Tuesday, August 23, 2016

သံသာစက်၌ အပိုင်း ( ၉ )

သံသာစက်၌ အပိုင်း ( ၉ )

ဂျင်ကလိ ရေးသည်။

“အလုပ်ကိစ္စ မို့ပါကွာ၊ ဒီလိုလုပ် ပုလဲပါလိုက်ခဲ့”

“ဘာလိုက်လုပ်မှာလဲ၊ ဒီကပဲ စောင့်တော့မယ်”

ကျွန်တော် အဝတ်အစားလဲ နေစဉ် ပုလဲ စိတ်ကူးပြောင်းသွားပြန်သည်။

“ပုလဲ လည်းဈေးဝယ် စရာလေးတွေ ရှိတယ်၊ လမ်းသင့်တဲ့ အထိကိုလင်းနဲ့ လိုက်ခဲ့မယ်လေ၊

အပြန်တော့ ပုလဲ ဖာသာပဲပြန်ခဲ့မယ်၊ ပြန်ရောက်ရင် ကိုလင်းဆီ ဖုန်းလှမ်းဆက် လိုက်မယ်”

ကျွန်တော်လည်း အိမ်ပြန်ပြီး အဝတ်လဲရန် နှင့် စာရွက်စာတမ်းတချို့ ပြန်ယူရန် ရှိသေးရာ ပုလဲ အကြံ ကိုထပ်မတွန့်တော့ဘဲ လက်ခံလိုက်သည်။ ထွက်ခါနီး ကျမှ ကျွန်တော့် အိမ်သော့ပါသည့် သော့တွဲ ပျောက်နေသည်ကို သိလိုက်ရသည်။ 

“ဟာကွာ”

“ဘာလဲ ကိုလင်း”

“ကိုယ့်သော့တွဲ”

“အော်၊ ပုလဲ ဆီမှာလေ၊ မနေ့က ကားပေါ်မှာ ကိုလင်းအိတ်ထဲက ထွက်ကျလို့ ပုလဲယူသိမ်း လိုက်တာ မမှတ်မိဘူးလား”

“ဟုတ်တယ်၊ ကိုယ်မေ့နေတာ”

လွယ်ထားသည့် အိတ်ကိုဖွင့်ပြီးသော့တွဲကိုဆွဲ ထုတ်လိုက်သည်။ သော့တွဲမှာ ငြိတွယ်ပါလာ သော တစုံတရာကို ကျွန်တော် ရောပုလဲပါ သတိမမူမိကြပါ။ ပုလဲ လက်က သော့တွဲကို ကျွန် တော် လှမ်းယူလိုက်စဉ်မှာ မှ တခုခု ပြုတ်ကျသွားသောကြောင့် နှစ်ယောက်လုံး ငုံ့ကြည့်မိကြသည်။

ကျသွားသည့် အရာကို ကုန်းကောက်နေသဖြင့် ပုလဲ မျက်နှာကို ကျွန်တော် သတိမပြုလိုက် မိ။

“ဘာလဲ မသိဘူး”

ပုလဲ မျက်နှာက စက္ကူဖြူ တရွက်နှယ်ပင်။ ကျွန်တော် ကိုင်ထားသည် မှာ အပ်ကြီး တချောင်း။ အဝတ်ချုပ်သည့် အပ်မဟုတ်၊ ဂုံနီအိတ်တွေ ဖျင်အိတ်တွေ ချုပ်ရာတွင်သုံးသည့် ခြောက်လက် မ လောက်ရှိမည့် အကြီးစား အပ်ဖြစ်သည်။ ချွန်မြသော အဖျားက ပြားပြားကော့ကော့ ရှိပြီး နဖားေပေါက် တွင် ခရမ်းရောင် ပလပ်စတစ်ကြိုးကွင်းလေးပါ၏။

ခေါင်းထဲမှာ တစုံတရာကို သိလိုက်သည့်နှယ် အလင်းရောင် တချက်လက်သွားသည်။ ပုလဲက တော့ ကြက်သေသေနေဆဲ ဖြစ်၏။

“သွားကြမယ်လေ”

ပုလဲ လှမ်းမယူသည့် အပ်ကို စားပွဲ လေးပေါ် လှမ်းတင်လိုက်ပြီး ဘာမှ မဖြစ်သလို ခေါ်လိုက် သည်။ ပုလဲ ကျွန်တော့် နောက်က အရုပ်တရုပ်လိုပါလာ၏။ လမ်းထိပ်နားက လဘက်ရည် ဆိုင် မှာ မနက်စာစားကြတော့လည်း ခေါင်းညိတ်ခေါင်းခါ လောက်ပဲ လုပ်သည် စကားမပြော။

ကားပေါ်တက် ပြီးပြန်ထွက်လာသည် အထိ ဒီအတိုင်းပင်။ ကျွန်တော် ကတော့ သူ့ အရှိန် နှင့် သူ လွှတ်ပေးထားလိုက်သည်။ သူမ စကားပြောချင်သည့် အချိန်ကျမှသာ ဆွေးနွေးတော့ မည်ဟု ဆုံးဖြတ်ထား၏။

“ဒီမှာပဲ ဆင်းတော့မယ်”

ဈေးတခု နားရောက်တော့မှ စကားသံထွက်လာ၏။

“ဖုန်းဆက်ဖြစ်အောင်ဆက်နော်”

ခေါင်းကို ပြုတ်ကျလုမတ်အောင် တဆတ်ဆတ်ညိတ်ပြရင်း ကျန်ခဲ့သည်။ အိမ်ကိုပြန်၍ ယူစ ရာ ရှိတာယူ ကိုယ်လက် အနည်းငယ်သန့်စင်ပြီး အချိန်မှီအောင် ခပ်သွက်သွက် မောင်းသွား ရာ ဦးမြင့်သိန်း၏ ရုံးဆင်ဝင်အောက်သို့ ဆယ်နာရီ အတိအကျ နီးပါးတွင် ရောက်သွားသည်။

ကားပေါ်ကဆင်း လိုက်သည် နှင့် အပေါက်ဝမှာ ပြုံးရွှင်စွာ ရပ်နေသော မေနှင်းဦးကို တွေ့ လိုက် ရသည်။

“Good morning ဆရာ”

“ကျွန်တော် နောက်မကျပါဘူးနော်”

“မကျပါဘူး ဆရာရဲ့၊ ဒါနဲ့ ဘရိတ်ဖတ်စ် စားပြီးပြီလား”

“ပြီးခဲ့ပြီ”

ကော်လာပါသည့် အဖြူရောင်ဘလောက်စ် လက်စက နှင့် အနက်ရောင် စကပ်ရှည်ကို ဝတ် ထားသော မေနှင်းဦး လှနေသည် ဟုဆိုလျှင် အရှေ့မှာ နေထွက်သည်ဟု မထူးဆန်းသည့် အကြောင်းအရာ တခုကို ပြောသလိုသာ ဖြစ်လိမ့်မည်။ ဆံပင်တွေကို တော့ အရင်တနေ့က လိုပင် ဖြန့်ချထား၏။

စင်္ကြ ံ လမ်းတလျှာက်မေနှင်းဦးက ဦးဆောင်ခေါ်သွားစဉ် သံပုရာနံ့လိုလို ရနံ့မွှေးမွှေးတခု ရသည်။ မေနှင်း ဦးဆံပင်တွေ မှာလည်း အနည်းငယ် စိုစွတ်နေသလိုပင်။

“မေနှင်း ခေါင်းလျှော် နေတုန်း အန်ကယ်လ့် ဆီက ဖုန်းလာတာလေ၊ အဲဒါနဲ့ ကပျာကယာ ထွက်လာရတာ၊ ဆံပင်တောင် ရေစင်အောင် မသုတ်ခဲ့ရဘူး”

ကျွန်တော့် အတွေးကို သိနေသလို ရှင်းပြသည်။ မေနှင်းဦး ဆံပင်မှ ရေအနည်းငယ်က ကျော ပြင်ကို ကျပ်ပြားဝိုင်းသာသာ လောက်စိုကွက်နေစေပြီး အနက်ရောင်ကြိုးလေး တချောင်း ကို ထွင်းဖေါက် မြင်နေရ၏။

“ဆရာလဲ စားပြီးတာနဲ့ ဒီအရောက် အမြန်မောင်းလာတာ မဟုတ်လား”

“မမေနှင်း ဘယ်လိုလုပ်သိလဲ”

“စီးကရက် နံ့မရလို့”

အပြုံးတဝက် နှင့်ပြောရင်း တံခါးတချပ် ကို တွန်းဖွင့်လိုက်သည်။

“ဒီ အခန်းဆရာ”

အထဲမှာ လူစုံသလောက်ဖြစ်နေသည်။ မေနှင်း ဦးဆွဲယူပေးသည့် ခုံမှာ ဝင်ထိုင်လိုက် ရင်း အနည်းငယ် နောက်ကျသည့် အတွက်တောင်းပန် လိုက်သော အခါ အားလုံးက နားလည် ပေးကြပါသည်။

“နောက်မကျပါဘူး၊ ကျွန်တော်တို့ကလဲ ဒီနေ့ မှ ကောက်ခါငင်ခါ လူစုံတာနဲ့ ဆရာ့ကို ခေါ် လိုက်ရတာ၊ ကမန်းကတန်း ဆိုတော့ ကျွန်တော် တို့ ပြန်အားနာရမှာ”

အစည်း အဝေးက သိပ်ရှုပ်ရှုပ်ထွေးထွေး မရှိပါ။ ကျွန်တော် က ကျွန်တော် တွေ့ရှိထားသည် များ နှင့် ယူဆချက်များကို ရှင်းပြသည်။ သူတို့တွေကလည်း လက်ရှိအခြေအနေ နှင့် နောင် လာမည့် စီမံကိန်းတွေ တိုင်ပင်ကြသည်။ ကျွန်တော့် အမြင်ကိုလည်း မေးကြ၏။ မေနှင်းဦး က တော့ ဝင်လိုက်ထွက်လိုက် နှင့် လိုအပ်တာတွေ လုပ်ပေးနေသည်။

သွက်သွက်လက်လက် လှုပ်ရှားနေသော မေနှင်းဦးကို ကြည့်ရင်းထူးခြားချက် တခုကို သတိ ပြုမိသည်။

အဲဒီလူက ကျွန်တော် နှင့် အရွယ် မတိမ်းမယိမ်းလောက်ဖြစ်မည်။ ကြီးလျှင်လည်း အသက် လေးဆယ် ဝန်းကျင်လောက်ပဲ ဖြစ်မည်။ မေနှင်းဦးကို ကြည့်နေသော သူ၏ မျက်လုံးတွေ က မရိုးသားပါ။ အသားညို သယောင်ရှိသည်မှ အပ ရုပ်ရည်သန့်ပြီး ဟန်ကောင်းသော သူသည် ခေသူတော့ မဖြစ်နိုင်။ ဦးမြင့်သိန်းလို လူ နှင့် တန်းတူ ယှဉ်နိုင်သည့် အနေအထား မျိုး ရှိသည်။

မေနှင်းဦးကို ဦးမြင့်သိန်း တူမ မှန်း မသိမဟုတ်သိကို သိရပေမည်။ ဒါတောင်မှ သူ့မျက်လုံးက အခိုးအငွေ့တွေ ထွက်လွန်းသည်။ လိုအပ်၍ မေနှင်းဦးက သူ့ရှေ့ကို စာရွက်စာတမ်းတွေ သွားချပေးသည့် အခါမျိုးဆိုလျှင် လူချင်း မထိထိအောင်လုပ်သည်။ မျက်လုံးတွေကလည်း မေ နှင်းဦး ၏ ရင်နှင့်တင် တဝိုက်ကနေ မတက်တော့။

