Thursday, August 22, 2013

သင်းသင်းမွှေးမွှေး နှင်းဖွေးဖွေး အပိုင်း ( ၁ )

သင်းသင်းမွှေးမွှေး နှင်းဖွေးဖွေး အပိုင်း ( ၁ )

SnowFlake ရေးသည်။

အခန်း ( ၁ )

ဆောင်းဦးပေါက်ရာသီ… ညနေ ၅ နာရီလောက် ဆိုလျှင်ပင် နေရောင်က ကုန်ချင်ချင် ဖြစ်လာ၏။ သည်ကနေ့ လူက နေလို့ထိုင်လို့ သိပ်မကောင်းချင်.. အိမ်ရှေ့ရှိဒန်းကလေးတွင် ထိုင်ရင်း ခင်ပွန်းဖြစ်သူ အလုပ်မှ ပြန်လာမည့်လမ်းကို မျှော်နေမိသည်။ တွဲလောင်းချထားသော ခြေထောက်လေးများကို ငုံ့ကြည့်ကာ သက်ပြင်းချမိ၏။ ယောင်မို့မို့ ဖြစ်နေသော ခြေချောင်း လေးများက ဖိနပ်ပင် စီးလို့ မရချင်။ သည်အချိန် သည်သို့ပဲ ဖြစ်တတ်သည်ဟုတော့ ပြောကြသား.. သို့သော် ခိုင့်စိတ်ထဲ ကသိကအောင့် ဖြစ်နေမိသည်။ 

ဝမ်းကြာတိုက် အတွင်းမှ သမီးငယ်နှစ်ဦး လူ့လောကသို့ အောင်မြင်ချောမောစွာ အမြန်ဆုံးရောက်လာရေး မျှော်လင့်နေမိ၏။ချစ်ရသူ မောင် နှင့် လက်ထပ်ပြီး ဘဝရှေ့ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ နှစ်ဦးသဘောတူ ဆုံးဖြတ် ပြင်ဆင်နေကြ၍ ချက်ချင်း သားသမီး မယူဖြစ်ခဲ့။ နှစ်ဘက်မိဘများကလည်း သာမာန် လူတန်းစားများသာ ဖြစ်သောကြောင့် ခိုင်တို့ နှစ်ဦး ဘဝ တစ်ခုကို ကိုယ့်အား ကိုယ်ကိုးကာ ထူထောင် ခဲ့ကြသည်။ 

လူလားမြောက်အောင် ကျွေးမွေးပြုစုကာ ဆုံးခန်းတိုင် ပညာသင်ပေးခဲ့ပြီးသော မိဘနှစ်ပါးကို မိမိတို့ အိမ်ထောင်ရက်သား ကျသည်အထိ တာဝန် မပိုစေလိုပါ။ ခိုင်တို့ လက်ထပ်ကြတော့ နှစ်ဦးလုံးက အသက် (၂၅) နှစ် အရွယ်.. ကြိုးစား ရုန်းကန်နိုင်သော အရွယ် ကောင်းမို့ နှစ်ဦးလုံး အလုပ်ကိုယ်စီလုပ်ကာ အတန်အသင့်သော လူနေမှု အဆင့် တစ်ခု ရောက်အောင် ကြိုးစား အားထုတ်ခဲ့ကြ၏။ ဇနီးမောင်နှံနှစ်ဦးလုံး တက်ညီလက်ညီ ကြိုးစား ခဲ့ကြ၍ ယခုဆိုလျှင် လူနေသန့်သော ဆင်ခြေဖုံး ရပ်ကွက်လေးတွင် ကိုယ်ပိုင် ပျဉ်ထောင် သွပ်မိုးအိမ် ကလေးနှင့် သပ်သပ်ရပ်ရပ်ကလေး နေထိုင်နိုင်ခဲ့ပြီ။

ထိုက်သင့်သော လူနေမှု အဆင့်ကလေးရလာတော့ နှစ်ဦးသား မိသားစု ဘဝလေးကို တောင့်တ လာမိ၏။ မွေးချင်းရင်းချာ မရှိသော မောင် က သားသမီးတွေ အများကြီးနှင့် မိသားစု အကြီးကြီး ဘဝကို ခုံမင်သည်။ ခိုင် ကိုယ်တိုင်ကလည်း မိမိအတွက် အားကိုးအားထားပြုရမည့် သမီးလေး တစ်ယောက်လောက် လိုချင်မိ၏။ လက်ထပ်ပြီး (၂) နှစ် အကြာတွင် သမီး အမြွှာလေး နှစ်ယောက်ကို ခိုင် ကိုယ်ဝန် ဆောင်ခဲ့သည်။ 

ကံတရားက ခိုင်တို့ဇနီးမောင်နှံ အတွက် ချစ်စရာ လက်ဆောင်ပေးခဲ့၏။ အိမ်ထောင်ကျကာစ က သားသမီး စီမံကိန်းကို အကောင်အထည် မဖော်နိုင် သေးသောကြောင့် သားဆက်ခြား ကိုယ်ဝန်တားဆေးများ ခိုင် သုံးခဲ့ရသည်။ တကယ်တမ်း ကလေး လိုချင်လာတော့ သည်ဆေးများကြောင့် အနှောက်အယှက်ဖြစ်မည်ကိုပင် ကြံဖန်တွေးကာ ပူပင် မိရသေး၏။မောင့် ကိုမျှော်ရင်း လွန်ခဲသော  အချိန်ကာလ တို့ ကို ခိုင် ပြန်မြင်ယောင်မိသည်။ ချစ်သူဘဝ ကတည်းက

“ လက်ထပ်ပြီးရင် ကလေးတွေ အများကြီး မွေးမယ်..”  

