Tuesday, August 23, 2016

သံသာစက်၌ အပိုင်း ( ၅ )

သံသာစက်၌ အပိုင်း ( ၅ )

ဂျင်ကလိ ရေးသည်။

“ဗျာ”

ကျွန်တော် ဘာပြန်ပြောရမှန်းမသိဖြစ်သွားရသည်။ မခင်မြရင် ၏ ဆိုလိုရင်းကို လည်း နား မလည်ပါ။

“နောက်တာပါရှင်၊ ကဲ ကဲ၊ ပန်းကန်လဲ ပြောင်နေပြီ၊ ထမင်းထပ်ယူဦးမလား”

“တော်ပါပြီ၊”

ကျွန်တော့်ရှေ့က ပန်းကန်ကိုဆွဲယူသိမ်းပြီး စားပွဲက ထသွားသည်။ ကျွန်တော်လည်း အပြင် ဖက်ပြန်ထွက်လာခဲ့သည်။ စောစောက ထိုင်ခဲ့သော ခုံတန်းမှာ ပြန်ထိုင်ရင်း စီးကရက် သောက် နေမိသည်။ ကျွန်တော် အိမ်ထဲပြန်မဝင်ချင်သေးပါ။ သို့သော်ကံ အကြောင်းမလှ စွာပင် ဗူးထဲမှာ စီးကရက်ကုန်သွားသည်။ ဗူးခွံကို လုံးချေလွှတ်ပစ်လိုက်ပြီး ကျွန်တော် ဆက် ထိုင်နေသေးသည်။ နောက်တော့ ဆေးလိပ်သောက်ချင်စိတ် ပိုဖြစ်လာ၍ ထိုင်ရာမှ ထပြီး အိမ်ထဲပြန်ဝင်လာခဲ့ရသည်။

အိတ်ထဲက စီးကရက်ဗူးသစ်ထုတ်ရင်း မနက်ပြန်မည်ဆိုသော်လည်း ဘာမှ မသိမ်းရ မပြင် ရသေးတာ ကို သတိရလိုက်မိသည်။ ထို့ကြောင့် စီးကရက်ယူရင်း လက်လှမ်းမှီသလောက်အဝတ်အစားနှင့် ပစ္စည်းပစ္စယ တွေကို အိတ်ထဲပြန်ထည့်ရင်း အခန်းထဲမှာ နည်းနည်းကြာသွားသည်။ ကျွန်တော်ကလည်း ဘာမှများများစားစား ပါလာတာ မဟုတ်၍ အလွယ်တကူသိမ်းနိုင်ပါသည်။

ကျွန်တော် အခန်းထဲမှထွက်ပြီး လှေခါးဖက်ဆီသို့ ပြန်အလာတွင် လှေခါးအတိုင်း ခပ်သုတ်သုတ်တက်လာသော မခင်မြရင် ကိုမြင်လိုက်ရသည်။ ရှေ့ဆက်မသွားတော့ဘဲ အသာရပ်ပြီးကြည့်နေလိုက်သည်။ ကျွန်တော် ရပ်နေသောနေရာက အမှောင်ရိပ်ကျ နေ၍ မခင်မြရင်ကျွန်တော့်ကို မမြင်ပါ။ လင်းနေလျှင်လည်း မြင်မည်မထင်၊ သူမပုံက သုတ်သီးသုတ်ပြာနိုင်လှသည်။ ဘေးပတ်ဝန်းကျင်ကိုလည်း ဂရုထားမိပုံမပေါ်ပေ။ သူမ အိပ်ခန်းဖက်ရှိရာဆီသို့ချိုးဝင်သွားသည်။

မခင်မြရင်က သူမ နှင့် ဦးလေး အရင်နေခဲ့သည့် အခန်းမှာ မနေတော့ပေ။ အခန်းဟောင်း၏ မျက်နှာချင်းဆိုင် က အခန်းငယ်လေးတခုမှာ ပြောင်းနေ၏။ မခင်မြရင် အခန်းထဲဝင်သွားမှ ကျွန်တော် အောက်ဆင်းခဲ့သည်။ ခုံတန်း လေးမှာ ပြန်ထိုင်နေစဉ် ခြံထဲက အလုပ်သမား တယောက်ရောက်လာသည်။ အပြင်က ပြန်လာပုံရ၏။

“ဆရာလေး မအိပ်သေးဘူးလား”

“စောသေးလို့ဗျာ၊ ဘယ်က ပြန်လာတုံး”

“ဝင်းတံခါးသွားပိတ်တာ”

“ဆေးလိပ်သောက်ပါဦး”

“ပါတယ်ဆရာလေး”

အလုပ်သမားက နားရွက်ကြားမှ ဆေးပေါ့လိပ်တလိပ်ကို ထုတ်ပြီး မီးညှိရင်း

“ဆရာလေး မနက်ဖြန် ပြန်မယ်ဆို”

“ဟုတ်ကဲ့”

“ဒါဆို နောက်နေ့ အမ တယောက်ထဲဖြစ်နေတော့မှာပဲ”

ဒီအချက်ကို အခုမှ ကျွန်တော် သတိရမိသည်။

“အေးဗျာ၊ အဲဒါကူညီ ပေးလိုက်ကြပါဦး”

“စိတ်ချပါဆရာလေး၊ ခြံထဲမှာ ချာတိတ်မလေး တွေလဲ ရှိပါတယ်၊ အမ က လာနေပေးဆို လာစောင့် နေပေးကြမှာပါ”

ခြံထဲမှာ လူအင်အား တောင့်သည့်အတွက် ဒီကိစ္စ အခက်အခဲ မရှိနိုင်ဟု ကျွန်တော်တွေးမိ သည်။ စကားလာပြောသည့် အလုပ်သမား ပြန်သွားတော့ ကျွန်တော်တယောက်ထဲ ကျန်ခဲ့၏။ မခင်မြရင်ကတော့ အိပ်ပြီထင်သည်။ ကျွန်တော် ရောက်စနေ့တွေက အိပ်ငိုက်ရင်း ဦးလေး နှင့် ကျွန်တော် စကားပြောတာကို လာထိုင်စောင့်နေတာ ပြန်မြင်ယောင်မိ၏။ စောစော အိပ် စောစော ထသည့် အကျင့်ရှိပုံရသည်။ ခြံလုပ်ငန်းဆိုသည်ကလည်း မိုးမလင်းမှီ ဈေးအရောက် ပို့ ရသည့် လုပ်ငန်းဖြစ်ရာ မခင်မြရင် လည်း အစောကြီးထရပုံရ၏။

စစ်ကြိုခေတ်က ရုပ်ရှင်မင်းသမီးလိုလို ပြဇာတ်မင်းသမီးလိုလို နာမည်မျိုး ရှိသော မခင်မြရင် သည် ခေတ်နောက်ကျသည့် ပုံတော့ မပေါ်ပါ။ ဒီရက်တွေ အတွင်းကျွန်တော် အကဲခတ် မိ သ လောက် ပညာလည်းတတ်ပုံရ၏။ အနည်းဆုံး ဘွဲ့တခုတော့ရထားသူ ဖြစ်မည်။ အနေအထိုင်လည်းတည်ကြည်၏။ ခြံလုပ်သားတွေကလည်း သူမကိုလေးလေးစားစားရှိသည်။ ဦးလေး မရှိတော့သည့်တိုင် ခြံကိုကွပ်ကဲဖို့ ခက်မည်မထင်ပါ။

နောက်ထပ် ကျွန်တော့် အတွေးထဲဝင်လာသည်က သူမ ကိုယ်ပေါ်က ဒါဏ်ရာတွေ အကြောင်းဖြစ်သည်။ ဒီလိုဒါဏ်ရာမျိုးတွေကို ဝဏ္ဏရှိန် မြင်ဖူးသည်ဟု ကျွန်တော့်ကို ပြောဖူးသည်။ အခု တော့ ကျွန်တော်လက်တွေ့မြင်ရပေပြီ။ ဘာကြောင့်ဒီလိုဖြစ်ကြရသည်ကို ကျွန်တော်မတွေး တတ်ပါ။ ကျွန်တော်မကြားဖူးသောမိန်းမတချို့၏ အမူအကျင့်လို့သာ သတ်မှတ်လိုက်ရတော့ သည်။

ညက ပိုပြီးရင့်လာသောအခါ အေးမြလာသည်။ တချက်တချက်ဝေ့လာသော လေပြေလေ ညင်း ကလည်းကျွန်တော့်ကို ကျီစယ်လာ၏။ အတွေးတွေထဲမှာ နစ်မြုပ်ညောင်းညာနေသော စိတ် ကိုလေနုအေးက လှုံ့ဆော်သောအခါ ငိုက်မြည်းချင်သလိုဖြစ်လာသည်။ ဘာအလုပ်မှ မယ်မယ်ရရ မရှိသော်လည်း ဦးလေး၏ ဈာပန ရက်တွေထဲမှာ ကျွန်တော် အအိပ်အနေ နည်း ခဲ့သည်။ အိပ်ဖြစ်လျှင်လည်း ကြက်အိပ်ကြက်နိုးသာ။

အေးအေးချမ်းချမ်းဖြစ်နေသော နေရာလေးကို စွန့်ခွာမသွားလိုသဖြင့် ခုံတန်းလျားပေါ်မှာ ကျွန် တော်လဲလျောင်းလိုက်သည်။ပျော်အောင်အိပ်ဖို့ရည်ရွယ်ချက် မရှိသော်လည်း ကျွန်တော်အိပ် ပျော်သွားပါသည်။ အိပ်ရေးဝအောင်မအိပ်ခဲ့သည့်ရက်တွေ၏ အကျိုးဆက်ဖြစ်သည်။နှစ်ချိုက်စွာ အိပ်ပျော်သွားချိန်မှာ အိပ်မက်မက်သည်။ အိပ်မက်ထဲတွင် ဦးလေးကို မြင်ရ၏။ သူဆုံးသည့် နေ့ကအဝတ်အစားတွေ ကိုပင်ဝတ်ထားသည်။ ကျွန်တော့် ကို ကြင်နာသော မျက်လုံးတွေ ဖြင့်ကြည့်သောအခါ ကျွန်တော် ရင်ထဲနင့်သွားရသည်။ ဦးလေး ကွယ်လွန်စဉ်က စိတ်မကောင်းဖြစ်ရသော်လည်း ဒီလောက်အထိမဟုတ်။ ခုချိန်မှာတော့ ဦးလေး အကြည့် ကြောင့် ငိုချင်သလိုလို ဖြစ်ရသည်။

........................................................

“လင်းလင်း၊ အဲဒီကောင်မ ကို ဒီအိမ်ကနေ မောင်းထုတ်လိုက်စမ်းပါကွာ၊ တစက်မှ ကောင်းကျိုး ပေးမယ့် မိန်းမ မဟုတ်ဘူး”

“ဘယ်သူ့ကိုလဲ ဦးလေး”

“ခင်မြရင် ကိုပေါ့ကွ”

“မဟုတ်တာ ဦးလေးရယ်၊ သူက ဦးလေးမိန်းမပါ”

“အရင်က ဟုတ်ပေမယ့် အခုမဟုတ်တော့ဘူးလေ၊ ငါနဲ့ မညားခင်က လည်း ဒီကောင်မက ဖာ သာသာ ပါ။ဘာမှ အားနာစရာမလိုဘူး၊ ဒီအိမ်က အခုမင်းအိမ်ဖြစ်သွားပြီ၊မောင်းထုတ်ပစ် လိုက်”

“ကျွန်တော်တို့ ဒီနေ့ ဦးလေးအတွက် အလှု …..”

