Thursday, August 22, 2013

သင်းသင်းမွှေးမွှေး နှင်းဖွေးဖွေး အပိုင်း ( ၆ )

သင်းသင်းမွှေးမွှေး နှင်းဖွေးဖွေး အပိုင်း ( ၆ )

{ ဇာတ်သိမ်းပိုင်း }

Snow Flake ရေးသည်။

အခန်း (၁၅)

“ စောလှချည်လား ဖွေး..”

“ ဟင်.. မေမေ အလုပ်မသွားဘူးလား..”

“ သိပ်နေလို့မကောင်းလို့သမီးရေ.. ဒီနေ့မှ မနားရင် ပိုဆိုးလာမလားလို့..”

“ ဖျားလို့လား မေမေ.. မိမွှေး ကြည့်ပေးသွားသေးလား.. ဆေးကော..”

“ သူက မေမေ မနိုးခင်ကတည်းက သွားနှင့်တာ ဖွေးရဲ့.. ထားပါ.. သမီး သွားစရာရှိတာသွားလေ.. ပြန်လာမှ မေမေ့ကို ဆေးခန်း လိုက်ပို့ချေ.. ဘွတ်ကင် လုပ်ထားပြီးပြီ..”

မေမေကို နှုတ်ဆက်ပြီး ကျူရှင်သွားရန် ခပ်သွက်သွက် ထွက်လာခဲ့သည်။ သည်နေ့ မေမေ အိမ်မှာ ရှိနေမှာဆိုတော့ စူးရှကို အိမ်ခေါ်လာလို့ မရဘူးပေါ့။ မနေ့က ဘွားလေး နယ်သို့ ခဏပြန်သွားသည်။ တစ်ပတ်လောက်ကြာမည်ဟု ပြောသွားသဖြင့် ဖွေး စိတ်ထဲ ထီပေါက်သလို ပျော်နေမိ၏။ ကျူရှင်က ဒီနေ့ပြီးလျှင် သုံးရက်ဆက်တိုက် နားရက်။ မိမိ စိတ်ကူးများကို အစီအရီ နေရာချပြီး ကိုယ့်အတွေးနှင့်ကိုယ် စိတ်လှုပ်ရှားနေမိသည်။

သည်မနက် မေမေ အလုပ်မသွားဘူး ဆိုတော့မှ စိတ်က ထင့်ကနဲ ဖြစ်သွား၏။ မေမေက တော်တန်ရုံ နေမကောင်း ဖြစ်ခဲပါတယ်လေ.. သုံးလေးရက်တော့ နားဘို့လိုမယ် မထင်ပါဘူး.. ခုလည်း ကြည့်ရတာ သိပ် အဆိုးကြီး ဟုတ်ပုံမရပါဘူး.. ညနေ ဆေးခန်းဘွတ်ကင် လုပ်ထားတယ်လို့တော့ပြောတယ်.. ဟို ဆရာဝန်လောင်း အဘိုးတန် သမီးကြီးက အမေနေမကောင်းတာ သိတောင် သိရဲ့လား.. အင်းလေ.. ငါလည်း ဘာထူးလဲ.. တကယ်ဆို သည်နေ့ ကျူရှင်ဖျက်ပြီး မေမေ့နား နေပေးသင့်တာ.. ဒါပေမယ့် မေမေရယ်.. ခုလောလောဆယ် ဖွေး စိတ်ထဲမှာက.. တအားကြီးကို.. ဟိုလိုမျိုး..။

အတွေးပေါင်းစုံနှင့် ဖွေး ငှားစီးလာသည့် တက်ဆီက ကျူရှင်ရှိရာ တိုက်အောက်သို့ ရောက်လာပြီ။ စောင့်နေကျနေရာတွင် စူးရှ ရှိမနေ။ ဘာသဘောလဲ စူးရှ.. မနေ့ကလည်း ဖုန်း မကိုင်ဘူး.. ဒီမနက်လည်း နင် ရှိရမယ့်နေရာမှာ ရှိမနေဘူး..။ ဖုန်းခေါ်ကြည့်ရင်း လူက ဟိုဟိုသည်သည် မျက်လုံးဝေ့ ကြည့်လိုက်၏။ ဖုန်းလည်း မကိုင်ပြန်။ တကယ်ပဲ ငါ တစ်ယောက်တည်းပါလား။ ထိုင်နေကျ ဆိုင်လေးဆီ တစ်ယောက်တည်း ထွက်လာခဲ့လိုက်သည်။ ရင်ထဲမှာ ဟာနေသည့် ခံစားချက်က ဘာနှင့်မျှ မတူ။ လျှောက်နေကျ လမ်းကပဲ ကိုယ်မရောက်ဖူးတဲ့ နေရာသစ်ကြီး ဖြစ်နေသလိုလို။ ဆိုင်ထဲရောက်ပြီးနောက် ဖုန်းထပ်ဆက်တော့လည်း မကိုင်။

သည်လိုနှင့် မိနစ်များစွာ ကုန်လွန်ပြီး မာလာဆွေ ရောက်လာသည်အထိ စူးရှ ပေါ်မလာ။ နောက်ဆုံး ကျောင်းခန်းထဲရောက်ပြီး သင်တန်းချိန် ကုန်လွန်သွားသည်အထိ စူးရှ ထံမှာ တစ်စုံတစ်ရာ အဆက်အသွယ် မရခဲ့။ တကယ်ဆို မိမိတို့နှစ်ဦး သဘောတူညီမှု ယူထားပြီးသည့် အခြေအနေအရ သူ့တွင် အကြောင်းကြီးငယ် သွားလာစရာ ရှိလျှင် မိမိထံ အကြောင်းကြားသင့်သည် မဟုတ်ပါလား။ 

အဲ့ဒီအချိန်တုန်းက ညှိနိုင်းခဲ့ကြသည့် အချက်အလက်များတွင် သည်တစ်ခုများ ကျန်ခဲ့လေသလား။ မည်သို့ပင် ဆိုစေ သူ့အနေနှင့် မိမိအပေါ် သည်လိုပြုမူခြင်းကတော့ လွန်လွန်းသည်ဟု ဖွေး စိတ်မှ တစ်ဘက်သတ် တွေးမိသည်။

“ ငနုံကောင် နေများမကောင်းလို့လား..”“……….”

“ ဟဲ့ ဖွေး.. ငါ ပြောတာ ကြားလား.. အယ်.. ဘာလဲဟ.. ငုတ်တုတ်ကြီး ငိုင်နေလိုက်တာ..”

“ အင်.. ဘာလဲ.. နင် ဘာပြောလိုက်လို့လဲ မာ.. ငါ မကြားလိုက်လို့..”