ဟုကြုံးဝါးတတ်သော မောင်..။ ခိုင်တို့ လက်ထပ်ခါနီး တစ်ပါတ်လောက် အလိုတွင် ခိုင်က လောလောဆယ် ကလေးမယူကြသေးရန် ဆွေးနွေးမိတော့ မောင် စိတ်ဆိုးသေးသည်။ သည်ဘက် ခေတ်မှာက ချစ်သူနှစ်ဦး တရားဝင် လက်ထပ် ကြသည်မှာ သားသမီး မွေးဖွားဘို့ ဆုံးဖြတ်သည်နှင့် တူတူပင် မဟုတ်ပါလား။ ခိုင် ကလည်း အခြေခိုင်သော ဘဝလေး တစ်ခု ထူတောင်ပြီးမှ သားသမီး ယူလိုသည်။ မိမိ ရင်သွေးကို ချမ်းချမ်းသာသာ မဟုတ်တောင် ပြည့်စုံသော ဘဝလေးတော့ ပေးချင်မိ၏။ ခိုင့် သဘောထားကို မောင် နားလည် လက်ခံလာအောင် မနည်းပြောယူခဲ့ရသည်။

အချိန်ကာလတို့ကို ကြိုးစားမှု ဖြင့် ဖြတ်ကျော်ရင်း သည်နေ့သည်အချိန်တွင်မတော့ မောင် လိုချင်သော သမီးလေး ကို နှစ်ယောက် တပြိုင်နက် မွေးပေးနိုင်တော့မည်မို့ ခိုင် ကျေနပ် ပျော်ရွှင်မိသည်အမှန်ပင်။ သားဦး ကိုယ်ဝန် ဖြစ်ရသည်အထဲ အမြွှာ ဆိုတော့ ခိုင် အင်မတန် ပင်ပန်းလှပါသည်။ သို့သော် ကျန်းမာရေးကောင်းပြီး ခွန်အားပြည့်ဝသော အရွယ်မို့ ခံနိုင်ရည် အပြည့်ရှိပါ၏။ ကိုယ်ဝန်ဆောင်ရန် ဆုံးဖြတ်စဉ် ထိုးခဲ့သောက်ခဲ့ဘူးသော တားဆေးများ ကြောင့် မရသေးသည့် ကလေးကို စိတ်ပူကာ မောင့်ခမျာ တစ်လခန့် အချစ်ငတ်ခဲ့သေး၏။ ပြန်တွေးတော့ ရယ်ချင်မိသည်။

“ ဆေးတွေရဲ့ အရှိန်ကုန်သွားအောင် တစ်လလောက် မောင် ထိန်းလိုက်မယ်လေ..ခိုင်”

ကြံကြံဖန်ဖန် တွေးပူရှာသော မောင့် ၏ ဖခင်စိတ်ဓါတ်ကို ခိုင် မလေးစားဘဲ မနေနိုင်ပါ။ ထိုအချိန် ကာလက မောင့် ရင်ထဲမှ တလိပ်လိပ် တက်နေသော သွေးသား ဆန္ဒ၏ ဒီရေတို့ကို ခိုင့် လက်မှု အနုပညာနှင့်သာ ဖြေဖျောက်ပေးခဲ့ရ၏။ကိုယ်ဝန် ဆောင်လာပြန်တော့လည်း စိတ်ပူတတ်သော မောင့်ခမျာ ကလေး ထိခိုက်မည် စိုးသောကြောင့် ဟူသော အတွေးဖြင့် အံကျိတ်ရရှာပြန်သေးသည်။

ခိုင်လည်း အလိုက်တသိပင် တတ်စွမ်းသလာက် မောင့်ကို ပြုစုခဲ့ပါ၏။ နောက်ပိုင်းတော့ ဆေးပညာပိုင်းဆိုင်ရာ စာအုပ်များ၏ ကျေးဇူးကြောင့် ကိုယ်ဝန်ဆောင်စဉ် လိင်ဆက်ဆံမှု ပြုခြင်းသည် အထူးထူးသော ပြဿနာ မရှိလှကြောင်း သိခွင့်ရသဖြင့် ခိုင် တို့အတွဲ မရဲတရဲဖြင့် ကဲခဲ့ကြသေးသည်။ ညင်သာနူး ညံ့သော ထိတွေ့ဆက်ဆံမှုလေးများဖြင့် မောင့် စိတ်အာသာကို အထိုက်အလျောက် ခိုင် လိုက်လျော ပေးနိုင်ခဲ့၏။ ခိုင့် အပေါ် အမြဲ ညှာတာခဲ့သော မောင် ကလည်း တတ်နိုင်သလောက်တော့ ထိန်း ရှာပါသည်။သားဖွားမီးယပ် ဆရာဝန်ထံတွင် ကိုယ်ဝန်စောင့်ရှောက်ရန် အပ်နှံပြီး အမြွှာ သန္ဓေ မှန်း သိရတော့ မောင့် ခမျာ ပျော်လိုက်သည့် ဖြစ်ခြင်း။

