ်လိုမှပျော်နိုင်မှာ မဟုတ်တာ ကိုယ့်ဖာ သာသိနေသည်။ လူသိမခံနိုင်သည့် နေရာမှာ ဒါဏ်ရာတွေ ရှိနေသော လျှို့ဝှက်ချက်တွေနှင့်မိန်းကလေးကို ချစ် ရင်း ကိုလင်းပျော်နိုင်မှာလားဟု ကျွန်မ မရေမရာစဉ်းစားနေမိသည်။ လူမြင်မကောင်းသော၊ လူကြားမကောင်း သောကိစ္စ ကို မသိယောင်ပြုရင်း နေရမည့် ကိုလင်းကို တွေးရင်းတွေးရင် ပိုပို သနားလာသည် အားနာလာ သည်။ ခေတ္တရပ်နားသွား ခဲ့သည့် မျက်ရည်တွေလည်း ပြန်စီးကျလာ၏။

 “ပုလဲ အသားလေးက အရမ်းနူးညံ့တာပဲကွာ၊ ချောမွတ်နေတာပဲ ကိုင်လို့လည်း အရမ်းကောင်း တယ်”

စောင်ကနေ လွတ်နေသောကျောပြင်ကို သပ်ရင်းပြောသည်။ ကျွန်မ စိတ်ပြောင်းအောင်ချော့နေမှန်း သိလို့ ရင် နာနာ နှင့် ငြိမ်နေမိ၏။ ကျွန်မ ငြိမ်နေတော့ ကိုလင်း ပိုအတင့်ရဲလာပြီးကိုယ်အပေါ်ပိုင်းကိုဖုံးထားသည့်စောင် ကို လုံးလုံး လျားလျားခွာချလိုက်၏။ ကိုလင်း ဘာဆက်လုပ်မလဲသိချင်လို့ ကျွန်မ ငြိမ်နေမိသည်။

 “ဒါပေမယ့် ရှေ့က ပိုကိုင်လို့ ကောင်းတယ် သိလား”

ကျွန်မ ရင်သားတွေကို လာပွတ်တော့ မှ

“စောစောစီးစီး ကိုလင်းရယ်”

“ဒါဆို ညမှလား”

“ကိုလင်း ကလဲကွာ၊ စိတ်ညစ်နေတာကို ပေါက်ကရတွေ လာပြောနေတယ်”

“တကယ်ပြောတာ၊ ကိုယ်ပုလဲ ဆီကနေလုံး၀ မပြန်တော့ဘူး”

“မပြန်နဲ့၊ မပြန်နဲ့ တသက်လုံးနေ ဟုတ်ပြီလား”

ကျွန်မ နှင့် ကိုလင်း တယောက်တခွန်း စကားနိုင်လုပြောရင်းကနေ ရင်ချင်းအပ်ပြီး ဖက်ထားမိကြသည်။ နောက် ဘာတွေ ဖြစ်လာဦးမည်ကို ကျွန်မ မသိသေးပါ။ လတ်တလောမှာရှိနေသည့် ချစ်သူ၏ ရင်ခွင်ကိုသာ ကျွန်မ မက် မောတွယ်တာစွာ တိုးဝင်လိုက်မိသည်မှာ ရူးမိုက်မှုတခုဟု ဆိုနိုင်မလား ကိုလင်းကို ဖက်ထားရင်း ကျွန်မ တွေးနေ မိပါသည်။

........................

ကိုလင်း ကျွန်မ ဆီမှာနှစ်ရက်ဆက်ပြီး နေဖြစ်သွားသည်။ လက်မထပ်ရသေးဘဲ နှင့် မိန်းကလေးတယောက် ဆီမှာ ဒီလိုလာနေတာကိုလင်း၏ စရိုတ်မဟုတ်ပါ။ သူ့ကြောင့်လူတဖက်သားအနှောက် အယှက်ဖြစ်မှာကို အ လွန်စိုးရိမ် တတ်သူက ခုလိုပေကပ် နေခြင်းမှာ ကျွန်မ ကိုစိတ်ပူသောကြောင့် ဖြစ်မှန်း ကျွန်မ သိပါသည်။ ကျွန် မ ကို မခွဲ နိုင်တာလည်း ပါပါလိမ့်မည်။ ကျွန်မ ကလည်း ကိုလင်းနှင့် မခွဲချင်ပါ။ ကိုလင်း နဲ့ အခုလိုနေရဖို့ ဆိုတာက ကျွန်မ အိပ်မက်တောင် မမက်ဝံ့ခဲ့သည့် အရာဖြစ်ပါသည်။ အလိုချင်ဆုံးသောဆုကို ရခဲ့ပေမယ့် ကျွန်မ အတွက် လွတ်လွတ်လပ်လပ် မပျော်ဝံ့သော ဘဝအတွက်တော့ စိတ်ပျက် ဝမ်းနည်းရပါသည်။