ဖောင်ဒေရှင်း၏ operation ကို အဓိက တာဝန်ယူထားရသည့် ဦးမြင့်သိန်းက အစည်းအဝေး ကို လည်းဦးဆောင်နေရသဖြင့် သတိထားမိဟန်မတူပေ။ အစည်းအဝေး စပြီး တနာရီလောက်  ကြာတော့ မေနှင်းဦး အလုပ်ပါးသွား၍ ခုံ အလွတ်တလုံးကို တွန်းယူလာပြီး ကျွန်တော့ဘေးမှာ လာထိုင်သည်။

ကျွန်တော့်ရှေ့မှာ ပြန့်ကျဲနေသော စာရွက်စာတမ်းတွေကို ကူညီစုစည်းပေးသည်။ ဘက်ထရီ အားကုန်တော့မည့် ကျွန်တော့် note book ကို မီးလိုင်း နှင့် ချိတ် နိုင်အောင်လုပ်ပေးသည်။

အပြင်ထွက်စရာရှိလျှင်ထွက်သွားပြီး ပြန်ဝင်လာလျှင် ကျွန်တော့် ဘေး ကိုပြန်ရောက်လာ၏။ ဒီလို နှင့် အစည်းအဝေး ပြီးသော အခါ ဦးမြင့်သိန်းက

“မေနှင်းလဲ ပြန်ချင်ပြန်လေ၊ ရပြီ၊ အင်း … ဒီနေ့ ထွန်းဦး နားတော့ အန်ကယ်လ် ပဲပြန်ပို့ ပေးမယ်”

ထိုအချိန်တွင် မေနှင်းဦးကို ငမ်းနေသည့် လူကြီးလူကောင်းက ကားသော့ကိုလက်မှာ ဆရင်း လျှောက်လာပြီး တစုံတခုပြောမည့် ဟန်ပြင်သည်။ သူပါးစပ် မဟခင် မေနှင်းဦးက

“မေနှင်း က ဆရာ နဲ့ လမ်းကြုံတယ်အန်ကယ်၊ ဆရာနဲ့ပဲ ပြန်လိုက်သွားလိုက်မယ်”

ဦးမြင့်သိန်း က သဘောတူသော်လည်း ဟိုလူကတော့ သိပ်ကျေနပ်ပုံမရပေ။ အမှန်အားဖြင့် ကျွန်တော် နှင့် မေနှင်းဦး လမ်းတည့်တည့်ကြုံသည်မဟုတ်ပါ။ ဟိုလူ ဝင်လာမည် ကို မလို လား၍ မေနှင်းဦးပြောတာ မှန်းရိပ်မိသည့်အတွက် ကျွန်တော် ငြိမ်နေလိုက်သည်။

“လာ ဆရာ မေနှင်း အခန်းက ခနစောင့်နော်၊ မကြာဘူး၊ လက်စလေး နည်းနည်း သိမ်းလိုက် ဦးမယ်”

မေနှင်းဦးက သူမ ရုံးခန်းထဲမှာ ကျွန်တော့် ကို ထားပြီး ထွက်သွားသည်။ ခုနတွေ့ခဲ့သည့် ကျောပေါ်က ရေကွက်ကလေးတောင်ခြောက်သွားပြီ။ မမြင်ရတော့။ ပုလဲ ဆီကလည်း ဖုန်းမ လာသေးသဖြင့် ကျွန်တော်လည်း အေးအေး လူလူပင်စောင့် နေ လိုက် သည်။ ပြောသည့် အတိုင်း မေနှင်းဦး သိပ်မကြာပါ။ ဆယ်မိနစ်လောက်ပဲ စောင့်လိုက်ရသည်။

ကျွန်တော်တို့ အောက်ရောက်ချိန်တွင် လင်ခရူဇာ ကားကြီးမောင်းထွက်သွားသည့် စောစော က ပုဂ္ဂိုလ် ကိုမြင်လိုက်ရသည်။ မေနှင်းဦး နှင့် ကျွန်တော်လည်း နောက်က ထွက်လိုက်လာ ခဲ့သည်။

“မမေနှင်း ကို ကျွန်တော့် ကားနဲ့တင်တိုင်း အားနာတယ်”

“ဆရာကတော့ လုပ်ပြန်ပြီ”

“အဟုတ်ပြောတာ၊ မမေနှင်း ရုပ်ရည်အဆင့်အတန်းနဲ့က လင်ခရူဇာလောက် စီးမှ ဖြစ်မှာ”

မျက်နှာတခုလုံး ဆေးနီပက်လိုက်သလိုရဲတွတ်သွားပြီး ကျွန်တော့် လက်မောင်းကို မေနှင်းဦး တအားရိုတ်ထည့်လိုက်သည်။ မဆင်မချင် အမှတ်တမဲ့ ပြောလိုက်မိသည့် စကားအတွက် မေ နှင်းဦး ဒီလောက် အထိဖြစ်သွားမည်ဟု ကျွန်တော် မထင်ခဲ့မိပါ။ လက်လည်း တော်တော် နာသွားသည်။

“ဆောရီးဆရာ၊ မဟုတ်ပါဘူး၊ ကန်တော့နော် ဆရာ၊ မေနှင်း စိတ်လွတ်သွားတယ်၊ အရမ်း နာသွားလား”

ရုတ်တရက် လုပ်လိုက်ပြီးမှ အားနာသွားသော မေနှင်းဦး ကျွန်တော့်ကို အတင်းတောင်းပန် သည်။ လက်မောင်းကို လည်း သူ့လက်ကလေးတွေ နှင့်လာပွတ်ပေး၏။

“ရပါတယ်”

“မေနှင်းသိပါတယ်၊နာမှာပေါ့၊ အားနာလိုက်တာ ဆရာရယ်”

မေနှင်းဦး မျက်စိမျက်နှာ တော်တော် ပျက်နေသည်။

“မဟုတ်ပါဘူး၊ ကျွန်တော်ကလည်း မစဉ်းမစားပြောလိုက်တာကိုး၊ ဒါပေမယ့် ဘာရည်ရွယ် ချက်မှ မရှိပါဘူး၊ မမေနှင်း ကို နောက်ချင်တာသက်သက်ပါပဲ”

“အလကားလူဆရာ၊ သူ့မှာအိမ်ထောင်လည်းရှိတယ်၊ အန်ကယ်လ့်မျက်နှာတောင် မ ထောက်ဘဲ ရိသဲ့သဲ့ လာလုပ်နေတာကြာပြီ၊ အန်ကယ်လ် နဲ့က မကင်းရာမကင်းကြောင်းတွေ ရှိနေ လို့ မေနှင်း သည်းခံနေတာ၊ မဟုတ်လို့ကတော့ စိတ်ရှိတိုင်းပြောပစ်တာကြာပြီ၊ အကြောင်းမရှိ အကြောင်းရှာပြီးဖုန်းဆက်တာလည်း ခနခနပဲ၊ မေနှင်းသူ့ဖုန်းဆိုရင် လုံးဝကို မကိုင်ဘူး၊ အခုန အစည်းဝေးခန်း ထဲမှာလဲ ဆရာတွေ့တဲ့ အတိုင်းပဲ”

ကျွန်တော် သတိထားမိနေသည်ကို မေနှင်းဦး ဘယ်လိုသိသည်မသိပေ။

“ကျွန်တော်က သူ့ကိုရည်ရွယ်တာတော့ မဟုတ်ဘူးဗျ၊ ကားအကောင်းစားထဲက ရွေးပြော လိုက်တာ လင်ခရူဇာလို့၊ ဒီလို မှန်းသိရင် မာစီဒီး လို့ပြောပါတယ်”

မေနှင်းဦး စိတ်ပျက်ဟန်ဖြင့် ခေါင်းကိုရမ်းရင်း

“မာစီဒီး နဲ့တယောက်လဲ ရှိသေးတယ်၊ အန်ကယ်လ့် ထက်ငယ်ရင် နည်းနည်းပဲ၊ စိတ်ပျက် ဖို့ သိပ်ကောင်းတယ်”

“ဟောဗျာ၊ ဒါဆို ဘာမှ မလွတ်တော့ပါလား”

“ကားအမျိုးအစားက အရေးမကြီးပါဘူးဆရာရယ်၊ အရေးကြီးတာက ကားပိုင်ရှင်ရဲ့ စိတ်ဓါတ် နဲ့ ကိုယ်ကျင့်တရားပဲ”

ကျွန်တော် မေနှင်းဦး ကိုလှည့်ကြည့်မိသည်။ ကြည်လင်သော မျက်ဝန်းတွေ နှင့် ကျွန်တော့် ကို ပြန်မော့ကြည့်၏။

“ဆရာ အချိန်ရလား”

“ရပါတယ်၊ ဘယ်သွားချင်လို့လဲ”

“မနက်က မေနှင်း မုန့်လေးတခုပဲ စားခဲ့ရတယ်၊တခုခုဝင်စားမလားလို့၊ဆရာလဲ စားလေနေ့ လည်စာ ချိန်တောင်နီးပြီ”

“ကျွန်တော် ကျွေးမယ်နော်၊ မမေနှင်း ကချည်းပဲ နေ့လည်ဆိုကျွေးနေတာ၊ ကျွန်တော်လည်း ကျွေးဖူးတယ် ရှိအောင်”

“မေနှင်းက တဖက်လှည့်နဲ့ ကျွေးခိုင်းသလိုများ ဖြစ်နေမလား”

“မထင်ပါဘူးဗျာ၊ မမေနှင်း အကြောင်း ကျွန်တော် သိနေတာပဲ”

မေနှင်းဦးက ကြက်ကြော် စားချင်သည်ဆို၍ ကြက်ကြော်လိုက်ကျွေးသည်။ ကျွန်တော်လည်း စားရင်း မေနှင်းဦး ကို စချင်သည် နှင့်

“ကျွန်တော် ကြားဖူးတာ တခုရှိတယ်၊ အခုနောက်ပိုင်း အမေရိကန်သူ တွေ ဝတဲ့သူများလာ တာ ကြက်ကြော်တွေ စားလို့တဲ့”

“တခါတလေပဲ ဆရာရယ်၊ မကြောက်ပါဘူး၊ ဆရာမသိလို့ ရုံးက မန်နေဂျာတွေ ထဲမှာ မေနှင်း က အပိန်ဆုံး”

ကျွန်တော် သတိထားမိသလောက် မေနှင်းတို့ ရုံးက အမျိုးသမီး မန်နေဂျာတွေထဲမှာ မေနှင်း ဦး တယောက်သာ အိမ်ထောင်မရှိသူဖြစ်သည်။ ကျန်တာတွေက မေနှင်းဦးထက် အသက်ကြီး သည့် အိမ်ထောင်သည်တွေ ဖြစ်သည်။

“ဒါက သူတို့ ကလေးအမေတွေကိုး”

“အင်းနော် …မေနှင်း လဲ ခလေးအမေ ဖြစ်ရင်ဝချင်ဝလာမှာ”

လှပကျော့ရှင်းသည့် မေနှင်းဦး ကိုယ်လုံးလေးကို ကျွန်တော် အမှတ်မထင်ငေးကြည့် မိသည်။ မဆီ မဆိုင် မနက်က ပုလဲရည်ဆီမှာ တွေ့ခဲ့သည့် အပ်ချွန်ကြီးကို မျက်စိထဲ မြင်ယောင်ပြီး မေ နှင်းဦး၏ မမြင်ရသည့်နေရာတွေမှာရော ဒါဏ်ရာတွေရှိလေမလားဟု တွေးမိသည်။ ပြီးတော့ မှ ကိုယ့်အတွေးကို ကိုယ်ရယ်ချင်မိ၏။

“ဆရာ ဘာပြုံးတာလဲ”

“ပြုံးလို့လား”

“ပြုံးတယ်လေ၊ မေနှင်းဘာဖြစ်နေလို့လဲ ဆရာ”