“ငါသိတယ်၊ မင်းအမျှဝေတာလဲ ငါကြားတယ်၊ ငါ့အတွက် ဘာမှ မပူနဲ့ ဟိုကောင်မ ကိုသာ မောင်းထုတ်၊ သူနဲ့ ပတ်သက်မိရင် မင်းဒုက္ခ ရောက်မှာပဲ”

“ဦးလေးရယ်”

အိပ်မက်ထဲတွင် ကျွန်တော်အကြပ်ရိုတ်နေသည်။ မခင်မြရင်ကို မောင်းထုတ်ဖို့ အကြောင်းပြ ချက် ကျွန်တော့်မှာ တခုမှ မရှိပါ။ မသေခင်ကထဲက အတင်းပေးနေသည့် ဦးလေး၏ ဒီအိမ် ဒီခြံ ကိုလည်း ကျွန်တော် မလိုချင်ပါ။ ကိုယ်နှင့် မသက်ဆိုင်သည့် အရာတခုလိုသာသဘောထားပါ သည်။ ကျွန်တော် နှင့်စာလျှင် မုဆိုးမ တယောက်အတွက်သာပိုပြီး လိုအပ်သည် မဟုတ်ပါ လား။

“ဘာမှ တွေဝေမနေနဲ့ ငါ့တူ၊ ဦးလေး ပြောသလိုလုပ်ပါသားရယ်၊ ဟိုကောင်မ လာနေပြီ ငါသွားတော့မယ်”

တကယ်ပင် မခင်မြရင်၏ အသံကိုကြားလိုက်ရသည်။

“ကိုလင်း၊ ကိုလင်း ”

ကျွန်တော် မျက်လုံးဖွင့်ကြည့်လိုက်ရာ တကယ်ပင်မခင်မြရင် ကျွန်တော့်ဘေးမှာ ရပ်နေသည်။

“ဘာလို့ ဒီနားမှာ အိပ်နေရတာလဲ၊ အအေးမိနေဦးမယ်”

“အိပ်တာ မဟုတ်ဘူး၊ အိပ်ပျော်သွားတာ”

ကျွန်တော့် စကားကြောင့် မခင်မြရင် ရယ်သည်။ သူမကိုကြည့်ရသည် မှာ ကြည်လင်လန်း ဆန်း နေ၏။ မခင်မြရင်လည်း တရေးအိပ်လာပုံရသည်။ လက်ကနာရီကိုကြည့်လိုက်တော့ သန်းခေါင်တိုင်လုပြီ။ ဒီအတိုင်း ဆိုလျှင် ကျွန်တော် အတော်ကြာကြာအိပ်ပျော်သွားပုံရသည်။လှဲနေရာမှ ထပြီး အညောင်းဆန့်ရင်း ဦးလေး နှင့်စကားတွေ ပြောခဲ့ရခြင်းသည် အိပ်မက် လား တကယ်လားဟု တွေးနေမိသည်။ ဦးလေးက မခင်မြရင်လာပြီဟု ပြောပြီးနောက်တွင် မခင်မြရင် တကယ်ရောက်လာ၏။

“မခင်မြရင် ရောက်လာတော့ ကျွန်တော် အိပ်ပျော်နေလား”

“မျက်လုံးမှိတ်ထားတာတော့တွေ့တယ်၊”

ဒီအတိုင်းဆိုလျှင်တော့ အိပ်မက်သာဖြစ်ပါလိမ့်မည်။

“ဘာဖြစ်လို့လဲ ကိုလင်း”

“ဘာမှ မဟုတ်ပါဘူး”

ညလည်းနက်လုပြီ ဖြစ်၍ ကျွန်တော် အထဲဝင်လိုက်ခဲ့သည်။ မီးအလင်းရောင် အောက်ရောက် မှ မခင်မြရင် အဝတ်အစားလဲ ထားတာ သတိပြုမိသည်။ ညနေက တွေ့သောအဝတ်တွေ နှင့် မဟုတ်တော့။ ညအိပ်ရာဝင်လျှင် အဝတ်လဲကြတတ်သည့် အတွက် မထူးဆန်းသောအ ကြောင်း ဖြစ်သော်လည်း ကျွန်တော့်မျက်လုံးတွေက ထူးဆန်းတာကို သွားတွေ့သည်။မခင် မြ ရင် ဝတ်ထားသည်က အရောင်ပျော့ပြီး အသားလည်းပျော့ပျောင်းပုံရသည်။ မီးရောင် အောက် တွင် ပြည့်ဖြိုးသည့်တင်ပါးတွေက ပိုမိုထင်ရှားပေါ်လွင်နေ၏။ ထို့ပြင် တင်ပါး ဘေးဖက် တွင် လည်း ရဲနီသည့် သွေးကွက် နှစ်ကွက်ကို ပါပိုပြီးမြင်သာစေသည်။ ကျပ်ပြား ဝိုင်း သာသာခန့် သွေးကွက်နှစ်ခုက ကျွန်တော့်စိတ်ကို ထိုင်းမှိုင်းသွားစေ၏။ ခြောက်သွေ့ပြီး မနေစိုစွတ် နေ ဆဲ သွေးကွက်တွေ ဖြစ်သည်။

“ဘာလဲ …ဟင် ကိုလင်း”

“တခုခုပြောလိုက်သလားလို့”

“မပြောပါဘူး”

ရုတ်တရက်လှည့် မေးလာသော မခင်မြရင်ကို ပျာပျာသလဲပြန်ငြင်းလိုက်ရသည်။ ယောက်ျား တယောက်က မိမိ၏ ကိုယ်ပေါ်ကို စိုက်ကြည့်နေလျှင် သိနိုင်သော ဆဌမအာရုံ မိန်းမတွေ မှာ ရှိပုံရ၏။ အပေါ်ရောက်၍ လမ်းမခွဲကြခင်

“ကျွန်မ စောစောနိုးတတ်ပါတယ်၊ မနက်လာနှိုးပါမယ်”

“ဟုတ်ကဲ့”

အခန်းထဲရောက်တော့ သိမ်းဆည်းပြီး ပစ္စည်းတွေကို သေချာအောင်ပြန်စစ်ဆေးပြီး ကျွန်တော် အိပ်ရာဝင်ခဲ့သည်။ စောစောက တရေး၀၀ အိပ်လိုက်ရသဖြင့် ရုတ်တရက် အိပ်မပျော်ပါ။ ဒီကြားထဲ မခင်မြရင် ထမိန်ပေါ်က လတ်လတ်ဆတ်ဆတ် သွေးကွက်တွေက ကျွန်တော့ အာရုံ ကို လာနှောက်ပြန်၏။ တဆက်ထဲမှာပင် လွန်ခဲ့သော တရက်နှစ်ရက်က မခင်မြရင် ဆီမှာ ဒီလို အကွက်မျိုးမြင်ဖူးခဲ့တာ ပြန်အမှတ်ရသည်။ စိုနေသော အကွက်တွေတော့ မဟုတ်။ ခြောက်သွေ့ နေသည့် အကွက်တွေ။ အဲဒီတုန်းက မိန်းမသားသဘာ၀ ကိစ္စကြောင့်လို့သာ ကျွန်တော် တွေးမိပါသည်။

ပျံ့လွင့်နေသော စိတ်အာရုံကို မနည်းစုစည်း ဖြေလျော့ လိုက်မှ ကျွန်တော် အိပ်ပျော်သွားပါ သည်။ ပျော်သွားပြန်တော့လည်း မနက်မှာ မခင်မြရင် တံခါးလာခေါက်တော့မှ နိုးတော့၏။ မြန်မြန် ဆန်ဆန် ရေချိး အဝတ်လဲပြီး မခင်မြရင် ပြင်ဆင်ပေးသော မနက်စာကိုစားလိုက် သည်။ကားဂိတ် ကို မခင်မြရင်လိုက်ပို့ပါသည်။ ဒရိုင်ဘာဘေးတွင် ကျွန်တော့်ကိုထိုင်စေ ပြီး သူမကတော့ နောက်ခန်းက တိတ်ဆိတ်စွာ လိုက်လာပါ၏။ ဘာစကား မှ မဆိုသော်လည်းကျွန်တော်စီးသည့် ကားထွက်မှ ပြန်ပါသည်။

ဒရိုင်ဘာက “နောက်လဲလာခဲ့နော် ဆရာလေး” ဟု လောကဝတ်စကားဖြင့် နှုတ်ဆက်ဖိတ် ခေါ်သော်လည်း မခင်မြရင်ကတော့ နွမ်းလျစွာပြုံးရုံလေးပြုံးပြပါသည်။ သူတို့ကိုလက်ပြပြီး ကားပေါ်တက်ခဲ့သည်။ ဘာကြောင့် မှန်းမသိ ပြန်လာပါဦးမည် ဟု လူမှုရေးအရ ပြောရန် ကို ပင်ကျွန်တော်နှုတ်ဆွံ့နေမိ၏။

ကျွန်တော်တို့ ကားထွက်လာချိန်တွင် မခင်မြရင်တို့ဂျစ်ကားလေးလည်း ဆန့်ကျင်ဖက် အရပ်ဆီသို့ပြန်လှည့်မောင်းထွက်သွား၏။ နောက်ဖက်ကို ကျွန်တော် လှည့်ကြည့်လိုက်မိချိန်တွင် ဆန့်ကျင်ဖက် အရှိန် နှစ်ခုကြောင့် ဂျစ်ကားလေးကို ခပ်ရေးရေးသာမြင်ရတော့၏။

........................................................................................

အပိုင်း (ခ)

ကျွန်တော် ရုံးထဲဝင်လာသည် နှင့် ရုံးခန်းထဲက မိန်းကလေး တွေ လှုပ်လှုပ်ရှားရှားဖြစ်ကုန် သည်။ အရင်ဆုံး အနားရောက်လာသည်က စာရင်းကိုင်မလေး သက်သက် ဖြစ်သည်။

“ဟင် … ဆရာ ကားသံလဲ မကြားဘူး”

“ဘယ်ကြားမလဲ ငါက မသွားခင် ဝပ်ရှော့ မှာ ကားထိုးထားခဲ့တာ၊ အခုစက်သံ က ညက်နေ တာပဲ”

သက်သက် နှာခေါင်းရှုံ့ပြသည်။

“ဘယ်လောက်ပြင်ပြင် ဆရာ့ကားက ဂိတ်ဆုံးနေပါပြီ။ ဒါက အရေးမကြီးပါဘူး။ သက်တို့ဖို့ ဘာပါလဲ”

ကျွန်တော့် လက်ထဲက အထုပ်ကို စားပွဲပေါ်တင်ပေးလိုက်သည်။ ဝမ်းသာအားရ အော်လိုက်သံ တွေအခန်းထဲမှာ ဆူညံသွား၏။  ကျွန်တော်လည်း အတွင်းဆက် မဝင်ဖြစ်တော့ဘဲ နီးရာခုံတခုံ မှာ ဝင်ထိုင်လိုက်မိသည်။

“ဆရာ ကော်ဖီသောက်တော့ မလား”

အနားရောက်လာသော သန့် ရှင်းရေးဝန်ထမ်း မစိန်ရီ ကမေးသည်။

“လဘက်ရည်တော့ သောက်ခဲ့တယ်ဗျ။ ဖျော်ရင်လဲ ဖျော်ခဲ့လေ”

မစိန်ရီ က သက်သက်ထံမှ ကော်ဖီမစ် တထုပ်လှမ်းယူရင်း

“ဆရာ မနေ့က ပြန်ရောက်မှာဆို”

