Tuesday, August 23, 2016

သံသာစက်၌ အပိုင်း ( ၈ )

သံသာစက်၌ အပိုင်း ( ၈ )

ဂျင်ကလိ ရေးသည်။

“တကယ်ပြောတာ၊ ပုလဲ အုပ်ထိန်းသူတွေ ခွင့်တောင်းစရာရှိတာ ရှိရင်တောင်းထားလိုက်တော့၊ကိုယ် လိုက်ပြောရမယ် ဆိုလဲ လိုက်ပြောမယ်”

ပုလဲ ကိုယ်လုံးလေး ပျော့ကျသွားသည်ကို ကျွန်တော် သတိပြုလိုက်မိသည်။ ကျွန်တော့်ရင်ခွင် ထဲ တိုးဝင်ရင်း

“ဖြေးဖြေး ပေါ့ ကိုလင်းရယ်၊ အချိန်တွေ အများကြီး ရှိပါသေးတယ်”

“ပုလဲက ကိုယ်နဲ့ တူတူ မနေချင်လို့လား”

“မနေချင်ပဲ ရှိပါ့မလား၊ ပုလဲ ခံစားချက်ပုလဲ အသိဆုံးပေါ့၊ ကိုလင်း အတွက်ပြောတာပါ၊ ပုလဲ ကို မလေ့လာတော့ဘူးလား”

“ခုဟာက စဉ်းစား ရမယ့်အချိန်လို့ မထင်ဘူး၊ ဆုံးဖြတ်ရမယ့် အချိန်၊ ကိုယ်ကတော့ ဆုံးဖြတ် ပြီးသွားပြီ”

“ပုလဲ ကို အချိန်နည်းနည်း လောက်ပေးပါလား”

ကျွန်တော့် ကို ခပ်ဖွဖွ လေးတချက်နမ်းရင်း ပုလဲပြောသည်။ ကိုယ့်လိုအင်ထက် တဖက်ကမိန်း ကလေးတယောက်၏ အခွင့်အရေးကိုလည်း နားလည်ပေးသင့်သည်ဟု တွေးမိသောကြောင့်

“ပေးမယ်လေ၊ ဒါပေမယ့် မကြာစေနဲ့နော်”

“အင်းပါ၊ အခုမှ အသည်းအသန် နဲ့ အစ က ဒီလို မထင်ပါဘူး”

လက်ကနဲ လွင့်လာသော မျက်စောင်းလေးကြောင့် အသည်းယား ပြီး ပုလဲကို ပိုပြီးတင်းကြပ် စွာ ဖက်လိုက်မိသည်။

“တအားမဖက်နဲ့ ကွာ၊ နာတယ်”

ပြန်လျှော့ပေးလိုက်ရင်း

“မအိပ်ချင်သေးဘူးလား”

“ဟင့်အင်း၊ ကိုလင်း အိပ်ချင်ပြီလား”

“ကိုယ်လဲ မအိပ်ချင်သေးပါဘူး”

“ဒါဆို ဘာလို့ မေးနေတာလဲ”

နှစ်ယောက်လုံး မအိပ်ချင်ကြသေးတာကြောင့် စကားထိုင်ပြောနေမိကြသည်။ ပုလဲ လည်း ရှက် စိတ်တွေ ပျယ်လွင့်သွားပြီ ထင်သည်။ကျွန်တော့် ကို မူလိုက်နွဲ့လိုက် နှင့် ပျော်နေပုံရ၏။

“ဒါနဲ့ ပုလဲ၊ ကိုယ်တို့ ပြန်လာတုံးက ပုလဲ ဘာဖြစ်တာလဲဟင်”

ပုလဲ တောင့်တောင့် လေးပြန်ဖြစ်သွားသည်။

“ဘာမှ မဖြစ်ပါဘူး၊ ကိုလင်း ကဘယ်လိုထင်လို့လဲ”

“ပယောဂ တွေ ဘာတွေ များကပ်လာသလားလို့”

ပုလဲ မျက်နှာ မှာ အပြုံးလေးတခု ပေါ်လာသည်။

“ညမိုးချုပ်မှ အပြင်က ပြန်လာရင် ပုလဲ အဲဒီလိုဖြစ်တတ်တယ်”

“အဆန်းပါလား၊ အမြဲဖြစ်တာ လား”

“အင်း …. ငယ်ငယ်ထဲက၊ ခါတိုင်း ပုလဲ မိုးချုပ်အောင် ဘယ်တော့ မှ မနေဘူး၊ ဒီနေ့တော့ ကိုလင်း ကြောင့်သိလား”

“နောက်ဆို ဒီလို မျိုးဘယ်တော့မှ ဖြစ်စရာအကြောင်း မရှိတော့ဘူး၊ ကိုယ်တယောက်လုံး ရှိ တယ်”

ပုလဲ ပြုံးပြန်သည်။ ကျွန်တော့် မျက်လုံးတွေထဲကို စူးစူးစိုက်ကြည့်ပြီး ပြုံးခြင်းဖြစ်သည်။

“ဘာဖြစ်လို့ကြည့်တာလဲ”

“ကြည့်ချင်လို့ကြည့်တာပေါ့ မကြည့်ရဘူးလား၊ ကိုယ့်ဘဲကိုယ်ကြည့်တာ ဘာဖြစ်လဲ”

အပြော၊ အကြည့်နှင့် အမူအရာ က ကျွန်တော့် ကိုယ်ထဲက သွေးတွေကို ဆူပွက်သွားစေ၏။ သွေးကြောတိုင်းဆီသို့ တိုးဝင်လာသော ခံစားချက် ၏တုန်ခါမှု ကြောင့် စိတ်မထိန်းနိုင်တော့ဘဲ ပုလဲ ကို အိပ်ယာပေါ်ဆွဲလှဲလိုက်မိသည်။

“ကိုလင်းကတော့ ခက်ပါတယ်၊ ဟာ… အင်..ဘာတွေလုပ်နေတာလဲ”

အခုနက ကျွန်တော် အိမ်သာ သွားနေတုန်း ကပျာကသီ အဝတ်လဲလိုက်ရလို့ ဖြစ်မည် ပုလဲ ဝတ်ထားသည့်တီရှပ်က တထပ်တည်း။ အောက်မှာ ဘာအခုအခံ မှမရှိ ကြောင်း ကျွန်တော် စမ်းသပ်တွေ့ရှိလိုက်ရသည်။

“ပြောလေ ကဲလေပဲ ကိုလင်းကကွာ”

မီးရောင်မှာ ပုလဲ မျက်နှာလေးကရဲ တွတ်နေသည်။ ကျွန်တော် အကြံရသွား၏။

“မီးပိတ်လိုက်မယ် နော်”

နှုတ်ခမ်းစူ၍ မျက်စောင်းထိုးသည်။ ပြီးတော့မှ ဆောင့်ဆောင့် အောင့်အောင့်ဖြင့်

“ပိတ်၊ ပိတ်”

ကျွန်တော် မီးခလုပ်ထပိတ်လိုက်ပြီး ပြန်ထိုင်ချလိုက်ချိန်တွင် မူလနေရာမှာ ပုလဲ မရှိတော့။ မှောင်ထဲမှာမျက်လုံးကို အကျင့်ရအောင်လုပ်ရင်း ဟိုဒီလိုက်စမ်း သော်လည်း မတွေ့ပါ။ ငြိမ် ငြိမ်လေး ထိုင်နေလိုက်ပြီး နားကို သေသေချာချာစွင့် လိုက်မှ တိုးညင်းသော အသက်ရှုသံ လေးတခု ကို နံရံ ဖက်မှ ကြားလိုက်ရသည်။ ကျွန်တော့် လှုပ်ရှားမှု ကို ပုလဲ သတိမပြု မိအောင် ကိုယ်ကို ဖြေးဖြေးချင်း လှည့်ပြီး မျက်နှာမူ မိသည်နှင့် ခုန်အုပ်လိုက်၏။ ပုလဲ၏ခါးကို မိမိရရ ဖမ်းမိသွားသည်။

“ဒီလို ပြေးလို့ ဘယ်ရမလဲ”

“လူဆိုးကြီး”

လက်နုနုလေး တွေဖြင့်ရင်ဘတ်ကို ထုသော်လည်း ကျွန်တော့် ကိုနာကျဉ် စေလိုစိတ် ပုလဲ မှာ မရှိကြောင်း ကျွန်တော် သေသေချာချာ သိပါသည်။

“ချစ်လို့ပေါ့ ပုလဲရယ်”

“သူချစ်တာကြီးကလဲ”

ပါးစပ်က ဘယ်လိုပြောပြော ပုလဲ ကျွန်တော့် အလိုကို လိုက်ပါသည်။ ပုလဲ၏ ခန္ဒာ ကိုယ် နေ ရာတိုင်းသည် နူးညံ့ပျော့ပျောင်းလွန်းလှသည်။ နုနယ်သော ပုလဲ အတွက် ဒုတိယ အကြိမ် သည် ပထမအကြိမ်ထက် ခက်ခဲပုံရ၏။ ခုတကြိမ်မှာ ပုလဲ ပို၍ အော်ညည်းသည်။

“နာလို့လားဟင် ပုလဲ”

အမေးကို မဖြေ၊ ကျွန်တော့် ခေါင်းကို ဆွဲနှိမ့်ပြီး မျက်နှာကို နမ်းသည်။ အလိုက်သိလွန်းသည့် ပုလဲကြောင့် ကျေနပ်ပီတိဖြစ်ရသည်။ ထို့ကြောင့် အနူးညံ့ဆုံး နှင့် အညင်သာဆုံး ဖြစ်စေရန် ကျွန်တော် အားထုတ်ရပါသည်။ ပုလဲ မညည်းတော့ပါ။ ကျွန်တော့်ကို ချစ်သည် ဟုသာ ထပ် ခါ တလဲလဲ ပြောနေသည်။ ပထမတခါ တုန်းကလည်း ဒီလိုပင်။

လှုပ်ရှားမှု နှင့် အားအင်ကို ထိန်းချုပ်ရသော အခါ ပထမအကြိမ်ထက် ပိုပြီး အချိန်ကြာသွား ၏။ကျွန်တော် မောသလို ပုလဲ လည်း မောဟိုက်နေသည်။ သူမ၏ အသက်ရှုသံက ပြင်းသထက် ပြင်းလာ၏။ နောက်ဆုံးပန်းတိုင်ကို ဖြတ်ကျော်ပြီး ချိန်တွင် နှစ်ယောက်လုံး လှုပ်ပင်မလှုပ် နိုင်အောင် ပင်ပန်းသွားကြသည်။ ကျွန်တော် အိပ်ပျော် မသွားမှီလေးတွင် ပုလဲလည်း အသက်မှန်မှန်ရှုပြီး အိပ်ပျော်သွား နှင့် ပြီဖြစ်ကြောင်း သိလိုက်ရသည်။