“ဘာမှ မဖြစ်ပါဘူး၊ ဘာဖြစ်လို့လဲ”

“မသိဘူးလေ၊ ဆရာက မေနှင်းကို ကြည့်ရင်း ပြုံးစိစိ ဖြစ်သွားတော့ မေနှင်းများဘာ ဖြစ်နေလို့ လဲ ထင်တာပေါ့”

“မဟုတ်ပါဘူး၊ ကျွန်တော့်ဖာသာရယ်စရာ တခုတွေးမိလို့ပါ”

“မေနှင်း ကိုပြောလို့ မရဘူးလား၊ မေနှင်းလဲရယ်ချင်လို့”

“ပြောလို့ မရဘူး”

“ဟင် .. ဆရာကလဲ”

မကျေမနပ်ပြောပြီးမှ မေနှင်းဦး ဘာအတွေးပေါက်သွားသည် မသိ ရှက်ပြုံးလေး နှင့်ခေါင်းငုံ့ သွားသည်။ စကားလည်း သိပ်မပြောတော့။ တိတ်ဆိတ်စွာ စားနေသော မေနှင်းဦး ကိုကြည့် ရင်း ကျွန်တော် စိတ်ကူးတခုရသွားသည်။ မေနှင်းဦးကို မွေးနေ့လက်ဆောင် တခါထဲ ဝယ် ပေးလိုက်ရန်ဖြစ်သည်။ ရုံးမှာ အများရှေ့ပေးမည် ဆိုလျှင် အဆင်မပြေနိုင်။ မရွှေပုလဲ ၏ စိတ် ကလည်း ပြောလို့ရတာ မဟုတ်။ ကျွန်တော့်ကို ရစ်ချင်ရစ်နေမည်။

“မမေနှင်း”

“ရှင်”

“အချိန်ရတယ် ဆိုရင်မွေးနေ့လက်ဆောင် တခါထဲဝယ်ပေးလိုက်ချင်တယ်”

“အားနာစရာကြီး၊ ကြက်ကြော်လဲ ကျွေးရသေးတယ်၊ မယူတော့ပါဘူး ဆရာရယ်”

“လက်ဆောင်ကို မယူမှ ပိုအားနာဖို့ကောင်းတာ”

“ဒီလိုကျတော့ ဆရာက စကားတတ်သားပဲ၊ ဘာဝယ်ပေးမှာလဲ”

“မစဉ်းစားရသေးဘူး၊ ဒီလိုလုပ်.. မမေနှင်း ကြိုက်တာပြော ဝယ်ပေးမယ်”

“အဲလိုကြီးကျတော့ …ဆရာရယ်”

“အားမနာနဲ့၊ တခုတော့ရှိတယ်၊ လင်ခရူဆာ၊ တို့မာစီဒီး ကားတို့တော့ မတတ်နိုင်ဘူး ပေါ့ဗျာ”

“ဆရာနော်၊ နောက်စရာ ရှားလို့၊ နေပေ့စေဦး ဈေးကြီးကြီးကို ဝယ်ခိုင်း ပစ်လိုက်ဦးမယ်”

တကယ်တန်းကျတော့ မေနှင်းဦး ဒီလို မဟုတ်ရှာပါ။ဈေးကြီးတာတခုခု ကျွန်တော်ကောက်ကိုင်လိုက်သည်နှင့် အတင်းညင်း၏။ မယူဘူးဆိုပြီးထွက်ချင်ထွက်သွား၏။တဆိုင်ဝင် တဆိုင်ထွက် သွားနေကြရင်း ဆိုင်တဆိုင်က အမွှေးပွ ဝက်ဝံရုပ်ကြီးတခု ကို မေနှင်းဦးတကြည့်ကြည့် လုပ် နေတာ ကျွန်တော် သတိထားမိသည်။

ထို့ကြောင့် ဆိုင်ထဲဝင်သွားပြီး အရုပ်ကြီးနားရပ်လိုက်ချိန်တွင် မေနှင်းဦး က

“ချစ်စရာကြီးနော် ဆရာ”

“ယူမလား”

“ဈေးအရင်မေးကြည့်မယ်လေ”

မေနှင်းဦး အရုပ်ကြီးကိုသဘောကျ နေကြောင်း ကျွန်တော် ရိပ်မိသဖြင့် ဘယ်လောက်ဖြစ် စေ ဝယ်ပေးလိုက်ဖို့ ဆုံးဖြတ်ပြီး ဆိုင်က ကလေးမတယောက်ကို လှမ်းခေါ် လိုက်သည်။

“ညီမရေ၊ ဒီကောင်ကြီးက ဘယ်လောက်လဲ”

“ခြောက်သောင်းခွဲပါ”

မေနှင်းဦး ကျွန်တော့်လက်မောင်းကို လာဆွဲသည်။

“မယူတော့ဘူး၊ သွားမယ်ဆရာ”

ဒီတခါတော့ ကျွန်တော် အလျှော့မပေးပါ။ အိတ်ဖွင့်ပြီး ပိုက်ဆံထုတ်လိုက်သည်။ တထောင်တန် အုပ်ထဲမှ သုံးဆယ့်ငါးရွက်ထုတ်ထားလိုက်ဖို့ ကျွန်တော် ရေတွက်နေစဉ် မေနှင်းဦး ကျွန် တော့်ကို ကြည့်လိုက်၊ အရုပ်ကို ကြည့်လိုက်နှင့် မရိုးမရွဖြစ်နေသည်။

“အဲဒီလောက် အများကြီးဆရာရယ်”

“မမေနှင်းကြိုက်တယ် မဟုတ်လား”

“ကြိုက်တော့ကြိုက်တာပေါ့ ဆရာရယ်”

“ဒါဆို ယူပေါ့၊ ဘာဖြစ်လဲ၊ လက်ဆောင်ပေးတယ်ဆိုတာ ယူတဲ့သူ သဘောကျမှ ဖြစ်တာ”

မေနှင်းဦးထပ်တွန့်မတက်တော့ဘဲငြိမ်သွားသည်။ အရုပ်ကတော်တော်ကြီးသည်။ ထည့်ပေး လိုက်ဖို့ သူနှင့်ဆန့်သည့် အိတ်တောင်မှ ဆိုင်မှာ မရှိ။ မေနှင်းဦး ဒီအတိုင်းပွေ့လာရသည်။

“မမေနှင်း နိုင်ရဲ့လား ကျွန်တော် ယူခဲ့မယ်လေ”

“ရတယ်ဆရာ၊ သိပ်မလေးပါဘူး”

ကားဆီသို့ပြန်သွားရာလမ်းတလျှောက်တွင် လူတွေကဝိုင်းကြည့်ကြ၏။ အရုပ်ကြီးက ချစ်စရာ ကောင်းသလို မနိုင်မနင်း ပွေ့ယူလာသော မိန်းကလေးကလည်း လှနေရာ လူတိုင်းမကြည့်ဘဲ မနေနိုင်ကြ။ အနည်းဆုံး တခါတော့ကြည့်မိကြသည်။ မေနှင်းဦး အနေခက်လာပုံရသည်။

“ဝိုင်းသယ်ပေးပါလားဆရာ”

“အစောကြီးထဲက ပြောသားပဲ”

လက်ထဲက အိတ်နှင့်ကားသော့ကို မေနှင်းဦးလက် သို့အပ်လိုက်ပြီး ကျွန်တော် မ,လာခဲ့သည်။ ကျွန်တော်သယ်သောအခါ ကျတော့ ဘယ်သူမှ မကြည့်ကြတော့။

“ဟာ …ကျွန်တော့် အလှည့်ကျတော့ ဘယ်သူမှ မကြည့်ကြဘူး”

ကျွန်တော် ထိုသို့ပြောသည်ကို မေနှင်းဦး သဘောကျပြီး တခစ်ခစ်ရယ်သည်။ အရုပ်ကလည်း တကယ်ကိုကြီးပါသည်။ ကားနောက်ခန်း မှာအပြည့်ဖြစ်နေ၏။

“မေနှင်းမောင်းမယ် ဆရာ၊ ဆရာ့ကားကို မောင်းဖူးတယ်ရှိအောင်လို့”

ကားသော့ပြန်မပေးဘဲ စတီရာရင်နောက်တွင်ဝင်ထိုင်သည်။ ခြေတံရှည်သော ကျွန်တော် မောင်း သည့် ကားဖြစ်ရာ ခုံကနောက်ကိုတော်တော် ဆုတ်ထားရ၏။ မေနှင်းဦးမောင်း မည် ဆိုတော့ ရှေ့ပြန်တိုးပေးရသည်။ မေနှင်းဦးက တင်ပါးဝိုင်းဝိုင်းလေးကို ကြွပေးထားစဉ် ကျွန်တော်က မောင်းတံကို ဆွဲ၍ ခုံကိုရှေ့သို့တွန်းပေးရသည်။ ကျွန်တော် အသက်ရှုခန ရပ်ရ သည့်ကာလ ဖြစ်ပါ၏။

“Thank you ဆရာ”

မေနှင်းဦးကားမောင်းတာ မမြင်ဖူးသော်လည်း ကျွန်တော့်ကားစုတ်ကို ကောင်းကောင်းထိန်း နိုင်သဖြင့် သူမ၏ ကျွမ်းကျင်မှုကို အသိအမှတ်ပြုမိသည်။

“ဆရာ အပေါ်ကို လိုက်ပို့ဦးနော်”

မတတ်သာတော့ပဲ ကျွန်တော် အရုပ်ကြီးမပြီး အပေါ်အထိလိုက်သွားရသည်။ ဓါတ်လှေခါးထဲမှာ ကျွန်တော်တို့ နှစ်ယောက်ထဲရှိ၏။

“အော်… ဟိုတနေ့ ဆရာလာတုန်းကဖုန်းထဲမှာ စကားပြတ်သွားတာ အခုမှသတိရတယ်”

“မမေနှင်း အမျိုးသား ကိစ္စလား”

“မေနှင်း အမျိုးသား မဟုတ်တော့ပါဘူး ဆရာရယ်”

“ဟုတ်ပါပြီ ပြောပါဦး”

“ဒီလို ဆရာ၊ သူနဲ့တွေ့တဲ့ နေ့က သူငယ်ချင်းတွေလဲရှိတယ်၊ အားလုံးရှေ့မှာ သူကပြော တယ်၊ အလုပ်ထွက်ဖို့စဉ်းစားထားဦးတဲ့၊ မေနှင်း ကသူနဲ့ လိုက်နေရမှာတဲ့၊ အဲဒါနဲ့ အေးအေးဆေးဆေး ပြောရအောင်ဆိုပြီး ဝရန်တာကို ခေါ်သွားလိုက်တယ် …ဟော ရောက်ပြီ ဆရာ၊အပြင်မှာပဲ ပြောပြမယ်နော်၊ မေမေက သူ့ကို အရင်ထဲကသိပ်ကြည်တာ မဟုတ်ဘူး၊ သူ့ အကြောင်း မေမေ့ရှေ့မှာ မပြောချင်လို့”

ဓါတ်လှေခါးထဲက ထွက်ပြီးစင်္ကြ ံ လမ်းထိပ်မှာ ရပ်မိကြသည်။

“မမေနှင်း အမေ က သူနဲ့အကြောင်းတွေသိတယ်လား”

“တိတိပပတော့ မသိဘူပေါ့ဆရာရယ်၊ ပြောရရင် မေနှင်း အလုပ်မထွက်နိုင်ဘူး၊ မောင်လေး ကလဲ နိုင်ငံခြားမှာ ဆိုတော့ မေမေ တယောက်ထဲ မထားခဲ့နိုင်ဘူးလို့”

“အင်း”