“ဟုတ်တယ်ဗျ။ လမ်းမှာဝင်စရာလေး ရှိလို့ တရက်နောက်ကျသွားတာ”

“ဆရာ့ အခန်း ရှင်းထားတယ် ဆရာ၊ ကြမ်းလဲ တိုက်ထားတယ်”

ကျွန်တော် အခန်းထဲ ဝင်သွားတော့ ရှင်းလင်း နေပြီးကြမ်းပြင်ကလည်း အနည်းငယ်စိုနေ ကြောင ်း ခံစားမိသည်။ မစိန်ရီ ခုမနက်လေးတင် ကြမ်းတိုက်ထားဟန်ရှိ၏။ လက်ဆွဲအိတ် ကိ ု စားပွဲ ပေါ်တင်လိုက်ပြီးထိုင်ခုံပေါ်မှာ ခြေပစ်လက်ပစ် ထိုင်ချလိုက်မိသည်။ ခါတိုင်းလို ကွန်ပျူ တာကိုတောင် မဖွင့်မိပါ။ ခန နေတော့ ကော်ဖီခွက်ကလေး နှင့် မစိန်ရီ ဝင်လာသည်။

“ကလေး တွေကတော့ ဆရာဘာမုန့် ဝယ်လာသလဲပဲ စိတ်ဝင်စားကြတယ် အလုပ်အဆင်ပြေ လားတော့ မေးဖေါ်တောင် မရကြဘူး”

“ပြေပါတယ်ဗျာ”

မစိန်ရီ အမေးကိုဖြေရင်း ကျွန်တော် တွေဝေသွားမိသည်။ သွားရသော အလုပ်ကိစ္စ က အဆင် ပြေပါသည်.။ မပြေစရာအကြောင်းလည်း မရှိပါ။ အလုပ်ဖြင့် သွားရင်း ခရီးသွားဟန်လွှဲ ဝင်ခဲ့ မိသည့် ကိစ္စ ကို တော့ ပြေလားမပြေလား ကိုယ့်ဖာသာ ကိုယ်ဝေခွဲလို့ မရပါ။ အမှန်တော့ ကျွန် တော် နှင့်လည်းဘာမှ မဆိုင်လို့ ပြောလျှင်ရပါသည်။ အကယ်၍ ဆိုင်သည်ဟု တစုံတယောက် က ကျွန်တော့် ကို ပြောလာလျှင် လည်း ကျွန်တော် အငြင်းရခက်ပါသည်။

“ကဲ ခင်ဗျားလဲ ရှေ့ကို ပြေးလိုက်ဦး သူတို့ ဝိုင်းတွယ်တာနဲ့ ခင်ဗျားဖို့ ဘာမှ မကျန်ဘဲ နေမယ်”

မစိန်ရီ ထွက်သွားပြီးနောက် ကော်ဖီ တငုံမော့လိုက်ရင်း ကျွန်တော် အတွေးထဲ ပြန်မြုပ်သွား ရသည်။ လောလော ဆယ် အလုပ်မရှိပါ။ သက်သက် အားလျှင်တော့ ကျွန်တော့် ခရီးစဉ် အတွက် စာရင်းလုပ်ပေးဖို့ ရောက်ချင် ရောက်လာနိုင်သည်။  အခုလောလောဆယ် တော့ သက်သက် လည်း မုန့်စားနေရ ၍ အားဟန် မတူပါ။

ဒီအလုပ်ကို ဝင်လာပြီးကထဲက ခရီးဟိုသည် သွားရခြင်းက ကျွန်တော့် အတွက် မဆန်းပါ။ ဒီ တခေါက်တော့ လမ်းကြောင်းလဲသင့် နေသည် နှင့် ဦးလေး ဦးကျော်ဒင် နေခဲ့ရာ မြို့ကို ဝင်မိ သည်။ ကျွန်တော် အဲဒီကို သွားဖို့ စိတ်ကူးလုံး၀ မရှိပါ။ သို့သော်လည်း ခုတခေါက် ဝင်ဖြစ်ခြင်းမှာ ဦးလေး အသက်ထင်ရှား ရှိချိန်က တစက်မှ ကြည့် မရခဲ့သော ရန်ကုန် ကဆွေမျိုးတချို့ ကြောင့်ဆိုလျှင် မှားမည် ဟုမထင်ပေ။ကျွန်တော် ရန်ကုန် မှာပြန်နေဖြစ် ပြီးနောက် ပိုင်းသူတို့ နှင့် တကြောင်း မဟုတ်တကြောင်း၊ တနေရာမဟုတ် တနေရာ ဆုံမိကြသည်။ ဆုံ မိ တိုင်းလည်း ဦးလေး ကျန်ခဲ့သည့် ပစ္စည်းတွေ အကြောင်း အမွေ တွေ အကြောင်း မေးကြ သည်။ ဒါတွေကိုစိတ် မဝင်စားသော ကျွန်တော့် အတွက် မေးလာတိုင်း အဖြေဟူ၍ မရှိပါ။

အမြဲလို သူတို့က ကျွန်တော့်ကို မခင်မြရင် နှင့် ပစ်ထားခဲ့သည့် အတွက် အပြစ်တင်ကြသည်။ ကိုယ်မလိုချင်သော အရာတခု အတွက် ကျွန်တော် ခေါင်းရှုပ် မခံသည်ကိုလည်း သူတို့ နားမလည် ကြပါ။

သို့သော်လည်း မခင်မြရင် နှင့် ပတ်သက်သည့် သတင်းစကားတချို့ ကျွန်တော့်ဆီရောက်လာ သော အခါမှာ တော့ အနည်းငယ် စိတ်အနှောက် အယှက်ဖြစ်ရသည် အမှန်ပင်။ ဦးလေး ၏ အမွေ အနှစ်တွေကို သူစိတ်ထင်တိုင်းစီမံ နေသည် ဆိုသည့် အချက် အတွက် ကျွန်တော် မတုန် လှုပ်ပါ။ ကျွန်တော် ကိုယ်တိုင် ဒီအချက်ကို ခွင့်ပြုခဲ့ ပြီးဖြစ်ပါသည်။ နောက်ပိုင်း ရောက် လာသည့် သတင်းတွေကတော့ ကျွန်တော့် အတွက် ထူးဆန်းအံ့သြဖွယ်ရာတွေ ဖြစ်နေသည်။

ကြားရတာတွေ က မကောင်း။

အနေအထိုင် အဆင့်အတန်းရှိသည် ဟု ကျွန်တော်သတ်မှတ်ခဲ့သော မခင်မြရင် တယောက် ယောက်ျားတွေ နှင့် ဖြစ်ချင်တိုင်းဖြစ်နေသည် ဆိုကြ၏။ ကြားခါစက ကျွန်တော် မယုံပါ။နောက် တော့ ယုံသည်မဟုတ်သော်လည်း သိချင်စိတ်ကဖြစ်လာသည်။ ထို့ကြောင့် အခုတခေါက် ခရီး အထွက်တွင် လမ်းကြောင်းက လည်းသင့်သည် နှင့် မခင်မြရင် ရှိရာဆီ ဝင်ခဲ့သည်။သို့သော်မခင်မြရင် မရှိတော့ပြီ။

ဦးလေး၏ ခြံကြီးထဲမှာ ပိုင်ရှင်အသစ်တွေရောက်နေသည်။ ပိုင်ရှင်အသစ်က စိုက်ပျိုးရေးကို အဓိက ထားဟန်မတူပါ။ ကုန်တင်နှင့် ခရီးသည်တင် မော်တော်ကားကြီးတွေ ခြံထဲမှာထိုးထား တာတွေ့ရသည်။ ကျွန်တော် သိလိုသည် များကိုလည်း ရေလည်အောင် မရှင်း ပြနိုင်ကြ။ ရှင်းပြဖို့ စိတ်မဝင်စားသည့် ဟန် တွေကိုလည်း သိသာစွာတွေ့ရသည်။ ကျွန်တော်သိကျွမ်းဖူးသော အလုပ်သမားတွေကိုလည်း မမြင်ရသည့် အတွက် ခြံထဲကနေ ယောင်ချာချာ ပြန်ထွက်လာပြီး ဘာလုပ်လျှင်ကောင်းမည်လဲ စဉ်းစား သည်။ ပြန်ချင်ပြန်ဖို့ ကားစီးရ အဆင်ပြေသော်လည်း ကျွန်တော် မပြန်ချင်သေးပါ။ အဖြေ တခုခု ကိုတော့ သေချာအောင်သိသွားချင်သည်။ မခင်မြရင် နှင့် ပါတ်သက်ပြီး သူမ၏ လူမှု ရေး ကိစ္စ တွေကို မသိရလျှင်ပင် ဘယ်ပြောင်းသွားသည် ဆိုတာလောက်တော့ သိချင်၏။

လမ်းထောင့်က ကွမ်းရာဆိုင်လေး တဆိုင်မှာ ခြံထဲက ပြောင်းသွားသည့် အလုပ်သမားတွေ အကြောင်းသိမသိ မေးရင်း စက်ဘီးတစီး နှင့်ဖြတ်သွားသော ရာအိမ် မှုး ကိုမျိုးသိန်း ကို မြင်လိုက်ရသည်။ ဝမ်းသာအားရ နှင့် နောက်ကနေပြေးလိုက် ခေါ်သော်လည်း ကြားပုံမရဘဲ လမ်းကွေ့ မှာပျောက်သွားသည်။

“အဲဒါ အိမ်ပြန်တာ ဦးရဲ့”

ကွမ်းရာဆိုင်က ချာတိတ်ကလေး က ကျွန်တော့် ကို အိမ်လမ်းညွှန်လိုက်သည်။ သွားရသည် မှာ သိပ်မဝေးပါ။ ခုနက သူကွေ့ဝင်သွားသည့် လမ်းထိပ်ကနေ သုံးလေး အိမ်ကျော်လောက် မှာ ရှိသည်။ အိမ်ရှေ့ မှာ ကုန်စုံဆိုင်လေး တဆိုင်ဖွင့်ထားသည်။ ကျွန်တော့် ကိုမြင်သော အခါ ဝမ်းသာအားရထွက်ခေါ်ပါသည်။ ဦးလေး နာရေးတွင် တွေ့ခဲ့ကြပြီးနောက် မတွေ့သည်မှာ ကြာ လှပြီဖြစ်သော်လည်း ကျွန်တော့်ကို ကောင်းစွာ မှတ်မိနေသည်။

“အလည်လာတာလား”

အိမ်ထဲမှာ ထိုင်မိတော့ ကိုမျိုးသိန်းမေးသည်။

“မဟုတ်ပါဘူး။ လမ်းကြုံလို့ ဝင်လာတာ”

“ခြံထဲ ရောက်ခဲ့ပြီပေါ့”

“ဟုတ်ကဲ့၊ မခင်မြရင် ဘယ်ပြောင်းသွားသလဲ ကိုမျိုးသိန်းသိမလားလို့”

ကိုမျိုးသိန်း နည်းနည်းတော့ တွေေ၀ သွားသည်။

“ကိုကောင်းထက်လင်း တို့နဲ့ အဆက်အသွယ် မရှိဘူးလား”

“မရှိဘူး၊”

“အမှန်ပြောရရင် ကျွန်တော်လဲ သူဘယ်ပြောင်းသွားတယ် မသိဘူးဗျ”

“ဘယ်တုန်းက ပြောင်းသွားတာလဲ”

“ခြံရောင်းတာတော့ သုံးလလောက်ရှိပြီ၊ ဈေးနား ကသီတာလမ်း မှာ အိမ်ငှားပြီး တလလောက် နေလိုက်သေးတယ်၊ နောက်တော့ မတွေ့တော့ဘူးဗျ”