နောက်မှ အိပ်ပျော်သွားသူဖြစ်သော်လည်း အရင်နိုးသူက ကျွန်တော် ဖြစ်၏။ တလုံးတည်း သော ခေါင်းအုံး ကို ကျွန်တော်အုံးထားပြီး ပုလဲကတော့ ကျွန်တော့် ဘေးမှာ ဒီတိုင်း အိပ်ပျော် နေသည်။ မိုးစင်စင်လည်း လင်းခဲ့ပြီဖြစ်သောကြောင့် တစောင်းလေး အိပ်ပျော် နေသောပုလဲ ကို ကျွန်တော် သေချာစွာမြင်ခွင့်ရလိုက်သည်။

ညက ပင်ပန်းစွာ အိပ်ပျော်သွားသဖြင့် ပုလဲ အဝတ်ပြန်မဝတ်လိုက်ရ။ မှန်ပြတင်းပေါက် မှ တိုးဝင်လာသော မနက်ခင်း နေရောင်ခြည်က ပုလဲ၏ အဝတ်မဲ့ ကိုယ်လေးကို ရွှေဝါရောင်ဖြန်းပေးထားသည်။ ဖြူနုသော အသားလေးတွေက နေရောင်မှာ ရွှေရောင်တောက်နေသည်။

ကျွန်တော် တမက်တမော ယုယခဲ့ရသည့် ရင်နှစ်မွှာ က အလင်းရောင်အောက်မှာ လှလွန်းသည်။ လူက သွယ်သွယ်နွဲ့နွဲ့ ပေမယ့် ပုလဲ၏ ရင်တွေကတော့ ဝင့်ဝင့်ကြွားကြွားရှိသည်။သားကောင်းမိခင် ပီသသည့်ဂုဏ်ရည်တစ်ခု အဖြစ် တွေးပြီး ကျွန်တော် ကျေနပ်ရသည်။ဗိုက်သား ဝါဝါအိအိတွေ၏ အောက်ဖက်သို့ အကြည့်အရောက်တွင်တော့ ကျွန်တော့ သွေးတွေ အေးစက်တောင့်တင်းသွားရ၏။

သွေးတွေ ခြောက်နေသည့် ဒါဏ်ရာတွေက ချက် အောက်ပိုင်းတခုလုံးမှာ ပြည့်နှက်နေ၏။ ချွန် ထက်သော အရာတခုခု နှင့် နှင့် ထိုးခြစ် ထားသည့် ဒါဏ်ရာတွေ။ မြင်လို့တောင် မကောင်း ပေအပေါက်အပေါက် တွေ နှင့် အစင်းကြောင်း နက်နက် တွေက ကျွန်တော် မခင်မြရင် ဆီမှာ တွေ့ခဲ့တာ ထက် ပိုပြီးများ လွန်းသည်။ ချက်အောက် ပိုင်း တလက်မ လောက်မှ နေ၍ ပေါင် အရင်း ပိုင်း နားအထိ ရှိသည်။ အသားဖြူလွန်းသည့် အတွက် နီညို ရောင် ဒါဏ် ရာတွေက ထင် ရှားလွန်း၏။ အမာရွတ်သေးသေး လေးတွေက လည်း မရေမတွက်နိုင်အောင် မွစာကျဲနေသည်။

ထိတ်လန့်တကြားဖြင့် သေချာအောင်ကြည့်ရန် ပုလဲကို ပက်လက်ဆွဲလှန်လိုက်မိသည်။ ပုလဲ နိုးသွား၏။

“ဟင် … ကို လင်း၊ ဘာလဲ”

အိပ်ချင်မူးတူးဖြင့် မေး ပြီးနောက် အသိချက်ချင်း ဝင်သွားပုံရသည်။ ဘေးမှာ ပုံကျနေသော စောင် ကိုဆွဲပြီး ကိုယ်ပေါ်အုပ်လိုက်၏။ ရဲရဲနီသော မျက်နှာလေးဖြင့် ကျွန်တော့် ကို အပြစ် တင်သည်။

“ဘာလုပ်မလို့လဲ၊ ကိုလင်းက ဆိုးတယ်ကွာ၊ သူများရှက်ပါတယ် ဆိုနေမှ”

“ဟို ဒါဏ်ရာတွေက ဘာဖြစ်တာလဲဟင်”

“ဘာလဲ၊ ဘာဒါဏ်ရာတွေလဲ”

ကျွန်တော် ပုလဲကိုယ်ပေါ်က စောင်ကို အတင်းဆွဲဖယ်ဖို့ကြိုးစားသည်။ လူးလှိမ့်ပြီး ပုလဲ အ တင်း ရှောင်၏။ နောက်ဆုံး နံရံနားကပ်သွားပြီး စောင်ကို ကျစ်ကျစ်ပါအောင်ဆုပ်၍ ဝပ်ထား ၏။ ပုလဲ တကိုယ်လုံးတဆတ်ဆတ် တုန်ရီနေသလို မျက်နှာကလည်း သွေးတစက်မှ မရှိတော့သလို ဖွေးဖွေးဖြူ နေ၏။ ဖြူဖျော့ နေသော မျက်နှာ ပေါ်မှာ မျက်ရည်တွေလည်း တပေါက် ပေါက် လိမ့်ဆင်းနေသည်။

“သေအောင်သာသတ်လိုက်ပါတော့ ကိုလင်းရယ်”

အူလှိုက်သည်းလှိုက်ငိုနေသော ပုလဲကိုကြည့်ရင်း ကျွန်တော့်ရင်ထဲပါဆို့လာသည်။ ပုလဲ လက် ကို လှမ်းကိုင်လိုက်ရာ ရှောင်သေး၏။ ချောင်ပိတ်မိနေသည့် အတွက် ကျွန်တော် အမိအရဖမ်း သော အခါ မလွတ်တော့။ ပုလဲလက် က ရေခဲတမျှ အေးစက်နေသည်။

“ကိုယ့်ကို ပြောပြပါလား ပုလဲ”

ခေါင်းကို ခပ်သွက်သွက်ခါသည်။ မျက်ရည်စတွေက လွင့်စင် ထွက်လာပြီး ကျွန်တော့် လက် ပေါ် ကိုကျသည်။ ကျွန်တော် ပုလဲကို နားလည်ပါသည်။ လူကြားမကောင်းသည့် အကြောင်း အရာတခုကို ဖွင့်ပြောဖို့ မိန်းကလေးတယောက် အနေနှင့် အခက်အခဲ ရှိမည် မလွဲပါ။ ဆွေဇင်လတ် ကိုယ်ပေါ်မှာ ဒီလို မျိုးတွေမြင်ခဲ့သည်ဟု ဝဏ္ဏရှိန် ပြောဖူးသည်။ မခင်မြရင် ဆီမှာ ကျွန် တော် ကိုယ်တိုင်တွေ့ခဲ့ဖူးသည်။

ဆွေဇင်လတ် နှင့် မခင်မြရင် သည် ကျွန်တော် နှင့် သိကျွမ်းသည် မှအပ တစုံတရာ သက်ဆိုင် ခြင်း မရှိကြပါ။ ပုလဲရည် ကတော့ ကျွန်တော့် ချစ်သူမိန်းကလေး ဖြစ်သည်။ ကျွန်တော် တို့ နှစ် ယောက်၏ အနေ အထားကလည်း ချစ်သူအဆင့် ကိုကျော်လွန်ခဲ့ပြီဟု ဆို နိုင်၏။ ထို့ကြောင့် ကျွန်တော် ဒီအကြောင်းကို သိသင့်သည် ဟုထင်မိပါသည်။

“ဘာဖြစ်လို့လဲ”

“မပြောပြလို့ မရဘူးလား”

“ကိုယ် အတင်းမတောင်းဆိုပါဘူး၊ ဒါပေမယ့် သိချင်တာတော့ အမှန်ပဲ”

“ကြာရင်ပျောက်သွားမှာပါ”

ပုလဲ အသံကတောင်းပန် တိုးလျှိုးနေသလိုပင်။ ဆို့နင့်တိမ်ဝင်နေ၏။ ဆက်၍ မေးရမှာ ကျွန် တော် ဝန်လေးနေမိ၏။ သို့သော်သိချင်စိတ်ကိုလည်း မဖျောက်ဖျက် နိုင်သဖြင့် ပုလဲ ပြော ချင် လာအောင် လှည့်ပတ်မေးဖို့ စဉ်းစားလိုက်သည်။ အနားထိတိုးကပ်ပြီးဖက်လိုက်သော အခါ ပုလဲတုန်တုန်ရီရီ ဖြင့် ကျွန်တော့်ဖက်သို့ပါလာသည်။

“ညတုန်းက မီးပိတ် ခိုင်းတာ ကိုယ်ဒါတွေ မြင်သွားမှာ စိုးလို့လား”

“မဟုတ်ဘူး၊ မဟုတ်ဘူး”

ကျွန်တော့် ရင်ဘတ်ကို အတင်းခေါင်းဝင်တိုးရင်း ပုလဲ ထိတ်ထိတ်ပျာပျာ ငြင်းသည်။

“မနေ့က ဒါတွေကို သတိလုံး၀ မရဘူး၊ ပုလဲက မိန်းကလေးပါ ကိုလင်းရယ်၊ ကိုလင်း ကို ချစ်လို့ အလိုလိုက်ချင်တယ်၊ ရှက်လဲ အရမ်းရှက်တယ်၊ ဒါကြောင့် မီးပိတ်ခိုင်းတာပါ”

ညတုန်းက ကျွန်တော့်ကို ပုလဲ ဘယ်လောက်လိုက်လျောခဲ့သည် ကို ပြန်တွေးမိသော အခါ သနားစိတ် ဝင်လာမိသည်။ဖရိုဖရဲနှင့်ရှုပ်ပွနေသော ဆံနွယ်လေးတွေကိုသပ်တင်ပေးလိုက်ရင်း

“အခုကော ရှက်သေးလားပုလဲ၊ မရှက်နဲ့တော့နော်”

“ကြောက်တယ်”

“ဘာကိုကြောက်တာလဲ”

“ပုလဲ မဖြေချင်တာတွေကို အတင်းမေးမှာကို ကြောက်တယ်”

“မဖြေချင် မဖြေပါနဲ့၊ ကိုယ်အတင်းမမေးပါဘူး”

“ကိုလင်း စိတ်မဆိုးပါဘူးနော်”

“မဆိုးပါဘူး၊ ဒါပေမယ့် သိတော့ သိချင်တယ်”