ဒီရက်တွေထဲမှာ ကျွန်မ စိတ်တွေဂယောက်ဂယက် ဖြစ်နေသည်။ ကိုလင်း ကလည်းဒါကိုပဲ စိတ်မချဖြစ်နေခြင်း ဖြစ်ပါသည်။ ကိုလင်း အနားမှာရှိနေလို့ ပျော်ရွှင်ကြည်နူးနေရာမှနေ ကိုယ့်ဘ၀ အကြောင်း ခေါင်းထဲဝင်လာပါက အပျော်တွေ ပျောက်ပြီး စိတ်ပျက်ဝမ်းနည်းမှုတွေ ချက်ချင်းဝင်ရောက်လာသည်။ အဲဒီအချိန် မျိုးတွေမှာ ကြည်နူး ခံစားနေရတာတွေကို နှမျောစိတ် ဖြင့် စိတ်အကြီးအကျယ်တိုရသည်။ ထိုအချိန်တွေမှာ အရူးမ တယောက်လို ယောက်ယက်ခပ်နေမိသည်။

တကယ်ရူးသွားရင် ကောင်းမည်ဟု ကျွန်မ အကြိမ်ကြိမ်တွေးမိပါသည်။ စိတ္တဇ ဝေဒနာရှင် ဆိုသည်မှာ မိုးရွာတာ နေပူတာကိုလည်းမသိ၊ ချမ်းတာ အိုက်တာတွေကိုလည်းနားမလည်၊ အများသူငါ နှင့် ကင်းလွတ်သော သူတို့ စိတ်ကူးအတွေး ကမ ္ဘာ ထဲမှာ သူတို့စိတ်တိုင်းကျ ဖြစ်နေနိုင်သည်။ လူ့ အသိုင်းအဝိုင်း၏ အယူအဆသတ်မှတ် ချက်တွေသူတို့ပေါ်မှာ သက်ရောက်မှု မရှိသလို သူတို့ကလည်း ဂရုမစိုက်ဘဲ နေနိုင်ကြသည်။ ဒါကြောင့် ကျွန်မ သွက်သွက် လည်အောင်ရူးသွားချင်သည်။ သေချာတာ တခုကတော့

ဘယ်လောက်ပင် ရူးသွပ် သွားပါစေ ကို လင်း ကိုတော့ ကျွန်မ မေ့နိုင်လိမ့်မည် မထင်ပါ။ အရူးမ ဘဝနဲ့ ကိုလင်းကို ဆက်ချစ်ခွင့် ရနေရင်လည်း ကျွန်မ ကြေနပ်ပါသည်။

ကျွန်မ ကိုယ်ပေါ်က ဒါဏ်ရာတွေကို ကိုလင်းမြင်မသွားဖူးဆိုရင် ဘယ်လောက်ကောင်းမလဲ ဟုလည်း မချင့်မရဲ တွေးမိသည်။ ထို့ကြောင့် မောပန်းစွာဖြင့် နှစ်နှစ်ချိုက်ချိုက်အိပ်ပျော်သွားမိသည့် ကိုယ့်ကိုယ်ကိုပဲ ကြိတ်ပြီးအ ပြစ်တင်မိပါသည်။ ဒါဆိုရင် ကျွန်မ နဲ့ ကိုလင်း ဒီထက်ပျော်ရွှင်ခွင့် ရမည် ထင်ပါသည်။ ကျွန်မ မပြောချင်မှန်းသိ လို့ ကိုလင်းက နောက်ထပ်လုံး၀ မမေးတော့ပါ။ ကျွန်မ မှာသာ ကိုလင်း ကို မပြောနိုင် မပြောရက်တာတွေအ တွက် ရင်ထဲမချိအောင် ခံစားနေရသည်။ စိတ်ထဲမှာ လိပ်ပြာမလုံပါ။