“ ကလေးမွေးဘို့ ကပ်စီးနဲတဲ့ ငါ့မိန်းမ.. တစ်ပြိုင်တည်း (၂) ယောက်.. ကောင်းမှ ကောင်းကွာ…”

ဟု အားပါးတရ ကျုံးဝါးလေတော့၏။ အသိ မိတ်ဆွေများ ထံတွင်လည်း ကြွားလိုက်ရသည်မှာ အမော။ ရင်းနှီးသူများက 

“ ကိုဇာနည် တို့များ အားကောင်းတဲ့ နေရာမှာ တစ်ကြိမ်တည်း (၂) ဂိုး သွင်းတော့တာပဲ…”

ဟု ပြောကြလျှင် ခိုင်က ရှက်သွေးတွေ ဖြာရသလောက် မောင် တစ်ယောက်ကတော့ဖြင့် ဂုဏ်ယူဝင့်ကြွားကာ ကော်လာ ကလေးပင် ထောင်ပြလိုက်သေး၏။ 

မောင့် ဆန္ဒက ခွဲစိတ်မွေးဖွားရန် အတန်တန်ပြောသော်လည်း ခိုင်ကတော့ ဆရာဝန်နှင့် တိုင်ပင်ကာ မိမိခွန်အားဖြင့် ရိုးရိုးမွေးဖွားရန်သာ ဆုံးဖြတ်ခဲ့သည်။ ပင်ကိုယ် ကျန်းမာရေးကောင်းပြီး ကိုယ်ဝန်ဆောင်စဉ် စနစ်ကျသော စားသောက် နေထိုင်မှု များကြောင့် အထူးတလည် စိတ်ပူစရာ မရှိလှပါ။ခိုင့် ဆုံးဖြတ်ချက်ကို မကျေနပ်ချင်သော မောင့်ကိုတော့ ခိုင် ချော့ ရသည်ပေါ့။ 

“ ဗိုက်ကြီးကို ဓါးကြီးနဲ့ ခွဲမှာမောင်ရယ်.. ခိုင် တွေးမိတိုင်း ကြောက်လို့ပါ… ဒါလေးတစ်ခုတော့ ခိုင့် ကို အလိုလိုက်ပေးပါ မောင်ရယ်.. နော်..” 

ခိုင်သည်သို့ ပြောတိုင်း မောင်က မကျေမနပ် လေသံဖြင့် 

“ ဘာလေး တစ်ခုကကော ခင်ဗျားသဘော မဖြစ်လို့တုန်း ဒေါ်မိမိခိုင်…” 

ဟု အငေါ်တူးတတ်သည်။ အမှန်တော့ ခိုင် စိတ်ပူမိတာက ငွေးကြေး အခြေအနေကိုပါ။ မိမိတို့မှာက မခက်ခဲသည်သာ ရှိတာ.. သိပ်ကြီး အလျှံအပယ် အခြေအနေမှ မဟုတ်ဘဲလေ။ ခွဲစိတ်မွေးဖွားမှု ကုန်ကျစရိတ်ကို ခိုင် ထည့်တွေးသည်။ မတော်လို့များ မိမိတို့လက်ထဲတွင် ရှိသော ငွေပမာဏနှင့် မလုံလောက်ခဲ့ပါလျှင်။ မိမိရင်သွေးများကိုတော့ လူ့လောကထဲကို အကြွေးနှင့် ဝင်မလာစေ့ချင်ပါ။ အမေတစ်ယောက်ရယ်လို့ ဖြစ်လာမှတော့ သားသမီးကို ကိုယ့်ခွန်အားနဲ့ မွေးထုတ်ဘို့ မဖြစ်မနေ သတ္တိ ရှိရမည် မဟုတ်ပါလားနော်။

နောက်တစ်ခု ခိုင်တွေးတာက ဗိုက်ခွဲမွေးဖွားလျှင် တစ်လ ခန့်အေးအေးဆေးဆေး အနားယူ ရသည်တဲ့။ ခိုင်တို့ အခြေအနေက သည်သို့ သက်တောင့်သက်သာ နားနေဘို့ ထင်သလောက် မလွယ်ပါ။ အရင်ဆုံး မီးဖွားပြီးလျှှင် ခိုင် အလုပ်ထွက်ရမည်။ ဝင်ငွေတစ်ရပ် လျော့သည့် အပြင် တိုးလာမည့် စားပေါက်က (၂) ခု။ ကျန်းမာရေးစရိတ် ဆိုတာက ထည့်တွက်ရဦးမည်။ သည်လို့ အခြေအနေတွင် မောင့်တစ်ယောက်တည်း ဝင်ငွေဖြင့် အိမ်တွင် လူပိုခေါ်ထားရန် မလွယ်ပါ။ သည်တော့ 

“ ရိုးရိုးမွေးတာက မွေးနေတုန်းသာ နာတာ.. ပြီးသွားတော့ ချက်ချင်း အလုပ်ဆင်းလို့ တောင် ရပါတယ်အေ..”