“ ခိခိ.. ကြား မလား.. ငါ မပြောလိုက်ချင်ဘူး.. မိန်းမ.. မှန်မှန် ညာစမ်း.. နင့် စိတ်တွေ ဘယ်ရောက်နေလဲ..”

“ အာ.. ဘာကို ဘယ်ရောက်ရမှာလဲ.. အာရုံ နောက်ရတဲ့အထဲ.. နင်က တမှောင့်..”

“ အောင်မာ.. ဒီမှာ နှင်းဖွေးဖွေး.. နင်နဲ့ငါ သိလာတာ မနေ့တနေ့ကမှ မဟုတ်ဘူးနော်.. နင့် စိတ်ကို နင်ကိုယ်တိုင်ပြီးရင် ငါ အသိဆုံး..”

မာလာ့စကားကို ဖွေး ခွန်းတုန့် မပြန်နိုင်ခဲ့ပါ။ နင့် စိတ်ကို နင်ကိုယ်တိုင်ပြီးရင် ငါ အသိဆုံးတဲ့လား မိမာ.. ခုလောလောဆယ် ငါ့ကိုယ်ငါ ဘာဖြစ်နေမှန်း မသိဘူး ဆိုရင် နင် ဘာပြောမလဲ.. ကိုယ် အရမ်းကြီး မက်မောတွယ်တာနေမိတဲ့ အရာတစ်ခု.. ကိုယ့်နားကနေ ရုတ်တရက်ကြီး ပျောက် သွားတာ.. ။ မျက်ဝန်းထောင့်မှ စိုစွတ်လာသလို ခံစားချက်က ဖွေး စိတ်ကို အတော်ပင် ကသိကအောင့် ဖြစ်စေသည်။ 

ဘာကိစ္စ မျက်ရည် လည်ရတာလဲ.. နင်က ဘာကောင်မို့လို့ ငါ့ကို မျက်ရည်လည်အောင် လုပ်နိုင်ရတာလဲ စူးရှ.. ငါ နင့်ကို အရမ်း မုန်းတယ် သိလား။သည်လိုနှင့် ရှည်လျားလှသော နေ့တစ်နေ့ အဓိပ္ပာယ်မဲ့စွာ ကုန်လွန် သွားခဲ့သည်။ အိမ်ပြန်ရောက်တော့ မေမေ့ကို ဆေးခန်း ပို့ဖို့ ပြင်ဆင်၊ ဆေးခန်းရောက်တော့ လိုအပ်သည့် စစ်ဆေးမှုများနှင့် ဟိုသည် ပြေးလွှားရင်း ညစာ စားချိန်နီးမှပင် အိမ်ပြန်ရောက်သည်။ 

ရေချိုး၊ ထမင်းစားပြီးချိန် အိပ်ရာ ထက်တွင် လှဲချရင်း ဖုန်းခေါ်ကြည့်မိပြန်သေး၏။ ခြောက်ကပ်ကပ် မြည်သံ၏ အဆုံးတွင် လူကြီးမင်းခေါ်ဆိုသော ဖုန်းသည် သတ်မှတ်ချိန်အတွင်း ပြန်လည်ဖြေကြားခြင်း မရှိပါသဖြင့်..။

ကျွန်းကွက် အဝါရောင် မျက်နှာကျက်က ဝေဝါးလာသည်။ နင့်ကနဲ လှိုက်တက်လာသည့် ပင်သက်ကို မြိုချလိုက်သည့် ခဏ၊ နထင်ဆီမှ ရေနွေးစီကြောင်းတစ်ခုက နားရွက်ထဲအထိ စီးကျလာ၏။ သေလိုက်စမ်း စူးရှ.. နင် သွား သေလိုက်စမ်း.. နင်လည်း အလကားကောင်ပဲ.. ဒီကမ္ဘာပေါ်မှာ ငါ့ကို မျက်ရည်ကျစေတဲ့သူမှန်သမျှ အကုန် အလကားလူတွေချည့်ပဲ.. အဲ့ဒီအထဲမှာ အဆိုးဆုံးက နင်ပဲ.. ဘာလို့လည်း သိလား.. ငါ့ကို တစ်သက် မမေ့နိုင်တဲ့ မျှော်လင့်ချက်တွေ ပေးခဲ့ပြီးမှ.. ခုလိုကြီး.. ခုလို ရုတ်တရက်ကြီး ဘာမပြော ညာမပြောနဲ့.. နင် အရမ်း ရက်စက်တယ် စူးရှ.. ငါ မကျေနပ်ဘူး.. သိလား.. ငါ လုံးဝ မကျေနပ်ဘူး..။

................................................................................................................................

အခန်း (၁၆)

“ သက်သာရဲ့လား မေမေ..”

“ အင်းးးး.. ဒီနေ့ ကျူရှင် မရှိဘူးမဟုတ်လားဖွေး.. မေမေ သမီးကို အေးအေးဆေးဆေး ပြောစရာရှိတယ်..”

ဘွားလေး မရှိသည့်ရက်များအတွင်း မီးဖိုချောင် တာဝန်က ဖွေး တစ်ယောက်တည်းအပေါ် လုံးလုံး ပုံကျနေသည်။ ညက တော်တော်နှင့် အိပ်မပျော်သော်လည်း စိတ်ပျက်စရာ ကောင်းလှစွာပင် မနက်အစောကြီး နိုးနေမိပြန်၏။ မျက်စိနှစ်လုံးပွင့်သည်နှင့် အရင်ဆုံး မြင်ယောင်မိတာက မိမိကို ငေးကြည့်နေကျ ရီဝေဝေ မျက်ဝန်းတစ်စုံ။ အချစ်ဆိုတာ တကယ်ပဲ အိပ်စက်ခြင်းများကို တားဆီးတတ်သလား..။ မေမေ့အတွက် မနက်စာ ပြင်ဆင်ပြီး လာပို့ပေစဉ် မေမေ စကားပြောလိုသည် ဆို၍ ဆန်ပြုတ်ပန်းကန်လေး ချကာ မေမေ့ အနားတွင် ထိုင်လိုက်၏။

“ သမီးမှာကော ချစ်သူရှိနေပြီလား ဖွေး..”

“ ရှင်.. ဟို..”