ပုလဲ အငိုတိတ်ပြီး အနည်းငယ် တည်ငြိမ်မှုရလာနေ ပြီဟုထင်သည်။ ကျွန်တော့် ပုခုံးကို ဖက်ပြီး မှီနေသော မျက်နှာလေးမှာ အငိုရိပ်တွေ ပျောက်သလောက်ဖြစ်နေသည်။ ခုနက တင်းတင်း စု ကိုင်ထားသည့် စောင်ကိုလက်လွှတ်လိုက်ပြီဖြစ်ရာ ကိုယ်အထက်ပိုင်း က လုံလုံခြုံခြုံမဟုတ်တော့။

“ပုလဲ ကိုလင်း ကိုချစ်တဲ့ အထဲမှာ အဲဒါကြောင့်လဲ ပါတယ်”

“ဘာကိုလဲ”

“သူများကို နားလည်ပေးတတ်တာ၊ ညှာတာထောက်ထားတတ်တာ ကိုပေါ့”

“ဒါကတော့ လူတိုင်းလူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ ကိုယ်ဆိုတာ ရှိတတ် တာပဲ ပုလဲ ရာ”

“ပုလဲ စဉ်းစားနေပါတယ်၊ ပုလဲ နဲ့ ပတ်သက်ပြီး ကိုလင်း မသိတာ တွေ ကိုရှင်းပြဖို့၊ သတ္တိမွေး ကြည့် ပါ့မယ်”

“ဒီလောက်တောင်ပဲလား”

“အင်း”

“ဒါဆိုလဲ ဘာမှ မပြောနဲ့တော့ အားလုံးမေ့ထားလိုက်တော့၊ ကိုယ်တို့ ပျော်ပျော်ပဲ နေကြမယ် လေ”

“ကိုလင်း တကယ်ပျော် နိုင်လား”

“တကယ်ပါ”

“အင်းလေ၊ ကိုလင်း ပျော်ရင် ပုလဲ လည်းပျော်မှာပါ”

ပုလဲ မျက်လုံးမှာ မျက်ရည်ပြန်ဝေ့လာပြီး အသံလည်း ပြန်တုန်လာသည်။ ပုလဲ ဒီလို ဖြစ်သည် ကို ကျွန်တော် မကြည့်ရက်ပါ။ ထို့ကြောင့် အာရုံပြောင်းဖို့ ကြိုးစားရသည်။ စောင်လွတ်နေ ပြီဖြစ်သော ကျောပြင်ဖြူနုနုလေးကို လက်ဖြင့်သပ်ပေးရင်း ပြောလိုက်မိ၏။

“ပုလဲ အသားလေးက အရမ်းနူးညံ့တာပဲကွာ၊ ချောမွတ်နေတာပဲ ကိုင်လို့လည်း အရမ်းကောင်း တယ်”

ကျွန်တော့် ကိုမော့ကြည့်ပြီးခပ်မဲ့မဲ့ လေးပြုံးသည်။ ကျွန်တော်က အပေါ်ပိုင်းက စောင်ကို လုံး လုံးလျားလျား ခွာချလိုက်ရာ တွန့်ကနဲ ဖြစ်သွား သော်လည်း ပုလဲ မကန့်ကွက်။

“ဒါပေမယ့် ရှေ့က ပိုကိုင်လို့ ကောင်းတယ် သိလား”

ရင်သားတဖက်ကို သာသာလေးပွတ်လိုက်ရာ ထိုလက်ကို ဖျတ်ကနဲမြည်အောင်ပုလဲ ရိုတ် လိုက်သည်။

“စောစောစီးစီး ကိုလင်းရယ်”

“ဒါဆို ညမှလား”

“ကိုလင်း ကလဲကွာ၊ စိတ်ညစ်နေတာကို ပေါက်ကရတွေ လာပြောနေတယ်”

“တကယ်ပြောတာ၊ ကိုယ်ပုလဲ ဆီကနေလုံး၀ မပြန်တော့ဘူး”

“မပြန်နဲ့၊ မပြန်နဲ့ တသက်လုံးနေ ဟုတ်ပြီလား”

ပုလဲ နည်းနည်း ပုံမှန်ပြန်ဖြစ်လာမှန်းသိ၍ ကျွန်တော် ဆက်စသည်။

“ပုလဲ ကိုယ့်ကို မရှက်နဲ့တော့နော်”

“ဟာကွာ၊ အဲဒါက သူ့ အလိုလို ရှက်တာ ဘယ်တတ်နိုင်မလဲ”

မချို မချဉ် အပြုံးလေး တခု မျက်နှာပေါ်ပြန်ရောက်လာပြီး

“နောက်ကျရင်တော့ မသိဘူးလေ၊ အသားကျချင်ကျသွားမှာပေါ့”

“အခုတောင် အသားကျနေပြီပဲလို့”

ဟာလာဟင်းလင်း ကိုယ်အပေါ်ပိုင်းကို တင်းတင်းဖက်ရင်း ကျွန်တော်ပြောလိုက်မိ၏။ ခွန်းတုံ့မပြန်သော်လည်း ခါးကို ဆွဲဆိတ်တာ ခံလိုက်ရပါသည်။

.....................................................

ကျွန်တော် တနေ့လုံး ပုလဲ ကို အရိပ်တကြည့်ကြည့် နှင့် ဂရုစိုက်နေခဲ့သည်။ ပုလဲ အခြေအနေ တိုးတက်လာသည်ဟု ဆိုနိုင်သော်လည်း တချက်တချက် တွေ ငိုင်ငိုင်တွေတွေ ဖြစ်သွားတတ် သည်။ ထို့ကြောင့် စကားကိုလည်း သတိထားပြောရသည်။ အများဆုံးပြော ဖြစ်သည်က သူမ ကို စိတ်ရွှင်လန်းစေနိုင်မည့် စသောနောက်သော စကားတွေသာဖြစ်သည်။

မနက် ကစိတ်အပြောင်းအလည်း ဖြစ်စေရန် အပြင်ခေါ်ထုတ်ခဲ့သည်။

“အဝတ်လဲ လိုက်ပါလား၊ ရေချိုးချင်ချိုးလိုက် လေ၊ လန်းသွားအောင်”

တော်တော် နှင့်မထ ပေကပ်ကပ်လုပ်နေသည်။

“ကိုယ်တနေ့လုံး ဖက်ထားရမှာလား”

“ဘယ်သူက ဖက်ခိုင်းထားလို့လဲ”

ကျွန်တော့် ကို တွန်းဖယ်ပြီးထရပ်လိုက်သည်။ စောင်ကို ကပိုကရိုပတ်ထားသော ပုလဲ အသွင် က ချစ်စရာကောင်းနေသည်။

“ကိုလင်း အပြင်ထွက်”

“မထွက်ပါဘူး”

“ဟာကွာ”

ပုလဲ ခနရပ်နေသေးသည်။ ကျွန်တော်က တုတ်တုတ် မှ မလှုပ်သော အခါ ခြေလေးဆောင့် ပြီး အခန်းထောင့် မှာသွားပြီး ထမိန်နှင့် စောင်လဲဝတ်လိုက်သည်။

“ကိုလင်း ရေချိုးဦးမလား”

“လဲစရာမှ မပါတာ”

“ပုလဲ အဝတ်တွေ ရှိပါတယ်”

ထမိန်ရင်လျှားလေး နှင့် ပုလဲ ကို မက်မက်မောမော ကြည့်မိသည်။

“သိပ်မကြည့်နဲ့ ပုလဲ မနေတတ်တော့ဘူး”

ပုလဲ ရေချိုးပြီးပြန်လာတော့ လည်း ကျွန်တော်က အခန်းထဲမှာပဲဆက်နေ သဖြင့် သူ့ခမျာ ကျွန်တော့် ရှေ့မှာပင် ပြင်ဆင်ဖီးလိမ်း အဝတ်အစားလဲရသည်။ နီလာရောင် ရင့်ရင့် ဝမ်းဆက် နှင့် မြန်မာဆန်ဆန် ဝတ်ထားသော ပုလဲသည် ကျွန်တော့် မျက်လုံးထဲ တွင် အရင်ကထက် ပို လှနေသည်။

မနက်စာ စားပြီးနောက် ပုလဲကို ကျွန်တော့် အခန်းခေါ်သွားသည်။

“ပုလဲ အခန်းက ငှားထားတာ မဟုတ်လား၊ ဒါက ကိုယ့် အပိုင်လေ၊ ပုလဲ ဒီမှာ လိုက်နေလည်း ရတယ်”

“ကြည့်သေးတာပေါ့ ကိုလင်းရယ်”

ပုလဲ အသံ က အသက်မပါ။

“တူတူ မနေချင်လို့လား”

“ပြောဖို့တောင် မလိုပါဘူး ကိုလင်းရာ၊ ဒါပေမယ့် ခုပုလဲ မှာစဉ်းစားစရာ တွေ ရှိနေသေးတယ်”

“ဘာစဉ်းစားနေတာ လဲ၊ ဒီည ဘယ်အိမ်မှာ အိပ်ရင်ကောင်း မလဲ လို့လား၊ ကိုယ့်ဆီ မှာတော့ ခေါင်းအုံး နှစ်လုံးရှိတယ်၊ ပုလဲ က ပိန်ပိန်လေးပဲ၊ ကိုယ့်ကုတင်က ဆန့်ပါတယ်”

“ဘယ်သူက သူ့အိမ်မှာ အိပ်မယ် ပြောလို့လဲ”

“ဒါဆိုလဲ ကိုယ်ပဲ ပုလဲ အိမ်လိုက်ခဲ့တာပေါ့”

ပုလဲ ကျွန်တော့် ကိုတအံ့တသြကြည့်သည်။

“ကိုလင်း ဘာဖြစ်နေတာလဲ”

“ဘာမှ မဖြစ်ဘူး၊ ဘာလဲ မခေါ်ချင်ဘူးလား”

“ခက်တော့ တာပါပဲ၊ ပုလဲ လေ ရီလဲ ရီချင်တယ် ငိုလဲ ငိုချင်တယ်၊ ဘာတွေ ဖြစ်နေမှန်းကို မသိ တော့ပါဘူး”

ကျွန်တော် တို့၏ အခြေအနေ ပြောင်းလည်း သွားချင်းက အရှိန်မြန်လွန်းသည်။ ဒါကို လက်ခံ ဖို့ ပုလဲ အတွက် အခက်အခဲ ရှိနေပုံရသည်။ စိတ်ပျက်လက်ပျက် နှင့် ဝေခွဲမရသည့် မျက်နှာ လေး နှင့် ထိုင်နေသည့် ပုလဲ ဘေး မှာ ကျွန်တော် ဝင်ထိုင်လိုက်သည်။

“ရေသွားချိုးလေ”

“ကိုယ်ရေချိုး နေတုန်း ပုလဲထွက်သွားရင်ဘယ်လို လုပ်မလဲ”

“မသွားဘူး စိတ်ချ”