“နောက် တအိမ်ပြောင်းတာလား”

“ဒီမှာ မရှိတော့ တာသေချာပါတယ် ကိုကောင်းထက်လင်း ရဲ့၊ မြို့ထဲမှာ သူ့ကို တော်တော် များများသိကြတော့ တနေရာရာ မှာရှိရင် သိကြတွေ့ကြမှာပါ”

နယ်မြို့သေးသေး လေးတွင် မခင်မြရင်လို မိန်းမသားတယောက် ကို သတိမပြုဘဲ နေနိုင် ဖို့ ခဲယဉ်းကြောင်း ကျွန်တော်လည်း တွေးမိပါသည်။ အထူးသဖြင့် ယောက်ျားသားတွေကတော့ မခင်မြရင်ကို သတိပြုမိကြမှာမလွဲပေ။

ကျွန်တော့်ကို ဦးကျော်ဒင်၏ တူအနေ ဖြင့်သိထားသော ကိုမျိုးသိန်းက ခြံရောင်းသည့် ကိစ္စ ဖြင့် ကျွန်တော်လာသည်ထင်သွားမှာလည်း စိုးမိသည်။ ထို့ကြောင့် မခင်မြရင် အကြောင်း မှ လွဲပြီး ကျန်တာ မေးမနေတော့ပါ။ ငွေကြေး နှင့် ပတ်သက်ပြီးတခွန်း မှ မပါအောင် မေးမြန်း ခြင်းဖြစ်ပါသည်။ သို့သော် ကိုမျိုးသိန်း က ပြည့်ပြည့်စုံစုံ ဆက်ရှင်းပြရှာပါ သည်။

“ခြံရောင်း လို့ ရတာတွေ ကို အားလုံးနီးပါး လှူသွားတယ်ဗျ။ ပိုင်ရှင် အသစ်က ခြံလုပ်ငန်း ဆက် မလုပ်တော့ ဘူးဆိုတော့ အလုပ်သမားတွေကို လည်း ခွဲေ၀ ထောက်ပံ့ သွားတယ်။ ကျွန်တော် တို့ ရှေ့တင်ပါပဲ၊ အသိသက်သေ တွေနဲ့ လုပ်သွားတာ”

ကြားရသည် များ နှင့် တခြားစီ ဖြစ်နေသော်လည်း ကျွန်တော် ကိုမျိုးသိန်း ပြောတာတွေကို ယုံကြည်ပါသည်။

“ဒါနဲ့ ဦးလေးကို ရိုတ်လိုက်တဲ့ ကောင်လေးကော၊ ဖမ်းမိလား”

“မိတယ်ဗျ။ ထောင်ခုနစ် နှစ်ကျသွားတယ်၊ သူ့မိန်းမ လေးကလည်း ငယ်ငယ်လေးဗျ။ ကလေး

တယောက်လဲ ရှိသေးတယ်၊ ဒီကလေးမကိုလဲ မခင်မြရင်က အများတန်းတူ ပေးသွားပါတယ်”

နောက်ဆုံးတော့ မမေးချင်သော်လည်း သေချာ အောင် မခင်မြရင်၏ သတင်းဆိုးတွေ အ ကြောင်းမေးမိသည်။ ကိုမျိုးသိန်း က ပိုပြီးတွေးတွေးဆဆ ဖြေသည်။

 “ပွင့်ပွင့် လင်းလင်းပြောရရင် ကျွန်တော် မသိဘူးလို့ပဲဖြေရမယ်၊ ကိုကောင်းထက်လင်း လိုပဲ ဟိုကဒီက စကားတွေကြားပါတယ်၊ တရပ်ကွက်ထဲ နေနေကြတာကိုး၊ ဒါပေမယ့် ကျွန်တော့် မျက် မြင် တပ်အပ် မဟုတ်တော့ မသိဘူး လို့ပဲဖြေချင်တယ်၊ ကျွန်တော် ခိုင်ခိုင်လုံလုံ မျက်မြင် တွေ့ တယ် သိတယ် ဆိုရင်တော့ ကိုကောင်းထက်လင်း ကို မညာပါဘူး၊ သိတဲ့ အတိုင်း အမှန်ကို ပြောမှာပါ”

ဒီလောက် ဆိုရင်တော်သင့် ပြီဟု ယူဆပြီး ကျွန်တော်ပြန်ဖို့ ပြင်သည်။ ကိုမျိုးသိန်းက ထမင်း စားသွားဖို့ ပြောသော်လည်း ကျွန်တော် ငြင်းလိုက်သည်။ ထို့ကြောင့် ကိုမျိုးသိန်း ကျွန်တော့် ကို ကားဂိတ် ပြန်လိုက်ပို့ ပေးသည်။ လမ်းမှာလည်း မခင်မြရင် လှူ သွားသော ရပ်ကွက် ဓမ္မာရုံ အသစ်၊ မူလတန်း ကျောင်းဆောင် နှင့် မြို့ထဲက ဘုရားတန်ဆောင်း တို့ကို လိုက်ပြ ပါသည်။ အလှူ အရပ်ရပ်တွင် သူမ နာမည်မပါဘဲ ကွယ်လွန်သူ ဦးကျော်ဒင် ကောင်းမှု ဆိုသည့် စာကိုသာမြင်ရရာ ကြားခဲ့ရသည့် သတင်းစကားတွေ ကြောင့် ဇဝေဇဝါ ဖြစ်ခဲ့ သောစိတ် အတွက် သူမ ကို အားနာရသည်။

“ဘယ်သူတွေ ဘယ်လို ပြောကြပြောကြ စိတ်ကောင်းရှိတဲ့ အမျိုးသမီးပါဗျာ၊ ခြံရောင်းတော့ လဲ ကျွန်တော်တို့ ရပ်ကွက်က လူကြီးတွေပဲ အသိသက်သေ လုပ်ပေးကြတာ၊ ငွေဘယ် လောက် ရတယ် ဆိုတာအားလုံး သိတာပေါ့၊ လှူတာ နဲ့ အလုပ်သမား တွေ ကို ပေးတာက ရတာ ထက်တောင် များနေသေးတယ်”

ကားဂိတ် နှင့် တွဲထားသည့် လဘက်ရည်ဆိုင်မှာ ကားစောင့် ရင်း ကိုမျိုးသိန်း က ဆက်ပြီး ရှင်းပြပါသည်။

လူမှု ရေးဝတ္တရားကျေပွန် သော ကိုမျိုးသိန်း က ကျွန်တော့် လိပ်စာနှင့် ဖုန်းနံပါတ် ကိုယူ ထားလိုက်သည်။ ထူးခြားချက် တစုံတရာ ရှိလျှင်၊ ဒါမှ မဟုတ် မခင်မြရင်၏ သတင်းရလျှင် ချက်ချင်း အကြောင်းကြားပေးပါမည်ဟု ဆို၏။ ကားရောက်လာ၍ ကျွန်တော် ကားပေါ် တက်ပြီး မှပြန်သွားရှာသည်။ မဆီ မဆိုင်ကြားထဲက အလုပ်များရသည့် ကိုမျိုးသိန်းကို အားနာရသည်။ သူနှင့်သာမတွေ့လျှင်လည်း ကျွန်တော်သိချင်တာတွေ သိရဖို့ မလွယ်ပါ။

“ဆရာ၊ ဆရာ အိပ်ပျော်နေလား”

စားပွဲရှေ့ကပ်ခေါ်လိုက်သော သက်သက် အသံကြောင့် ကျွန်တော့်အာရုံတွေ အခန်းထဲ ပြန် ရောက်လာသည်။

“မပျော်ပါဘူး၊ မှိန်းနေတာပါ”

“ဆရာ့စာရင်းတွေ ပေးလေ၊ အားတုန်းလုပ်ထားလိုက်မယ်၊ ဟင် ဆရာက ကွန်ပျူတာလဲ ဖွင့် မထားဘူး”

“အလုပ်နည်းတယ်ပေါ့”

“အင်း၊ မမေနှင်း ကလဲ ဖုန်းလှမ်းဆက်တယ်၊ ဒီနေ့ မလာတော့ဘူးတဲ့၊ ဟီ ဟီ”

ကွန်ပျူတာဖွင့်ပြီး ကျွန်တော် နေရာပါဖယ်ပေးလိုက်သည်။ သက်သက် ဝင်ထိုင် လိုက်၏။

လက်ဆွဲ အိတ်ထဲမှာ ပလပ်စတစ် အိတ်တလုံး နှင့် ထည့်ထားသည့် ကျွန်တော့် အခု ခရီးစဉ် အတွင်း အသုံးစားရိတ် ဘောက်ချာတွေ၊ ကားလက်မှတ်ဖြတ်ပိုင်း တွေ သက်သက်ရှေ့ မှာ ချပေးလိုက်သည်။

“ဒါပဲလား”

“ဒါပဲ ထင်တာပဲ၊ နောက်မှ ပြန်ကြည့်တာပေါ့ ဟာ၊ ခုတော့ ရှိသလောက်လုပ်လိုက်ပေါ့”

“အင်းလေ ဆရာက သူဌေးပဲ၊ လိုလဲ စိုက်လိုက်ပေါ့၊ မရိုမသေ ဆရာရယ်၊ စင်ပေါ်က ဟို ဖိုင်အဝါလေး ပေးစမ်းပါ၊ တခါထဲ ဖိုင်တွဲထားပေးလိုက်မယ်”

သက်သက်ကို ဖိုင်ယူ ပေးပြီး ကျွန်တော် အရှေ့ဖက်ခန်း ထွက်လာခဲ့သည်။

“အေးအေး ဆေးဆေး သာလုပ်ဟေ့၊ ငါအပြင်မှာ ဆေးလိပ်ထွက်ဖွာလိုက်ဦးမယ်”

....................................................................