ကျွန်မ စိတ်ပျော်ဖို့ ကိုလင်း တတ်နိုင်သလောက် ကြိုးစားနေတာကို မြင်ရင် ပိုပြီးရင်နာရသည်။ ဘုရားတရား နှင့် မအပ်စပ်သော ကျွန်မ ကို ရွှေတိဂုံ ဘုရားသို့ခေါ်သွားသည်။

ဘုရားကို ဦးချပြီးနောက် ဘာလုပ်ရမှန်း မသိဘဲ လက်အုပ်ချီကာ အကြာကြီးထိုင်နေမိ၏။ ကိုလင်းကတော့ ကျွန်မ ဘုရားအကြာကြီး ရှိခိုးတယ်လို့ ထင်ပေမည်။ ဘုရားအာရုံပြုယောင်ဆောင်ရင်း ကိုလင်း ကို မသိမသာအကဲခတ်ကြည့်ရာ စိတ်ရှည်လက်ရှည် နှင့် ထိုင်စောင့် ပေးနေသည်။ ဘုရားရိပ်တရားရိပ်မှာ ကျွန်မ စိတ်အေးချမ်းမှုရလိမ့်မည်ဟု ကိုလင်းယူဆ ထားပုံရပါသည်။ ဘုရား က ပြန်တော့လည်း ကန်တော်ကြီးလိုက်ပို့သည်။ ကိုယ့် အပူနှင့် ကိုယ်ဆိုတော့လည်း ကန်တော်ကြီးရေပြင်က ကျွန်မ ကို အေးချမ်းမှု မပေးနိုင်ပါ။

ကိုလင်း စိတ်မသက်မသာဖြစ် မှာစိုးလို့ ကြိုးစားပြီး တည်တည်ငြိမ်ငြိမ် ပျော်ပျော်ရွှင်ရွှင် နေပြရခြင်းကလည်း ကျွန်မ အတွက် အရမ်းကိုခက်ခဲသော အရာဖြစ်ပါသည်။

ဒါပေမယ့် ကိုလင်း အတွက်လို့ စိတ်မှာထားပြီး အား တင်း ဟန်ဆောင်နေပေးသည့် အခါ ကိုလင်းကတောင် ကျွန်မ စိတ်တည်ငြိမ်သွားပြီလို့ ထင်မှတ်သွား၏။ အိမ် ကို ပြန်ရောက်တော့ ကိုလင်းက ကျွန်မ စိတ်မညစ်စေရန် ထပ်ပြီးကတိပေးပါသည်။

“အခု ပုလဲ မှာ စိတ်ညစ်စရာ အခက်အခဲတခုခု ရှိတယ် ဆိုပါတော့၊ ပုလဲ အနေနဲ့ ကိုယ့်ကို ဖွင့်ပြောမယ် ဆိုပြော နိုင်တယ်၊ ပုလဲ အတွက်ကိုယ်တတ် နိုင်တာလုပ်ပေးမယ်။တကယ် လို့မပြောချင်ဘူးထား၊ အဲဒါကို မေ့ပစ်လိုက် တော့၊ ကိုယ်ဘာမှ မေးလဲ မမေးဘူး၊ကိုယ့်ကို ပြောပြစရာလဲ မလိုဘူး၊ ကိုယ်စိတ်ဝင်စားတာ က ပုလဲ နဲ့ပျော်ပျော် ရွှင် ရွှင် ချစ်သွားကြဖို့ပဲ၊ ရှေ့ ကိုပဲ သွားကြမယ်”

ပြောတာတော့ လွယ်ပါသည်။ ရေရှည်မှာ ဖြစ်မဖြစ်တော့ ကျွန်မ လည်း တပ်အပ်မပြောနိုင်ပါ။ ကိုလင်းက ဝဏ္ဏ ရှိန် တို့ မောင်မောင်ထွေး တို့ထက် တည်ငြိမ်ရင့်ကျက်သူတယောက် ဆိုတော့ အရင် အကြိမ်တွေ နှင့် ကွဲပြားမှု တွေလည်း ရှိကောင်း ရှိနိုင်ပါသည်။