မေမေ မေးလိုက်ပုံက ရုတ်တရက်ကြီးမို့ ဖွေး ဘာပြန်ဖြေရမှန်း မသိ ဖြစ်သွားသည်။ ချစ်သူတဲ့လား မေမေ။ သည်အချိန်မှာ ချစ်သူဆိုတဲ့ စကားလုံးက သမီးအတွက် သိပ် မုန်းစရာကောင်းလွန်းပါတယ်။ မေမေ့ ကြည့်ရတာ အနည်းငယ် မောနေပုံပင်။ မေမေ့ မျက်နှာကို ငေးကြည့်နေမိသည့် ဖွေး။ စိတ်ထဲမှာ တစ်ခုခုကို ကြောက်လာမိသည်။ အသက် (၅၀) မပြည့်သေးသော်လည်း လောကဓံ၏ အထုအထောင်း များကြောင့်လား၊ လတ်တလော ခံစားနေရသည့် ဝေဒနာကြောင့်လား၊ မေမေ့ မျက်နှာမှာ လိုတာထက် ပို၍ အိုစာနေသယောင် ထင်မိသည်။ 

အိမ်ထောင်ဦးစီး လင်ယောကျ်ား မရှိပါဘဲ သမီးနှစ်ယောက်၏ ဘဝ ကို တစ်ယောက်တည်း စောင့်ရှောက်ခဲ့ရှာသည့် မေမေ။ မေမေ အတော်ကြီး ပင်ပန်းခဲ့ပြီပဲ။ ဘယ်တုန်းကမှ မတွေးခဲ့မိသော အတွေးများဖြင့် မေမေ့ မျက်နှာကို ငေးကြည့်နေမိသည်။ဖွေး လက်ကလေးများကို လာရောက် ဆုပ်ကိုင်လိုက်သည့် မေမေ့ လက်များ အေးစက်နေ၏။ မနေ့က ဆေးခန်းတွင် အထူးကု ဆရာဝန်ကြီး၏ စစ်ဆေးချက် လက္ခဏာများ အရ မေမေ့ ကျောက်ကပ်တွင် ပြဿနာ တစ်စုံတစ်ခု ရှိနေပုံပေါ်သည်။ 

လိုအပ်သော ကုသမှုများအတွက် ဆေးစစ်ချက် အဖြေများက နက်ဖြန်မှ ရမည်။ သူဌေးရောဂါဟု ဆိုရလောက်အောင်ပင် ငွေကုန်ကြေးကျ များတတ်လွန်းသည့် ဝေဒနာမို့ သည်အိမ်အတွက် အိမ်ထောင်ဦးစီး မေမေ၊ ငွေရေးကြေးရေး တွေးပူနေခြင်း ဖြစ်ဟန်တူ၏။ ဖွေးလည်း တစ်ကြိမ်တစ်ခါမျှ မတွေးဘူးသော သည်အိမ်အတွက် ငွေကြေး ကိစ္စများ၊ မေမေ့ ဝင်ငွေနှင့် လုပ်ငန်း အခြေအနေ စသည်တို့ ခေါင်းထဲ ဝင်လာခဲ့၏။ ဒါတွေ ခုမှ တွေးမိသည့် အတွက်၊ မေမေ့ကို မေ့ထားမိသည့်အတွက် ပထမဆုံး အကြိမ်အဖြစ် နောင်တ ရမိသည်။

“ နောက် နှစ်လလောက်နေရင် မွှေး က လက်ထပ်တော့မယ် မဟုတ်လား.. ဖွေး မှာရော ရည်ရွယ်သူ ရှိနေပြီလား မေမေ သိချင်လို့လေ..”

“ အာ မရှိပါဘူး မေမေရာ.. ဖွေးက မေ့နားမှာ တစ်သက်လုံး နေမှာပါ..”

မေမေ့ မျက်နှာ ပြုံးရင်း ခေါင်းလေး အသာ ငြိမ့်၏။ ဖွေးလည်း ပြန် ပြံုးပြမိသည်။ အာရုံထဲတွင် ဖျတ်ကနဲ ပေါ်လာသည့် ပုံရိပ်တစ်ခုကြောင့် မိမိ အပြုံး ပီပြင်ပါ့မလားဟု တွေးကာ ခေါင်းကို ခပ်မြန်မြန် ငုံ့လိုက်ရ၏။ မိမိ အမူအရာကို မေမေ မြင်ဖြစ်အောင် မြင်သွားသည်။

“ မေမေ့ကို အမှန်တိုင်းတော့ ပြောမှ ဖြစ်မယ်နော် ဖွေး.. သမီး အဖြေပေါ် မူတည်ပြီး မေမေ ပြောစရာ ရှိလို့လေ.. အရေး ကြီး တယ်..”

တိမ်ဝင်သွားသည့် မေမေ့ အသံလေးကြောင့် ဖွေး စိတ်ထိခိုက်သွားမိသည်။ မေမေရယ်.. ဘာတွေများ ပြောချင်လို့လဲ..။

“ ဖွေး မညာပါဘူး မေမေ.. မေမေ ပြောစရာရှိတာ ပြောပါ.. ဒါပေမယ့် ခု မေမေ မောနေလားဟင်.. မေမေ ပြောမယ့် ကိစ္စက နောက်မှ ပြောလို့ မရဘူးလား..”

“ ဖွေး ကို မေမေ အိမ်ထောင် ချပေးချင်တယ်..”

“ ရှင်..”

ပြောပြီး မေမေ ခဏ အမောဖြေနေသည်။ နှဖူးတွင် စို့လာသည့် ချွေးလေးများကို ဖွေး သုတ်ပေးလိုက်၏။ မေမေ့ ကြည့်ရတာ စကားတစ်ခုကို လိုရင်းပြောနိုင်ဘို့ ကြိုးစားနေရပုံပင်။ မေမေ မောနေမှန်း သိသော်လည်း ဆက်ပြောမည့် စကားကိုတော့ ဖွေး အမြန်ဆုံး သိချင်မိသည်။ ဖွေးကို အိမ်ထောင် ချပေးချင်တယ်တဲ့လား မေမေ။ မေမေ ရုတ်တရက်ကြီး သည်လို ဘာလို့ ပြောရတာလဲ.. မဟုတ်မှ လွဲရော.. ရုပ်ရှင်တွေ ထဲကလို မေမေ့မှာ.. ဘုရား ဘုရား.. မဟုတ်ပါစေနဲ့..။

“ တကယ်က မေမေ့ အလုပ်တွေ သိပ် အဆင်မပြေ ဖြစ်နေတာ ကြာပြီ သမီး..”

“ ……….”

“ သမီး ဖေဖေရဲ့ မိတ်ဆွေ မိသားစုက ကူညီပေးနေလို့ မေမေ ခုလောက်ထိ ရပ်တည်နေနိုင်တာ..”

“ ……….”

“ မွှေး ရဲ့ ပညာသင် စရိတ်ကလည်း မသေးလှဘူး မဟုတ်လား..”

“ ……….”

“ အခု မေမေ အိပ်ရာထဲ လဲရပြီ ဆိုရင် ဒီအကြောင်းတွေ သမီး သိမှ ဖြစ်တော့မယ်လေ..”