“ဒီတော့ သူက မေမေ့ပါခေါ်ခဲ့တဲ့၊ သူ့ကိုကြည့်မရတဲ့ မေနှင်းအမေ က လိုက်ပြီးသူ့လုပ် စာ စားမလားဆရာရဲ့၊ မဖြစ်နိုင်ဘူး ဆိုတော့ မဖြစ်နိုင်လို့ မရဘူး၊ သူတို့ထုံးစံက မိန်းမ လိုက်ကို နေရမယ်၊ မနေလို့ မရဘူးတဲ့၊ အဲဒါနဲ့ မေနှင်း လဲ ဒါဖြင့် နင်တို့ ထုံးစံနဲ့ ကိုက်တဲ့ နောက် တ ယောက်သာ ရှာတော့ ငါကတော့ နိုးပဲ လို့ ပြောပစ်လိုက်တယ်”

“သူဘာပြောလဲ”

“အစောကြီးထဲက ထင်ပါတယ်တဲ့၊ ဒါကြောင့် မေနှင်း ကိုဆက်သွယ်ဖို့ ဝန်လေး နေခဲ့တာတဲ့”

“ကျွန်တော် သိသလောက် သူတို့မှာ ဒီလို ထုံးစံရှိတာတော့ အမှန်ပဲ”

“ဆရာကတော့ ခက်ပါတယ်။ အမြဲတမ်းသူများတွေဖက်ကချည်းပဲ နားလည်ပြီး လိုက်တွေးပေး နေတတ်တယ်၊ နေရာတိုင်း မှာ ဒီလို လိုက်မတွေးနဲ့ဆရာ၊ ကိုယ့်ဖက်က အနာချည်းပဲ”

စိတ်တိုသွားသလို ခပ်ဆတ်ဆတ် အသံမျိုးဖြင့် မေနှင်းဦးပြောလိုက်သည်။

“အဲဒီ အကျင့် ကဖျောက်ရခက်တယ် မမေနှင်းရဲ့”

မေနှင်းဦးက ကျွန်တော့်စကားကို မကြားယောင်ပြုပြီး

“မေနှင်း သိလိုက်တာ တခုရှိတယ်၊ မေနှင်း သူနဲ့ ဇာတ်လမ်းပြတ်သွားလို့ ဘယ်လိုမှ မခံစား ရဘူး၊ ပျော်တောင်ပျော်မိတယ် သိလား၊ မေနှင်း သူ့ကို တကယ် မချစ်လို့ ဖြစ်မှာပေါ့နော်”

“အဲဒါတော့ ကျွန်တော်လဲ မပြောတတ်ဘူး၊ မမေနှင်း ကိုယ် မမေနှင်းရော သေချာလို့လား”

“ဆရာနော်၊ မေနှင်းကို တနေ့လုံးရန်စနေတယ်၊ အရုပ်မျက်နှာ နဲ့ခွင့်လွှတ်လိုက်မယ်”

“ကြက်ကြော်ရှိသေးတယ်လေ”

“အင်းပါ၊ အင်းပါ၊ အထဲဝင်ကြရအောင် ဆရာလဲ အရုပ်ကြီးနဲ့ လေးနေပြီ”

မေနှင်း ဦး တို့ အခန်းကထောင့်စွန်း အခန်းဖြစ်သည်။ ခေါင်းလောင်းတီးလိုက်တော့ မေနှင်းဦး အမေ တံခါးလာဖွင့်ပေး၏။ မေနှင်းဦး နှင့်ခပ်ဆင်ဆင်တူပြီး အရပ်တော့ မေနှင်းဦးထက် ပု၏။

“မေမေ ဒါ ဆရာလေ”

မေနှင်းဦး အမေ က ကျွန်တော့်အကြောင်းကြားဖူးနေပုံရသည်။ ဖေါ်ဖေါ်ရွေရွေပင် အိမ်ထဲ ဖိတ်

ခေါ်ပြီး ထိုင်ခိုင်း၏။ မေနှင်းဦးကတော့ ခန ဆိုပြီး အတွင်းဖက်သို့ အရုပ်ကြီးပိုက်ပြီးဝင်သွား သည်။

 “သားထိုင်ဦးနော်၊ အန်တီ ကော်ဖီသွားဖျော်လိုက်ဦးမယ်၊ မေနှင်းကတော့ အဝတ်အစားလဲ နေ တယ်ထင်တယ်”

“နေပါစေ အန်တီ ကျွန်တော်တို့ အအေးသောက်ခဲ့သေးတယ်”

“ကော်ဖီ က အပူပဲ၊ ထပ်သောက်လို့ရပါတယ်”

ပြောမရ ဆိုမရ ထွက်သွားရာ ဧည့်ခန်းထဲမှာ ကျွန်တော်တယောက်ထဲ ကျန်ခဲ့သည်။ လှပ သပ်ရပ်ပြီး အဆင့်မြင့်မြင့် ခင်းကျင်းထားသည့် ဧည့်ခန်းတခု ဖြစ်သည်။ နံရံနှင့်ကပ်နေသည့် စာအုပ်စင်လို စင်တခု၏ အပေါ်ဆုံးတွင် အသက်ကြီးကြီး အမျိုးသားတယောက်၏ အဖြူအ မည်း ပုံတပုံနှင့် အသားဖြူဖြူ လူငယ်တယောက်၏ ပုံကိုတွေ့ရသည်။ ကွယ်လွန်သွားသည့် မေနှင်းဦး၏ ဖခင်ဖြစ်သူနှင့် နိုင်ငံခြားရောက် မောင်ငယ်တို့ ဖြစ်လိမ့်မည်ထင်သည်။

“အဲဒါမောင်လေးလေ”

ဓါတ်ပုံတွေကို ကျွန်တော် လှမ်းကြည့်နေစဉ် အနားကို ရောက်လာသော မေနှင်း ဦးကပြော လိုက်သည်။

“မေမေ က ဆရာ့ကို တယောက်ထဲ ထားခဲ့တယ်လား”

“ကော်ဖီတိုက်မလို့တဲ့၊ ပြောလို့လဲမရဘူး”

“မေမေ က ဒီလိုပဲ အိမ်လာတဲ့ သူကို သူ့လက်ရာကော်ဖီ တိုက်လိုက်ရမှ”

အပြာနုရောင် လက်ပြတ်အင်္ကျ ီခပ်ပါးပါး နှင့် အဖြူ နှင့် အပြာရောင်အစင်းလေးတွေ ပါသည့် ထမိန်ဝတ်ထားသော မေနှင်းဦး၏ ဟန်က ပေါ့ပါးလွတ်လပ်နေ၏။ ဆံပင်တွေကို နောက်မှာ ခပ်မြင့်မြင့်လေး မြင်းမြီးလို စည်းထားသော်လည်း အလှမပျက်ပါ။

“မေနှင်း ချောဆွဲလာတာနဲ့၊ ဆရာ သွားစရာတွေ များပျက်ကုန်မလား”

“သွားစရာက ဖုန်းဆက်မှ သွားရမှာ၊ ခုထိ ဖုန်းမဝင်သေးဘူး”

“ဒါဆို အေးအေး ဆေးဆေးပေါ့ဆရာရယ်၊ အပြင်မှာ ပူပါတယ်”

ဧည့်ခန်းထဲမှာတော့ လေ အေးစက်ကြောင့် အေးစိမ့်နေသည်။

“သမီး အရုပ်ကြီးကလည်း ကြီးလိုက်တာ၊ ဘယ်နားထားမလဲ”

ကော်ဖီခွက်လာချရင်း မေနှင်းဦး၏ အမေ ကမေးသည်။

“အိပ်ယာပေါ်တင်ထားတယ်၊ အရုပ်တင်လိုက်တော့ သမီးအိပ်ဖို့ နေရာ တတောင်လောက်ပဲ

ကျန်တော့တယ်”

“ဖက်အိပ်ပေါ့”

ဘာမှမသိဘဲ ပြောလိုက်သည့် မေနှင်းဦး အမေ၏ စကားကြောင့် မေနှင်းဦးမျက်နှာလေး နီ သွားသည်။ ဘာမှတော့ပြန်မပြောပါ။ ကျွန်တော့်ဖက်ဆီကနေ မျက်နှာလွှဲပြီး ဆိုဖာကို လက် သည်း နှင့် ကုပ်ခြစ်နေသည်။ ကျွန်တော်လည်း လုပ်မိလုပ်ရာ ကော်ဖီခွက်ကို ကောက်ကိုင် လိုက်၏။

“ပူသေးတယ် နော်”

“ဟုတ်ကဲ့ အန်တီ”

လေနှင့်မှုတ်ပြီး ဖြေးဖြေးချင်းသောက်ကြည့်ရာ အတော်လက်ရာ ကောင်းသည့်ကော်ဖီ မှန်း သိ လိုက်ရသည်။ ဒါကြောင့်လည်း မေနှင်းဦး အမေက လာသည့်ဧည့်သည် တိုင်းကို ဂုဏ်ယူစွာ တိုက်ခြင်း ဖြစ်မည်။ အဖွားကြီး ကို ကော်ဖီကောင်းကြောင်း ပြောမည် ဟု လက်ထဲကခွက်ကို ပြန်အချလိုက်တွင် ဖုန်းသံကြားလိုက်ရသည်။

ရန်ကုန်မြို့တွင်း နံပါတ်တခု။ ပုလဲ များဖြစ်နေမလားဟု ထူးလိုက်ရာ တကယ်ပင် ပုလဲ ဖြစ်နေ သည်။

“ကိုလင်း အိမ်ပြန်ရောက်ပြီလား”

“မရောက်သေးဘူး”

“အစည်းအဝေး ဆိုတာရော ပြီးပြီလား”

“ပြီးပြီ”

“အိမ်ဘယ်တော့ ပြန်မှာလဲ”

“အခုပြန်မှာလေ”

“ပုလဲ ဆီ မလာနဲ့တော့၊ ကိုလင်း အိမ်က နေပဲပြန်စောင့်နေတော့ ပုလဲ လာခဲ့မယ်”

“ဘယ်တော့လာမှာလဲ”

“အခုထွက်လာနေပြီလေ”

“အိုကေ၊ အိမ်ကပဲ စောင့်တော့မယ်”

ပုလဲ ထွက်လာပြီဆိုတော့ ကျွန်တော် မြန်မြန်ပြန်မှ ဖြစ်မည်။

“သူငယ်ချင်းတယောက်ကအိမ်ကိုလာမလို့တဲ့၊သွားလိုက်ဦးမယ်၊မမေနှင်း၊ခွင့်ပြုပါဦး အန် တီ”

နှုတ်ဆက်ပြီး မှကော်ဖီခွက် ကို သတိရ၍ ကောက်ယူပြီး တကျိုက်ထဲ မော့ချလိုက်သည်။

“ကော်ဖီ က အရမ်းကောင်းတယ် အန်တီ၊ ကျေးဇူးပဲ”

“ကြိုက်ရင် နောက်ဝင်ခဲ့ပေါ့၊ အန်တီ ဖျော်တိုက်မယ်”

ပန်းနုရောင်သမ်း နေဆဲ မျက်နှာလေးဖြင့် မေနှင်း အခန်းတံခါးလိုက်ဖွင့်ပေးသည်။

“သွားမယ်နော်”

“ဟုတ်”

ခြေလှမ်းလေးငါးလှမ်း လှမ်းပြီးမှနောက်ပြန်လှည့်ကြည့်လိုက်ရာ တံခါးဝမှာ ရပ်နေဆဲ မေနှင်း ဦး ကိုတွေ့ရသည်။ ကျွန်တော်ပြန်လှည့်ကြည့်တာ မြင်တော့မှ လက်ကလေးရမ်းပြပြီး တံခါး ပိတ်သွားသည်။

မေနှင်းဦးတို့ အိမ်ကနေ ကျွန်တော့် အိမ်ကို မိနစ် နှစ်ဆယ် ကျော်မောင်းရသည်။ ကျွန်တော် ရောက်သည် အထိပုလဲ မရောက်သေး၍ စိတ်အေးသွားရသည်။ ပုလဲ တယောက်ထဲ ကျွန် တော့် ကိုစောင့် မနေစေလိုပါ။ အခုထွက်လာပြီ ဆိုသည့် ပုလဲက တော်တော် နှင့် ရောက် မ လာ။ ပုလဲ ကိုစောင့်ရင်း တမနက်လုံး မသောက်ခဲ့ရသည့် စီးကရက်ကို အတိုးချ သောက်နေ မိ၏။ ကျွန်တော် စီးကရက် သုံးလိပ်ကုန်မှ တံခါးခေါက်သံကြားရသည်။

“လာပြီ လာပြီ”

တံခါး ပွင့်သွားချိန်မှာ ကျွန်တော့် ပါးစပ်မှာ ခဲထားသည့် လေးလိပ်မြောက်စီးကရက် ပြုတ်ကျသွားအောင် အံ့သြသွားရသည်။

.......................................................