“မကြာခင် လက်ထပ်တော့မှာပဲ ပုလဲရယ်၊ တူတူပဲ နေကြမယ်နော်”

အရည်လည်နေသော မျက်လုံးတွေ နှင့် ပုလဲ ကျွန်တော့်ကိုကြည့်သည်။

“ကိုလင်း ဆုံးဖြတ်ပြီးပြီလား”

“ကိုယ့်ဖက်က အဆင်သင့်ပဲ၊ ပုလဲ ဖက်ကပဲ လိုတော့တယ်”

“ပုလဲ လည်း အချိန်တိုင်း ဒါကိုပဲ စဉ်းစားနေတာပါ၊ စိတ်ချပါ။ ကိုလင်းစိတ်ချမ်းသာ ဖို့ကိုပဲ ပုလဲ လိုချင်တာ ကိုလင်း ယုံနော်”

“ဘယ်လိုဖြစ်ဖြစ် လေ၊ စဉ်းစားနေတဲ့ အချိန်မှာလဲ တူတူပဲ စဉ်းစားကြမယ်လေ”

“ကိုလင်းက ပုလဲ ထက် အသက်အများကြီး ကြီးတယ်နော်၊ ခုကျတော့ ကလေး ကျနေတာပဲ”

“အချစ်နဲ့ တွေ့ရင် လူဆိုတာ ကလေးဆန် သွားတတ်တယ်တဲ့”

“ဘယ်သူပြောတဲ့ စကားလဲ”

“ကိုယ်ပြောတာလေ”

“ဟုတ်သားပဲ၊ ကိုလင်း က ပညာရှိကြီးဆိုတာ ပုလဲ မေ့သွားတယ်၊ ကဲပညာရှိကြီးရယ် ရေသွား ချိုးပါတော့၊ သူများက သန့်ရှင်းမွှေးကြိုင်နေတာ၊ သူက ရေလဲ မချိုးဘူး၊ မျက်နှာလဲ မသစ်ရ သေးဘူး၊ ညစ်ပတ် နေတာပဲ”

ကျွန်တော် ရေချိုး အဝတ်လဲနေချိန် တွင် ပုလဲ အိမ်ရှေ့မှာ စာဖတ်ရင်းစောင့် နေသည်။ ကျွန်တော် ပြန်ထွက်လာတော့ ဆီးကြို ပြီးနမ်း၏။

“စောင့်နေရတာ ကြာတော့ လွမ်းလို့”

တခါလာနမ်းသည့် ပုလဲကို ဆယ်ခါမက ပြန်နမ်းလိုက်သည်။ ကြည်လင်ရွှင်ပျသော ပုလဲ ရယ် သံလေးတွေကြောင့် အမြဲလို တိတ်ဆိတ် ခြောက်ကပ်နေ တတ်သော ကျွန်တော့် အခန်း က သာသာယာယာရှိသွားသည်။

နေ့လည်ခင်း တခုလုံး ပုလဲကြည်ကြည် လင်လင်ရှိသည်။ ပိုပြီး စိတ်ကြည်လင်စေဖို့ ရွှေတိဂုံ ဘုရား သို့ခေါ်သွားတော့မှ ပုလဲ မျက်နှာ ပြန်ပျက်သည်။

“ဘာဖြစ်လို့ လဲ ပုလဲရယ်”

“ဘာမှ မဟုတ်ပါဘူး”

မျက်နှာ မကောင်းသော်လည်း ပုလဲ ဘုရားကို အကြာကြီးရှိခိုးသည်။ ဘေးက ထိုင်စောင့် နေ သော ကျွန်တော် ခြေညောင်းလာ၍ ဟိုလျှောက်ဒီလျှောက် အညောင်းဖြေလိုက်ရသော်လည်း ကျုံ့ကျုံ့လေးထိုင်နေသည့် ပုလဲ က မညောင်းသလိုပင်။

ဘုရားက အပြန်မှာ ကန်တော်ကြီးထဲ သွားတော့ ပုလဲ ပြုံးပြုံးရွှင်ရွှင် ပြန်ဖြစ်လာ၏။ ပြီးတော့ ကား လျှောက်စီး ကြပြီး သိပ်မမှောင်ခင် ပုလဲအိမ်ကို ပြန်ခဲ့သည်။ ပုလဲ က ညနက်မှပြန်လျှင် ဂယောင်ချောက်ချား ဖြစ်တတ်သည် ဆိုသည့်အတွက် ညစာကို စောစောစားပြီးတာနှင့် တန်း ပြန်လိုက်သည်။

“ကိုယ်လိုက်လာတာကို ဘေးပတ်ဝန်းကျင်က မပြောလောက်ပါဘူးနော်”

ခပ်တည်တည် နှင့် လိုက်လာပြီးမှ မေးမိသည်။

“အောက်ထပ်ကတော့ လူမရှိဘူး၊ မျက်နှာချင်း ဆိုင်အခန်းက အဖိုးကြီး အဖွားကြီး နှစ်ယောက် ပဲ ရှိတာ၊ သူတို့ကလဲ အပြင်သိပ်မထွက်တော့ ကိုလင်းရှိတာ သိတောင်သိကြမှာ မဟုတ်ပါဘူး”

“ဒါဆိုရင်တော်သေးတာပေါ့”

“အခုမှ လာပြီးစိုးရိမ်ပြနေတယ်၊ ဒါပေမယ့် ဆေးလိပ်သောက်ချင်ရင် အပြင်မထွက်နဲ့နော်၊ အခန်းထဲမှာ ပဲသောက်၊ ပုလဲ ကပြသနာ မရှိဘူး၊ အားမနာနဲ့”

ဒီညလည်း ဒီမှာ ကျွန်တော် အိပ်ဖို့ကိစ္စ ကို ပုလဲ လက်ခံလိုက်ပုံရသည်။ ကျွန်တော် ကလည်း ပုလဲကို ထားပြီး မသွားချင်ပါ။ ပုလဲ စိတ်ကြည်သည့် အချိန်ကိုစောင့်ပြီး သူမ ကိုယ်ပေါ်က ဒါဏ် ရာတွေ အကြောင်း မေးဖို့ အကြံရှိတာကြောင့်လည်းပါပါသည်။

ဧည့်ခန်းမှာ ထိုင်ပြီး အကြံထုတ်နေစဉ် ပုလဲ အဝတ်လဲပြီး ပြန်ထွက်လာသည်။ ချည်သား ကာ ကီ ရောင် အင်္ကျ ီပွပွ နှင့် ထမိန်ကတော့ မနေ့က ဝတ်ခဲ့သည့် ပန်းနုရောင်လေးပင်။

“မနေ့ကဝတ်တဲ့ လုံချည် ပဲ မဟုတ်လား၊ နှစ်ရက်တောင်ဝတ်တယ်”

“မနေ့က ဝတ်ကောဝတ်လိုက်ရလို့လား၊ သူပဲ ဟွန်း”

ခြေဆောင့်ကာပြောလိုက်သော ပုလဲကိုကြည့်ရင်း မျက်လုံးတွေက ခါးအောက်ပိုင်း ကိုရောက် သွားသည်။ ဒါဏ်ရာတွေကို မျက်စိထဲမှာ ထင်ထင်ရှားရှားပြန်မြင်ယောင်မိ၏။

“ကိုလင်း”

စားပွဲလေးပေါ်မှာ တင်ထားသည့် ဂျာနယ် နှင့် ကျွန်တော့်ကို ကောက်ပေါက်သည်။ မျက်စိ မျက်နှာ လည်းတော်တော် ပျက်နေ၏။

“ဘာလဲ ပုလဲရဲ့၊ အလန့်တကြားနဲ့”

“ကိုလင်း ဘယ်ကိုကြည့်တယ်၊ ဘာတွေစဉ်းစားနေတယ် ဆိုတာ သိတယ်နော်”

“ဘာမှ မစဉ်းစားပါဘူး”

“ကိုလင်းညာတယ်”

မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျလာပြန်၏။ ကျွန်တော် တနေ့လုံးကြိုးစားခဲ့သမျှ အစ ပြန် ရောက်သွားသည့် အတွက်အလွန်စိတ်ပျက် မိသည်။

“ပုလဲ”

“မလာနဲ့၊ ပုလဲ ကိုလည်း မထိနဲ့၊ ပုလဲ ဖာသာနေပါရစေ”

အနားကပ်လာသည့် ကျွန်တော့် ကို အတင်းတွန်းထုတ်သည်။ မရအရ အတင်းဝင်ဖက်သည့် အခါ လည်း အားကုန်ရုန်း၏။ ကျွန်တော့် ကိုလုံး၀ အထိမခံ။

“ကိုယ်ပြောတာနားထောင်ပါဦး”

“ကိုလင်း၊ ပုလဲ ပြောမယ်၊ ပုလဲ ကိုလင်းကို စိတ်ဆိုးနေတာ မဟုတ်ဘူး၊ ကိုလင်းမှာ ပုလဲ စိတ်ဆိုး စရာ အကြောင်း ဘာမှ မရှိဘူး၊ ခုပုလဲ ဖာသာနေပါရစေ”

ပုလဲ သည် နားလည်ရခက်သော မိန်းကလေး တယောက်ဆိုတာ သိသိနှင့် ချစ်ခဲ့ မိသည့်တိုင် နားမလည်ရတာတွေ များလာသော အခါ အားလျော့ချင်လာသည်။

“ကိုယ်ပြန်ရမှာလား”

စိတ်ရှုပ်ထွေးသည့် အမူအရာဖြင့် ကျွန်တော့် ကိုကြည့်သည်။ နှုတ်ခမ်းကို တင်းတင်းကိုက်ထား ၏။ ခပ်ကြာကြာစိုက်ကြည့်နေပြီးမှ မျက်နှာလွှဲကာ

“သဘောပဲလေ”

“ဒါဆိုလဲ ကိုယ်သွားမယ်၊ မနက်ဖြန်မှပြန်လာခဲ့မယ်၊ ဘယ်မှ လျှောက်သွားမနေနဲ့”

စကားပြန်မရတော့ ကျွန်တော်လဲ ထထွက်လာခဲ့သည်။ တံခါးဖွင့်ရင်း ပုလဲကို ပြန်ကြည့်လိုက် ခေါင်းငုံ့ပြီး မျက်ရည်တွင်တွင်ကျနေသည့် မြင်ကွင်းက ကျွန်တော့်ရင်ကို ဆွဲယူလိုက်သည်။ စိတ်ထိခိုက် ခံစားနေရသော ချစ်သူကို ထားသွားဖို့ ခြေကိုဆက်လှမ်းလို့ မရတော့။ ကျွန် တော် ပြန်လှည့်ဝင်ခဲ့သည်။