ကျွန်တော် ဒီကုမ္ပဏီ ကိုရောက်လာခြင်းက တိုက်ဆိုင်မှုလို့လည်း ဆိုနိုင်သည်။ ဘန်ကောက် မှာ ဦးမြင့်သိန်း နှင့် တွေ့ခဲ့ခြင်းက ဒီကိုရောက်လာ ခြင်း၏ အစဖြစ်သည်။ မြန်မာ လူမျိုး နှစ် ယောက် ဖြစ်သော ကျွန်တော်တို့ကို ထိုင်းအမျိုးသား မိတ်ဆွေ တယောက်က မိတ်ဆက်ပေး ခဲ့ပါသည်။

တကယ်တန်း အားဖြင့် ကျွန်တော်တို့သည် တဦးနှင့် တဦး မသိကျွမ်းကြသော်လည်း နည်း နည်းစီတော့ သိကြပါသည်။ ဦးမြင့်သိန်း က စီးပွားရေး ဆိုင်ရာဂျာနယ်၊ မဂ္ဂဇင်း တွေမှာ မကြာ ခနလိုလို တွေ့ရတတ်သည် လုပ်ငန်းရှင်ကြီး တယောက်ဖြစ်သည်။  သူနှင့် မတွေ့ဆုံဖူး သော်လည်းသူ့ကို ကျွန်တော် သတင်းတွေကတဆင့် သိနေပါသည်။ သူကလည်း ကျွန်တော့်၏ ဆရာ ဖြစ်ခဲ့ဖူးသော အငြိမ်းစားပါမောက္ခ ဆရာကြီးတဦးထံမှ ကျွန်တော့် နာမည်ကို သိနေ ခဲ့သည်။

ဦးမြင့်သိန်းက သူလို လုပ်ငန်းရှင် အကြီးစားကြီးများ စုစည်းတည်ထောင်ထားသည့် လူမှုရေး ဖောင်ဒေးရှင်း တခုနှင့်ပတ်သက်ပြီး ကျွန်တော့်ကို အလုပ်အပ်ချင်သည်။ သူအကူအညီ သွားတောင်းသည့် ဆရာကြီးက ကျွန်တော့် ကိုထောက်ခံပေးလိုက်သည် ဆို၏။ မူလက ကျွန်တော့်ဆရာကြီးကို ဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံသေး သော်လည်း ဆရာကြီးမှာ အငြိမ်းစာယူ ပြီးမှလုပ်စရာတွေ ပိုများနေသောကြောင့် လူငယ်ထဲက ကျွန်တော့် ကို သုံးဖို့ ဦးမြင့်သိန်း ကို တိုက်တွန်းလိုက်သည်။

ဒါကလည်း မဖြစ်မနေ သဘောမျိုးမဟုတ် သူသိသည့် တပည့်တယောက် နာမည်ပြောလိုက် ခြင်းမျိုးလောက်သာဖြစ်သည်။ ထို့ပြင်ကျွန်တော်ကလည်း ပြည်တွင်းမှာ ရှိနေသူ မဟုတ်။ ဒီ အလုပ် ကိုလက်ခံဖြစ်ဖို့ မလွယ်ကူပါ။ သို့သော်လည်း ကျွန်တော် နှင့် ဦးမြင့်သိန်း က မမျှော် လင့်ဘဲ ဆုံမိကြသည့် အပြင် ကြားကနေ မိတ်ဆက်ပေးမည့် သူကလည်း အသင့်ရှိနေသော အခြေအနေ နှင့် ကြုံကြိုက်ခဲ့သည်။

 “စတာကတော့ တနှစ်ကျော် ပြီပြောရမယ်၊ ကျန်းမာရေး၊ ပညာရေးပေါ့ အခြေခံလေး တွေက နေစနေတာ၊ နေရာတော်တော်များများလဲ လုပ်နေတယ်၊ စိုက်ပျိုးရေး နဲ့ ပါတ်သက်ပြီး လုပ် ပေး ဖို့ စဉ်းစားထားတာ လဲ ရှိတယ်ဆရာ”

သူက ကျွန်တော့်ကို သူတို့ ဖောင်ဒေးရှင်း ၏ လုပ်ငန်းများ ဆောင်ရွက်မှု၊ ထိရောက်မှု နှင့် ပတ် သက်သော စာတမ်းတစောင်ပြုစုပေးစေချင်သည်။ ရှိပြီးသား ကိန်းဂဏန်း အချက်အလက် တွေ နှင့်သာမက ကျွန်တော် ကိုယ်တိုင် လိုက်လေ့လာပြီး သုံးသပ်ရေးသားပေး ရမည် ဖြစ် သည်။ တခြားမှာ ဒါမျိုးကျွန်တော် လုပ်ဖူးသော်လည်း ပြည်တွင်းမှာ မလုပ်ဖူးပါ။

“ရိုးရိုး report လိုမျိုး မဟုတ်ဘဲ ပညာရပ်ပိုင်းဆိုင်ရာ အမြင်လည်းပါစေချင်တယ် ဆရာ၊ ထပ်ပြီးတိုးချဲ့ မှာတွေကလည်း ရှိနေတော့ လူကြီးတွေ ကိုတင်ပြတဲ့ အခါမျိုး ကျရင်လည်း ကောင်းကောင်း မွန်မွန်လေး ဖြစ်သွားတာပေါ့”

“ကျွန်တော်က ဖောင်ဒေးရှင်း ဝန်ထမ်းအနေ နဲ့ မဟုတ်ဘဲ အလွတ်သဘောနဲ့ လုပ်တာဆို တော့ ဒေတာ ရဖို့ အဆင်ပြေပါ့မလား”

“ဖောင်ဒေးရှင်း ဒေတာတွေကတော့ အဆင်ပြေပါတယ်၊ တခြား ဌာန ဆိုင်ရာ အချက်အလက် တွေလည်း လိုမယ် ဆိုရင်လည်း ကျွန်တော် အတတ်နိုင်ဆုံးလုပ်ပေးပါမယ်”

ကျွန်တော် စိုးရိမ်သည်မှာလိုအပ်သည့် အချက်အလက်တွေမရနိုင်မှာကို ပဲဖြစ်သည်။ ဦးမြင့် သိန်းလို အဆက်အသွယ်ကောင်းပြီးပေါက် ရောက်သည့် မျက်နှာဖုံး လုပ်ငန်းရှင် ကြီး တ ယောက် ကကူညီမည် ဆိုလျှင် တော့ အဆင်ပြေ နိုင်သည်ဟု တွေးမိသည်။ ကျွန်တော်လည်း သူများနိုင်ငံတွေ လျှောက်သွားနေရသည် နှင့် စာလျှင် ကိုယ့်မြေကိုယ့်ရွာ မှာ ပြန်အ လုပ် လုပ် ချင်သည်။

လုပ်ရမည့် အလုပ်အနေ အထားနှင့်ပတ်သက်ပြီး ကျွန်တော် တို့ စကား တော်တော်ကြာ ပြော ဖြစ်ကြသည်။ အပြန်အလှန် အမြင်ချင်း ဖလှယ်မိကြပြီး တယောက်ကို တယောက် သဘော ကျ သွားကြတာကြောင့် ကျွန်တော် လက် ရှိလုပ်နေသည့် စာချုပ်သက် တမ်းစေ့ လျှင် ပြန် လာလုပ်ပေးဖို့ သဘောတူ လိုက်သည်။

ကျွန်တော် ရန်ကုန်ပြန်ရောက်ပြီး သိပ်မကြာခင် ဦးမြင့်သိန်း နှင့် ဆက်သွယ်ပြီး အလုပ်စဖို့ ပြင်သည်။

“ဝန်ထမ်း ဘယ်လောက်လိုမလဲ ဆရာ”

“ကျွန်တော် တယောက်ထဲ ရပါတယ်၊ ကွန်ပျူတာ တလုံးရှိရင် ပြီးတာပဲ”

နှစ်ပတ်သုံးပတ်လောက် နားလိုက်ပြီး ကျွန်တော်လုပ်ငန်းစသည်။ ဦးမြင့်သိန်းက သူ့ကုမ္ပဏီ ရုံးချုပ် မှာ နေရာပေးသော်လည်း ကျွန်တော့် တိုက်ခန်းမှာပင်အလုပ်လုပ်သည်။ အဆင်မပြေ ပါ။ ကျွန်တော့် မှာ ကွန်ပျူတာတလုံးသာရှိသည်။ အင်တာနက်မရှိ၊ fax လည်းမရှိ၊ မိတ္တူ ကူး ရန် လိုအပ်လျှင်လည်း အပြင်ပြေးရသည်။ တချို့ စာရွက်စာတမ်းတွေ ဆိုတာကလည်း အပြင် ဆိုင် မှာ မိတ္တူကူးဖို့ မသင့်တော်တာတွေ ရှိသည်။ ဒီကြားထဲတွင် မဟာရန်ကုန် လျှပ်စစ်မီးက လည်းလာလိုက် မလာလိုက် နှင့် ကျွန်တော့်ကို ပညာပေး၏။

...............................

ဦးမြင့်သိန်း ဒီအခက် အခဲ တွေသိသော အခါ ကျွန်တော့် ကို သူ့ကုမ္ပဏီ ရုံးချုပ် ကိုခေါ်ပြန် သည်။ သို့သော်လည်း စည်ကားရှုပ်ထွေးသော ရုံးချုပ်တွင် ကျွန်တော့် အတွက် နေရာလုပ် ပေးဖို့ မလွယ်ကူပါ။ ဒီလို နှင့် ကျွန်တော် ဒီ ကုမ္ပဏီ ကိုရောက်လာခဲ့သည်။ ဒါက ဦးမြင့်သိန်း ၏ လုပ်ငန်းငယ်လေးတခု ဖြစ်သည်။ သူကိုယ်တိုင်တောင် မကြီးကြပ်ဘဲ မန်နေဂျာ နှင့် လွှဲ ထားလို့ ရလောက်သည့် ကုမ္ပဏီ လေးဖြစ်၏။

လုပ်ငန်းသေးပြီး ဝန်ထမ်းအင်အား နည်းသော်လည်း ရုံးအသုံးအဆောင် အပြည့်အစုံရှိ၏။

နေရာလည်း ကျယ် ပြီး ကျွန်တော့် အတွက် အဆင်ပြေသည်။ ကျွန်တော့် အတွက် အခန်း ကျယ်တခု စီစဉ်ပေး နိုင်သည်။ ဝန်ထမ်းတွေကလည်း အလုပ်သိပ် များကြသည် မဟုတ်ရာ ကျွန်တော့်ကို လိုအပ်လျှင် အကူအညီ ပေးနိုင်ကြ၏။မီးပျက်လျှင်လည်း မီးစက်ရှိသည်။အင်တာနက် ကွန်နက်ရှင်လည်း ကောင်း၏။

ရောက်စ က သူ့အလုပ်သူလုပ် ကိုယ့်အလုပ်ကိုယ်လုပ် နှင့် နေနေကြသော်လည်း များမကြာ မှီပင် ရုံးအဖွဲ့ တွေ နှင့်ရင်း နှီးသွားသည်။ ဒီမှာ က လူငယ်တွေ များသည်။ ရာထူး အကြီးဆုံး ဖြစ်သည့် မန်နေဂျာ မလေး မေနှင်းဦး တောင်မှ အသက်အစိတ်ဝန်းကျင်လောက်သာ ရှိသေးသည်။ သန့်ရှင်းရေး လုပ်သည့် မစိန်ရီ တယောက်သာ ကျွန်တော် နှင့် အသက်အရွယ် မတိမ်းမယိမ်းလောက်ရှိသည်။

နောက်ပြီးဒီ မှာက လွတ်လပ်သည်။ ပိုင်ရှင်သူဌေး ဦးမြင့်သိန်း က တခြားအရေးကြီးတာတွေသာဦးစားပေး နိုင်သည့် အတွက် ဒီ ကုမ္ပဏီ ကို တလနေလို့ တခေါက်ပင် မလာ။ ကျွန်တော်ရောက်လာမှသာ ကျွန်တော် နှင့် ဆွေးနွေးဖို့ တပတ်တကြိမ်လောက်လာတတ်၏။ ကျန်သည့်အချိန်တွေမှာ မေနှင်းဦးက သာ အုပ်ချုပ်ကြီးကြပ်ရသည်။ မေနှင်းဦး သည်ပင် အမြဲမလာပါ။

လာသည့် နေ့တွေဆိုလည်း နာရီပိုင်းလောက်သာ လာတတ်သည်။ ဦးမြင့်သိန်း ၏ လူယုံတော် ဟု ပြောကြသော မေနှင်းဦးက ရုံးချုပ်မှာလည်း ခပ်ကြီးကြီး တယောက်ဖြစ်ရာ ဟိုမှာလည်းအလုပ်လုပ် ရုံးထိုင်ရ၏။ တခါတလေ လူမလာ နိုင်ပဲ ဖုန်းနှင့် လှမ်းပြောပြီး အလုပ်လုပ်ရတာတွေ ရှိသည်။