အခန်း ( ၃ ) ကမ ္ဘာရဲ့ ည

အပိုင်း (က)

ကျွန်မ အရင်ဆုံးသတိပြုမိသည်မှာ ပိန်းပိတ်နေသည့် အမှောင်ထုကြီးတခု ဖြစ်သည်။ ကျွန်မ၏ ခန္ဓာကိုယ်မှာ ခံစားချက်မဲ့ စွာဖြင့် ထိုအမှောင်ထုထဲမှာ မျောလွင့်လို့နေ၏။

အရှေ့အနောက်၊ တောင်နှင့် မြောက် အရပ်မျက်နှာတို့ကိုလည်း မသိရ၊ မျောလွင့်နေမှုတွင် အထက် နှင့်အောက် သတ်မှတ်ချက်ကိုလည်း ကျွန်မ ဂရုမပြု မိပါ။

ထိုအချိန်မှာ အလင်းရောင်ဖျော့ဖျော့ တခုကို မြင်လိုက်ရသည်။ ကျွန်မနှင့်နီးသလား၊ ဝေး သလား မဝေခွဲတတ်သော်လည်း အလင်းရောင်က ကျွန်မဆီကို လာနေသည်။

သို့မဟုတ်ကျွန်မက အလင်းရောင်ရှိရာဆီသို့ ရွေ့လျားလွင့်မျောနေသည် ဆိုတာကလည်း မသေချာပါ။သို့သော် အလင်းရောင်က ကျွန်မနှင့် ပို၍ပို၍ နီးကပ်လာသည်ကအမှန်ဖြစ်၏။ နီးလာသည် နှင့် အမျှအလင်းရောင်က ပိုပြီးလင်းလာသလို ကျွန်မ၏ ခန္ဓာကိုယ်လည်း ပေါ့ပါးမှုတွေ လျော့ ကျလာသည်။

ရုတ်တရက် အလင်းရောင်းက လျှပ်ပြက်လိုက်သလို စူးလက်တောက်ပသွားပြီးနောက် အလန့်တကြားမှိတ်ထားမိသော ကျွန်မ၏ မျက်လုံးတွေကို အသာဖွင့်ပြီးပြန်ကြည့်မိသည်။

အစပိုင်းတွင်ေ၀ဝါးနေသော အမြင်ကတစထက်တစ ကြည်လင်လာပြီးနောက်တွင် ပထမဆုံး သတိထားမိသည်က ညစ်ထေးပေါက်ပြဲနေသော သွပ်ပြားများ နှင့် ပင့်ကူအိမ်တွေ အပြည့်ဖြစ်နေသည့် သစ်သားတန်းများ။ အိမ်အမိုးတခုဟု ကျွန်မသိလိုက်သည်။ မာကျောသော အခင်း တခုပေါ်တွင် ကျွန်မ ပက်လက်ရှိနေမှန်းလည်း သတိထားလိုက်မိပါသည်။

ဒီနေရာသည် ကျွန် မ၏ အိမ်မဟုတ်ပါ။

ကျွန်မ၏ ဘယ်ဖက်တွင် ဖုန်တက်နေသည့် ကျိုးတိုးကျဲတဲ ဝါးထရံတချပ်ရှိနေပြီး ဝါညစ်ညစ် နှင့် ပုံမပီတော့သော wall sheet တရွက်က တဝက်လန်ကျနေသည်။ ထိုထရံဘေးကျွန်မ၏ ခြေရင်းတွင် မိန်းမတယောက်ထိုင်နေသည်။ ကျွန်မကိုကြည့်နေသောသူမ၏ မျက်ဝန်းတွေကအေးစက်စက်နိုင်လွန်း၏။

“မင်းနိုးလာပြီကိုး”

မျက်ဝန်းတွေလိုပင် သူမ၏ အသံတွေကအေးစက်ကာ ခံစားချက်မဲ့နေသည်ဟုထင်သည်။ ကျွန်မ ကြောင်ကြည့်နေဆဲမှာပင်သူမကထရပ်လိုက်သည်။

“ငါသွားတော့မယ်”

“ရှင်”

“မင်းနိုးလာပြီဆိုတော့ ငါဆက်စောင့်ပေးစရာ မလိုတော့ဘူးလေ”

“ကျွန်မ …ကျွန်မ … အိပ်ပျော်နေတာလား”

“ချောင်းစပ်က စိုက်ခင်းထဲမှာမင်း ကို တွေ့တုန်းကတော့ အိပ်ပျော်နေတာပဲ”

“ချောင်းစပ်”

“ဟုတ်တယ်လေ”

ကျွန်မ အသိထဲတွင် မီးပွင့်တွေတဖျပ်ဖျပ်လက်သွားသည်။ တကယ်တော့ ချောင်းစပ်မဟုတ်၊ မြစ်ကမ်းစပ်ဖြစ်ရမည်။ ကျွန်မနှင့် မမသင်း မနက်ကကူးတို့လှေပေါ်မှာ၊ နောက်တော့ ချောင်း စွယ်တခုထဲက ထိုးထွက်လာသော စက်လှေတစင်း၊ လုံးလုံးလျားလျားတိမ်းမှောက်သွားသော ကျွန်မတို့လှေ၊ မမသင်းနှင့် ကျွန်မလူချင်းကွဲသွားသည်။

မမသင်းကတော့ ရေကူးအလွန်ကျွမ်းကျင်လို့ ဘာမှဖြစ်မှာမဟုတ်။ အိမ်ကိုပြန်မှ ဖြစ်မည်။ ခုလောက်ဆိုလျှင် ကျွန်မကို မြစ်ထဲမှာ ရှာနေကြ လောက်ပြီ။ ကျွန်မ လဲလျောင်းနေရာက ကျုံးထလိုက်သည်။ကျွန်မ ကိုယ်ပေါ်မှာလွှမ်းထားသည့် ညိုမဲမဲ အဝတ်စလျှောကျသွား ၏။

“အမယ်လေး”

ကျွန်မ ကိုယ်ပေါ်မှာ အဝတ်အစားလုံးဝမရှိ ကိုယ်လုံးတီးဖြစ်နေသည်။ အတွင်းခံတောင်မရှိ တော့ပါ။ ရှက်ရွံ့စွာဖြင့် အဝတ်စနှင့် ပြန်ဖုံးလိုက်ချိန်တွင် လွင့်ပျံ့ တက်လာသော အမှုန်တွေ ကြောင့် ချောင်းတဟွတ်ဟွတ်ဆိုးရင်း ကျွန်မကို ရပ်ကြည့်နေသည့် မိန်းမ ကို အကူအညီ တောင်း မိ သည်။

“ကျွန်မ အိမ်ပြန်ချင်လို့ ကူညီပါအမရယ်”

“အိမ်ကိုပြန်မယ်၊ ဘယ်အိမ်ကိုလဲ”

“ကျွန်မ အိမ်ကိုပါ၊ အခုလောက်ဆို အဖေနဲ့ အမေ အရမ်းစိတ်ပူနေကြလိမ့်မယ်၊ ကျွန်မ သေ ပြီဆိုပြီး အလောင်းရှာနေကြမှာပဲ”

သူမ မျက်နှာပေါ်ကအေးစက်မှုတွေ လျော့ကျသွားသလိုထင်ရသည်။ ကျွန်မနားသို့ လျှောက် လာပြီး ငုံ့ကြည့်သည်။

“ကူညီပါ အမရယ်နော်”

ကျွန်မနားမှာဝင်ထိုင်ရင်း သက်ပြင်းတချက်ချလိုက်တာကို မြင်ရ၏။

“ငါကူညီချင်ပါတယ်၊ ဒါပေမယ့် … အေးလေ၊ ငါဘာလုပ်ပေးနိုင်မလဲ ဆိုတာငါလဲ မသိဘူး”

အကြည့်တွေက ပြန်အေးစက်သွားပြန်သည်။ အခုလိုအခြေအနေ မျိုးမှာမှ ထူးဆန်းသောမိန်းမ တယောက်နှင့် အတူရှိနေခြင်းကြောင့် ကျွန်မငိုချင်လာမိ၏။ ငိုမချမိအောင်စိတ်ကိုတင်းရင်း အလိုအပ်ဆုံးဟု ထင်သော အကူအညီကိုတောင်းရတော့သည်။

..................................................................

 “ဒီအတိုင်းတော့၊ ကျွန်မ အိမ်ကို ပြန်လို့မဖြစ်ဘူးအမရယ်၊ အမမှာ အဝတ်ပိုလေးတစုံလောက် ရှိရင်ခနငှားပါ၊ ဆက်ဆက်ပြန်ပေးပါမယ်၊ အဝတ်အစားရတာနဲ့ ကျွန်မ အိမ်ကို ကိုယ့်ဖာသာ ပြန်သွားလို့ရပါတယ်”

“ငါ့မှာလည်း ကိုယ်ပေါ်ဝတ်ထားတာပဲရှိတယ်၊ မင်းသံသယ ကင်းအောင်တခုပြောမယ်၊ မင်းကို ငါတွေ့ကထဲက အဝတ်အစားမပါဘူး၊ ဒီကိုယူလာပြီးမှ ဟောဟိုတံခါးက လိုက်ကာစနဲ့ အုပ် ထား ပေးတာ”

အိမ်ထဲသို့ ကျွန်မမျက်လုံးကစားကြည့်မိသည်။

“ဘာမှမရှိဘူး၊ဒါလူမနေတဲ့ အိမ်၊ ငါ့အိမ်လည်း မဟုတ်ဘူး”

“ရှင်”

တင်းထားသည့် စိတ်တွေထိန်းလို့မရသည့် အဆုံးကျွန်မရှိုက်ကြီးတငင်ငို မိတော့သည်။ ဒီအ တိုင်းဆိုလျှင် ဆွေးရိပြီး ပေညစ်နေသည့် လိုက်ကာစ အဟောင်းကြီးပတ်၍ ကျွန်မ အိမ်ကို ပြန် ရမလိုဖြစ်နေပြီ။ လိုက်ကာကလည်း လှဲနေစဉ်မှာပင် လုံရုံလေးဖုံးနိုင်၏။ ကျွန်မတကိုယ်လုံး ကိုလုံအောင်ဘယ်လိုမှကာကွယ်နိုင်မှာ မဟုတ်။ ဒီထက် ပိုအရေးကြီးသည်က ကျွန်မ ရေနစ်ပြီးအသက်မသေသေးကြောင်း အိမ်သားတွေသိဖို့ ဖြစ်သည်။

ဒီမိန်းမကိုပဲ တောင်းပန်ပြီး အိမ်ကိုအကြောင်းကြားပေးဖို့ ပြောရင်ကောင်းမလား ကျွန်မ စဉ်း စားနေစဉ်