ဟူသော မေမေ့စကားကို ခိုင် အပြည့်အဝ ယုံကြည်ကာ လိုက်နာ တော့သည်ပေါ့။ ခိုင့်သဘောထားကို ဆရာဝန်ထံတွင် ပွင့်ပွင့်လင်းလင်း ပြောပြတော့ သဘော ကောင်းသော ဆရာကြီးက ခိုင့်ကို အားပေးပါသည်။

“ ဒါပေါ့ သမီးရယ်.. အမေဆိုတာ ကမ္ဘာပေါ်မှာ သတ္တိ အကောင်းဆုံး သူရဲကောင်းပဲ.. ညည်းက ပင်ကိုယ်လည်း ကျန်းမာ.. ကလေးတွေ အနေ အထားကလည်း အကုန်ကောင်းနေတယ်.. အရေးအကြီးဆုံးက မိခင်ရဲ့ စိတ်ဓါတ်ပဲသမီး.. ညည်း ရိုးရိုးမွေးလို့ရတယ်.. ဘာအခက်အခဲမှ ရှိမလာနိုင်ဘူး.. ဆရာကြီး တစ်ယောက်လုံးရှိတယ်..”

ဟု ကြင်နာစွာ အားပေးပါသည်။ ဆရာကြီး ကိုယ်တိုင် ကလည်း မလိုအပ်ပဲ ခွဲစိတ်မွေးဖွားခြင်းကို မကြိုက်သူပင်။ ဤသို့ဖြင့် မောင့်၏ ခွဲစိတ် မွေးဖွားရေး အစီအစဉ်ကို ခိုင်က ကာယကံရှင် ဟူသော အာဏာပါဝါ အပြည့်သုံးကာ ဆန့်ကျင် ခဲ့တော့၏။ သမီးလေးများကလည်း အရပ်စကားဖြင့် ပြောရလျှင် သန္ဓေ ကောင်းသည် ဆိုရမည်။ ကိုယ်ဝန် စ တင် ဆောင်ချိန်မှ စ၍ ယနေ့ နေ့စေ့လစေ့ အချိန် ရောက်သည်အထိ သူများတွေလို အစားအသောက်လည်း မပျက်.. မူးတာတွေ အန်တာတွေလည်း မရှိ။ သူငယ်ချင်းများကပင် 

“ နင့် ဟာက ကိုယ်ဝန်ကောဟုတ်ရဲ့လား မိခိုင်ရယ်.. နင် အစား သောင်းကျန်း လွန်ပြီး ဗိုက်ကြီး ပူလာတာများလား…” 

ဟုပင် နောက်ကြသေးသည်။

ကိုယ်ဝန် (၅) လကျော်ထိ ခိုင် အလုပ်ဆက်လုပ်ဖြစ်သေးသည်။ သည့်နောက်တော့ မောင်က အိမ်ဦးနတ်တို့၏ ပါဝါ သုံးကာ ခိုင့်ကို အလုပ်မှ အနားယူစေတော့၏။ သားဦးကိုယ်ဝန် ဆိုပေမယ့် အမွှာဆိုတော့ ဗိုက်ကထွက်လွန်းသည်လေ။ လမ်းလျှောက်လျှင်ပင် လူက ပက်လက် လန်နေသလိုလို။ ခိုင့် အတွက်တော့ သိပ်ကြီး စိတ်အနှောက်ယှက် မဖြစ်လှပါ။ 

တစ်နေ့တစ်ခြား ဖွံ့ဖြိုးလာသော သမီးလေးတို့ကို ပွေ့လွယ်ရင်း ခိုင် ပျော်မိပါသည်။ သမီးလေးတို့ ခိုင့် ဗိုက်ကို တိုးလှုပ်သည့် အခိုက်များတွင် ခံစားရသော ကြည်နူးမှုက ဘာနှင့်မျှ မတူပါ။ သူတို့လေးတွေကို မှန်းကာ ဗိုက်ကို ပွတ်သပ်ချော့မြှူရင်း စိတ်ထဲမှ စကားများ ပြောမိသေးသည်။ သမီးလှလှလေးများ မွေးအောင် မဆီမဆိုင် အိမ်နေရင်း အလှပြင်ရသည်မှာလည်း အမောပင်။ မောင်ကတော့ ပြောရှာပါသည်။ 

မိန်းမသား တစ်ယောက်တွင် ကိုယ်ဝန်ဆောင်ချိန်သည် အလှဆုံးတဲ့လေ။မောင် အလုပ်သွားချိန် အိမ်တွင် တစ်ယောက်တည်း ကျန်နေချိန်များတွင် ကလေးသီချင်း စီဒီခွေကလေးများ ဖွင့်ကာ သီချင်းများ ကျက်ရသေးသည်။ ကိုယ်ဝန် (၈) လ ကျော်လာတော့ မောင့် အစီအစဉ်ဖြင့် ဆွေနီးမျိုးစပ်ဖြစ်သူ ခိုင့် အဒေါ်တစ်ဦးကို အိမ်တွင်လာနေစေသည်။ အသက် (၄၀)ကျော်အရွယ် တစ်ကိုယ်ရေ တစ်ကာယသမား ဖြစ်သောဒေါ်လေးက ခိုင့်အတွက် အားကိုးစရာ အဖော်ကောင်း ဖြစ်ခဲ့ ပါသည်။ 