ထို့ကြောင့် ဒီ ကုမ္ပဏီက ဝန်ထမ်းတွေ လွတ်လပ်ပေါ့ပါး စွာနေနိုင်ကြသည်။ အချင်းချင်း စ နောက် ဆူညံ နေကြသည် ကို ကျွန်တော့် အခန်းထဲကနေ အတိုင်းသားကြားရသည်။ ကျွန် တော် လည်း ကျောင်းပြီးခါစက ကုမ္ပဏီ ဝန်ထမ်းလုပ်ခဲ့ ဖူးတာတွေပြန် သတိရပြီး အရင်လို ခံစားရကာ သူတို့ နှင့် ပျော်ပျော် ရွှင်ရွှင် အလုပ်လုပ်ဖြစ်သည်။

ကျွန်တော် တက္ကသိုလ် ဆရာလုပ်ဖူးသည်ကို အကြောင်းပြု၍ ဦးမြင့်သိန်းက စပြီး ကျွန်တော့်ကို ဆရာ ဟုခေါ်သောကြောင့် ဝန်ထမ်းတွေကပါ ဆရာဟု ရိုရိုသေသေ ခေါ်ကြ၏။ ကျွန်တော့် ကို လည်း ခင်မင်လေးစားကြပါသည်။ ကျွန်တော် နယ်တွေ ကို ခရီးထွက်ရတိုင်း ပြန်လာလျှင် ဒေသထွက် အစားအသောက်လေးတွေ သူတို့ဖို့ ဝယ်လာပေး တတ်တာကြောင့် လည်း ခင် ကြသည် ထင်မိ၏။ မည်သို့ပင် ဖြစ်စေ ဒီ ကုမ္ပဏီ က ဝန်ထမ်း တွေက ကျွန်တော့် ကို အ ထောက်အကူပြုပါသည်။ စာရင်းကိုင် မလေး သက်သက်က ကျွန်တော် အလွန်ခေါင်းရှုပ်သည့် အသုံးစားရိတ် ငွေစာရင်းတွေ ကိုင်ပေးသည်။ ကျွန်တော့်ဖာသာ ကျွန်တော် လုပ်စဉ်က ဟိုဟာ ကျန်ဒီဟာကျန် နှင့် ငွေမကိုက်လျှင် အိတ်ထဲက စိုက်ထည့်လိုက်သည်။ သူတာဝန်ယူပေး မှ အတော်လေးစိုက်ရသက်သာ သွားရသည်။

ကုမ္ပဏီ မှာအင်တာနက် ရှိသော်လည်း လူတိုင်းသုံးလို့မရ။ မေနှင်းဦး ၏ ကွန်ပျူတာ နှင့် ကျွန်တော့် ကွန်ပျူတာကိုသာ အင်တာနက်ချိတ်ပေးထားသည်။ မေနှင်းဦး စားပွဲမှာ သူတို့ သွားမသုံးရဲကြသည့် အတွက် ကျွန်တော်က ကျျွန်တော် စက်မသုံးသည့် အချိန်တွေဆို လျှင် ဝန်ထမ်းတွေကို ပေးသုံးသည်။ မေနှင်းဦးက သူ့စက်ကို သူမရှိချိန် မသုံးပါ နှင့်လို့ ပြော သံ မကြားဖူးသော်လည်း မန်နေဂျာမို့ ကြောက်ကြသည် ထင်၏။

ပြည်ပမှာ လုပ်ဖေါ်ကိုင်ဖက်တွေ များစွာ နှင့်အလုပ်တွေလုပ်ခဲ့ဖူးသော်လည်း သူတို့တွေက မြန်မာ တွေမဟုတ် သလို အလုပ်နှင့် ဆက်ဆံရေး သဘာ၀ ချင်းလည်း မတူညီကြ။ ဒီမှာ တော့ ဟိုမှာ နှင့် လုံး၀ ခြားနားနေသည်။ ပိုပြီးပျော်စရာ ကောင်းသလိုထင်ရ၏။ သို့သော် ကျွန်တော် အထက်တွင်ဆိုခဲ့ သလို ကျွန်တော်ဒီ ကုမ္ပဏီ သို့ရောက်လာခြင်းသည် တိုက် ဆိုင်မှု တမျိုးဖြစ်၏။ တနည်းဆိုသော် ကံကြမ္မာကြောင့် ဖြစ်သည်။ ကံကြမ္မာ တွင် အခြား သော အစီအစဉ် များလည်း ရှိနေသေးကြောင်း ကျွန်တော်ကြို မမြင်နိုင် ခဲ့ပါ။

..........................

ရုံးက နှစ်ထပ် အဆောက်အဦးဖြစ်သည်။ အပေါ်ထပ်တွင် ဦးမြင့်သိန်း နှင့် မေနှင်းဦး ထိုင် သည့် ရုံးခန်း နှင့် ဧည့်ခန်း ရှိ၏။ အောက်ထပ် တွင်တော့ဝန်ထမ်း များ အတွက် အခန်းကျယ် ကြီး တစ်ခု နှင့် ကျွန်တော့် အခန်းရှိသည်။ အပေါ်ထပ် တက်သော လှေခါးက ကျွန်တော့် အခန်းရှေ့ မှာ ရှိ၏။

ကျွန်တော် ခရီးထွက်ရာက ပြန်လာသည့် နေ့တနေ့တွင် ကိုယ့်အခန်း ကိုယ်မသွားသေးပဲ ရုံးအဖွဲ့တွေကို ပါလာသည့် မုန့်တွေပေးရင်း လေပစ်နေမိသည်။

“ဆရာ နောက်တခါ မုန့်တွေဝယ်လာရင် တယောက်စာပိုဝယ်လာရတော့မယ် သိလား”

မိန်းကလေးတယောက်က ပြောလာသည်။

“ဟာ … တယ်ဟုတ်ပါလား၊ ဘယ်သူ ကိုယ်ဝန်ရှိနေပြီလဲ”

“ဆရာကလဲ ကိုယ့် နှမ အပျိုလေးတွေကို မဦးမချွတ်နဲ့၊ ဘယ်လို အစားတွေထင်နေလို့ လဲ၊

လူသစ်တယောက် ထပ်ခန့်လိုက်လို့ ပြောနေတာ”

“ဟုတ်လား၊ ငါလဲ မတွေ့ပါလား”

“အပေါ်မှာ မမေနှင်းနဲ့ စကားပြောနေတယ်၊”

“ယောက်ျားလေး လား မိန်းကလေးလား”

“မိန်းကလေးပါ၊ ဒါပေမယ့် အစားပုတ်မယ့် ပုံတော့ မပေါ်ပါဘူး”

မိန်းကလေး တွေက ယောက်ျားလေး တွေထက်ပို အစားပုတ်သည်ဟု ကျွန်တော်ပြောဖူးတာ ကို ပြန်ချေခြင်းဖြစ်သည်။ ထိုအခိုက်မှာပင် ကျွန်တော့် မျက်လုံးထောင့်မှာ အရိပ်တခု လှုပ်သွား ၏။ လှေခါးပေါ်ကနေ မရမ်းရောင်နုနု အရိပ်ကလေး တခုလွင့်လာ၏။ အသားဖြူဖြူ ကိုယ်ဟန်သွယ်သွယ် မိန်းကလေး ကိုမြင်လိုက်ရချိန်တွင် ကျွန်တော်ရုတ်တရက် ငိုင်သွား၏။ သူမ၏ နှုတ်ခမ်း တွေမှာတော့ အပြုံးလေးတခုကို တွေ့လိုက်သလိုထင်သည်။ လှုပ်ရှားသွားသော စိတ် ကို ပြန်ထိန်းပြီး ကျွန်တော်မျက်နှာ ပြန်လွှဲလိုက်ရသည်။

“သူပေါ့ ဆရာရဲ့”

ကျွန်တော် နှင့် စကားပြောနေသော သန ္တာကပြောလိုက် စဉ်ပင် သူမ အနားသို့ရောက်လာ သည်။ မျက်နှာပေါ်က အပြုံးလေး မပျောက်သေးတာ ကျွန်တော်သတိထား လိုက်မိ၏။ ပင် ကိုယ် ပြုံးနေသလိုထင်ရသည့် မျက်နှာ မျိုးထင်ပါသည်။

“လာ ညီမလေး၊ မိတ်ဆက်ပေးရမယ်၊ ဒါ ဒေါက်တာဦးကောင်းထက်လင်းတဲ့၊ ဆေးမကုတတ် တဲ့ ဒေါက်တာပေါ့၊ ဆရာ … ဒီညီမလေး က ပုလဲရည် တဲ့”

“တွေ့ရတာဝမ်း သာပါတယ် ရှင့်၊”

“ကိုယ်လဲ ဝမ်းသာပါတယ်”

“ထိုင်လေ ညီမလေး၊ မုန့်လဲစား၊ ဆရာဝယ်လာတာ၊ နောက်ဆိုပိုဝယ်ရတော့မယ်၊ လူဦးရေ

တိုးလာပြီလို့ တောင်အခုပြောနေတာ”

“ပုလဲက အစားမပုတ်ပါဘူး၊ နဲနဲ ပဲ ပိုဝယ်ပါ၊ ရပါတယ်”

ပြုံးစစ မျက်နှာပေးဖြင့် ပုလဲရည် ပြောသည်။ အခုန က ကျွန်တော်တို့ ပြောနေကြသည်ကို အပေါ် ထပ်ကနေကြားလေသလားမသိပါ။ သန ္တာထိုးပေးသော ခုံမှာလည်း ဝင်ထိုင်လိုက် သည်။ ကျွန်တော် နှင့်လက်တကမ်း အကွာသို့ရောက်လာတော့လည်း သေသေချာချာ ကြည့် မိပြန်သည်။ ပုလဲရည် ဆိုသော နာမည်နှင့် လိုက်ဖက်ပါသည်။ အသားက ဖြူသည်ဆိုသည် ထက် နို့နှစ်ရောင်လို ဝင်းမွတ်နေသည်။ မျက်လုံးတွေက ကြည်လင်တောက်ပလွန်း၏။ အသက်ကတော့ နှစ်ဆယ် ဝန်းကျင်လောက် သာရှိမည် ထင်သည်။ယနေ့ခေတ် မိန်းကလေး တယောက်ပီပီ ပုခုံး ကျော်လောက် အထိ ရှိသော ဆံပင်တွေကို ဆေးနည်းနည်း ဆိုးထား တာတွေ့ရ၏။ ကျွန် တော် စူးစိုက်ကြည့်နေမိခြင်းကို ပုလဲရည် လည်း သတိပြုမိပုံရသည်။ အင်္ကျ ီ ရှေ့ဖက်မှာ တွဲ လောင်းလေးတွေကျနေသော ဖဲကြိုးလိုလို အစလေးတွေကို လက်ဖြင့် ဆွဲလိမ်ရင်း ခေါင်း အနည်းငယ် ငုံ့သွား၏။

စိတ်နောက်ကိုယ်ပါ အကြည့်ကို မလုံမလဲဖြင့် သန ္တာ့ ဖက်ကို ပြန်မလွှဲလိုက်ခင်မှာပင် ထက်အောက်လှုပ်ရှားနေကြသည့် ပုလဲရောင်လက်ချောင်းသွယ် လေးတွေ၏ နောက်ဖက်မှ ရင်သားတွေကပြည့်ပြည့် ဖြိုးဖြိုးရှိတာကိုမြင်ဖြစ်အောင် မြင်လိုက်မိသည်။ သန    ္တာကတော့ ကျွန်တော် အိန္ဒြေ ပျက်သလိုဖြစ်သွားခြင်း ကိုသတိပြုမိဟန် မတူပါ။ အစားကိစ္စ မှာသာ အာရုံရောက်နေ၏။