“ကဲပါလေ၊ သိပ်ဝမ်းနည်း မနေပါနဲ့ ငါမင်းအတွက် အဝတ်အစားရအောင်ကြိုးစားပေးပါမယ်”

“ကျေးဇူးမမေ့ပါဘူး အမရယ်”

ကျွန်မကို ခြေဆုံးခေါင်းဆုံးတချက်ကြည့်လိုက်ပြီး အိမ်နောက်ဟုထင်ရသောဖက်ကို ထွက်သွား သည်။

“ရှေ့ကသော့ခတ်ထားတယ်လေ၊ ဒါပေမယ့် နောက်ဖက်ကပွင့်နေလို့ မင်းကို အထဲခေါ်လာ လို့ရတာ”

ကျွန်မအတွေးကို သိနေသလိုလှမ်းပြောပြီး နံရံနောက်ကွယ်သို့ဝင်ရောက်ပျောက်ကွယ်သွား ၏။ နောက်တော့ အိမ်ဘေးဖက်မှ ခြေသံတခုကြားရပြီး တဖြေးဖြေးဝေးသွားသည်။ ဒီတော့ မှ ကျွန်မလည်း လိုက်ကာကြီးကို ဖယ်ချကာမတ်တပ်ရပ်လိုက်ပြီး ကျွန်မကိုယ်ကျွန်မ ပြန်ကြည့် မိသည်။ ခြေသလုံး နှင့်တင်ပါး တဖက်တွင်ရွှံ့တွေခြောက်ပြီးကပ်နေသည်မှ အပ ဘာဒါဏ်ရာ ဒါဏ်ချက်မှ မတွေ့ရပါ။

ဘာတွေဖြစ်ခဲ့သလဲပြန်စဉ်းစားကြည့်သည့် အခါ မမသင်းကို အတင်းဆွဲထားရင်း လက်တွေ ပြုတ်ထွက်သွား၏။ ရေထဲကိုနစ်မြုပ်သွားသည့် အချိန်တွင်လည်း ကျွန်မ သွေးရူးသွေးတမ်း ဖြင့် လက်လှမ်းမှီရာ အတင်းလိုက်ဆွဲနေသည်ကို မှတ်မိလာသည်။ ရေတွေမှအပ ကျွန်မဘာကို မှာဖမ်းမဆုပ်မိပါ။ နောက်ဆုံးတွင် ခပ်မာမာအရာတခုကို ကျွန်မဆုပ်ကိုင်လိုက်မိသည်။ထို့ နောက် တွင်တော့ ကျွန်မဘာမှ မသိတော့။

ဟိုမိန်းမ က ကျွန်မကို ချောင်းစပ်မှာတွေ့သည်ဆိုသဖြင့်ကျွန်မ ကိုဆယ်ယူသူမှာ သူမ မဟုတ် နိုင်။ ကျွန်မအဝတ်အစားတွေကို ဆယ်သူကယူသွားတာဖြစ်နိုင်သည်။

ကျွန်မသေနေပြီထင်ပြီးအတွင်းခံပါမကျန်အောင်ချွတ်ယူသွားတာဖြစ်ရမည်။ လက်စွပ်နှင့် ဆွဲကြိုးလဲ မရှိတော့ တာက ပိုပြီးသေချာစေ၏။

အေးစက်စက် မိန်းမသည် စိတ်ထားတော့ ကောင်းပုံရပါသည်။ ပိန်ပိန်သွယ်သွယ်သူမ ခန္ဒာ ကိုယ် ထက် ပိုလေးသည့် ကျွန်မကို ဒီအိမ်ထဲ အရောက်ယူလာခြင်းက သူမအတွက် အတော် ကိုခက်ခဲပေလိမ့်မည်။ ကျွန်မ သတိရလာသည်နှင့် သွားတော့မည်ဟု မျက်နှာလွှဲခဲပစ်သဘော ပြောသည် ကိုတော့ ကျွန်မနားမလည်ပါ။

ငုတ်တုတ်ကလေး ထိုင်၍ လိုက်ကာစနှင့် ကိုယ်ကို ပတ်ထားရင်း ကျွန်မ တော်တော်ကြာ အောင်နေမိသည်။ ကျွန်မမှာ နာရီမပါသည့်အပြင် ဒီအိမ်ထဲမှာလည်းနာရီ မရှိသဖြင့်အချိန် ဘယ်လောက်ရှိပြီ၊ ဟိုမိန်းမသွားသည်မှာ ဘယ်လောက်ရှိပြီကို ကျွန်မ မသိရပါ။ ထိုင်နေရင်း ညောင်းသလိုလို ဖြစ်လာမှ ထိုင်ရာကထလိုက်မိသည်။ လိုက်ကာစက ကျွန်မကိုယ် အလယ် ပိုင်း အရေးကြီးသည့်နေရာတွေကိုတော့ ကာကွယ်နိုင်ပါ၏။ ထို့ကြောင့် ရင်ဘတ် နှင့် တင် တွေ ကို လုံအောင်ပြန်ပတ်လိုက်ပြီး လူမနေဟု ဟို အေးစက်စက်မိန်းမက ပြောသွားသော အိမ်ထဲမှာ လိုက်ကြည့်မိသည်။

အိမ်က သုံးပင်နှစ်ခန်းပျဉ်ထောင်အိမ်ဖြစ်သည်။ အတွင်းမှာ ဝါးထရံဖြင့် အခန်းကန့်ထားပြီး အမိုး ကတော့သွပ်ဖြစ်၏။ ကျွန်မ ရောက်နေသော နေရာက အိပ်ခန်းသဘောမျိုးကန့်ထားသည့် အိမ်အတွင်းဖက်ဖြစ်သည်။ နောင်ဖက်တွင် နိမ့်နေသော မီးဖိုခန်း နှင့် ရှေ့ဖက်မှာ အိမ် ရှေ့ဧည့်ခန်းဖြစ်ဟန်တူသောနေရာကိုတွေ့ရသည်။ အိမ်တံခါးတွေ အားလုံးပိတ်ထား၍ နေ့ခင်းဖြစ်သည့်တိုင် မှောင်ရီရီ ဖြစ်နေသည်။

ခြေရင်းဖက်မှ ပြတင်းပေါက်တခုတွင် လက်ညိုးလုံးလောက် အပေါက်ကလေးတခု တွေ့ရသ ဖြင့် အပြင်ကို ချောင်းကြည့်မိသည်။ ငှက်ပျောပင်တအုပ်နှင့် မလှမ်းမကမ်းမှာ ကန်သင်းရိုးလို လို တခုတွေ့ရပြီး မြင်ကွင်းတလျှာက်မှာ ကိုင်းတောနှင့် လတာပြင်ကိုသာမြင်ရသည်။ နေ ရောင်ကစူးစူးလက်လက်ရှိသည်ကိုထောက်လျှင် မွန်းတည့်ချိန်၊ ဒါမှမဟုတ်မွန်းလွဲချိန်ဟု ကျွန် မ မှန်းဆကြည့်မိပါသည်။

“ဘာတွေကြည့်နေတာလဲ”

ကျွန်မနောက်ဖက်တွင် ဟိုမိန်းမ ဘယ်ကနေဘယ်လိုရောက်လာသည် မသိပါ။ လက်ထဲမှာ ကျွပ်ကျွပ်အိတ်ကြီးတလုံးဆွဲထားသည်။ ကျွန်မ အတွက်အဝတ်အစားတွေထင်ပါ၏။

“ကဲရော့၊ ငါလဲ အဆင်ပြေမယ် ထင်တာတွေဝယ်ချလာတာပဲ”

ကျွပ်ကျွပ်အိတ်ထဲမှာ စက္ကူအိတ်ငယ်များနှင့် အဝတ်တွေထည့်ထားသည်။ အဝါရောင်ဆွဲသား အင်္ကျ ီတထည်၊ အညိုနှင့် အနက်ရောထားသော ပါတိတ်ထမိန်တထည်၊ အတွင်းခံ ပါတစုံ ပါ ၏။ ကတ္တီပါ ခြေညှပ်ဖိနပ် လေးတရံပင်ပါသေး၏။တန်ဖိုးကြီး မဟုတ်သော်လည်း အားလုံးအ သစ်စက်စက်တွေ ဖြစ်သည်။

 “ထမိန်ကချုပ်ပြီးသားနော်၊ ဒေါက်ထည့် ဝတ်တတ်ရင်တော့ မသိဘူး၊ ငါကတော့ ဒီတိုင်းပဲ ချုပ် ခိုင်းခဲ့တယ်”

“ကျေးဇူးအများကြီးတင်ပါတယ် အမရယ်၊ ဘယ်လောက်ကျခဲ့သလဲ အမ၊ ကျွန်မအိမ်ရောက် ရင် ပြန်ပေးပါမယ်”

အမျိုးသမီးမျက်နှာ မှာ မခိုးမခန့် အပြုံးတခုပေါ်လာသည်။ သူမအမူအရာတွေကို ကျွန်မနားမ လည်ပါ။ အသက်ကတော့ သုံးဆယ် တဝိုက်လို့ထင်ရသည်။ ချောသည် ဟု မဆိုနိုင်သော် လည်း ရုပ်ဆိုးသည်ဟုလည်း ပြောမရသည့်ရုပ်ရည်မျိုးပင်။ ကျွန်မ အကဲခပ်နေသည်ကို မြင် သောအခါ မျက်နှာပေါ်က အပြုံးပျောက်သွားပြီး

“မလိုပါဘူးအေ၊ ငါလဲ ကြုံကြိုက်လို့ ကူညီတာပါ”

“ဒါပေမယ့် အမရယ်၊ အမနဲ့သာမတွေ့ရင် ကျွန်မအရမ်းဒုက္ခရောက်တော့မှာ”

“ဒုက္ခ နဲ့ မလွတ်တဲ့သူရှိလား၊ အနည်းနဲ့ အများပဲကွာမယ်”

“ညီမ နာမည် ဆွေဇင်လတ်ပါ၊ အမနာမည်ဘယ်လိုခေါ်လဲဟင်”

“နာမည်က အရေးကြီးလို့လား၊ နင့်နာမည် ဆွေဇင်လတ်ဆို ငါကလဲ ငါ့နာမည် မို့မို့ မြင့်အောင် လို့ ပြောလဲရတာပဲ”

“ကိုယ့်ကျေးဇူးရှင်ကို သိထားချင်လို့ပါ အမရယ်”

“ငါ့ နာမည် မြတ်”

“တလုံးထဲလား”

“ဟုတ်တယ် ပြောရမှာပေါ့”

“ဒါဆို မမမြတ်လို့ခေါ်မယ်နော်”

“ညည်းခေါ်ချင်သလို ခေါ်လို့ရတယ်၊ အဝတ်အစားတွေ ဝတ်ကြည့်ပါဦး တော်ရဲ့လားလို့”

အိမ်ထဲမှာ ဘယ်သူမှမရှိသည့် အပြင် မမမြတ် ကလည်းမိန်းမသားချင်းဖြစ်နေ၍ ရှက် မနေ တော့ ဘဲ ကိုယ်ပေါ်က လိုက်ကာကြီးကို ဖယ်ပစ်လိုက်ပါသည်။ ဟိုနားဒီနားကပ်နေသည့် ဖုန် တွေ နှင့် ရွှံ့ ခြောက်တွေကို ခွာချလိုက်ပြီး အရင်ဆုံး ပင်တီအဖြူလေးကို ဝတ်လိုက်သည်။ ကျွန်မ နှင့် အံကိုက်ပင်။ ဘရာစီယာ ကျမှ အခက်တွေ့၏။

ချိတ်ကို ရှေ့သို့ယူကာချိတ်လိုက်ပြီး ပြန်လှည့်ကာ ရင်သားတွေကို ခွက်ထဲထည့်တော့မှ ကျပ်နေ၏။