ခိုင့်အတွက် ပိုမို အဆင်ပြေစေသည်မှာ ဒေါ်လေးက သူမ နေထိုင်ခဲ့သော နယ်မှ ရွာကလေးတွင် အရံသားဖွား သင်တန်းတက်ခဲ့ဖူးသူ။ သို့ဖြစ်၍ ကိုယ်ဝန်ကို စနစ်တကျ စောင့်ရှောက် တတ်ရန် ဒေါ်လေးထံမှ အကူအညီကောင်းများ ခိုင်ရခဲ့သည်။ ပင်ကိုယ် သတ္တိကောင်းသော ခိုင်ကတော့ သမီးလေးများ အတွက် အစစ အရာရာ အဆင်သင့် ဖြစ်နေပါသော်လည်း စိုးရိမ် ကြီးတတ်လွန်းသော မောင့်ခမျာ အင်္ဂုလိမာလ သုတ်တော်ကို ခိုင့် သက်စေ့ နေ့စဉ်ရွတ်ဖတ်ကာ ခိုင့် ကို အရိပ်တကြည့်ကြည့်ပေါ့။

ကျန်တာတွေ သိပ်မသိသော်လည်း ယခုလို ကိုယ်ဝန်ဆောင်နေချိန်တွင် မောင့်ကို အရင်ကထက် ပို၍ အနိုင်ကျင့်လို့ ကောင်းသည်ကတော့ အမှန်ပင်။ ဒေါ်လေး ရောက်မလာခင်အထိ ခိုင့် ဝေယျာဝစ္စအဝဝ တို့က မောင့်တာဝန်။ အစားအသောက် အနေအထိုင်နှင့် ပတ်သက်လျှင်တော့ အနည်းငယ် ချုပ်ချယ်ခြင်း ခံရသည်။ ရေခဲရေသောက်လျှင် ကလေးများ မိတ်တွေပေါက်လာမည်၊ အစပ်စားလျှင် ကလေးများ ဆံပင်မသန်ဘဲနေမည်၊ ညနေစောင်းရေချိုးလျှင် ကလေး ရေမွန်းတတ်သည် စသည်ဖြင့် ဘယ်ကဘယ်လို လေ့လာထားသည် မပြောတတ်သော ဗဟုသုတ တစ်ပုံတစ်ပင်နှင့် ခိုင့်ကို စည်းကမ်းချက်များ ထုတ်သေး၏။ 

မောင့်ကို ကျီစယ်ချင်၍ ထိုစည်းကမ်းများကို ခိုင် ချိုးဖောက်သည့်အခါ အမှန်တကယ်ပင် စိတ်ဆိုးမာန်ဆိုးဖြင့် ဆူပူ တတ်သေးသည်။ ထိုအခါမျိုးတွင် ခိုင်က ဝမ်းနည်းစိတ်ကောက်.. မောင်က ပြန်ချော့.. ဤသို့ဖြင့် ခိုင်တို့ ဘဝလေးသည် သာယာကြည်နူးမှု အပြည့်ဖြင့် လှပ ချိုမြိန်ခဲ့ပါသည်။ဒေါ်လေးရောက်လာတော့ ကိုယ်ဝန်ဆောင်နှင့် ပတ်သက်သော ဆောင်ရန်ရှောင်ရန်များ၊ မွေးကင်းစ ကလေးတို့၏ သဘာဝများကို ခိုင်သင်ယူခွင့် ရခဲ့ပါသည်။ လက်တွေ့ အားဖြင့် အတွေ့အကြုံ သိပ်ကြီး မများလှသော်လည်း စနစ်တကျ သင်ယူဘူးသူမို့ ဒေါ်လေး၏ ဗဟုသုတတို့က ခိုင့်အတွက် များစွာ အထောက်အကူ ဖြစ်ခဲ့သည်။ 

နယ်တွင် နေခဲ့သော ဒေါ်လေးက အသက် (၅၀) နားနီးနေသော်လည်း ကျန်းမာရေးကောင်းလှ၏။ ကလေးမီးဖွားခြင်းနှင့် ပါတ်သက်၍ မြန်မာ့ ရိုးရာ ဓလေ့စရိုက်တို့ကိုလည်း ခိုင် သိခွင့်ရလိုက်သည်။ အထူးသဖြင့် ဗေဒင် ဝါသနာကြီးသော ဒေါ်လေးနှင့် ခိုင် အမြဲတွက်ချက် ဖြစ်သည်က မွေးလာမည့် သမီးလေးများ ဘယ်နေ့ဘယ်ရက်ဆိုလျှင် ဘာဇာတာ.. စသည်ဖြင့်ပေါ့။ ဒေါ်လေးက

“ သားဦးစနေ၊ မီးလို မွှေ…” 

ဟူသော ရှေးအယူအဆ နည်းနည်းကြီးသည်။ “စနေနေ့ ဗိုက်နာရင်တော့ အောင့်သာထား ခိုင်ရေ…” ဟု မကြာခဏ ပြောတတ်၏။

ယခုဆိုလျှင် ခိုင့် အတွက် ဆရာဝန်ကြီး ခန့်မှန်းသတ်မှတ်ပေးထားသော ရက်စွဲက (၃) ရက်တိတိ ကျော်နေပြီ။ 

“ မိန်းကလေးဆိုလျှင် စောမွေးတတ်တယ်..” 