ဖွေး မျက်ရည် လည်လာမိသည်။ မေမေ့ ခမျာ သမီးနှစ်ယောက် အတွက် ရုန်းကန်ရင်း အဆင်မပြေမှုများကိုပါ မြိုသိပ်ခဲ့ရတာပါလား။ ဘာပဲဖြစ်ဖြစ် ခုလို မေမေ ခွန်အားနည်းနေချိန် အနားမှာ ရှိခွင့် ရတာကိုတော့ ဖွေး ကျေနပ်မိသည်။ စောစောက ပြောစကားအရ မေမေက မိမိကို မွှေး ထက်ပို၍ အားထားကြောင်း သိလိုက်ရသည် မဟုတ်ပါလား။ 

ဖွေး ကို အိမ်ထောင် ချပေးချင်တယ် ဟူသော စကားနှင့် ပတ်သက်၍တော့ အနည်းငယ် ရင်ထိတ်မိသည်။ မိမိ ဆန္ဒမပါဘဲ မိဘ စီစဉ်သည့် ယောကျင်္ားတစ်ဦးနှင့် တစ်သက်လုံး အတူနေရမည့် ကိစ္စကိုတော့ အိပ်မက်ပင် မမက်ခဲ့။ မေမေ ဆက်ပြောမည့် စကားကိုပဲ ရင်တမမနှင့် နားစွင့်နေမိသည်။

“ ဒီအခြေနေအတိုင်း ဆိုရင် မေမေတို့ လုပ်ငန်းတွေ ဆက်ရပ်တည်နိုင်ဘို့ ခက်နေပြီ ဖွေး.. အထူးသဖြင့် ဒီအလုပ်တွေကို ဆက်ဦးဆောင်ရမယ့် သမီးအတွက် အရမ်း..”

“ မောနေရင် နားပါ မေမေရယ်.. မေမေ နေကောင်းသွားမှ ဖွေး နဲ့ တိုင်ပင်မယ်လေ နော်..”

“ ရပါတယ်.. မေမေ ခုပဲ ပြောချင်တယ်..”

“ …………”

“ အခု မေမေ့ကို ကူညီနေတဲ့ မိတ်ဆွေ.. သမီးတို့ဖေဖေရဲ့ သူငယ်ချင်းပါပဲ.. သူက သူ့သားနဲ့ သမီးကို နေရာ ချထားပေးချင်တယ်တဲ့..”

“ …………”

“ မေမေ စကားကုန်တော့ မပြောရသေးပါဘူး ဖွေးရယ်.. သမီးမှာ တခြား ရည်ရွယ်သူ မရှိရင်တော့ သူတို့ ကမ်းလှမ်းတာကို မေမေ မငြင်းချင်ဘူး..”

“ ဟိုလေ.. ဖွေး တစ်ခု မေးရမလား မေမေ..”

“ …………”

“ မေမေ့ မှာ သူတို့ကို ပေးစရာ အကြွေးတွေ ဘာတွေများ..”

“ သမီးငယ် ရယ်..”

“ ဟင့်အင်း.. စိတ်မကောင်း မဖြစ်ပါနဲ့ မေမေရယ်.. မေမေ အရမ်း ပင်ပန်းနေပြီ..”

“ မေမေ့မှာ ဘယ်လောက်ပဲ အခက်အခဲရှိရှိ.. သမီးလေးကို အကြွေးနဲ့ အသိမ်းခံရတာမျိုးအထိတော့ မေမေ မဖြစ်စေချင်ပါဘူး ဖွေးရယ်.. ခုက အကြွေး ဆိုတာထက် သမီး ရှေ့ရေးအတွက် သင့်တော်တဲ့သူမို့လို့ မေမေ ပြောတာပါ.. မေမေ သမီးနှစ်ယောက်လုံးကို စိတ်ချ သွားချင်တယ်..”

“ မေမေ ရယ်..”

ကုတင်ခေါင်းရင်းတွင် မှီလျှောလျှော ထိုင်နေသည့် မေမေ့ ရင်ခွင်ထဲ ဖွေး တိုးဝင်မိသည်။ ဆယ်စုနှစ် တစ်ခုစာမက အမှတ်တမဲ့ နေမိခဲ့သော မေမေ့ရင်ခွင်က နွေးနေဆဲပါလား။ ဖွေး လက်ကလေးတွေကို ဆုပ်ကိုင်ထားသည့် မေမေ့ လက်များ တုန်ရီနေရှာ၏။ မေမေ့ နှလုံးခုန်သံများထဲတွင် ကျဉ်းကြပ်မှုများ ရောနှောနေမှန်း ဖွေး ခံစားလိုက်မိသည်။ ဖွေး ခေါင်းထဲတွင်လည်း အတွေးရောင်စုံများ ယောက်ယက် ခတ်ကုန်သည်။ မိမိ ဘဝ အတွက်သာမက မေမေ့ အတွက်ပါ အရေးအကြီးဆုံး အချိန်ဖြစ်နေမှန်း ခံစားလိုက်မိ၏။ 

အနာဂတ် လမ်းဖြောင့်သွားပြီ ဖြစ်သည့် မွှေး တစ်ယောက်ကတော့ ဒါတွေ သိချင်မှ သိပါလိမ့်မည်။ ဘာပဲဖြစ်ဖြစ် ခုချိန်မှာ မေမေ့ နားတွင် အနီးကပ်နေပေးနိုင်ယုံမျှမက၊ မေမေ တစ်ယောက်တည်း ကျိတ်ရင်ဆိုင်နေသည့် သောက အချို့ကို မွှေး ထက်အရင် သိခွင့်ရခြင်း၊ မေမေ့ကို တကယ် ကူညီနိုင်သူသည် သင်းသင်းမွှေး မဟုတ်ဘဲ မိမိ ဖြစ်နေခြင်းတို့ အတွက်တော့ ဖွေး တကယ်ပဲ ကျေနပ်မိသည်။ 

သို့သော် မေမေ့ ဆန္ဒ ပြည့်ဝစေဘို့ မိမိ စွန့်စားရမှာက တစ်ဘဝလုံးစာ မဟုတ်ပါလား။ မိမိ စတေးရမှာက နှလုံးသား၊ တစ်သက်လုံး ထိန်းချုပ်ရမှာက ဦးဏှောက် အသိတရား။ နှင်းဖွေးဖွေး၏ အသိအာရုံအားလုံး မျက်ဝန်းများနှင့် အတူ ရီဝေမှုန်ဝါးခဲ့ရပါသည်။

ဖွေး ဘာလုပ်ပေးရမလဲ မေမေရယ်.. ခုနေ ဖေဖေရှိရင် သိပ်ကောင်းမှာပဲ.. သမီး နှစ်ယောက်အတွက် ပင်ပင်ပန်းပန်း ရုန်းကန်ခဲ့ရတဲ့ မေမေ.. အခု အရမ်း အားနည်းနေပြီ.. ဒီအခြေနေထိ ရောက်အောင် မေမေ့ကို ဖွေး ပစ်ထားခဲ့မိတယ်.. 