“ပုလဲ လည်း အဲဒီလိုပဲဖြစ်ချင်ပါတယ်၊ ဒါပေမယ့် ကိုလင်းရယ်၊ ဒီကောင်မလေး ရူးနေတယ်လို့ မထင်ဘူးလား၊ အဲဒီကောင်မလေးကို ချစ်ဖို့ကိုရော စိတ်ပျက် မသွားဘူးလား”

“အဲဒါတော့ စိတ်ချ၊ ပုလဲပြောသလို ရူးနေတယ်ဆိုလဲ မတတ်နိုင်တော့ဘူး၊ ကိုယ်ပုလဲ ကို အရမ်းချစ်မိနေပြီ။ ပုလဲကို လက်ထပ်လို့ အရူးမလင်လို့ ပြောကြလည်း ပြောကြပါစေတော့”

“အောင်မယ်၊ လူကိုများ အရူးမတဲ့”

အရင်လို သူနဲ့ စကားနိုင်လုပြီး ပြောတော့ ကျွန်မ ပုံမှန်ဖြစ်ပြီဟု သတ်မှတ်ပြီး ကိုလင်းကျေနပ်နေသည်။ ကျွန်မ က လည်း သူစိတ်ချမ်းသာစေရန် ပြောလိုက်ဆိုလိုက် နေပေးမိသည်။

“တူတူ နေကြမယ်နော်”

“စဉ်းစားနေပါတယ် ကိုလင်းရယ်”

“ပုလဲက စဉ်းစားတာ မှ မဟုတ်တာ ကိုယ့်ကိုယ်ကို နှိပ်စက်နေတာပဲ”

“အဲဒါ ပုလဲ ဝဋ်ကြွေးပေါ့”

“ကိုယ်တခု မေးမယ်၊ ပုလဲ ခုလို ကိုယ်နဲ့နေရတာ ပျော်သလား”

“မေးစရာတောင် မလိုပါဘူး၊ ပျော်လွန်းလို့ ကြောက်နေတာ”

“ဘာကိုကြောက်တာလဲ၊ ကိုယ့်ကိုကြောက်တာလား”

“ကိုလင်း ကိုဘာလို့ကြောက်ရမှာလဲ၊ မကြောက်ဘူး၊ ချစ်တယ်”

“ဒါဆို ဘာကို ကြောက်တာလဲ”

အမှန်ပြောရန် မဖြစ်နိုင်သည့် အတွက်ကျွန်မ နှုတ်ဆွံ့သွားရသည်။ နောက်ထပ် စကားပြန်ပြောဖို့ တော်တော် အား မွေးရပါသည်။

“ကိုလင်း မသိပါဘူး၊ သိလဲ မသိစေချင်ပါဘူး၊ သိရင် ကိုလင်းလဲစိတ်ညစ်ရလိမ့်မယ်”

“ပုလဲ တယောက်ထဲ စိတ်ညစ်တာ ဘယ်ကြည့်ရက်မလဲ။ စိတ်ညစ်တော့လဲ တူတူပေါ့၊ မဟုတ် ဘူးလား”

ကိုလင်း တကယ်ကို ကျွန်မ နှင့် ထပ်တူစိတ်မှာ ထားကြောင်း ကျွန်မ ယုံပါသည်။ ပုံမှန် မဟုတ်သည့် အကြောင်း အရာတခုကို ကျွန်မဆီမှာ တွေ့ထားပေမယ့် ကျွန်မ မဖြေချင်တဲ့ စကားကို မမေးဘဲ ချုပ်တည်း နေနိုင်တာကို လည်း ကျေးဇူးတင်ရပါ၏။ မမေးပေမယ့် သူသိချင်လိမ့်မည် ဆိုတာ ကျွန်မ သိပါသည်။ ကျွန်မတို့ ဒုတိယမြောက် အချစ်ညကို ဖန်ဆင်းပြီးကြပြီးနောက်မှာတော့ ကျွန်မ ဒါဏ်ရာတွေကို ကြည့်ချင်ပုံပြ လာလို့ မထူးတော့ သည့် တူတူ သူ့ စိတ်ကြိုက်ကြည့်ခွင့် ပေးလိုက်သည်။