ကျွန်တော် ပြန်ဝင်လာတာကို ပုလဲ တချက်လှမ်းကြည့်ပြီး ပြန်လှည့်သွားသည်။ ဘာကြောင့် ပြန်လာသလဲ ဟုလည်း မမေးပါ။ သူမနှင့် မလှမ်းမကမ်းမှာ ထိုင်ပြီး ကျွန်တော် အရိပ်အခြေ ကြည့် နေသည်။ ပုလဲ ငိုနေတုန်း ရှိသေး၏။ သူမ မှာ ခုလောက်အထိ စိတ်ထိခိုက်ကြေကွဲ စရာ အကြောင်းအရာ တခုခု မလွဲ မသွေ ရှိရမည်။ ထိုအရာ ကို ကျွန်တော် သိချင်၏။ သိမှသာ ကူညီဖြေရှင်း ပေးလို့ရမည်ဖြစ်သည်။ လတ်တလောမှာ တော့ ပုလဲက ကျွန်တော့် အကူအညီ ယူ ချင်ပုံမရ။ ဖွင့်ပြောလာသည့် အချိန်အထိ စောင့်ဖို့သာရှိတော့သည်။

ကြည့်နေရင်း တလှုပ်လှုပ်ကျောပြင်လေး ငြိမ်သွားသည်ကို သတိပြု လိုက်မိသည်။ အငို တိတ်သွားပြီ။ ကျွန်တော့ဖက်ကိုတော့ လှည့်မလာသေး။

“ပုလဲ”

လုံးဝလှည့် မကြည့်ပါ။

“ပုလဲ”

နောက်တခွန်းထပ် အခေါ်လိုက်တွင် ကျောပြင်ကပြန်ပြီးတုန်တုန်ဆတ်ဆတ် ဖြစ်လာသည်။ ပုလဲ နှင့်ပတ်သက်ပြီး ပထမဆုံးအဖြစ် ကျွန်တော် စိတ်ညစ်လာသည်။ ဘာမှလုပ်ပေးခွင့် ဖြေ သိမ့်ပေးခွင့် လည်းမပေး သဖြင့် ဒီတိုင်းထိုင် မနေချင်တာ နှင့် အိပ်ခန်းထဲ ဝင်လာခဲ့သည်။

အိပ်ယာပေါ်မှာ လှဲရင်း ပုလဲ စိတ်ပြေသွားမည့် အချိန်ကိုစောင့်သည်။

ပုလဲ က တခါတလေ နားလည်ရခက်သည်။ ခုနောက်ပိုင်း ပိုနားလည်ရခက်၏။ စိတ်က အစဉ် သဖြင့် ပြောင်းနေသည်။ မနေ့ညက ဆိုလျှင် စုန်းလိုလို ပယောဂ လိုလိုမျိုး အမူအရာတွေ မြင် ရသည်။ ပုလဲ မှာ စိတ်ထိခိုက်စရာအကြောင်းတခုခု ရှိမည် ဆိုတာကို သံသယ မရှိပါ။ ပုလဲ ဆီ မှာတွေ့ ရသည့်ဒါဏ်ရာတွေ ကလည်း ထိုအကြောင်း နှင့် ပတ်သက်မှု ရှိကောင်း ရှိနေနိုင် သည်။ ဆွေဇင်လတ်၊ မခင်မြရင် နှင့် ပုလဲ တို့သည် ဘယ်လို မိန်းမ မျိုးတွေနည်း။ နောက် ပြီး ဒါဏ်ရာတွေ မြင်တွေ့ရသည့် နေရာ အနေအထားအရ ဆိုလျှင် သူတို့ ကိုယ်တိုင်ဖန်တီး မှ သာ ဒီလိုဖြစ်မည့် သဘောမျိုးတွေ့နေရသည်။

အတွေးတွေထဲမှာ ချာချာလည် မူးရင်း တနေ့ခင်းလုံး ဟိုဒီလျှောက်သွားနေခဲ့သည့်အညောင်း တွေလည်း လဲလျောင်း နေလိုက်မှ မှ ပြေလျော့ သွား သော အခါ မျက်တောင်စင်းချင် လာ သည်။ စိတ်ကိုသာလျှော့ချလိုက်လျှင် အိပ်ပျော်သွား နိုင် သည်။ ခုတော့ ပုလဲ ကြောင့် နောက် ဆံငင်နေသဖြင့် အိပ်ပျော်သည့်ဆီအထိတော့ မရောက်ပါ။

အရင်ကဆိုလျှင် စိတ်ကြာကြာမညစ်တတ်သောပုလဲ ဒီနေ့တော့ အတော်ကြာသည်။ ပုလဲ အထဲသို့ ဝင်လာချိန်တွင် နာရီမကြည့်မိ၍ အချိန်မသိသော်လည်း ကျွန်တော် အခန်းထဲ ဝင်လာပြီး အနည်းဆုံးတနာရီလောက်တော့ ရှိပြီထင်သည်။

မျက်နာက နီရောင်သန်းပြီး မျက်လုံးတွေ မို့အစ်နေသော်လည်း ငိုနေသည့် ပုံမရှိတော့။

ကျွန်တော့်ဘေးမှာ ငြိမ်ငြိမ်လေး ဝင်ထိုင်သည်။ သွေးတိုးစမ်းသည့် အနေဖြင့် လက်ကိုလှမ်း ကိုင်လိုက်ရာ မရုန်းပါ။ အခြေအနေ ကောင်းသဖြင့် ကျွန်တော့်နှင့် ဘေးချင်းယှဉ်လျှက် ဆွဲလှဲလိုက်ရာ အလိုက်သင့်လေးပါလာသည်။

“စကားပြောလို့ရပြီလားပုလဲ”

“အင်း”

ပုလဲ ပိုပြီးစိတ်ပျော့ပြောင်းစေရန် စကားမပြောခင် နဖူးလေးကို အရင်နမ်းလိုက်သည်။ ပုလဲ ကလည်း ကျွန်တော့်ကို ပြန်နမ်းသည်။

“ကိုလင်း စိတ်ညစ်သွားတယ် မဟုတ်လား၊ ပြန်လျော်ပေးတာ”

ဒါဆိုလျှင်တော့ ပုံမှန်ပြန်ဖြစ်နေပြီဟု ယူဆလို့ရနိုင်သည်။

“ဒါဆိုပြောပြီနော်”

“အင်း”

ပုတ်သင်ညိုမလေး ကို ခေါင်းတဆတ်ဆတ်ညိတ်ပြသည်။

“အခု ပုလဲ မှာ စိတ်ညစ်စရာ အခက်အခဲတခုခု ရှိတယ် ဆိုပါတော့၊ ပုလဲ အနေနဲ့ ကိုယ့်ကိုဖွင့်ပြောမယ် ဆိုပြောနိုင်တယ်၊ ပုလဲ အတွက်ကိုယ်တတ် နိုင်တာလုပ်ပေးမယ်။ တကယ် လို့ မပြောချင်ဘူးထား၊ အဲဒါကို မေ့ပစ်လိုက်တော့၊ ကိုယ်ဘာမှ မေးလဲ မမေးဘူး၊ကိုယ့်ကို ပြောပြစရာလဲ မလိုဘူး၊ ကိုယ်စိတ်ဝင်စားတာ က ပုလဲ နဲ့ ပျော်ပျော်ရွှင်ရွှင် ချစ်သွားကြဖို့ပဲ၊ ရှေ့ ကိုပဲ သွားကြမယ်”

ပုလဲ ငြိမ်ငြိမ်လေး နားထောင်နေရှာပါသည်။ ပြီးတော့မှ

“ပုလဲ လည်း အဲဒီလိုပဲဖြစ်ချင်ပါတယ်၊ ဒါပေမယ့် ကိုလင်းရယ်”

စိတ်ပျက်အားလျော့စွာပြောရင်း မျက်နှာညိုးကျသွားပြန်သည်။

“ဒီကောင်မလေး ရူးနေတယ်လို့ မထင်ဘူးလားကိုလင်း၊ အဲဒီကောင်မလေးကို ချစ်ဖို့ကိုရော စိတ်ပျက် မသွားဘူးလား”

“အဲဒါတော့ စိတ်ချ၊ ပုလဲပြောသလို ရူးနေတယ်ဆိုလဲ မတတ်နိုင်တော့ဘူး၊ ကိုယ်ပုလဲ ကို အရမ်းချစ်မိနေပြီ။ ပုလဲကို လက်ထပ်လို့ အရူးမလင်လို့ ပြောကြလည်း ပြောကြပါစေတော့”

“အောင်မယ်၊ လူကိုများ အရူးမတဲ့”

“အဲဒါ ပုလဲပဲ စပြောတာလေ၊ ကိုယ်စပြောတာ မဟုတ်ဘူး”

“နှိပ်ကွပ်ချင်နေတာ ကြာပြီ မဟုတ်လား၊ သိပါတယ်”

“မနက်ဖြန်ဘယ်သွားကြမလဲ ဟင်”

“နေ့တိုင်း လျှောက်သွားနေတာ မကောင်းပါဘူး ကိုလင်းရယ်”

“ဒါဆို အိမ်ထဲမှာပဲ နေကြမယ်လေ”

“သူ့အိမ်ကျနေတာပဲ”

“ဒါဆိုလဲ ကိုယ့် အိမ်လိုက်ခဲ့ပေါ့”

“မလိုက်ချင်ပါဘူး၊ ကိုယ့်အိမ်ကိုယ်နေမှာပေါ့”

ပုလဲ ကျွန်တော့်ကို တမင်လိုက်ပြီးစကားကပ်နေခြင်း ဖြစ်ပါသည်။ အခုနကပုံမျိုး မဟုတ်တော့။

သူမ၏ စိတ်အပြောင်းအလဲ က နားလည်ရခက်လှသည်။ စိတ်မကြည်မလင် ဖြစ်လျှင် ရေရှည် မဟုတ်။ ပြန်စိတ်ပြေသွားတတ် သူလို့သာ နားလည်ထားရတော့မည့်သဘောပါပေ။

“ပုလဲ ဒီနေ့ စောစော ပြန်လာလို့လားမသိဘူးနော်၊ ဘာမှ မဖြစ်ဘူး”

“ကိုလင်း ကဖြစ်စေချင်လို့လား”

“မဟုတ်ပါဘူး၊ ဘာမှ မဖြစ်တော့ ကောင်းတာပေါ့”

“ပြောလို့ မရဘူးလေ၊ ဖြစ်ချင်လဲ ထဖြစ်မှာပေါ့၊ ပုလဲ အခန်းထဲကို လည်း အခု အမှောင့် ပယောဂ ဝင်နေတာပဲ လို့”

စကားပြိုင်ပြီးပြောမနေတော့ လူကိုသာ အမိအရဆွဲယူလိုက်သည်။

 “ဟာကွာ၊ ချစ်တယ်လဲ ဆိုသေးရဲ့ ဖက်လိုက်ရင် တအားကြီးပဲ”