မေမေ အဆင်ပြေရဲ့လား ဆိုတဲ့အတွေးကို တစ်ခါမှ မတွေးဘဲ လောကကြီးကို မကျေနပ်ချက်တွေနဲ့ အချိန်တွေ ဖြုန်းခဲ့မိပြီလား.. ဒီအကြောင်းတွေ ဖေဖေသာသိရင် ဖွေးကို စိတ်ဆိုးမှာလားဖေဖေ.. မေမေ့ကို မကူပဲ ပေါ့ပေါ့တန်တန်နေခဲ့မိတဲ့ ဖွေးကို ဖေဖေ ခွင့်လွှတ်နိုင်ပါ့မလား.. ဖွေး မှာ အချိန် မှီသေးလား.. မေမေ့အတွက် အကောင်းဆုံး အထောက်အကူ ဖြစ်အောင် ခုချိန်မှာ ဖွေး လုပ်ပေးနိုင်တယ်လား.. ဒါပေမယ့် ဖွေး လုပ်ပေးနိုင်တဲ့ နည်းလမ်းကြီးက …..စူးရှရယ်.. ငါ ဘာလုပ်ရမလဲ ဟင်..

.....................................................................

အခန်း (၁၇)

“ မာလာ့ကို သေသေချာချာ ပြောထားရဲ့လား ဖွေး.. မေမေ စိတ်ပူတယ်နော်..”

“ စိတ်ပူပါနဲ့ မေမေရယ်.. ဖွေး ပြောပြီးပါပြီ.. မေမေသာ ဟိုမှာ အေးအေးဆေးဆေး အနားယူခဲ့.. စိတ်ညစ်စရာတွေ ဘာမှမတွေးဘဲနဲ့လေ နော်..”

“ သမီး ပါရင်တော့ ပို အဆင်ပြောတာပေါ့ ဖွေးရယ်..”

“ မွှေး တစ်ယောက်လုံးပါနေတာပဲ မေမေရဲ့.. ကောင်းမြတ်ကလည်း ခုမှ သိတဲ့သူမှ မဟုတ်တာ.. မေမေ အဆင်ပြေမှာပါ..”

လွန်ခဲ့သည့် နှစ်ရက်က မွှေး မင်္ဂလာပွဲ ပြီးပြီ။ ငွေဆောင် ကမ်းခြေကို ပျားရည်ဆမ်းခရီး သွားကြမည်ဖြစ်၏။ မွှေးတို့ လင်မယားက မေမေ့ကိုပါ လိုက်ခဲ့ဘို့ ပြောသည်။ ဖွေးလည်း စီးပွားရေး ကိစ္စများကြားတွင် လုံးလည်လိုက်ပြီး ကျန်းမာရေးပါ ထိခိုက်နေရသည့် မေမေ့ကို အေးအေးဆေးဆေး အနားယူစေချင်ပါသည်။ မေမေ ကိုယ်တိုင်ကလည်း ခရီးတစ်ခုခုသွားရန် ဆန္ဒရှိပုံပေါ်၏။ 

သို့သော် အတူသွားရမည်က ကြင်စဦး ဇနီးမောင်နှံ ဖြစ်နေသည့်အပြင် ဖွေးကလည်း မလိုက်လိုပါဟု ပြောထားသဖြင့် မေမေ ဤသို့ တုန့်ဆိုင်းနေခြင်းပင်။ တမင် ကတ်ဖဲ့ခြင်း မဟုတ်သော်လည်း မိမိမျက်စိရှေ့တွင် တီတာ တွတ်ထိုးနေမည့် ဤစုံတွဲကို ဖွေး မည်သို့မျှ ကြည့်လို့ရမည် မထင်။ 

သိပ်မကြာသေးမီ အချိန်ကပင် မေမေ့ဆန္ဒ အားလုံးကို ခေါင်းငြိမ့် လက်ခံခဲ့ပြီမို့ သမီး အလိမ္မာလုံးလုံး ဖြစ်သွားသော ဖွေးကို မေမေ တစ်စုံတစ်ရာ စောဒက မတက်ခဲ့ရှာပါ။ ဘွားလေးကလည်း မနေ့ကတည်းက တရားစခန်း ဝင်သွားသည်။ အိမ်တွင် တစ်ယောက်တည်း ကျန်ခဲ့မည့် ဖွေးအတွက် မာလာ့ကို ညခေါ်အိပ်ရန် မေမေ မှာနေခြင်းဖြစ်၏။

“ သွားကြမလား မေ မေ..”

“ အေးအေး.. မေမေ စိတ်ချမယ်နော် ဖွေး.. မာလာ့ဆီ ဆက်ဖြစ်အောင်ဆက်ဦး.. ညကျ မေမေ ဖုန်းဆက်လိုက်မယ်..”

ကားပေါ်သို့ အထုတ်အပိုးများ လိုက်တင်ပေးလိုက်သည်။ မေမေတို့ ကားထွက်သွားပြီး ခြံတံခါးပိတ် အိမ်ထဲ ပြန်ဝင်လာခဲ့၏။ တိတ်ဆိတ်ခြင်းတို့ လွှမ်းမိုးနေသော သည်အိမ်ကြီးထဲတွင် မိမိ တစ်ယောက်တည်းပါလား။ ခြောက်ကပ်ကပ်နိုင်သော အပြုံးတစ်ချက်ကို ပြုံးလိုက်မိသည်။ လွန်ခဲ့သော နှစ်လခန့်က ယခုလို အိမ်တွင် တစ်ယောက်တည်း ကျန်ရမည့် အခွင့်အရေးကို ဘယ်လောက်တောင် မျှော်လင့်ခဲ့ရလဲ။ သည်လို နေ့မျိုးက မိမိ အတွက် ဘယ်လောက်တောင် စိတ်လှုပ်ရှားစရာ၊ ရင်ခုန် ကြည်နူးစရာ ကောင်းခဲ့သလဲ။ 

မိမိကို အိမ်ထောင် ချပေးချင်သည်ဟု မေမေ ပြောခဲ့ပြီးနောက် ကျူရှင် ဖွင့်ရက် ပြန်ရောက်လာသော်လည်း စူးရှတစ်ယောက် လုံးဝ ပျောက်နေခဲ့သည်။ ဖုန်းဆက်လို့လည်း မရသည့်နောက်ဆုံး ကြေကွဲ ဆွေးမြည့်နေသော မိမိနှလုံးသား၏ အလိုကို လိုက်ပြီး စူးရှ နေထိုင်ရာ ဆရာ့အိမ်သို့ ဖွေးတစ်ယောက် မိုက်မဲစွာ ရောက်သွားမိပါသည်။

“ အန်တီ့ကို ပွင့်ပွင့်လင်းလင်း ပြောနော် သမီး.. စူးရှနဲ့ ဘာ ကိစ္စတွေ ဖြစ်ခဲ့လို့လဲ..” 