“ကဲ ..ငါလဲ အထဲဝင်လိုက်ဦးမယ်”

ကျွန်တော်ထရပ်လိုက်သည် တွင်အစားဖက် စိတ်ရောက်နေသော သန ္တာက ခေါင်းကိုသာ ညိတ် ပြလိုက်ပြီး ပုလဲရည် ကတော့ မျက်နှာနီယောင်ယောင်ဖြင့် ကျွန်တော့်ကို မော့ကြည့် သည်။ စတွေ့တုန်းက အပြုံးလေး လည်းမျက်နှာပေါ်ပြန်ရောက်နေသည်။ ကိုယ့် အခန်းဆီ ကိုယ်ပြန်သွားရင်း ကျွန်တော်စိတ်လှုပ်ရှားနေမိတာကို ခံစားမိသည်။ ဖြစ်ပေါ်လာသော ခံစားချက်သည် ထူးခြား၏။ အရင်က ဒီလိုမျိုး မခံစားဖူးပါ။

ကျွန်တော့် ဘဝခရီးလမ်းတလျှောက် မိန်းမသားတွေကြောင့် စိတ်လှုပ်ရှားဖူးပါသည်။ သို့သော် ထိုခံစားမှု များနှင့် ပုလဲရည်ကိုမြင် လိုက်ရသည့် အခါ စိတ်ထဲမှာလှုပ်ရှားသွားရခြင်း မတူညီဟု ထင်မိ၏။ ဆန့်ကျင်ဖက်လိင်ကြောင့် စိတ်လှုပ်ရှားရင်ခုန် ရခြင်းမျိုး မဟုတ်ဘဲ ကိုယ့်ထံ မှ ကာလရှည်ကြာစွာ ပျောက်ဆုံးသွားသည့် တစုံတရာကို လမ်းမှာပြန်ကောက်ရသလိုမျိုး နှင့်တူ သည်။ ဘာကြောင့် ဝမ်းသာရသနည်းဟု နားမလည်သော်လည်း ဝမ်းသာရသည့် အတွက် ကျွန်တော် ကျေနပ်မိပါသည်။

တဖြည်းဖြည်း နှင့် ရင်းနှီးသွားကြသော အခါ တရုံးလုံးက ဆရာဟုခေါ်သော ကျွန်တော့် ကို ပုလဲရည်က ကျွန်တော့် နှင့်ရင်းနှီးသည့် တခြားသူတွေ ခေါ်သလို ကိုလင်းဟု ခေါ်သည်။ မစိန်ရီ ကတော့ ပုလဲ ကွယ်ရာဆိုလျှင် နှာခေါင်းရှုံ့ပြီး “သူ့ သူငယ်ချင်း ကျနေတာပဲ” ဟုပြောတတ် သည်။ ကျန်တဲ့ သူတွေ က ဘာမှ မပြောသော်လည်း မေနှင်းဦး ကြားသွားတော့ မျက်ခုံး ပင့်ကြည့်တာကို မြင်ရသည်။

ငယ်ပေါင်းကြီးဖေါ်လို ကျွန်တော့်ကို ခေါ်ဝေါ်ဆက်ဆံတတ်သည်မှ အပ ပုလဲ ကျွန်တော့် ကို မရိုမသေ မဆက်ဆံပါ။ ဒီအခေါ် အဝေါ် နှင့် အသားကျနေသည့် ကျွန်တော် ကလည်း စိတ်ထဲ ဘာမှ မထားပါ။ မေနှင်းဦးက ကျွန်တော့်ကို ရိုရိုသေသေ ဆက်ဆံဖို့ ပြောကြောင်း နောက် မှ ပုလဲ ပြန်ပြောပြသည်။

အလုပ် ဝင်ခါစ ရက်တွေမှာ မေနှင်းဦးက သူမ အားလပ်သည့် အချိန်တိုင်း ပုလဲကို ခေါ်ပြီး လုပ် ငန်း နှင့် ပတ်သက်သည့် သိသင့်တာတွေကို သင်ပေးတတ်သည်။ ကျွန်တော်က အခန်းတံခါး ကို အမြဲဖွင့်ထားတတ်ရာ ခြေသံတဖျပ်ဖျပ် ဖြင့်လှေခါး ပေါ်သို့ရိပ်ကနဲရိပ်ကနဲ ပြေးတက် သွားတတ်သော ခြေသလုံးဖြူဖြူ လေးများကို မြင်ရတိုင်း လူကို မမြင်သော်လည်း ပုလဲရည် မှန်းသိနေသည်။

ကုမ္ပဏီ တွင် အမျိုးသမီးဝန်ထမ်းတွေ အတွက် ဝတ်စုံသတ်မှတ် ပေးထားသော်လည်း မဝတ် သူ နှစ်ယောက်ရှိသည်။ မေနှင်းဦး နှင့် ပုလဲရည်ဖြစ်သည်။ အုပ်ချုပ်ရေးပိုင်းက ဖြစ်၍ မေနှင်း ဦးက ဝတ်ရန်မလိုပါ။ ပုလဲကတော့ ဝင်ခါစဖြစ်လို့ ဝတ်စုံမရသေးခြင်း ဖြစ်သည်။ အစမ်းခန့် သုံး လပြည့်ပြီးမှ ဝတ်စုံပေးမည် ဆို၏။ ထို့ကြောင့် လှေခါးကိုတက်သွားသော ခြေထောက် လေးများ ကိုမြင်သည် နှင့် ပုလဲရည် မှန်းကျွန်တော်သိနေခြင်း ဖြစ်သည်။

ယနေ့ခေတ် မိန်းကလေး ဖြစ်သော်လည်း ပုလဲရည် ကို စကပ်အတို၊ ဘောင်းဘီ မတိုမရှည် အကျပ် တွေ နှင့် ကျွန်တော်တခါမှ မမြင်ဖူးပါ။ ဘောင်းဘီရှည် တခါတလေဝတ်ပြီး များသော အားဖြင့် ထမိန်စကပ် နှင့်ပဲတွေ့ရတတ်သည်။ နောက်တခုက ကွန်ပျူတာ နှင့် ရုံးလုပ်ငန်း တွေ ကျွမ်း ကျွမ်း ကျင်ကျင် လုပ်တတ်သော်လည်း အင်တာနက် ကောင်းကောင်း မသုံး တတ်။ အရင်က လုပ်ထားဖူးသည့် ဂျီမေးလ် အကောင့် ကိုပင် မမှတ်မိဆို၍ ကျွန်တော် အသစ် တခုပြန်လုပ် ပေးရ သည်။

“ညံ့ လိုက်တာ၊ အခုခေတ် မိန်းကလေး ဖြစ်ပြီးတော့ ချတ်တင် လေးတောင် မပွားတတ်ဘူး လား”

“ပွားစရာ လူမှမရှိတာ ကိုလင်း ရဲ့၊ မသိတဲ့လူတွေနဲ့လည်း ထိုင်ပြောမနေချင်ပါဘူး”

ကျွန်တော် ပုလဲကို face book account ပါလုပ်ပေးလိုက်သည်။ သူမ၏ ပထမဆုံး friend မှာ ကျွန်တော်ဖြစ်၏။

နောက်တော်တော်ကြာသည် အထိ လည်း Friend က ကျွန်တော် တယောက်ထဲပင်။ social network ဆိုတာ မိတ်ဆွေသူငယ်ချင်း ဖွဲ့ရကြောင်း ကျွန်တော်က ပြောရာ “ကိုလင်း တ ယောက် ရှိရင်တော်ပါပြီ” ဟု ရယ်ကျဲကျဲ ပြောတတ်သည်။ တခါတရံ စိတ်ကူးပေါက်လျှင် ကျွန်တော့် ဆီလာပြီး အင်တာနက်ထဲ ဟိုကြည့်ဒီကြည့် လုပ်တတ်သည်။ ကျန်တာတွေကို စိတ် ဝင်စားပုံမရ။ကျန်တဲ့ မိန်းကလေး တွေဆိုလျှင် ကျွန်တော်လည်း အားပြီး မေနှင်းဦးလဲ မရှိလျှင် ချတ်တင် ပြောဖို့ ကျွန်တော့် ဆီမှာ လာပြီးတန်းစီနေလေ့ ရှိသည်။ တခါတလေ ကျွန်တော်က နာရီ အလိုက် အလှည့်ကျ အဆင်ပြေအောင်ခွဲတမ်းချ ပေးရတာမျိုးတောင် ရှိသည်။ ဒါကြောင့် ပုလဲရည် အင်တာနက် စိတ်မဝင်စားတာကိုပဲ ကြံဖန် ကျေးဇူးတင်ရမည်။ တယောက်စာခေါင်းမရှုပ်ရတော့။

ကျွန်တော် ခရီးသွားနေချိန် တွေ ဆိုလျှင် သူတို့ ပွဲတော် ကြီးဖြစ်ပြီဟု ထင်ပြီးမေးကြည့်ရာ သက်သက်က ခေါင်းတခါခါ လက်တခါခါ နှင့်

“ဘယ်ကလာဆရာ ရယ်၊ မမေ နှင်းက စိတ်ကူးပေါက်ရင် အပေါ်မတက်တော့ ဘူး၊ အောက်မှာ

ပဲ နေတော့မယ် ဆိုပြီး ဆရာ့ အခန်းထဲ ဝင်နေချင်နေတာ၊ သက်တို့က သူမတွေ့ အောင် တံခါးပိတ်ပြီး ချတ်တင် ဝင်လို့ ရမ လား မှတ်ပါ တယ်”

မေနှင်းဦးကို သူတို့တော်တော်လေး ဖြုံကြသည်။ သက်သက် နှင့်ဆိုလျှင် အသက် အရွယ်ချင်း မတိမ်းမယိမ်းလောက် လောက်ရှိမည့် မေနှင်းဦးထက် အသက်ကြီးသူတွေလည်း ရုံးမှာ ရှိ သည်။ သို့သော်လည်း မလေးမစား မလုပ်ရဲကြ။

“နင်တို့က နင်တို့ မန်နေဂျာ ကို တော်တော် ကြောက်ကြတာကိုး”

“သူများတွေ မပြောပါနဲ့ ကိုလင်းတောင် မမေနှင်း ဆိုပြီး ကိုယ့်ကိုယ်ကို ကျွန်တော် ကျွန်တော် နဲ့ ရိုသေနေပြီးတော့”

အနားမှာ ရှိနေသော ပုလဲရည်က ရုတ်တရက်ဝင်ပြောလိုက်သည်။ သူပြောတာလည်း အမှန် ပင်။ ကျွန်တော့် ထက် အသက်အများကြီး ငယ်သော်လည်း မေနှင်းဦး၏ တည်ကြည်မှု ကြောင့် ကျွန်တော် သူမ ကို ရုံးက တခြားကလေး မတွေလိုမျိုး မဆက်ဆံပါ။ ဦးမြင့်သိန်း လို တကယ့် စီးပွားရေးသမားကြီးက စိတ်ချစွာ လွှဲအပ်ထားခြင်း ခံရသည် ဆိုကထဲက သူမသည် အရည် အချင်း ရှိသူ ဖြစ်မှန်း သိသာပါသည်။ မေနှင်းဦး ကိုယ်တိုင်က ကျွန်တော့်ကို တလေးတစား ဆက်ဆံတာကြောင့်လည်းပါပါမည်။

ဝန်ထမ်းတွေ နှင့် ဆက်ဆံရာတွင်လည်း မာမာထန်ထန် ဆက်ဆံခြင်း မျိုးလည်း မရှိပါ။ သို့ သော် အနေအထိုင်တတ်မှု ကြောင့် အားလုံးက အလိုလို လေးစားကြ သည်ဟု ကျွန်တော် ထင်သည်။ မေနှင်းဦးကို သိပ်မဖြုံသလို နေသူတယောက်တော့ ရှိသည်။ ပုလဲရည် ဖြစ်၏။

ကျွန်တော် စိတ်ထင်လို့လားမသိပါ။ ပုလဲရည် မေနှင်းဦးကို ဆက်ဆံပုံက သက်တောင့်သက် သာ ရှိလွန်းသည်။ မလေးမခန့် သဘောမျိုးတော့ မဟုတ် အထူးတလည် အလေးအနက် မထားပုံမျိုးဖြစ်သည်။ အလုပ်နှင့် ပတ်သက်ပြီးခိုင်းလျှင်တော့ တာဝန်ကျေကျေ လုပ်ပေးပါ သည်။

............................