ကျွန်မ နှင့် ကိုလင်းကြားမှာအရှက် တရားဆိုတာ မရှိတော့ပါ။ ဒါကြောင့် ကျွန်မ၏ မမြင်အပ်သည့်နေရာကို ကို လင်း သေသေချာချာ ကြည့်လာတော့ ရှက်စိတ်မရှိကြောက်စိတ်ပဲရှိပါသည်။ ဒါဏ်ရာတွေ အမာရွတ်တွေကို သူ က လက်နှင့် ရွရွလေး ပွတ်ကြည့်ချိန်မှာ ကျွန်မ အသက်ကို အောင့်ထားမိပါသည်။

“အရမ်းနာ မှာပဲ နော်”

ကြင်နာစွာပြောလိုက်သည့် စကားကြောင့် ကျွန်မ မျက်ရည်ဝဲရသည်။ ကျွန်မ အကြောင်းတွေ၊ အဖြစ်မှန်တွေကို ပြောပြလိုက်ချင်ပါသည်။ ပြောလို့ကလည်း မဖြစ်ပြန်ရာ မျက်ရည်တွေကိုသာ မျက်လုံးထဲက သွန်ချလိုက်မိသည်။ မငိုမိအောင် အားတင်းလို့ လုံး၀ မရတော့ပါ။

 “ကိုယ် ပုလဲကို စိတ်ထိခိုက်အောင် မရည်ရွယ်ပါဘူး၊ ပုလဲရယ်၊ ဆောရီးနော်”

ကျွန်မ အတွက် အလုံခြုံဆုံးနှင့် အနွေးထွေးဆုံးသော ကိုလင်းရင်ခွင်ကို သာအတင်းတိုးဝင်ငိုမိသည်။ ကိုလင်းက တော့ ကျွန်မ ကျောပြင်ကို ညင်ညင်သာသာ သပ်ပေးရင်းအငိုတိတ်အောင် ချော့ရှာပါသည်။ ကျွန်မ ၏ စိတ်တွေ ပြန်လည် လျော့ကျသွားချိန်မှာတော့ ကိုလင်းက ကျွန်မကို အချစ်နယ်သို့ တခေါက်ပြန်ခေါ်သွားသည်။ ဝေဒနာ ချိန်မဟုတ်လို့ ကျွန်မ အရမ်းနာပါသည်။ ဒါပေမယ့် ကိုလင်းကို အားတင်းပြုံးပြပေးခဲ့သည်။ ကျွန်မ မချစ်သူ တွေ ကိုတောင် လိုက်လျောနိုင်ခဲ့ လျှင် ကျွန်မ ချစ်သူအတွက် မလိုက်လျောဝံ့စရာ မရှိပါ။

နောက်တနေ့ မနက် ကျွန်မတို့ ဘယ်သွားမယ် ဘာလုပ်မယ် အချေအတင်ပြော နေချိန်မှာ ကိုလင်းဆီဖုန်းဝင်လာ သည်။ ကိုလင်းကို ထားခဲ့ပြီး အပြင်ကို ထွက်သွားပြီးတော့မှ မေနှင်းဦး ဆက်မှန်းသိလိုက်ရလို့ ကျွန်မ ပြန်ဝင်လာ ပြီး ကိုလင်းဖုန်းပြောလို့ မရအောင်နှောက်ယှက်မိသည်။ မေနှင်းဦး ဆက်ရခြင်း အကြောင်းက ရုံးချုပ်ကို အစည်း ဝေးလာဖို့ လှမ်းခေါ်ခြင်း ဖြစ်၏။ သူများတွေ နားနေရသည့် ရက်မှာခေါ်လို့ ကျွန်မ စိတ်တိုသွားရပေမယ့် ဝတ္တရား ကျေချင်သည့် ကိုလင်းကတော့ သွားဖို့ ပြင်သည်။

“ကိုလင်း က လည်းသိပ်သွားချင်တယ် မဟုတ်လား”

“အလုပ်ကိစ္စ မို့ပါကွာ၊ ဒီလိုလုပ် ပုလဲပါလိုက်ခဲ့”