“ဖြေးဖြေး ဖက်ရမှာလား”

“ကိုလင်းနော်”

ပုလဲကိုယ်ငွေ့လေးက နွေးနေသည်။ ပုလဲကို ဖက်ထားလျှက်နှင့် တစောင်းနေရာ မှ ပက်လက် လှန်လိုက်သော အခါ ကိုယ်လုံးနွေးနွေးလေးက ကျွန်တော့်ပေါ် ရောက်လာသည်။ ငိုထား၍ မို့ နေသော မျက်လုံးတွေ နှင့် ကျွန်တော့်ကို စိုက်ကြည့်နေသည်။

“တူတူ နေကြမယ်နော်”

“စဉ်းစားနေပါတယ် ကိုလင်းရယ်”

“ပုလဲက စဉ်းစားတာ မှ မဟုတ်တာ ကိုယ့်ကိုယ်ကို နှိပ်စက်နေတာပဲ”

“အဲဒါ ပုလဲ ဝဋ်ကြွေးပေါ့”

“ကိုယ်တခု မေးမယ်၊ ပုလဲ ခုလို ကိုယ်နဲ့နေရတာ ပျော်သလား”

“မေးစရာတောင် မလိုပါဘူး၊ ပျော်လွန်းလို့ ကြောက်နေတာ”

“ဘာကိုကြောက်တာလဲ၊ ကိုယ့်ကိုကြောက်တာလား”

“ကိုလင်း ကိုဘာလို့ကြောက်ရမှာလဲ၊ မကြောက်ဘူး၊ ချစ်တယ်”

“ဒါဆို ဘာကို ကြောက်တာလဲ”

မျက်နှာ ပျက်သွားပြန်သည်။

“ကိုလင်း မသိပါဘူး၊ သိလဲ မသိစေချင်ပါဘူး၊ သိရင် ကိုလင်းလဲစိတ်ညစ်ရလိမ့်မယ်”

“ပုလဲ တယောက်ထဲ စိတ်ညစ်တာ ဘယ်ကြည့်ရက်မလဲ။ စိတ်ညစ်တော့လဲ တူတူပေါ့၊ မဟုတ် ဘူးလား”

ပုလဲ ငိုင်တွေ နေသည်။

“တနေ့တော့ ကိုလင်းသိလာမှာပါ၊ အဲဒီ အချိန် အထိ မစောင့်ပေးနိုင်ဘူးလား”

“အိုကေ၊ ကိုယ်စောင့်ပေးနိုင်တယ်၊ အရေးကြီးတာက ကိုယ်တို့ အမြန်ဆုံး တူတူနေနိုင်ဖို့ ပဲ”

“ခုလဲ နေနေတာပဲ မဟုတ်ဘူးလား”

“ကိုယ်ပြောချင်တာက တရားဝင်ပြောတာ”

“တရားဝင်တယ် မဝင်ဘူးဆိုတာ လူတွေသတ်မှတ်ချက်ပါကိုလင်းရာ၊ ကိုလင်း နဲ့ ပုလဲ နား လည်ရင်ပြီးတာပဲ”

“ဟုတ်ပြီလေ၊ ဒါဖြင့်လဲ ကိုယ်ဒီအိမ်က မပြန်ရုံရှိတော့တာပေါ့”

“ဘယ်သူက ပြန်ခိုင်းနေလို့လဲ၊ သူ့ဟာသူ စိတ်ကောက်ပြီးတော့ ပြန်မယ်လုပ်တာ၊ ဘာဖြစ် လို့ ပြန်ဝင်လာတာလဲ”

“ပုလဲ ပဲ ပြန်ချင်ပြန်ဆို”

“ဒါကတော့၊ ကိုလင်း ကပြန်မယ် ဆိုရင် ပုလဲ တားလို့ ဘယ်ကောင်းမှာလဲ၊ ကဲ ပါ… အောက် ကို ချပေးတော့ ကွာ၊ သူ မညောင်းဘူးလား”

“ပုလဲ က အောက်မှာနေချင်တာလား”

“ဟာကွာ … ယုတ်မာတယ်၊ ကဲ …ကဲ”

ပုလဲ ကျွန်တော့် ကိုဆိတ်ဆွဲသည်။ ထုရိုတ်သည်။ ကျွန်တော် မနာပါ။ ပုလဲ ပုံမှန် ပြန်ဖြစ်လာ သည့် အတွက် သာကျေနပ်မိပါသည်။ နောက်တော့ အချစ်ည တည ကို ထပ်မံဖန်ဆင်း ဖြစ် ကြသည်။

“မီးမပိတ်ချင်ဘူးကွာ၊ ကိုယ် ပုလဲ ကိုကြည့်နေချင်တယ်၊ ကိုယ့်ကို ရှက်မနေပါနဲ့တော့ပုလဲ ရယ်”

မျက်စိမှိတ်ထားလျက်ကနေ ခေါင်းညိတ်ပြသည်။

“ကိုယ်က ပုလဲ ကို မြင်ပေမယ့် ပုလဲက မျက်စိမှိတ်ထားတော့ ကိုယ့်ကို ဘယ်တွေ့တော့မှာလဲ”

“ကိုလင်း မသိအောင် ခိုးကြည့်မှာပေါ့ ကိုလင်းရဲ့”

ကျွန်တော်ပေးသော အချစ်တွေကို ပုလဲ မက်မက်မောမော ခံယူသလို လှိုက်လှိုက်လှဲလှဲ တုံ့ ပြန်သည်။ ပုလဲဆံပင်တွေက ခေါင်းအုံးပေါ်တွင် ဖွာဆန်ကျဲ နေပြီး နဖူးပေါ်က ဆံနွယ်တွေက တော့ မျက်နှာမှာ ချွေးတွေ နှင့်ကပ်နေ၏။ ခိုးကြည့်မည်ဟု ပြောထားသော ပုလဲသည် သူမ၏ ဒါဏ်ရာတွေကို ကျွန်တော်ကလက်ဖြင့် ဖွဖွပွတ်ပေးသော အခါ ကျွန်တော့်ကို အရည်လည် နေ သည့် မျက်လုံးရွဲကြီးတွေ နှင့် စိုက်ကြည့်သည်။ ပူနွေးနုရွသော ကိုယ်လုံးလေးသည် ကျွန်တော့် ၏လှုပ်ရှားမှုတိုင်း နှင့် အတူလိုက်၍ အသက်ဝင်နေ၏။

ဒီအချိန်လေးသည် ကျွန်တော့် အတွက်ရော ပုလဲ အတွက်ပါ ပြီးပြည့်စုံလွန်းသော ကာလတခု ဖြစ်ပါသည်။ ဒီအချိန်လေးကို ကျော်လွန်သွားလိုစိတ် ကျွန်တော့်မှာ မရှိပါ။ ပုလဲ မှာလည်း ဒီ်လို ပဲ ထပ်တူဖြစ်လိမ့်မည်ဟု ကျွန်တော် ယုံကြည်ပါသည်။ ထို့ကြောင့် ပြီးဆုံးခြင်းတံခါး၀ သို့ မ ရောက်ရလေအောင် စိတ်ကိုကြိုးစားထိန်းချုပ်ထား၏။ သို့သော် အကြိမ်ကြိမ်အခါခါ ထိန်းချုပ်ထားနိုင်စွမ်းတော့ ကျွန်တော့မှာ မရှိပါ။ ကျွန်တော့် ကိုယ်ပေါ်က ကြွက်သားတွေက ကျွန်တော်စေတိုင်း မနာခံနိုင်ကြတော့။ နောက်ဆုံး အချိန်မှာ ပုလဲ နှင့် အနီးဆုံးအထိ တိုးကပ်ပြီး မလွတ် တမ်းအတင်းဖက်ထားမိသည်။ ပုလဲကလည်း တင်းတင်းလေး ပြန်ဖက်ထား၏။

ကျွန်တော့်ဘေး တွင် တိမ်တွေ အလိပ်လိပ် ဖြတ်ပြေးနေသည်ကို မျက်စိ မှိတ်ထားသော် လည်း စိတ်မှာမြင်သည်။ ဒီအချိန်တွင် ကျွန်တော်သည် ပုလဲဖြစ်နေပြီး ပုလဲသည် ကျွန်တော် ဖြစ်နေသည်။ ထို့နည်းတူပင် ကျွန်တော် တို့ နှစ်ယောက်လုံး မှာ တယောက်ထဲဖြစ်နေသည်။

မိန်းမူးဖွယ်ရသကို အပြည့်အ၀ ခံစားပြီးနောက်တွင် ကျွန်တော်က ဘေးသို့ လှိမ့်ဆင်းဖို့ပြင် သော်လည်း ပုလဲက လွှတ်မပေး အတင်းဖက်ထားသည်။

ပုလဲ စိတ်ကျေနပ်အောင် ကျွန်တော်နေပေးလိုက်ပါသည်။ နောက်ထပ်နည်းနည်းကြာတော့မှ

ကျွန်တော့်နားနားကပ်ပြီး

“ဆင်းတော့ လေးလာပြီ”

“ခုန မလေးဘူးလား”

ရှက်ပြုံးလေးနှင့် ခေါင်းကိုခါရင်း

“ဟင့်အင်း”

..........................................