ဆရာကတော် သည်လို မေးလာချိန် ဖွေး ရှက်လွန်း၍ အငွေ့သာ ပျံထွက်သွားလိုက်ချင်တော့သည်။ သွားလေသူ ဖေဖေ့ မျက်နှာကိုလည်း ဖျတ်ကနဲ မြင်ရောင်မိသည်။ ဖေဖေရေ.. ဖေဖေ အားကို တန်ဘိုးထားခဲ့တဲ့ သမီးက  ယောင်္ကျားလေးတစ်ယောက် ပျောက်သွားလို့ လိုက်ရှာနေသတဲ့.. ဘာတွေဖြစ်ခဲ့လဲလို့ အမေးခံရလောက်အောင် သမီး ရုပ်ပျက်ဆင်းပျက် ဖြစ်နေပြီထင်တယ် ဖေဖေရယ်.. အဲ့ဒါ နင့်ကြောင့် စူးရှ၊ ခုနေ နင့်ကိုတွေ့ရင် မသေမချင်း မျှင်းပြီး သတ်မယ် သိလား.. ငါ နင့်ကို သတ်ပစ်ချင်လောက်အောင် လွမ်းနေတယ် သိလား..။

“ ဟိုလေ အန်တီ.. ဘာ မှ ဖြစ်ခဲ့လို့ မဟုတ်ပါဘူး.. ဟိုဥစ္စာ..”

“ စူးရှ အကြောင်းက အန်တီလည်း သိပ် မသိဘူး သမီးရဲ့.. သမီးက အန်တီ့ သမီးအရွယ်လေးမို့လို့ စိတ်ပူမိတာလေ.. အန်တီ့ကို အမေလိုသဘောထားပြော.. ဒါမှ မဟုတ်လည်း သမီး သူငယ်ချင်းလို သဘောထားလိုက်.. စူးရှကို အိမ်အထိ လာရှရလောက်အောင် အရေးကြီးတဲ့ကိစ္စ ရှိနေသလား သမီး..”

ကြင်နာနူးညံ့စွာမေးလိုက်သည့် အန်တီ့မျက်နှာတွင် မိမိကို တစ်စုံတစ်ရာ အထင်မြင်သေးခြင်းမျိုးတော့ လုံးဝ ရှိမနေပါ။ သားသမီး မရှိသူမို့ ကလေးချစ်တတ်သည်ဟု သိထားသော အန်တီ့ကို အလှူရက်ကသာ တွေ့ဖူးခြင်းဖြစ်ပြီး သိပ်ကြီးလည်း မရင်းနှီး။ တက္ကသိုလ် ဆရာမ တစ်ဦးဖြစ်သည့် အန်တီက ခေတ်လူငယ်တွေကို အများကြီး နားလည်ပုံ ရပါသည်။ 

ယခုလည်း ဖွေးပုံစံ ဖြစ်အင်က အပူရုပ်ကို ဟန်လုပ်ဖုံးပြီး လင်ပျောက်ရှာနေရသော မိန်းမမိုက်လေးနဲ့များ တူနေပြီလား။ ရှက်လွန်းလို့သာ သေရကြေးဆို နှင်းဖွေးဖွေး ချက်ချင်း အသက်ထွက်သွားနိုင်ပါသည်။ မစဉ်းစား မဆင်ခြင်နိုင်လောက်အောင် ထွက်လာမိပြီးမှ သည်အချိန် သည်အိမ်မှာ ဆရာရှိမနေတာ တော်သေးသည်ဟုပဲ တွေးရတော့၏။

“ အအေးလေး သောက်လိုက်ဦးသမီး.. အေးအေးဆေးဆေး စကားပြောကြတာပေါ့.. စူးရှ ဘယ်ရောက်နေမှန်း မသိပေမယ့် သမီး အခက်အခဲကိုတော့ အန်တီ ကူညီနိုင်လောက်ပါတယ်.. ”

“ ဟို.. သမီး နဲ့.. သမီးနဲ့ စူးရှက.. ဟိုလေ အန်တီ ဘာမှတော့ မဟုတ်ပါဘူး..”

“ …………”

“ ဟိုလေ အန်တီ.. သမီးတို့ကြားမှာ.. …… အန်တီ စိတ်ပူလောက်ရမယ့် ပတ်သက်မှုမျိုး.. …… အဲ့လို မျိုးကြီး မဟုတ်ပါဘူးအန်တီ.. ဒါပေမယ့် သူ ရုတ်တရက်ကြီး ဘာမပြောညာမပြော ပျောက်သွားတော့.. သမီး.. ဟို.. သမီး သိချင်လို့ သက်သက်ပါ.. သူ.. သူ ဘယ် ရောက်နေတာလဲလို့.. သိချင်လို့ သက်သက်ပါ..”

ကြင်နာရိပ် သန်းနေသည့် အန်တီ့ မျက်ဝန်းများက ဖွေးအတွက် လုံခြုံစေပါသည်။ အန်တီ ဘာကို စိုးရိမ်နေမှန်းလည်း ဖွေး နားလည်မိသည်။ တကယ်လည်း မိမိ အဖြစ်က လူကြီးတစ်ယောက်အနေနဲ့ တွေးပူစရာ မဟုတ်ပါလား။ အထူးသဖြင့် မိမိလို အရွယ်ရောက်ပြီးစ မိန်းမပျိုလေးတစ်ဦး အနေနှင့် ရွယ်တူ အမျိုးသားတစ်ယောက်ကို လိုက်ရှာနေမိခြင်းက ရိုးရှင်းသော ကိစ္စတစ်ခုမဟုတ်မှန်း များစွာ သိသာစေသည်ပဲလေ။ 

မိခင်စိတ်ကြီးမားသော အန်တီဆရာမ၏ နွေးထွေးသော အကြည့်များကြောင့် စူးရှကို လာရှာမိသော ဖွေး၊ အလွန် ရှက်မိသော်လည်း စိတ်သက်သာရာတော့ ရခဲ့ပါသည်။ လူက ထူပူနေမိသော်လည်း ရင်ထဲရှိရာကို အမှန်အတိုင်း ပြောပြဘို့ သတ္တိဝင်လာမိ၏။ ရောက်လာပြီးသည့် နောက်တော့ တွန့်ဆုတ်နေလို့လည်း မထူးတော့ပြီ မဟုတ်ပါလား။ အထစ်ထစ် အငေါ့ငေါ့နှင့် ရှင်းပြလိုက်သော စကားများကြောင့် ဖွေး၏ ဖြစ်အင်ကို အန်တီ နားလည် သွားပုံရပါသည်။ သက်ပြင်းလေးတစ်ချက် မသိမသာ ချပြီး..