“မတော်ဘူးလား”

“နည်းနည်းကျပ်နေတယ်”

“ငါလဲ သေသေချာချာ မကြည့်ခဲ့မိတော့ မှန်းဝယ်လာတာ၊ နံပါတ်မေးသွားရင်ကောင်းသား၊ ခါတိုင်းဘယ်လောက်ဝတ်လဲ”

“၃၃”

“ဒါ ၃၃ပဲ၊ ဆိုဒ်မမှန်လို့လားမသိဘူး၊ ဒီနားလာဦး”

ချိတ်ကိုပြန်ဖြုတ်လိုက်ပြီး ပုခုံးကြိုးတွေကို နေရာတကျပြန်လုပ်ပေးသည်။

“နင့် နို့တွေခွက်ထဲထည့်လိုက်၊ နောက်ကဖြုတ်ထားတော့ ရမှာပါ”

မမမြတ်ပြောသည့် အတိုင်းလုပ်လိုက်သည်။

“အသက်ကို ဝအောင်ရှု၊ ပြီးရင်ခပ်ပြင်းပြင်းပြန်ထုတ်လိုက် အဆင်ပြေသွားလိမ့်မယ်”

မယုံမရဲဖြင့် ပြောသည့်အတိုင်း လုပ်လိုက်ရာ နောက်ဖက်ကတင်းကနဲ တချက်ဖြစ်သွားပြီး နောက် ကိုယ်ပေါ်မှာချပ်ချပ်ရပ်ရပ် ဖြစ်သွားသည်။

“ဘယ်လိုနေလဲ”

“နဲနဲ တော့ ကျပ်သေးတယ် အမ၊ ခုနလောက်တော့ မဆိုးတော့ဘူး၊ အမ ရဲ့ နည်းကတော်တော် ကောင်းတာပဲ၊ မှတ်ထားရမယ်”

“ညည်းမို့လို့ ရတာ၊ တခြားသူဆိုရမှာ မဟုတ်ဘူး”

“ဘာဖြစ်လို့လဲ”

“ဘာမှ မဟုတ်ပါဘူး၊ အင်္ကျ ီဝတ်ကြည့်ပါဦး”

အင်္ကျ ီ နှင့် ထမိန်က အခက်အခဲမရှိပါ၊ ဖိနပ်ကသာ ကျွန်မခြေထောက်ထက် အနည်းငယ်ကြီး နေ၏။ ရုပ်ပျက်ဆင်းပျက်တော့ မဟုတ်ပါ။

“ညည်းက ဒီလိုကျတော့ နဂိုအတိုင်း အချောလေးပဲ၊ အခု အိမ်ကိုသွားမှာလား”

“ဟုတ်ကဲ့၊ အမ အချိန်ရရင် လိုက်ခဲ့ပါလား၊ အမေတို့ အဖေတို့နဲ့ ညီမရဲ့ကျေးဇူးရှင်ကို မိတ် ဆက်ပေးချင်လို့ပါ”

မမမြတ် ကျွန်မ ကိုတွေတွေကြီး စိုက်ကြည့်နေသည်။ မျက်နှာပေါ်မှာလည်း စတွေ့ချိန်ကလို အေးစက်မှု တွေမရှိတော့၊ မျက်လုံးတွေက ညိုမှိုင်းနေပြီး ဝမ်းနည်းနေသယောင်ရှိသည်။ အတန်ကြာမှ သက်ပြင်းတချက်ချပြီး

“အေးလေ၊ ငါလိုက်ပို့ပါမယ်၊ ညည်းတယောက်ထဲ လွှတ်လိုက်လို့လည်း မဖြစ်သေးပါဘူး”

မမမြတ်လိုက်လာမည် ဆို၍ ကျွန်မလည်း ဝမ်းသာသွားသည်။ သူ့ကိုကြည့်ရသည်မှာ ကျွန်မ တို့ အရပ်ကလည်း ဟုတ်ပုံမရပါ။ ဧည့်သည် ဆိုလျှင် အိမ်မှာပဲ တည်းခိုခိုင်းမည်ဟု ကျွန်မ စိတ်ကူးလိုက်၏။

“လာ အမ သွားရအောင်”

မြူးကြွသွက်လက်စွာဖြင့် အိမ်ပေါ်ကဆင်းလိုက်သည်။ မွန်းလွဲပိုင်းနေရောင်အောက်တွင် ပတ် ဝန်းကျင်က ငြိမ်သက်တိတ်ဆိတ်နေ၏။ အိမ်ခြေကလည်း တခုနှင့် တခု တော်တော်အလှမ်းကွာပြီး အိမ်နောက်ဖက်မှာ လှမ်းမြင်နေရသည့် ချောင်းစပ် မှာနားနေကြသည့် ဗျိုင်းဖြူဖြူ တွေ ကလွဲလျှင် သက်ရှိတယောက်မှ မတွေ့ရပါ။

အိမ်ရှေ့ဖက်ကို ပတ်ထွက်လိုက်မှ ခပ်ဝေးဝေးမှာလှမ်းမြင်နေရသည့် တာရိုးကြီးပေါ်တွင် လူတ ယောက်စ နှစ်ယောက်စ တွေ့ရသည်။ ဒီနေရာ ကိုမသိသော်လည်း အိမ်ကိုဘယ်လို သွားရမည် ကို ကျွန်မ သိသွားပါပြီ။

..........................................

ရပ်ကွက်ထဲကို ရောက်သည်နှင့် တခုခုမှားယွင်းနေသည်ဟု စိတ်မှာခံစားရသည်။ လမ်းတွေ၊ သစ်ပင်တွေ၊ ဈေးဆိုင်တွေ မနက်ကအတိုင်းပင် မပြောင်းလည်းပါ။

လူတွေကလည်း မြင်နေ ကျလူတွေပင်ဖြစ်ပါသည်။ သို့သော်ကျွန်မစိတ်တွင် တမျိုးတမည် ခံစားနေရသည်က အမှန် ပင်။ ကျွန်မ၏ စိတ်အနှောက်အယှက်ဖြစ်မှုကို မျက်နှာချင်းဆိုင်မှ လာသော ဆိုက်ကားတစီးကပိုပြီး တိုးလာစေ၏။

ဆိုက်ကားပေါ်မှာ ထိုင်လာသူက ကြီးကြီးအုံးဖြစ်သည်။ ကျွန်မနှင့် အတူလှေမှောက်ရာတွင် ပါ ခဲ့သော မမသင်း၏ အမေလည်း ဖြစ်ပါသည်။ ကြီးကြီးအုံး အမူအရာက ထူးထူးခြားခြား မရှိ၍ မမသင်းဘေးကင်းလိမ့်မည်ဟု ကျွန်မကြိုတင်ယူဆထားချက်မှန်သည် ဟုအတွေးဖြင့် ဝမ်းသာအားရ နှုတ်ဆက်ဖို့ပြင်လိုက်သည်။ ကျွန်မ၏ အပြုံးကို မြင်သော်လည်း ကြီးကြီးအုံးက တချက်စိုက်ကြည့်ပြီး ရှေ့တူရူသို့သာမျက်နှာ ပြန်မူလိုက်၏။ ဒီလောက်အကွာအဝေးမှ လူကို ကျွန်မမှန်းမသိလောက်အောင်ကြီးကြီးအုံးမျက်စိမမှုန်ဟု ကျွန်မထင်ပါသည်။

မချင့်မရဲစိတ်ဖြင့်ကြီးကြီးအုံးကို ချန်ခဲ့ပြီးရှေ့ဆက်အလာတွင် နောက်ကစက်ဘီး ခေါင်းလောင်းသံကြားလိုက်ရသည်။ ခေါင်းလောင်းသံ နှင့် အတူ မကျေမနပ်ပြောလိုက်သံပါကြားရသည်။

“ဘာလို့လမ်းပေါ်တက်လျှောက်ရတာလဲ၊ ဘေးမှာ အကျယ်ကြီး”

လူမမြင်ခင်ကပင် ဘယ်သူဆိုတာသလိုက်သည်။ ဖိုးကျော်။ လမ်းထဲက မျက်နှာရူးတယောက် ဖြစ်ပြီး မမသင်းကို ကြွေနေသူဖြစ်သည်။ မမသင်းကို ပြောပေးဖို့ ကျွန်မကိုမုန့်ခနခန ဝယ် ကျွေးသူလည်း ဖြစ်၏။ ကျွန်မ နှင့်ဖိုးကျော် မျက်လုံးချင်းဆုံမိကြသည်။ သူကြည့်ပုံက အသိအကျွမ်းတယောက်ကို ကြည့်သည့် အကြည့် မျိုးမဟုတ်ဘဲ လမ်းမှာတွေ့သည့် မိန်းကလေးတ ယောက်ကို မျက်စိသရမ်းသည့် အကြည့်မျိုး။ ကျွန်မ တကိုယ်လုံးကို ထက်အောက်စုန်ဆန် အားရအောင် ကြည့်ပြီး မှ စက်ဘီးကိုဆက်နင်းသွားသည်။

ဖိုးကျော်၏ အကြည့်ကြောင့် အနေခက်ရခြင်းထက် တစုံတရာမှားယွင်းနေမှု ကို သေချာသွား သည့် စိတ်ကြောင့် ကျွန်မခြေလှမ်းတွေတုံ့ဆိုင်းသွား၏။ မသေမပျောက် ပြန်ရောက်လာသော ကျွန်မကို ဖိုးကျော် အနေဖြင့်နှုတ်ဆက်သတင်းမေးသင့်သည် မဟုတ်ပါလား။

“ဘာဖြစ်လို့လဲ၊ အသိလား”

မမမြတ်က လမ်းလျှောက်ခြင်းကိုရပ်လိုက်ပြီးမေးသည်။

“ဟုတ်တယ်အမ၊ သူက ကျွန်မကို အခုမှမြင်ဖူးသလိုလုပ်သွားတယ်”

မမမြတ် မျက်ခုံးတွေမြင့်တက်သွားသည်။

“အခုန ဆိုက်ကားပေါ်က ကြီးကြီးကလဲ အရမ်းခင်တာ၊အမျိုးလိုပဲ၊ ကြီးကြီးအုံးကလည်း ကျွန်မ ပြုံးပြတာကို ခပ်တည်တည်နဲ့”

ကျွန်မလက်မောင်းကို မမမြတ်တင်းတင်း ကိုင်လိုက်ရင်း

“နင် ဆက်သွားမှာလားစဉ်းစားပါဦး”

“ဘာလို့မသွားရမှာလဲ၊ သွားမှဖြစ်မှာကို”

မမမြတ် မျက်နှာတည်သွားသည်။ ကျွန်မလက်ကို ပိုပြီးတင်းကျပ်စွာဆုပ်ကိုင်လိုက်သည်။

“ဒီထက်ဆိုးတာတွေ တွေ့လာနိုင်တယ်နော်”

“အမ ဘာကိုဆိုလိုတာလဲ”

“အခုတွေ့တဲ့ သူတွေက ညည်းကို မသိကြသလို၊ ညည်းအိမ်က လူတွေကလည်း ညည်းကို မသိဘူးဆိုရင်ဘယ်လိုလုပ်မလဲ”

ရပ်နေရင်း မြေကြီးထဲ ကျွံဝင်သွားသလိုခံစားလိုက်ရသည်။ မမမြတ်ပြောသလို မဖြစ်နိုင်ဟု တွေးမိသော်လည်း ကြောက်စိတ်ကို မဖယ်ရှားနိုင်။ ကျွန်မလက်တွေတဆတ်ဆတ်တုန်ရီ လာ သည်။

“အိမ်ကို သွားချင်တယ်”

“သွားချင်သွားလို့ရတယ်၊ ဒါပေမယ့် ဘာမှစိတ်လိုက်မာန်ပါ မပြောဘဲ မလုပ်ဘဲ နေနိုင်မှာလား”