 “မမေနှင်း က လှတယ်နော်”

တခါတလေတော့ မေနှင်း ကို ပုလဲရည် စိတ်လိုလက်ရချီးမွမ်းတတ်သည်။ မေနှင်းဦးလှတာ အမှန်ပင်။ ဒီရုံးမှာ သူမရာထူး အကြီးဆုံးဖြစ်သလို အချောဆုံးလဲ ဖြစ်သည်။ ဝတ်ပုံစားပုံက လည်း စတိုင်ကျပြီး အမြဲတမ်းသပ်ရပ်ကျော့ ရှင်းနေတတ်သည်။ အရပ်မြင့်မြင့် နှင့် ထိုအရပ်နှင့် လိုက်ဖက် ဖက်သော ကိုယ်လုံးကိုယ်ပေါက်ရှိသည်။ အထူးသဖြင့် ကျွန်တော် သဘော အကျဆုံးက သူမ၏ အေးဆေးတည်ငြိမ်မှု ဖြစ်သည်။ အလုပ်ဘယ်လောက် ရှုပ်ပါစေ မေနှင်းဦး၏ အသွင်က ကြည်ကြည်လင်လင်ပင် ရှိသည်။

ကျွန်တော်သာ အဝတ်အစားထုတ်လုပ်ရောင်းချသူ တယောက်ဖြစ်ပြီး ကျွန်တော် ရောင်း ချ မည့် office fashion ဒီဇိုင်း ရှိခဲ့လျှင် သရုပ်ပြ မော်ဒယ် အဖြစ် မေနှင်း ဦးကို ရွေးချယ် မိမည်ဖြစ်သည်။ မေနှင်းဦး၏ အသွင်နှင့် ဝတ်စားဆင်ရင် ပုံက ကြည့်လိုက်သည် နှင့် စီးပွားရေးလုပ်ငန်းကြီးတခု မှ အရေးပါသည့် အဆင့်မြင့်ဝန်ထမ်း အမျိုးသမီးတယောက် မှန်းသိသာသည်။

“သဘော လည်းကောင်းတယ် ပုလဲရဲ့”

ကျွန်တော် ပြောတော့ ပုလဲရည် နှာခေါင်းရှုံ့ပြသည်။

မေနှင်းဦး သဘော ကောင်းတာ အမှန်ဖြစ်သည်။ သူမ၏ ဝန်ထမ်းမဟုတ်ဘဲ ခနတဖြုတ် လာ နေသည့် ကျွန်တော့် အပေါ်မှာပင် ဂရုတစိုက်ရှိသည်။ တယောက်ထဲ ဘဝမှာ အနေကြာခဲ့ သူပီပီ ကျွန်တော့်၏ နေ့လည်စာက ဖြစ်ကတတ်ဆန်းသာ ဖြစ်သည်။ အသားညှပ်ပေါင်မုန့် တခု နှစ်ခု နှင့် ပြီးသည့် အခါပြီးသည်။ ရိုးရိုး ပေါင်မုန့် တချပ် နှစ်ချပ်စားပြီး ကော်ဖီ တခွက်လောက်သောက်ပြီးနေတာတွေ လည်းရှိသည်။

ဒါကို မေနှင်းဦး သိတော့ ကျွန်တော့်ဖို့ စားစရာတခုခု ဝယ်လာပေးတတ်သည်။ တခါတရံ ထ မင်း ဟင်းတွေ တောင်ယူလာပေး၏။

မေနှင်းဦး က မနက်ခင်း ဆိုလျှင် ရုံးချုပ် မှာ အရင်ရုံးတက်ရသည်။ ဟိုဖက်က အလုပ်တွေ ပြီးမှ နေခင်းပိုင်းလောက်တွင် ဒီဖက်ကူးလာသည်။ ဒီရောက်မှ ထမင်းစားဖြစ်တာများသည်။ ထို့ ကြောင့် သူမ ရုံးလာသည့်ရက် နှင့် ကျွန်တော် ရန်ကုန်မှာ ရှိနေသောရက် တိုက်ဆိုင်လျှင် ကျွန် တော့် ဖို့ နေ့လည်စာ စီစဉ်ပေးတတ်သည်။ ဦးမြင့်သိန်း ကလည်း ကျွန်တော် အဆင်ပြေ အောင် လုပ်ပေးဖို့ မှာကြားထားဟန် ရှိ၏။ သို့သော် ဦးမြင့်သိန်း ကြောင့် တခုထည်း မဟုတ် ဘဲ သူမကိုယ်တိုင်က စိတ်ရင်း စေတနာကောင်း၍ ဟု ကျွန်တော် ယုံကြည်ပါသည်။

“ကိုလင်း မမေနှင်း ကိုကြိုက်နေတာလား”

“ပေါက်တီးပေါက် ရှာပုလဲရယ်၊ သူ့မှာလည်းရည်းစား ငုတ်တုတ်နဲ့ ပါ”

“ဟင် … ရုံးက လူတွေတောင် မသိဘူး၊ ကိုလင်း က ဘယ် လိုလုပ်သိတာလဲ”

“မေနှင်း ပြောတာလေ”

“သူက ပြောတာ၊ ဘာဖြစ်လို့ ပြောရတာလဲ”

ကျွန်တော့် ကို မေနှင်း ကိုယ်တိုင်ပြောပြခဲ့တာ အမှန်ပင်။ ဘာကြောင့် ပြောပြသလဲ ဆိုတာက လည်း ပုလဲကို ရှင်းပြဖို့ မဖြစ်နိုင်ပါ။ ဒါက မေနှင်း၏ ကိုယ်ရေးကိုယ်တာဖြစ်သည်။ ကျွန်တော် နှုတ်ဆိတ် နေလိုက်သော အခါ ပုလဲရည်က သူမထင်တာတွေ လျှောက်ပြောတော့၏။

“သိပြီ၊ သိပြီ၊ ကိုလင်း က သူ့ကို ရည်းစားစကားသွားပြောတော့ မမေနှင်း က ဆရာရယ် စိတ် မရှိပါနဲ့ ကျွန်မ မှာရည်းစား ရှိပြီးသားဖြစ် နေလို့ပါ ဆိုပြီး ပြောလိုက်တာ မဟုတ်လား”

“ဒီချာတိတ်မလေး ကတော့ ပေါက်ကရပြောပြန်ပြီ”

လက်သီးနှင့် ထုမလို ဟန်ပြင်လိုက်သော အခါ နောက်ဆုတ်ပြီး အခန်းထဲကနေ ပေစောင်း စောင်း နှင့် ထွက်သွားသည်။ပါးစပ်ကလည်း မကျေမနပ် ရေရွတ်သွားသေး၏။

“အနာပေါ် တုတ်ကျသွားတာ”

ကျွန်တော် ပြုံးရုံပြုံးနေလိုက်ပါသည်။ အမှန်တော့ သူမ၏ ချစ်သူ နှင့် ပတ်သက်သော အခက် အခဲ တခုကို ကျွန်တော် နှင့်လာတိုင်ပင်ဖူး၍ မေနှင်းဦး မှာချစ်သူရှိကြောင်း ကျွန်တော် သိနေ ခြင်းဖြစ်ပါသည်။

မေ နှင်းဦး၏ ချစ်သူက သူမနှင့် ငယ်စဉ်ထဲက ကျောင်းနေဖက်သူငယ် ချင်းတဦး ဖြစ်ပါသည်။ စစ်ဖက်အရာရှိ တယောက်ဖြစ်ရာ ရန်ကုန် မှာ မရှိ ၊နယ် မှာ အနေများသည်။ တာဝန်တဖက် နှင့် ဆိုတော့ မေနှင်းဦးဆီ မကြာခန မလာနိုင်သလို အဆက်အသွယ်လည်း မှန်မှန် မလုပ်နိူင်၊ ဒါကို မေနှင်း ဦးက စိတ်စနိုးစနှောင့် ဖြစ်ပြီး ကျွန်တော့် ကို လာတိုင်ပင်ခြင်းဖြစ်သည်။

“သူ အလုပ် မအားလို့ ဖြစ်မှာပေါ့ မမေနှင်း ရဲ့၊ တောထဲ တောင်ထဲ ရောက်နေရင် မမေနှင်း ဆီ ကို ဆက်သွယ်ရခက် မှာပေါ့”

မေနှင်းဦး အဓိက သိလိုသည်မှာ ယောက်ျားတွေ အနေဖြင့် အနေဝေးလျှင်သွေးအေး သွား သည် ဆိုခြင်း က မှန်မမှန် ဖြစ်သည်။

“အရင်က ဟုတ်တယ်ဆရာရဲ့၊ အခု မြို့ပေါ်ပြန်ရောက်နေတာ တနှစ်လောက် ရှိပြီ၊ မေနှင်း ဆီ ကို ဖုန်း နှစ်ခါ၊ သုံးခါ လောက်ပဲ ဆက်တယ်၊ တလောက ရန်ကုန်လာသွားတာတောင် မေ နှင်းကို မပြောဘူး”

“အလည် လာတာမဟုတ်ဘဲ တာဝန် နဲ့ ဆိုရင် ဘယ်လို လုပ်မလဲ”

“ယောက်ျားလေး သူငယ်ချင်းတွေ နဲ့တောင် ဘီယာ သောက်သွားသေးတယ် ဆရာရယ်”

မေနှင်းဦးအပေါ် တခုခု အထင်လွဲနေသလားဟု ကျွန်တော် တွေးမိသည်။ ဦးမြင့်သိန်း ၏ အ တွင်း ရေးမှုး အဖြစ် မေနှင်းဦး ကာလရှည်ကြာ လုပ်ခဲ့ဖူးခြင်း နှင့် ဦးမြင့်သိန်း က နေရာ ပေး လွန်းခြင်း တို့ကြောင့် အကြောင်း မသိသူတွေက မေနှင်းဦး နှင့် ဦးမြင့်သိန်း ကို သမုတ် ကြခြင်း ကို ကျွန်တော်လည်းကြားဖူးသည်။ တကယ်တမ်း အားဖြင့် မေနှင်း ဦးက ဦးမြင့်သိန်း ၏တူမ ဖြစ်သည်။ မေနှင်းဦး ဖခင် နှင့် ဦးမြင့်သိန်း က ညီအကို တဝမ်းကွဲတွေ ဖြစ်၏။ မေနှင်းဦးနှင့် ငယ်သူငယ်ချင်း ဖြစ်သောသူတယောက် အနေဖြင့် ဒါတွေကို သိထားပြီးဖြစ်နိုင်ရာ ထိုအ တွက် တော့ ဟုတ်မည်မထင်ပါ။


အပိုင်း ( ၆ ) ဆက်ရန် >>>


Print Friendly and PDF

No comments:

Post a Comment