“ဘာလိုက်လုပ်မှာလဲ၊ ဒီကပဲ စောင့်တော့မယ်”

နေခဲ့ မည်ပြောပြီးမှ ကျွန်မ မနေခဲ့ချင်တော့ပြန်။ ကိုလင်းက မေနှင်းဦး နှင့် အစည်းအဝေးလုပ်နေချိန်မှာ ကျွန်မက အိမ်မှာ တယောက်ထဲ မနေခဲ့ချင်ပါ။ အပြင်သွားနေဖို့ ကျွန်မဆုံး ဖြတ်လိုက်သည်။

“ပုလဲ လည်းဈေးဝယ် စရာလေးတွေ ရှိတယ်၊ လမ်းသင့်တဲ့ အထိကိုလင်းနဲ့ လိုက်ခဲ့မယ်လေ၊အပြန်တော့ ပုလဲ ဖာသာပဲပြန်ခဲ့မယ်၊ ပြန်ရောက်ရင် ကိုလင်းဆီ ဖုန်းလှမ်းဆက်လိုက်မယ်”

“အဲလိုလဲ ရတာပဲ၊ သွားကြမယ်လေ”

ထွက်ခါနီးမှ ကိုလင်းကားသော့ ပျောက်သည်။ မနေ့က ကိုလင်းဆီက ထွက်ကျလာသည့် သော့တွဲကို ကျွန်မ အိတ် ထဲကောက်ထည့်ထားတာကိုလင်း မေ့နေသည်။

 “အော်၊ ပုလဲ ဆီမှာလေ၊ မနေ့က ကားပေါ်မှာ ကိုလင်းအိတ်ထဲက ထွက်ကျလို့ ပုလဲယူသိမ်း လိုက်တာ မ မှတ်မိဘူးလား”

“ဟုတ်တယ်၊ ကိုယ်မေ့နေတာ”

ကျွန်မ အိတ်ထဲက သော့တွဲကို ကိုလင်းကို ထုတ်အပေးတွင် တစုံတရာက သော့တွဲနှင့် ချိတ်ပါလာပြီး ကြမ်း ပြင် ပေါ်ကို ပြုတ်ကျသွားသည်။ ကိုလင်း ကလက်မြန်ခြေမြန်နှင့်လှမ်းကောက်လိုက်သည့် အရာကြောင့် ကျွန်မ နှလုံး သွေးတွေ ရပ်တန့်သွားသည်။ ညဖက် ဝေဒနာချိန်တွေမှာ ကျွန်မသုံးသည့် အပ်ကြီးက ကိုလင်းလက်ထဲ သို့ရောက် နေသည်။ ဘယ်အချိန်က အိတ်ထဲကို ထည့်ထားမိမှန်းကျွန်မ လည်း မသိတော့ပါ။

 “ဘာလဲ မသိဘူး”

မသိသလိုမေး လိုက်ပေမယ့် ကိုလင်းက ဉာဏ်ကောင်းသူတယောက် ဖြစ်ပါသည်။ ဖြစ်နိုင်ချေကို ဆက်စပ်တွေး မိသွားပုံလည်း ရပါသည်။ အပ်ကြီးကို စေ့စေ့ စပ်စပ် လှည့်ပတ်ကြည့်လိုက်ပြီးနောက် အိမ်ရှေ့က စားပွဲလေး ပေါ် ကို လှမ်းတင်လိုက်ပြီး ဘာမှ အမှု မထားမိဟန် မျက်နှာဖြင့် ကျွန်မ ကိုခေါ်လိုက်၏။

 “သွားကြမယ်လေ”

ကျောက်ရုပ်တရုပ်လို ရပ်နေမိရာမှ ကိုလင်းနောက်ကို တိတ်ဆိတ်စွာလိုက်ခဲ့ မိသည်။ လမ်းမှာကိုလင်းက စကား တွေပြောသည်။ ကျွန်မ ပြန်မပြောမိ။ ကိုလင်း မျက်နှာကိုသာ စိုးရိမ် တကြီးကြည့်နေသည်။ ကိုလင်း ဘာမှထုတ် မပြောပေမယ့် ကျွန်မ ဒါဏ်ရာတွေနှင့် အပ်ကို ကိုလင်း ဆက်စပ်မိသွားပြီဆိုတာ သေချာပါသည်။ လဘက်ရည်ဆိုင်မှာ မနက်စာစားကြပြီး နောက် ဆက်ထွက်လာကြရင်း ဈေးလေး တခုနားမှာ ကိုလင်းကို ကားရပ်ခိုင်း ပြီး ဆင်း လိုက်သည်။