ဟု ပြောလေ့ရှိသော ဒေါ်လေးကို ခိုင် ရယ်မိတော့ စကားကြွယ်သော ဒေါ်လေးက 

“ နင့် သမီးတွေ ယောင်္ကျားလျှာ ဖြစ်နေလို့ နေမှာပေါ့..” 

ဟု ကြံကြံဖန်ဖန် ပြန်ပြောတော့သည်။ လိုအပ်လျှင် ချက်ချင်း ဆေးရုံသို့ သွားနိုင်ရန် အဆင်သင့် ပြင်ဆင်ကာ မိခင်လောင်းတို့၏ သတ္တိကို ပြရမည့်နေ့ကိုစောင့်စားရင်း ခိုင့်ရင်တွေ ခုန်နေမိသည် အမှန်ပင်။ ယခုနောက်ပိုင်း ညဘက်တွေ သိပ် အိပ်မပျော်တော့။ အထိုင်အထ လည်း တစ်နေ့တစ်ခြား ခက်လာကာ ခြေထောက်လေးများ ယောင်နေသည်။ ဒေါ်လေးက ခိုင့် ခြေထောက်များကို တောင်နံကြီး သနပ်ခါးလေး မှန်မှန် သွေးလူးပေးလျှက် 

“ အဲ့ဒါ ဖြစ်နေကျ သဘာဝပဲ ခိုင်.. သားဆိပ်တက်တာလို့ ခေါ်ကြတယ်.. မွေးခါနီးဆို ပိုဆိုးတယ်.. တချို့ ဗမာ အယူအဆကျတော့ အဲ့လို ခြေထောက်တွေ ယောင်တာ (၃) ခါပြည့်ရင် မွေးရောတဲ့..” 

ဟု စိတ်ရှည် လက်ရှည် ရှင်းပြပါသည်။

.................................................................................................

အခန်း ( ၂ )

ညနေ (၅) နာရီခွဲပြီ.. ခြံဝမှ တံခါးသံကြိုးဖွင့်သံ ကြားလိုက်ရ၏။ မောင်ပြန်လာပြီ။ လက်ထဲတွင် စားစရာ တစ်ပုံနှင့်ပေါ့။ မောင့်ကို ထကြိုလိုက်တော့ ထုံးစံအတိုင်း မောင်က ခိုင့်နှဖူးပြင်ကို အနမ်းလေး ပေးကာ

“ သမီးတို့မေမေနေကောင်းရဲ့လား…” 

ဟု မေးသည်။ 

“ ဒီနေ့နေရတာ တစ်မျိုးကြီးပဲမောင်ရယ်.. ညနေစောင်းကတည်းက ရင်ပြည့်နေသလိုလို.. ဗိုက်ထဲလည်း နည်းနည်း ရစ်တစ်တစ်နဲ့..  အိမ်သာ သွားတော့လည်း ဝမ်းသွားတာ မဟုတ်ပြန်ဘူး….”

မောင်ရုတ်တရက် ခြေလှမ်း တုန့်သွားပြီး

“ ဗိုက်နာချင်တာများလား ခိုင်…. ဒေါ်လေးကိုပြောသေးလား…”

“ ဟင့်အင်း မပြောမိဘူးမောင်…”

“ အာ… ပြောရမှာလေ ခိုင်ရယ်… နေပါဦး ခုကော အိမ်သာသွားချင်နေသေးလား… ဘယ်နှမိနစ်ခြား တစ်ခါလောက် အဲ့လို ဖြစ်နေတာလည်း… ဒါမှ မဟုတ် တစ်ချိန်လုံး နာနေတာ မျိုးလား …”

“ ဟင့်အင်း.. သေချာတော့ သတိမထားမိဘူး…”

“ ကောင်းရော… ထမင်းကော စားပြီးပြီလား… မစားရသေးဘူး ဟုတ်….”

“ မောင်ကလည်း ခိုင်ဘယ်တုန်းက မောင်မရောက်သေးဘဲ စားနှင့်ဘူးလို့လည်း.. အဆန်းလုပ်ပြီး မေးနေတယ် ….”

“ ဟုတ်ပါပြီ မဖုရားရယ်… ခုတော့ မြန်မြန်လေး ထမင်းစားရအောင်.. မတော် ဒီည ဗိုက်နာနေရင် ဘယ်လို လုပ်မလဲ….”