ချစ်သူနှင့် ခေါင်းအုံးတလုံးထဲကို နှစ်ယောက်အတူအုံးပြီး အိပ်ရခြင်းကို ဘယ်သူမှ စိတ်အ နှောက် အယှက် ဖြစ်မည် မထင်ပါ။ အထူးသဖြင့် ချစ်သူနှင့် ချစ်ခြင်း၏ အရသာကို အပြည့် အ၀ ခံစားပြီးခါစ တွင်ဆိုလျှင် ပိုပြီးတောင် မထင်ဖို့ကောင်းသေးသည်။

“မြန်မြန် လက်ထပ်ကြမယ်နော်၊”

“ဒါပဲ ပြောနေတာပဲ”

“ကိုယ်က အသက်ကြီးပြီ ပုလဲရဲ့၊ ကလေးယူတာ နောက်ကျလို့ မဖြစ်ဘူး၊ တော်ကြာအိုမင်း မစွမ်းဖြစ်မှ ကျောင်းစရိတ် ပင်ပင်ပန်းပန်း ရှာနေရဦးမယ်”

“ဖြစ်လာမှာ ပေါ့ကိုလင်းရယ်”

“ဒီတပတ် ထဲဖြစ်မှာလား”

“အဲ ဒီလောက်နီးမယ် မထင်ဘူး၊ တကထဲမှကွာ လူတကိုယ်လုံး သူ့လက်ထဲရောက်နေမှပဲ၊

နည်းနည်း စိတ်ရှည်ပေါ့”

ပုလဲ အနေနှင့် ကျတော့လည်း အိမ်ထောင်ပြုဖို့ ငယ်နေသေးသလိုပင်။ အသက်ငယ်သော် ငြား ပုလဲမှာ ထိုက်တန်သော ရင့်ကျက်မှု ရှိသင့်သလောက်ရှိပါသည်။ ပုလဲ အခန်းလေး သည် သန့်ရှင်းသပ်ရပ်လို့နေ၏။ တယောက်ထဲ နေသည့် မိန်းမငယ်လေး တယောက်၏ အခန်းဖြစ် သော်လည်း ဖြစ်ကတတ်ဆန်း မရှိပါ။ မီးဖိုချောင် မှာလည်း သေသေသပ်သပ် ရှိကြောင်း မနေ့ က အိမ်နောက်ဖက်သွားရင်း ကျွန်တော် သတိပြု ခဲ့မိသည်။ စည်းစနစ်တကျ နေတတ်သော မိန်းကလေးတယောက် အတွက် အိမ်ထောင်တခု ကို ထိန်းသိမ်းရန် အခက်အခဲ မရှိနိုင်ပါ။

“ဘယ်သွားမလို့လဲ”

အိပ်နေရာ မှ ပုလဲ ထလိုက်သောကြောင့် ကျွန်တော်မေး လိုက်မိသည်။

“ဘယ်သွားသွားပေါ့ကွာ၊ သိပ်စပ်စုတာပဲ”

အိပ်ယာဘေးမှာကျနေသော ထမိန်ကို ကောက်ယူမည်ပြု ပြီးမှ ပုလဲ ဘာစိတ်ကူးပေါက်သည် မသိ ပြန်ချပြီး ဒီတိုင်းထွက်သွားသည်။ အကွယ်အကာ ကင်းမဲ့သော ပုလဲ ကိုယ်လုံးလေးက ဖွေးဖွေးလွ နေသည်။ အဖြူရောင် ကိုယ်လုံးလေး တံခါး၀ မှာပျောက်ကွယ်သွားသည် အထိ ကျွန်တော် လိုက်ငေးနေမိသည်။ ဒါကို ပုလဲ သာတွေ့လျှင် ဘယ်လိုပြောမည် မသိဟု တွေးမိသော အခါ ကျွန်တော်ပြုံးရ၏။

ခနလောက်ကြာတော့ ပုလဲပြန်ရောက်လာသည်။

“ဘာလို့ ဒီလောက်ကြည့်နေတာလဲ”

ကျွန်တော့် အကြည့်စူးစူးကြောင့် ပုလဲ မျက်နှာမှာ သာမက တကိုယ်လုံးပါ ပန်းရောင်သန်း သွား သလိုရှိသည်။

“လှလို့ပေါ့”

“မမေနှင်း ဆိုရင် ဒီ့ထက်ပို လှမှာပဲနော်”

“ဒါတော့ဘယ်သိမလဲ၊ ကိုယ်က ပုလဲလှလို့ လှတယ်ပြောတာ၊ မဆိုင်တာတွေ ဘာလို့ လျှောက် ပြောနေရတာလဲ”

“အော် …ဟော် .. ပုလဲက ရိုးရိုးပြောတာပါ၊ မမေနှင်းက ပုလဲထက်လှတာ လူတိုင်းသိတယ်။ ဒါ ကြောင့် မမေနှင်း သာ ဒီအတိုင်းဆိုရင် လှမှာပဲ လို့ပြောတာ ဘာဖြစ်လဲ”

“ပုလဲက ရိုးရိုးပြောတာဆိုတော့ ကိုယ်လဲ ရိုးရိုးပြောရရင်၊ ဟုတ်တယ်၊ မေနှင်းဦး က အဝတ်အ စားနဲ့ လဲလှတယ်၊ အဝတ်မပါရင်ပိုတောင်လှဦးမယ်”

“ဟောတွေ့လား စိတ်ရင်းအမှန်တွေပေါ်လာပြီ”

“ပုလဲ ပြောလို့ ကိုယ်ပြောတာပါ”

“ကဲပါ၊ ရှိပါစေတော့၊ တကယ်လို့ ပုလဲ နဲ့သာမတွေ့ခဲ့ရင် ကိုလင်း ဘယ်သူ့ကို လက်ထပ် မလဲ ဟင်၊ မမေနှင်း ကို မဟုတ်လား”

“မဆိုင်တာက ပါလာပြန်ပြီ၊ ပုလဲ နဲ့သာတွေ့ပြီး မချစ်ခဲ့ဘူးဆိုရင် ဘုန်းကြီးဝတ်ဖြစ် မှာသေ ချာတယ်”

“တသက်လုံးလား”

“တသက်လုံးပေါ့”

“ဒါဆိုရင်တော့ ပုလဲက သာသနာဖျက်မ ဖြစ်နေပြီပေါ့၊ ပုလဲကြောင့်တော့ ကုသိုလ်ရေး မပျက် ပါစေနဲ့ ကိုလင်းရယ်၊ ကောင်းတာလုပ်တာပဲ လုပ်ပါ၊ ပစ္စည်းလေးပါး အတွက် ပုလဲပဲ ဒကာ မ လုပ်ပါရစေ”

သူမနှင့် စကားနိုင်ဆက်လုနေ၍ ပြီးမည် မဟုတ်တော့ပါ။ ထို့ကြောင့် အနားရောက်လာသော ပုလဲကို ဆွဲဖက်လိုက်ပြီး မှီသော နေရာ မှန်သမျှ အကုန်လိုက်နမ်းပစ်လိုက်သည်။

“အား … ယားတယ် ကိုလင်းရဲ့၊ ရှက်ရမ်းရမ်း ပြီးတော့ သူများကိုလာဒုက္ခ ပေးနေတယ်”

အဖက်လုပ်ပြီး ကျွန်တော် ပြန်ပြောမနေတော့ပါ။ ပုလဲ ကိုယ်လုံးလေး ကိုခပ်တင်းတင်း ဖျစ် ညှစ် ပြီး ခပ်ကြမ်းကြမ်းလေး နမ်းနေမိသည်။ တကိုယ်လုံးကို လည်း စိတ်ရှိလက်ရှိလိုက်ပြီး ဆုပ်နယ် ကိုင်တွယ်နေခြင်းကြောင့် ပုလဲ တွန့်လိမ်နေသည်။ ခြောက်သွေ့နေသည့် ဒါဏ် ရာတွေ ပေါ်ကို လက်ရောက်သွားချိန်မှာတော့ ပုလဲ တောင့်တောင့်လေး ဖြစ်သွားသည်။ စိတ် အနှောက် အယှက်ဖြစ်သွားမှာ စိုးသဖြင့် ကျွန်တော်က

“ခြောက်နေပါပြီ၊ နောက်ဆို ပျောက်သွားတော့မယ်”

“အမာရွတ်တွေက တော့ ပျောက်မှာ မဟုတ်ဘူး၊ ကျန်နေမှာပဲ”

ပုလဲ အသံက ခါးသီး အေးစက်နေသည်။

“ကိုယ့် အတွက်တော့ ဒါတွေက ဘာမှ စိတ်အနှောက်အယှက် မဖြစ်ပါဘူး”

“ဒါပေမယ့် သိတော့ သိချင်တယ် မဟုတ်လား”

ပုလဲ ပြောတာမှန်နေသည့် အတွက် ကျွန်တော်ငြိမ်နေလိုက်သည်။ ဒါဏ်ရာတွေကိုလည်း စိတ် ဝင်တစားကြည့်နေမိသည်။ ခုတကြိမ်မှာတော့ ပုလဲ မကန့်ကွက်ပါ။ ဖုံးကာ ခြင်းလဲ မလုပ် တော့ဘဲ သူမ နှင့် မဆိုင်သလို နေနေသည်။ သေသေချာချာကြည့် မှ ဆီးခုံ တခုလုံး နေရာ လပ် ပင်မကျန်အောင် အမာရွတ်လေးတွေ ပြည့်နှက်နေသည် ကိုတွေ့ရသည်။ ဖြူသော အသား နှင့်ရောနေသောကြောင့် အနီးကပ်ကြည့်မှ မြင်ရခြင်းဖြစ်သည်။ ဒါဏ်ရာ အသစ်တွေ ထဲက တချို့သည် တော်တော်လေး နက်၏။

“အရမ်းနာ မှာပဲ နော်”

မနေနိုင် ဘဲပြောလိုက်ပြီးမှ ပုလဲကို ကြည့်မိရာ မျက်ရည်ဝဲနေသည်ကို တွေ့ရသည်။ ကျွန် တော့် ကို တခုခုပြောချင်သလို နှုတ်ခမ်းလေးတွေ တဆတ်ဆတ်တုန်နေ၏။ စကားလုံးတွေ ပါး စပ်က ထွက်မလာဘဲ မျက်လုံးထဲက မျက်ရည်တွေသာ တပေါက်ပေါက်ကျလာ၏။

“ကိုယ် ပုလဲကို စိတ်ထိခိုက်အောင် မရည်ရွယ်ပါဘူး၊ ပုလဲရယ်၊ ဆောရီးနော်”

နားလည်ပါသည် ဆိုသောအနေဖြင့် ပုလဲ ခေါင်းညိတ်ပြသည်။ ကျွန်တော့် ရင်ခွင်ထဲ အတင်း တိုးဝင်ပြီးဖက်ထား၏။ ရှိုက်လိုက်တိုင်း တသိမ့်သိမ့် တုန်ခါသွားတတ်သော ပုလဲ ကျောပြင် ကို ပုလဲ အငိုတိတ်ပြီး ငြိမ်သက်သွားသည် အထိ ပွတ်ပေးနေမိပါသည်။ တဖြေးဖြေး နှင့် ပု လဲ ငြိမ်သက် သွား၍ အိပ်ပျော်သွားပြီလားဟု ကြည့်လိုက်မိသည်။

“ဘာကြည့်တာလဲ”

“အိပ်ပျော်သွား ပြီလားလို့”

“ပျော်စရာလား”

ယဲ့ယဲ့ အပြုံး နှင့် အတူ မျက်စောင်းပါ ရလိုက်သည်။

“စိတ်မညစ်နဲ့တော့နော်”

“ညစ်နေတော့လဲ ဘာထူးမှာလဲ”

“ဟုတ်တယ်၊ ဒါကြောင့် လက်ထပ်ကြရအောင်လို့ ပြောနေတာ”

“လိပ်ကြီး၊ ပြောလိုက်ရင် ဒါပဲ”

“ချစ်တာကိုး ပုလဲ ရဲ့”

ကျွန်တော့် ကျောကို ဆိတ်သည်။

“သူများကတော့ မချစ်တာကျနေတာပဲ၊ မိန်းမ ဈေးလဲ တပြားမှ မကျန်တော့ဘူး၊ အဲဒါ ကိုလင်း ကြောင့်”