“ ဒီလို ဖွေးရဲ့.. စူးရှက အန်တီတို့ အိမ်မရောက်ခင်က နေ့ဘက် ကျောင်းတက်ရင်း ညဘက်တွေ တက်ဆီမောင်းတယ်.. ကောင်လေးက ရိုးသားပါတယ်.. အနေလည်း အေးတယ်.. တစ်ရက် ဆရာ့ အကိုတစ်ယောက် သင်္ဘော ပြန်တက်ခါနီး.. ညဘက် ဆိုင်သွား စားကြသောက်ကြတယ်လေ.. အားလုံးက မူးနေကြတော့ အိမ်အပြန် ကားမောင်းဘို့ အဆင်မပြေဘူး မဟုတ်လား.. အဲ့မှာ ကားငှားစီးရင်း ဖြစ်ချင်တော့ အဲ့အကိုရဲ့ အရေးကြီးတဲ့ စာရွက်စာတမ်းတွေနဲ့ ပိုက်ဆံ ၁၀သိန်းနီးပါး ထည့်ထားတဲ့အိတ်.. စူးရှ ကားပေါ် ကျန်ခဲ့တယ်.. လိပ်စာရှာပြီး လာပြန်ပေးလို့ တစ်ပြားမှ မလျှော့ဘဲ ပြန်ရတယ် ဆိုပါတော့ကွယ်.. 

အဲ့နောက်မှာ စကား စပ်မိကြရင်း ကိုယ့်စားရိတ်လေး ကိုယ်ရှာပြီး ပညာသင်နေတဲ့ကလေး ဆိုတာ သိသွားတော့ အန်တီ့ ညနေဘက် ကျူရှင်တွေ ဆရာလည်း လိုက်ပို့ဘို့ မအားရင် သူ့ကား လှမ်းခေါ်သုံးဖြစ်တယ်.. ဆရာတို့ အပေါင်းအသင်းတွေ စားကြသောက်ကြရင်လည်း သူ့ပဲ ပို့ခိုင်း ကြိုခိုင်းနဲ့ ရင်းနှီးသွားတယ် ဆိုပါတော့ကွယ်.. နောက်တော့ သူတို့ အတူ စုငှားနေတဲ့ အိမ်ကလေးကို ပိုင်ရှင်က ရောင်းလိုက်တယ် ဆိုလား.. အဆောင်နေဘို့ စုံစမ်းနေတယ် ဆိုတာနဲ့ ဆရာက လွတ်နေတဲ့ ဂိုဒေါင်နောက်က အခန်းလေးကို နေပါစေ ဆိုပြီး ပေးထားလိုက်တာ.. ကောင်လေးက တော်ရှာပါတယ်.. 

အန်တီနဲ့ ဆရာက တူလိုသားလို ဆက်ဆံပေမယ့် အနေအထိုင် အရမ်း တတ်တယ်.. သူ အငှားမောင်းနေတဲ့ ကားက ရောင်းမယ်ဆိုပြီး စပေါ် ကိစ္စတွေ အရှုပ်အရှင်း ဖြစ်တာတောင် အန်တီတို့ ကူညီတာ သူ လက်မခံဘူး.. တစ်ခု ဆိုးတာက သူ့ အကြောင်း ဘာဆို ဘာမှ မပြောတာပဲ.. အန်တီလည်း အစက ၀ရမ်းပြေး ဘာညာ ဖြစ်နေမှာ စိုးမိသေးတာ.. ဒါပေမယ့် လူ့စရိုက်က နေရင်းနဲ့ ကြည့်လို့ ရတယ်လေ.. ကောင်လေးက လူအေးပါ.. 

အခု ကိစ္စကတော့ အန်တီရော ဆရာရော နားကို မလည်တာ.. ဘယ်ရောက်လို့ ရောက်သွားမှန်းမသိ ဆက်သွယ်လို့လည်းမရ.. ရဲတိုင်ရမလား.. သတင်းစာထဲ ထည့်ရမလား.. စဉ်းစားပြန်တော့လည်း ကလေးပေါက်စမဟုတ်.. ကိုယ့်အိမ်ကလည်း ဘာမှ မပျောက်.. အိမ်မှာ အဆောင်လာနေသလို ပုံစံထက်ပိုပြီး ဘာမှလည်း သူ့အကြောင်း မသိဆိုတော့ သမီးရယ်.. သမီး ဆရာကတော့ ဒေါလည်းပွ၊ စိတ်လည်းပူပေါ့.. သံယောဇဉ်ကလည်း ရှိနေတော့လေ..”

ရှည်လျားစွာ ရှင်းပြလိုက်သည့် အန်တီ့စကား အဆုံးတွင် ပြန်မရနိုင်တော့သည့် ဆုံးရှုံးမှုတစ်ခုကို ဖွေး ကောင်းကောင်း ခံစားမိလိုက်ရသည်။ ပြင်ဦးလွင်အထိ လိုက်ရ ကောင်းမလား ဟူသော အတွေးကိုတော့ ဖွေး အကောင်ထည် မဖော်ဖြစ်ခဲ့။ သည်အတိုင်း ဆိုပါလျှင် စူးရှနှင့် ပတ်သက်၍ မိမိ သိထားတာတွေ အားလုံးက အမှန်ဟုတ်ပါ့မလား။ 

တကယ်လို့များ မိမိ ဖတ်ခဲ့ဖူးသည့် ဒိုင်ယာရီ စာအုပ်လေးသည် လူငယ်တစ်ဦး၏ စိတ်ကူးယဉ် ဇာတ်လမ်းတစ်ပုဒ်သာ ဖြစ်နေခဲ့မည်ဆိုပါလျှင် သည်ဇာတ်လမ်းကို အခြေခံပြီး သူစိမ်းယောကျ်ားတစ်ယောက်ကို အိပ်ခန်းထဲအထိ ခေါ်ကာ မိုက်မဲစွာ ပါတ်သက်မိသည့် မိမိ အဖြစ်က….။ထိုညက ဖွေး ငို ခဲ့သည်။ ခါတိုင်းကဲ့သို့ နာကျည်းမှု ဝမ်းနည်းမှု တစ်ခုခုကြောင့် မျက်ရည် ကျရုံ သက်သက်မဟုတ်ပါဘဲ နင့်သီးစွာ ငိုရှိုက်ခဲ့ပါသည်။ တဆစ်ဆစ် နာကျင်နေသော ရင်ထဲတွင် ဘာမှ မကျန်တော့အောင် မျက်ရည်များနှင့် မျှောချခဲ့သည်။ 