အိမ်ထဲရောက်တော့ မောင် ရေချိုးတုန်း ထမင်းပွဲပြင်ရင်း ဒေါ်လေးကို ပြောပြလိုက်သည်။ ဒေါ်လေးက ခိုင့်ကို အိပ်ယာပေါ်တွင်လှဲစေကာ အနည်းငယ်စမ်းသပ်ပြီး… 

“ ဟုတ်တယ် ခိုင်… ညည်း ဗိုက်နာ ချင်နေတာ.. စောစောစီးစီး မပြောဘူးအေ… ထမင်းစားပြီး ဆေးရုံသွားကြရင်ကောင်းမယ်.. တော်ကြာ ညနက်မှ ဆိုရင် ကားငှားဘို့ ပြုဘို့ ခက်နေလိမ့်မယ်…” 

ဒေါ်လေး အပြောကြောင့် ခိုင် ရင်ခုန်ကာ ယခုမှ ပင် အမှန်တကယ် ဗိုက်နာလာတော့သလိုလို… ပေါင်ရင်းများနှင့် ခါးစပ်မှ ဆစ်ကနဲ နာကျင်မှုကို ခံစားလိုက်ရသည်။ ဆက်တိုက်ကြီးတော့ မဟုတ်။ မျှော်လင့်စောင့်စားနေသော အတွေ့အကြုံသစ်အတွက် ခိုင်ရင်တွေ ခုန်လာမိသည်။ ခိုင့်ထက် စီနီယာကျသော သူငယ်ချင်း တွေကတော့ ပြောဘူးကြသည်။

“ ကလေးမွေးရင် ဗိုက်နာတယ်လို့သာ ပြောကြတာ… တကယ်တမ်းက ခါးတွေ ပေါင်ရင်းတွေက နာတာပါအေ…”

“ ရုပ်ရှင်ထဲက မင်းသမီးတွေ နာပြသလိုလည်း မဟုတ်ပေါင်… သူတို့လောက် ကလေးသာ ဆိုလို့ကတော့ ငါတို့ များ တစ်နှစ်တစ်ယောက်နှုန်း မွေးလိုက်ချင်စမ်းတယ်…”

ထမင်းစားနေရင်း ခိုင် အနာ နည်းနည်း စိပ်လာ၏။ ထမင်းလည်း ဆက်စား၍ မဝင်တော့။ မောင့်ကိုပြောပြပြီး ဆေးရုံသွားဘို့ ချက်ချင်း စီစဉ်ရတော့သည်။ နယ်မှ ခိုင့် မိဘများထံကိုတော့ မနက်မှပဲ အကြောင်းကြားနိုင်တော့မည်။ ဒေါ်လေး ခန့်မှန်းချက် အရတော့ ညသန်းခေါင် ဝန်းကျင်များ မွေးလေမလား..။ သည်နေ့က သောကြာနေ့ဆိုတော့ အကယ်၍ သန်းခေါင်ကျော်သွားလျှင် စနေ သမီးတွေ ဖြစ်ပြီပေါ့။ 

ခိုင်ကြားဖူးတာတော့ ကလေးမွေးရန် ဗိုက်နာချိန်က လူတိုင်းနီးပါး အနည်းဆုံး တစ်ည (သို့မဟုတ်) တစ်ရက်တော့ ကြာတတ်သည်တဲ့။ သည်အတိုင်းဆိုလျှင်တော့ သမီးလေးများသည် စနေနေ့မွေးဘို့ သေချာသလောက် ဖြစ်နေပြီ။ ဗေဒင်ယတြာကို ယုံလွန်းသည်တော့ မဟုတ်ပေမယ့် ခိုင့်မှာ စိတ်အစွဲလေးတော့ နည်းနည်း ရှိမိသည် အမှန်ပင်။ စနေထက် စာလျှင်တော့ သောကြာသမီးလေးများ ဖြစ်သည်က ပိုကောင်းမည်ပေါ့။ မောင့်ရှေ့တော့ ဤသို့ မပြောရဲပါ။ မောင်က လက်တွေ့သမား.. 

“ မောင့်အကြောင်းကို မောင့်ထက်ပဲ ဗေဒင်ဆရာက ပိုသိနိုင်မလား…” 

ဟု အမြဲပြောတတ်သူ။

မောင်နှင့် ခိုင် လက်ထပ်စဉ်က မင်္ဂလာရက် သတ်မှတ်ပေးသည့် ဗေဒင်ဆရာက ဟောဘူးသည်။ အင်္ဂါသားဖြစ်သော မောင် နှင့် ကြာသပတေးသမီး ခိုင်တို့ မိတ်ဖက်ဖြစ်၍ စီးပွားလည်း တက်မည်တဲ့။ သားသမီး ရလျှင် သောကြာ ဖြစ်ပါက ပို၍ အကျိုးပေးမည်ဟု ဆိုသေး၏။ စဉ်းစားနေရင်း ဗိုက်က အတော်လေးနာလာပြီ။ မကြာမီအချိန်အတွင်း လူ့လောကသို့ ရောက်လာ တော့မည့် သမီးလေးများ အတွက် မိခင်လောင်း ခိုင် တစ်ယောက် အကြီးအကျယ် စိတ်လှုပ်ရှားကာ အားအင်တွေ ပြည့်နေပါ၏။ 

ကြိုတင်ပြင်ဆင်ထားသော ခြင်းတောင်းနှင့် အိတ်ကို သယ်ကာ ဆေးရုံသွားရန်ပြင်ကြသည်။ မောင် ကားသွားငှားနေသည်ကို စောင့်ရင်း ခိုင် ဘုရားရှိခိုးနေလိုက်သည်။ တတ်သမျှမှတ်သမျှ ဝိပဿ    နာ နည်းလေးတွေကို ရှုမှတ်ရင်း နာကျင်မှုဝေဒနာကို အေးဆေးသက်သာစွာ ရင်ဆိုင်ရန် ကြိုးစားမိသည်။ သတိမလွတ်ဘို့အရေးကြီးသည် မဟုတ်ပါလား။ မိခင်တိုင်းရင်ဆိုင်ရသည့် အရေးပေပဲနော်။ ခိုင် လုပ်နိုင်မှာပါ။ 