“ကျွန်မ ..ကျွန်မ ကြိုးစားပါမယ်”

“ငါ့အရိပ်အခြည် ကိုကြည့်ပါ။ နင့်လက်ကို ငါဆွဲလိုက်ရင် ဘာမှ မပြောနဲ့တော့ဟုတ်လား”

“ဟုတ်ကဲ့”

မမမြတ် ကျွန်မလက်ကို ဆွဲရန်မလိုပါ။ ကျွန်မကသာ မမမြတ်လက်ကို ဆုပ်ကိုင်အားတင်း ပြီး အိမ်ဖက်ကို ဆက်တိုးလာခဲ့သည်။ အိမ်ရှေ့ရောက်သောအခါ ကျွန်မပိုပြီးကြေကွဲရသည်။ အိမ်ရှေ့ကွက်လပ်ကလေးတွင် တိုင်ထောင်ကာ ဖျင်စတွေပင် မိုးပြီးနေပြီ။ ခုံနှင့်စားပွဲ တွေလည်း ချခင်းထား၏။ တကယ်ပင် အသုဘအိမ်တအိမ်၏ အပြင်အဆင်ဖြစ်သည်။ ကျွန်မ မသေပါဘဲ နှင့် အသုဘလုပ်နေသည်ကို မြင်ရသည့်အတွက်ရယ်စရာဟု ဆိုနိုင်သော်လည်း ကျွန်မမှာ ရယ် ခွင့်ရမရ မသေချာသေးပါ။

“ဝင်ကြမယ်၊ စိတ်ကို ငြိမ်ငြိမ်ထားနော်”

“ဟုတ်ကဲ့”

အေးစက်တုန်ရီနေသော ကျွန်မလက်ကို ဆွဲပြီး မမမြတ်က ခြံထဲကို ဦးဆောင်ဝင်သွားသည်။ အိမ်အောက်က ခုံတွေမှာ ရပ်ကွက်ထဲကလူတချို့ထိုင်နေသည်။ အိမ်ပေါ်မှာလည်း လူတွေ ရှိ နေတာတွေ့ရ၏။

“ဆွေဇင်လေး သူငယ်ချင်းတွေထင်တယ်၊ လာလာ အိမ်ပေါ်တက်လာခဲ့”

ကျွန်မရင်ထဲက ကလီစာတွေအားလုံးထက်အောက်ပြောင်းပြန် လန်သွားသလိုပင်။ ကျွန်မ စိတ် အလွန်လှုပ်ရှားသွားခြင်းကို ရိပ်မိပုံရသော မမမြတ်က လက်ကို ပိုတင်းတင်း ညှစ်ပြီး သတိပေး သည်။ ဆီးကြို ခေါ်ငင်နှုတ်ဆက်သူက မမသော်ဖြစ်သည်။ မမသင်း၏ အမ လည်းဖြစ်သည်။ ကျွန်မ ကို လူမှားစရာ အကြောင်းလုံး၀ မရှိသူလည်းဖြစ်ပါ၏။

မမမြတ် က လက်ကို မလွှတ်ရုံမက မျက်နှာ အရိပ်အကဲ နှင့်ပါသတိပေးပြီး နောက်အိမ်ရှေ့ ခန်း အလယ်နားလောက်က ဖျာပေါ်မှာ ထိုင်လိုက်ကြသည်။ အိမ်ပေါ်မှာအိမ်နီးချင်းတွေ နှင့် ရပ်ကွက်ထဲက အသိအကျွမ်းတွေသာမြင်ရသည်။ ကျွန်မတို့ အိမ်သားတွေမတွေ့ရပါ။ အမေ့ မိတ်ဆွေ အမျိုးသမီးကြီးတွေ ဝင်လိုက်ထွက်လိုက်လုပ်နေကြ၍ အမေ အိမ်ထဲမှာ ရှိသည်ဟုတွေးမိသည်။ ကျွန်မ အခြေအနေကို ကြည့်ပြီးစိတ်ချလို့ရသည်ဟု မမမြတ်ထင်ပုံရသည်။ ကျွန်မ လက်ကို လွှတ်ပေးလိုက်၏။

“ထိုင်ကြဦးနော်”

ရေနွေးဗန်းလာချပေးရင်း မမသော် ပြောသည်။ သူမသိသော ဆွေဇင်လတ်၏ မိတ်ဆွေများ ဟု ကျွန်မတို့ကို ထင်နေပုံရသည်။ ကျွန်မလက်ကို ပြန်ဆိတ်ကြည့်သည်။

နာ၏။ ကျွန်မ အိပ်မက် မက်နေတာ မဟုတ်ပါ။ သို့သော် ကိုယ့်အိမ်ပေါ်မှာ သူတစိမ်းတယောက်လို ထိုင်နေရသည့် အ ဖြစ်ကဆိုးလွန်းသည်။ နောက်ပြီး အားလုံးထလိုက်ကြထိုင်လိုက်ကြ ဟိုသည်သွားလိုက်ကြနှင့် အလုပ်များနေကြသယောင်ရှိသော်လည်း ငြိမ်ငြိမ်လေး ထိုင်နေသူမှာ ကျွန်မတို့ နှစ်ယောက် သာရှိသည်။

မကြာမှီပင် ကျွန်မ တို့ နှစ်ယောက်ကို ကယ်တင်မည့်သူရောက်လာ၏။ ကျွန်မ ကို မမှတ်မိ သော ကြီးကြီးအုံးပင်ဖြစ်သည်။ အိမ်၀ အထိဆိုက်ကား နှင့်ဝင်လာပြီး ပစ္စည်းတွေ လာယူဖို့ အိမ်ထဲကို လှမ်းခေါ်သည်။ တယောက်တလက်ပစ္စည်းတွေ ယူသွားကြပြီးနောက် ကြီးကြီးအုံးကျွန်မတို့ ဝိုင်းမှာဝင်ထိုင်သည်။

“မိသော် ဟိုကောင်မ ဘယ်လိုနေသေးလဲ”

“အိပ်ဆေး တိုက်ပြီးအိပ်ခိုင်းထားတယ် အမေ”

ဆေးပေါ့လိပ်တွေထည့်ထားသည့် ခြင်းကို အိမ်နောက်ဖက်သို့ယူသွားရင်း မမသော်ဖြေ၏။

“ဈေးထဲလဲ ဝင်မနေတော့ပါဘူး၊ အပြင်က တရုပ်လေး ဆီကပဲ ဝယ်လိုက်တော့တယ်ဟေ့”

နောက်ဖက်သို့ လှမ်းအော်လိုက်ပြီး ရေနွေးကြမ်းတခွက်ငှဲ့ နေသာကြီးကြီးအုံးကို ကျွန်မ မနေ နိုင်ဘဲ မေးမိသည်။

“ဘယ်သူ့ကို အိပ်ဆေးတိုက်တာလဲ ကြီးကြီး”

“အိမ်က အငယ်မပေါ့၊ ဆွေဇင်လေး ကို သူဆွဲထားတဲ့ ကြားထဲက လွတ်သွားတယ်၊ သူ့အပြစ် ဆိုပြီး တငိုထဲငိုနေတယ်၊ ဘာမှလဲ မစားဘူး ရေတောင်အတင်းတိုက်ရတယ်”

မမသင်း၏ ကျွန်မအပေါ်သံယောဇဉ်ကို ကျွန်မ သံသယ မရှိပါ။ သူမ အသက်နှင့်လဲ၍ ကယ် ရမည်ဆိုလျှင်တောင် ကျွန်မ ကိုရအောင်ကယ်မည့်သူဖြစ်သည်။

“ပီပါကြီးတလုံးက ဝင်ဆောင့်တာတဲ့ လွတ်သွားပြီး သူလိုက်ရှာတော့ မရတော့ဘူးလေ”

“ဒါနဲ့ ဆုံးသွားတယ် ဆိုတာကောသေချာလို့လား”

ကျွန်မ အသိချင်ဆုံးကို မမမြတ်ဝင်မေးလိုက်ခြင်းဖြစ်သည်။ မမမြတ်ကို ကျေးဇူးတင်စွာ ကြည့် မိ၏။

“တို့များလဲ အဲဒီအတိုင်း ဆုတောင်းကြတာပဲကွယ်၊ ဒါပေမယ့် နေ့ခင်းက အလောင်းပြန်ရ တယ်လေ”

ကျွန်မ တကိုယ်လုံးအေးစက်သွား၏။ အရိပ်အကဲ ကိုကြည့်နေသော မမမြတ်က ကျွန်မလက် ကိုလှမ်းကိုင်ထားလိုက်သည်။ တပေါက်ပေါက်ကျလာသော မျက်ရည်တွေကိုတော့ မမမြတ် တားဖို့ မစွမ်းနိုင်ခဲ့ပါ။

“အလောင်းက သေချာလို့လား”

မမမြတ် မေးနေခြင်းပင်။

“မောင်ခင်မောင်လတ် သွားကြည့်ပြီးပြီ၊ ဆွေဇင်လေးပါပဲကွယ်၊ လှေပေါ်က အားလုံးအသက် ရှင်တယ်၊ ဒီကလေးမ တယောက်ပဲ အဖိတ်အစင် ဖြစ်ရတာလေ”

ကြီးကြီးအုံးပြောသည့် မောင်ခင်မောင်လတ် မှာကျွန်မ အဖေ ဖြစ်ပါသည်။

“မြင့်မြင့်ခင် ကတော့ အထဲမှာ ဆရာဝန်ခေါ်ပြီးဆေးသွင်းထားရတယ်”

ကျွန်မရင်ထဲ ကျဉ်တက်လာသည်။ ဘာတွေဖြစ်ကုန်ပြီလည်း ကျွန်မ နားမလည်ပါ။ မမမြတ် ကိုသာ အားကိုးတကြီးကြည့်မိ၏။ မမမြတ် အမူအရာက တည်ငြိမ်လွန်းသည်။

ကျွန်မ အတွက် အဖြေတခု ကို ရအောင်ရှာပေး နိုင်မည့်သွေးအေးမှု မျိုးကို သူမ မျက်နှာပေါ်မှာ တွေ့ရသည့် အတွက် ကြံဖန်ပြီးအားတက်မိ၏။

“အင်း … သုံးနာရီတောင်ကျော်ပြီပဲ မောင်ခင်မောင်လတ် ကြာလိုက်တာ”

“ဘယ်ကို သွားတာလဲ”

“ဆေးရုံကိုလေ၊ ဆွေဇင်လေး အလောင်း ဟုတ်တဲ့အကြောင်း လာပြောပြီး၊ အသုဘ ကိစ္စစီ စဉ်ဖို့ သူ့တူ မောင်မျိုး ကိုခေါ်ပြီးသွားလေရဲ့”

အိမ်အလည်မှာ ချိတ်ထားသည့် တိုင်ကပ်နာရီကြီးကို မော့ကြည့်လိုက်ရာ သုံးနာရီ ဆယ့်ငါး မိ နစ်ခန့်ရှိလေပြီ။ ကျွန်မတို့ဆေးရုံကိုသွားပြီး ဆွေဇင်လတ် ဆိုသည့် အလောင်းကို ကြည့်ရင် ကောင်းမလား တွေးနေရင်း ကျွန်မ မျက်လုံးတွေက နာရီအောက်ဖက်မှာ ရှိသည့် ဘီရိုကြီး ဆီရောက်သွားသည်။ အဖေ့မိဘတွေဖက်က အမွေဖြစ်သည့် ဒီဘီရိုကြီး၏ တံခါးနှစ်ချပ် က ကိုယ် လုံးပေါ်မှန်တွေ ဖြစ်သည်။


အပိုင်း (၁၀) ဆက်ရန် >>>>


Print Friendly and PDF

No comments:

Post a Comment