အချစ် ဆိုသော စကားလုံးကို ရှိုက်သံများနှင့် မောင်းထုတ်ခဲ့သည်။ နောက်နေ့မနက်တွင် မေမေ့ထံသွားကာ ဖွေး အနာဂတ်အတွက် မေမေ စီစဉ်သမျှ နာခံမည်ဟု ကတိပေးလိုက်တော့၏။ လဲပြိုလုလု ဖြစ်နေသော မေမေ့ စီးပွားရေး လုပ်ငန်းများ ဖွေး လက်ဖြင့် ပြန်လည် ဦးမော့ လာစေရမည်။ 

နှင်းဖွေးဖွေးကို အထင်အမြင် သေးသူအားလုံး နှင်းဖွေးဖွေး၏ ရှေ့မှောက်တွင် အမှန်တကယ် ဦးညွှတ်လာရမည်။ အထူးသဖြင့် အလုပ်သင်ဆရာဝန် ပြီးလျှင် မြန်မာပြည်တွင် ပိုစ့်တင် မဝင်ဘဲ နိုင်ငံခြားတွင် ပညာ ဆက်သင်လိုသော သင်းသင်းမွှေးတို့ လင်မယား၊ သူတို့နှစ်ဦးလုံး၏ တစ်သက်တာ ကျေးဇူးရှင်အဖြစ် ထာဝရ လေးစားနေရမည့်သူများထဲတွင် မိမိလည်း အပါအဝင် ဖြစ်ရမည်။ နောက်ဆုံး ချစ်ရသည့်မေမေ သက်ရှိထင်ရှား ရှိနေသ၍ စနေသမီး နှင်းဖွေးဖွေးသည် အားကိုးရသော သမီး၊ လိမ္မာ သိတတ်သောသမီး၊ မိဘ လက်နှင့် မြှင့်တင်ပေးသော ရွှေပုံပေါ်တွင် စံနေသည့် သမီး ဖြစ်ရမည်။

သည်လို အခွင့်အရေးတွေ ရဘို့ အရိုးခံ အခြေအနေအတိုင်း ကြိုးစားဘို့ဆိုတာ မည်သို့မျှ မဖြစ်နိုင်။ အထူးသဖြင့် မေမေ့ ကျန်းမာရေးအပါအဝင် မိမိ မျက်စိရှေ့တွင် မြင်နေရသည့် အခြေအနေအားလုံးက ယိုင်လဲနေပြီမဟုတ်ပါလား။ သည်လို အချိန်မှာ မိမိက ခေါင်းမာ ပေကပ်ပြီး ကိုယ့်အားနှင့်ကိုယ် ကြိုးစားပြနေလည်း မည်သို့မျှ မလွယ်တော့။ 

မချိမဆန့် ရုန်းကန်နေရမည့် အနေအထားကို ရောဂါသည် မိခင်က ရင်မောစွာ မြင်နေရဦးမည်။ အနည်းဆုံးတော့ မေမေ့ ကျန်းမာရေး အတွက်ပဲဖြစ်ဖြစ် မိမိ ဘဝတစ်ခုလုံး ရင်းရသည်မှာ အရှုံးမရှိဟု ဖွေး မြင်မိသည်။ ဒါကမှ တကယ့် လက်တွေ့ဘဝ မဟုတ်ပါလား။ ဘယ်ကလာလို့ ဘယ်ရောက်သွားမှန်း မသိသည့် ယောကျင်္ား တစ်ယောက်အပေါ်တွင် စုပြုံကျရောက်နေသော သောက်သုံးမကျသည့် အချစ် ဆိုတာကြီးက တကယ်တမ်း မိမိ လက်တွေ့ဘဝ အမြင့်ရောက်ဘို့ ဘာမှ အသုံးမဝင်။ 

မိန်းကလေးတစ်ယောက် ဘဝတွင် ဂုဏ်သရေရှိ အသိုင်းအဝိုင်းကြီးတစ်ခု၏ သတို့သမီးအဖြစ် တောင်းဆို ကမ်းလှမ်း ခံရခြင်းသည် ဂုဏ်သိက္ခာကောင်း တစ်ရပ် ဟု ပြောမည် ဆိုပါလျှင် ငြင်းသူရှိလျှင်တောင် နည်းပါလိမ့်မည်။ မည်သို့ပင် နောက်ပြန်လှည့်၍ မရသည့် လမ်း ဆိုသော်လည်း မေမေ့ နောက်ဆုံး အချိန်များကို အပြုံးနှင့်သာ မြင်ရမည် ဟူသော အခြေအနေ တစ်ခုတည်းနှင့်ပင် သည်လမ်းကို ရွေးဘို့ ဖွေး ဆုံးဖြတ်ခဲ့၏။ 

ဒါက မိမိဘဝအတွက် စူးခင်းသော လမ်း မဟုတ်.. စူးညှောင့် ခလုတ်ကင်းသော စိန်စီသည့်လမ်း ဖြစ်သည် မဟုတ်ပါလား။နေခဲ့တော့ စူးရှ.. ငါ့ ရင်ထဲမှာ နင့်နေအောင် စူးခဲ့ပြီးပြီ.. ငါ့ အသည်းတွေ ဒဏ်ရာဗရပွနဲ့ အက်ရှ ခဲ့ပြီးပြီ.. ငါ နင့်ကို ချစ်တယ်.. ချစ်သလောက်လည်း မုန်းတယ်.. 

ဘာလို့လဲ သိလား.. ငါ ကျေနပ်တဲ့အထိ ငါ့ကို ပေးဆပ်ပါ့မယ် ဆိုတဲ့နင်က.. ငါ တကယ်အလိုအပ်ဆုံး အချိန်မှာ ငါ့ကို ထားခဲ့တာလေ.. နင့်လိုကောင်က.. နင့်လို သောက်သုံးတစ်စက်မှ မကျတဲ့ လမ်းပေါ်က ကောင်က ငါ့ကို ထားခဲ့တာ.. ငါ့ အမိန့် မရဘဲ ငါ့နားကနေ ထွက်သွားခဲ့တာ.. သိလား စူးရှ.. နင်က ငါ့ ဘဝမှာ အချစ်ရဆုံးနဲ့ အမုန်းရဆုံး တစ်ဦးတည်းသော ယောင်္ကျားပဲ..။



........................................⭐⭐⭐⭐⭐........................................

ပြီးပါပြီ။



Print Friendly and PDF

No comments:

Post a Comment