“ဟင် …ကိုယ် ကဘာလုပ်လို့လဲ”

“တော်ပြီတော်ပြီ၊ ပုလဲ ကို လွှတ်တော့ အိပ်ချင်ပြီ၊ အိပ်တော့မယ်”

“မအိပ်ပါနဲ့ ဦး၊ ပုလဲ မအိပ်ချင်သေးဘူး မဟုတ်လား”

“မအိပ်ချင်လဲ အိပ်မယ်၊ ကိုလင်းနဲ့ ရန်ဖြစ်မနေတော့ဘူး”

“ရန်ဖြစ်တယ်ပြောရအောင် ဘယ်သူက ရန်လုပ်နေလို့လဲ”

“သူပဲ လိုက်စနေပြီးတော့၊ အိပ်မယ် ကွာ၊ ညနက်ပြီ”

ပုလဲ အိပ်ခွင့် မရလိုက်ပါ။ အချစ်နယ် သို့ ကျွန်တော်က နောက်တခေါက် ထပ်ခေါ်သွားသော ကြောင့်ဖြစ်သည်။

“ကိုလင်း ကတော့ လွန်တယ်ကွာ”

ငြူငြူစူစူလေး လုပ်ရင်း နှင့်ပင် ကျွန်တော့် အလိုအတိုင်း လိုက်လျော ရှာပါသည်။

“ဒီတိုင်းဆိုရင် နောက်တလ တောင်ကြာမှာ မဟုတ်ဘူး၊ သူများ ဗိုက်ကြီးဖို့ များနေပြီ”

“ကောင်းတာပေါ့ ပုလဲ ရဲ့၊ ဒါဆို မြန်မြန်လက်ထပ်ဖြစ်တာပေါ့”

“ဟင့် အင်း၊ ကလေး အမေမလုပ်ချင်သေးပါဘူး၊ ပုလဲက ငယ်ငယ်လေးပဲ ရှိသေးတာကို”

မကြိုက်သလို ပြောနေသော်လည်း ပုလဲ မျက်နှာပေါ်က အပြုံးလေး ကတော့ ချမ်းမြေ့လွန်း လှသည်။ ပုလဲ မျက်လုံးလေးတွေကလည်း တလက်လက်တောက်နေ၏။

.....................................................

အိပ်ယာဝင်နောက်ကျတော့ မနက်နိုးတာလည်း ခါတိုင်းထက်နောက်ကျသည်။ ဒီနေ့လည်း ကျွန်တော် အရင်နိုး၏။ ညက နည်းနည်း အေးသလိုရှိသဖြင့် စောင်တထည်ကို နှစ်ယောက်ခြုံ ပြီး ပူးကပ်အိပ်ကြသည်။ ကျွန်တော် နိုးနေသော်လည်း ပုလဲ နိုးသွားမှာ စိုး၍ ကျွန်တော် မလှုပ် ဘဲ ဆက်နှပ်နေလိုက်သည်။ ပုလဲ နိုးလာပြီးနောက် ကျွန်တော် မနိုးသေး ဟုထင်ပြီးလှုပ်နှိုး၏။

“ကိုလင်း ထတော့၊ နေမြင့်နေပြီ”

“မမြင့်ပါဘူး၊ အစောကြီးရှိသေးတယ်၊ ဘာမှလဲ လုပ်စရာ ရှိတာ မဟုတ်ဘဲနဲ့”

“လုပ်စရာ ရှိရှိ မရှိရှိ၊ မိုးလင်းရင် ထရမှာပေါ့”

“စဉ်းစားနေတာ”

“ဘာစဉ်းစားနေတာလဲ”

“ဒီနေ့ ဘယ်သွားရင် ကောင်းမလဲ၊ ဘာလုပ်ရင်ကောင်းမလဲ စဉ်းစားနေတာ”

“ကိုလင်း က သူဌေးလား၊ သွားလိုက်လာလိုက် စားလိုက်သောက်လိုက် နဲ့ ငွေတွေ ဖြုန်း နေ ရအောင်”

“နောက်ပိုင်း သားနဲ့ မယားနဲ့ ဖြစ်လာရင်တော့ ဆင်ခြင်ရမှာပေါ့”

“ဟာ ..ဟ၊ မယားတောင် မဟုတ်ဘူး၊ သားတောင်ပါလာပြီ၊ ကိုလင်း တော်တော် စိတ်ကူးယဉ် တတ်တာပဲ၊ ထင်တောင်မထင်ဘူး”

“ပုလဲက တလ အတွင်း ဗိုက်ကြီးသည် ဖြစ်တော့မယ် ဆိုတာကိုး၊ ထည့်စဉ်းစားရတာပေါ့”

“ပုလဲ နောက်တာပါ”

“ကိုယ်ကတော့ တကယ်ဖြစ်စေချင်တယ်၊ ဖြစ်အောင်လည်းကြိုးစားမယ်၊ အခုသွားနေတဲ့ နှုံး နဲ့ ဆိုရင် ဖြစ်ကိုဖြစ်ရမယ်”

ပုလဲ ရယ်ရလွန်း၍ မျက်ရည်ကျမတတ် အောင်ဖြစ်နေသည်။

“သူ့ဟာသူ ဟိုဒင်း ဖြစ်ချင်တာနဲ့ လျှောက်ပြီး အကြောင်းရှာနေတယ်”

“ဟို ဒင်းဆိုတာ ဘာလဲ”

“ကိုလင်း ကို နှာဗူးလို့ ပြောတာ၊ မှတ်ပြီလား”

“ယောက်ျားဆိုတာ ဂန်ဒူး နဲ့ နှာဗူး နှစ်မျိုးပဲ ရှိတယ်၊ ကိုယ်က ဂန်ဒူး မဟုတ်ဘူး”

“ဒါကတော့ ဘယ်သိနိုင်မလဲ”

“ဒါဆိုလဲ ဂန်ဒူး မဟုတ်ကြောင်းပြမယ်လေ”

ဘေးချင်းယှဉ် အိပ်နေရာမှ ပုလဲ ပေါ် ကျွန်တော် လှိမ့်တက်လိုက်သည်။ ပုလဲအလန့်တကြား တွန်းထုတ်၏။

“ကိုလင်း နော်၊ စောစောစီးစီး မယုတ်မာနဲ့”

ပုလဲကို စချင်သဖြင့် ကျွန်တော် ကလည်း အလျှော့မပေးပါ။ အိပ်ရာပေါ်မှာ သူတပြန်ကိုယ် တပြန် လူးလှိမ့်နေကြစဉ် အလိုက်ကမ်းဆိုးမသိသော ကျွန်တော့် တယ်လီဖုန်းက ထမြည် လာ၏။

“ကောင်းတယ်၊ ဝမ်းသာတယ်”

ကျွန်တော် ဖုန်းထကိုင်စဉ် လက်ညိုးလေး ကွေးချည်ဆန့်ချည် ဖြင့် သရော်ပြီး ပုလဲ ထွက်သွား သည်။ မမျှော်လင့်ပါဘဲ ဆက်သူက မေနှင်းဦးဖြစ်နေသည်။

“ဆရာ ဘယ်မှာလဲ”

“အိမ် … အိမ် မှာပါ”

“ပဲခူးက ပြန်ရောက်ပြီပေါ့”

“ဟုတ်ကဲ့”

“အားနာတော့နာတယ် ဆရာ၊ အနှောက်အယှက်ပေးရတာ”

“ဗျာ”

မလုံမလဲ စိတ်ဖြင့် ကျွန်တော် နှုတ်ဆွံ့သွားရသည်။

“မေနှင်း အခု အန်ကယ်လ် ဦးမြင့်သိန်းရုံးကို သွားနေတယ်၊ ဆရာတို့ ဖောင်ဒေးရှင်း က အဖွဲ့ ဝင် တော်တော်များများ ဒီနေ့ဆုံဖို့ရှိတယ်ဆရာ၊ အစဉ်းအဝေးပေါ့၊ ဆရာ ကြားလား မသိဘူး”

“ဟုတ်ကဲ့ ကြားပါတယ်”

“အဲဒါ ဆရာလုပ်နေတဲ့ ပေပါနဲ့ ပတ်သက်ပြီး ဆွေးနွေးချင်တာလေးတွေ ရှိနေလို့ ဆရာ လာ ပေးလို့ ရမလားဆရာ၊ နားရက်ဆိုတော့ အားနာတယ်”

မေနှင်းဦး အသံက တကယ် အားတုံ့အားနာ ဖြစ်နေမှန်းသိသာသည်။

“ရပါတယ် မမေနှင်း၊ အလုပ်ကိစ္စပဲ ကျွန်တော် လာခဲ့ပါမယ်၊ ဘယ်အချိန်လာရမလဲ”

မမေနှင်း ဆိုသည့် အသံကြောင့် အခန်းထဲပြန်ဝင်လာသော ပုလဲ မျက်မှောင်ကုပ်သွားသည်။ ကျွန်တော့် အနားသို့ လျှောက်လာပြီး ကျွန်တော့် ကို ဖက်လိုက်သည်။

“ဆယ်နာရီလောက် ဆိုဖြစ်မလားဆရာ”

ဘေးကနေပြီး ကျွန်တော့်ကို ကလိထိုးသည်။ နမ်းသည်။ ဆံပင်တွေကို လိုက်ဖွသည်။ ကျွန် တော် ဖုန်းပြောရအဆင်မပြေအောင် တမင်ကိုလုပ်နေ၏။

“ရ ..ရပါတယ်”

“ဒါဆို မေနှင်းစောင့်နေမယ်ဆရာ၊ ဒါပဲနော်”

မေနှင်းဦး မြန်မြန်ဖုန်းချသွားလို့သာတော်တော့သည်။ ဖုန်းပြောပြီးသွားသည် နှင့် လူချင်းခွာ လိုက်ပြီး

“ဘာတွေပြောနေတာလဲ”

“ဦးမြင့်သိန်း က ကိုယ်နဲ့ တွေ့ချင်လို့တဲ့”

“တနင်္ဂနွေ နေ့ကြီးကို”

“သူတို့ဖောင်ဒေးရှင်း အစည်းအဝေး ရှိတယ်တဲ့၊ ကိုယ်က ကိုယ့်စာတမ်းနဲ့ ပတ်သက်ပြီး ရှင်း ပြရမယ်လေ”

“ရှုပ်လိုက်တာ”

“မေနှင်းဦးကပြောတော့ သိပ်မကြာပါဘူးတဲ့”

“ကိုလင်း က လည်းသိပ်သွားချင်တယ် မဟုတ်လား”


အပိုင်း ( ၉ ) ဆက်ရန် >>>>


Print Friendly and PDF

No comments:

Post a Comment