 “ဒီမှာပဲ ဆင်းတော့မယ်”

ခြောက်ကပ်သော အသံနှင့် အားတင်းကာပြောပြီး ကျွန်မ ထွက်လာခဲ့သည်။ တကယ်တော့ ကျွန်မမှာ ဈေးဝယ်ဖို့ စိတ်ကူးမရှိပါ။ အိမ်မှာမနေချင်လို့ ထွက်လာမိခြင်း သာဖြစ်ပါသည်။ ကိုလင်းက အပ်ကို မိသွားပြီဆိုတော့ ကျွန်မ ပိုပြီး ဦးတည်ရာမဲ့သွားသည်။ ကိုလင်းက ဒီအကြောင်း တွေကို မေးလာမှာ မဟုတ်ပေမယ့် ကျွန်မ ကတော့ စိတ်မသန့်တော့ပါ။ ကိုလင်း ကို တခုခုတော့ ပြောပြချင်သည်။ ဖြေရှင်းချင်သည်။ ဒါပေမယ့် ဘာပြောရမယ်မှန်း လဲမသိပါ။

လူတွေရှုပ်ထွေးနေသည့် ဈေးထဲမှာ ကျွန်မ ခြေဦးတည့်ရာသွားနေမိသည်။ အသီးအရွက် ဆိုင်တွေကြားလဲ ရောက် သည်။ သားငါးရောင်းသည့် အတန်းထဲမှာ လည်း နှစ်ခေါက်လောက် ဖြတ်လျှောက်မိသည်။ ဈေးအိမ် သာ ဝကိုဘယ်နေရာမှန်း မသိရောက်သွားပြီး အမျိုးသားအိမ်သာခန်း ဖြစ်နေလို့ အစောင့် အမျိုးသမီးက သတိပေး တော့မှ ယောင်ချာချာ နှင့် လှည့်ထွက်လာပြီး ဈေးပြင်ကို ပြန်ရောက်လာသည်။ မလှမ်းမကမ်းမှာ ဘတ်စ်ကား မှတ် တိုင်ကို မြင်လိုက်ရလို့ လာသည့် ဘတ်စ်ကားတက်စီးမည်ဟု စိတ်ကူးနှင့် မှတ်တိုင်ဆီအလာတွင် မှတ် တိုင်က ခုံတန်းလေးမှာ ထိုင်ပြီး ပလပ်စတစ်ခြင်းလေးထဲမှာ တစုံတရာကိုငုံ့ ရှာနေပုံရသည့် အမျိုးသမီးတယောက် ကို မြင်လိုက်ရလို့ ကျွန်မ ခြေလှမ်းတွေ တုံ့သွားရသည်။

ပိန်ပိန်သွယ်သွယ် ကိုယ်လုံး၊ နှာတံနှင့် မေးရိုးကျပုံထင်ရှားသည့် အမျိုးသမီး သည် ဘယ်လိုမှလူမှားနိုင်စရာမရှိ ပါ။ သူမ၏ မျက်နှာက ကျွန်မ အရင်မြင်ဖူးနေကြအတိုင်းပင် ဖြစ်သည်။ နှစ်တွေကြာပေမယ့် ရင့်ရော် မသွား၊ စိတ် ပင်ပန်း လူပင်ပန်း ဟန်နှင့် ရီဝေေ၀ မျက်လုံးတွေ ရှိသည့် အမျိုးသမီးမှာ ဒီလောကမှာ ကျွန်မ အတွေ့ချင်ဆုံးသောအယုံ ကြည်ဆုံး အားအကိုးဆုံး သူဖြစ်သည့် မမမြတ် ဟု သေချာသိလိုက်ရသည် နှင့် အပြေးတပိုင်းပင် သူမ နားကိုရောက်သွား ပါတော့သည်။


အပိုင်း (၂၁) ဆက်ရန် >>>>