စိတ်ထဲမှလည်း မေမေ့ကိုရည်မှန်းကာ ကန်တော့မိ၏။မေမေတစ်ခါပြောဘူးတာ မှတ်မိသေးသည်။ ခိုင့်ကိုမွေးတော့ မိန်းကလေးဆိုတာ သိသိချင်း 

“ ငါ့သမီးလေးလည်း တစ်နေ့ ငါ့လို နာရဦးမှာ ပါလား ”

လို့ တွေးမိခဲ့သည်တဲ့။ ထိုခေတ်တုန်းကတော့ ကျားရယ် မရယ်လို့ မွေးကာမှ သိရသည်ကိုး။ ခိုင်ကတော့ ဟိုးစောစောကတည်းက တွေးမိပြီ မေမေရေ။ အခု ခိုင်လည်း မေမေ့လို နာနေရပြီ.. ခိုင့်သမီးလေးတွေလည်း ခိုင့်လို နာကြရဦးမယ်.. ဒါက ရှောင်လွဲဘို့ မသင့်တဲ့ အိမ်ထောင်သည် မိန်းမသားတို့ရဲ့ လူသားတာဝန် တစ်ခုပဲ မဟုတ်လား မေမေ..။ အိုးးး… မေမေ့ကို တ ရင်း စဉ်းစားနေတုန်း ဗိုက်ထဲက သမီးလေးများက တွန်းထိုး လှုပ်ရှား လာကြသည်။ ခိုင် ရင်တွေ ခုန်လိုက်သည့်ဖြစ်ခြင်းနော်။ လက်ဖျားလေးများပင် အေးစက်စက်ဖြစ်ကာ တုန်ရီလာသည်။ 

ဟူးးး… သက်ပြင်းချရင်း လက်တစ်ဘက်ကို နောက်ပစ် ထောက်ကာ ထိုင်လိုက်၏။ ကျန်လက်တစ်ဘက်ဖြင့် ဗိုက်ကို ပွတ်သပ်ပေးရင်း ဘုရားစာတွေ ဆိုနေမိသည်။ သမီးလေးများလည်း မိမိနှင့် အတူ ရင်ဆိုင်ရမည်ပေကိုး။ ခိုင့်အတွက်တော့ ကလေး ရိုးရိုးမွေးဖွားခြင်းသည် မိခင်တစ်ဦးတည်း၏ အားဟု မထင်ပါ။ ကလေးငယ်များလည်း မပြောပြတတ်လို့သာ.. သူတို့လည်း လူ့လောကထဲ ရောက်ဖို့ အရေး ကြိုးစား ရုန်းကန် ရသေးသည်ပဲနော်။ မောင် တိုက်တွန်းသလို ဗိုက်ခွဲ မွေးခဲ့ရင်တော့ တစ်မျိုးပေါ့လေ။

သည်လို တွေးမိတော့လည်း မိမိဆုံးဖြတ်ချက်ကြောင့် သမီးလေးများပါ ပင်ပန်းရတော့မည်ကို စိတ်မကောင်းဖြစ်မိသွားသည်။ ဗိုက်ကလေးကို ညင်သာစွာ ပွတ်သပ်ရင်း သမီးလေးများကို မေတ္တာဓါတ် ပို့လွှတ်ကာ ရင်ထဲမှ စကားတွေပြောနေမိသည်။

“ သမီးတို့ရေ.. ခဏလေးပဲ သည်းခံပါကွယ်.. သိပ်မကြာခင် မေမေ့တို့ တွေ့ကြရတော့မယ်… မေမေ့သမီးလေးတွေ ဘယ်လောက် ချစ်စရာကောင်းလည်း မေမေမြင်ရတော့မယ်… အို.. မေမေ့စိတ်တွေ လှုပ်ရှားလိုက်တာကွယ်… သမီးလေး နှစ်ယောက် ဆင်တူလေး.. ချစ်စရာ မျက်နှာလေးတွေနဲ့ လူသေးသေး ပုစိကွေးလေးတွေ… မေမေ့ဗိုက်ထဲက ထွက်တာနဲ့ အော်ငိုကြမလား… အသံလေးတွေက စူးစူးလေး ဖြစ်မယ်ထင်တယ်… ဘယ်သူကများ ပိုကျယ်ကျယ် ငိုလေမလည်း… လက်ကလေး ခြေကလေးတွေကကော.. အရုပ်ပေါက်စ အရွယ်လေးတွေ ပေါ့နော်.. မေမေ့ ချိုချိုကို အလုအယက် စို့ကြလေမလား… သမီးတို့ ဖေဖေကတော့ ခုကတည်းက ပြောနေပြီနော်.. သမီးတို့ ထွက်လာရင် ဖေဖေ့ဘို့ ကျန်မှာ မဟုတ်ဘူးတဲ့လေ… နောက် တစ်ပါတ်လောက်ဆို မေမေတို့ အိမ်ကလေးမှာ သမီးတို့ အသံလေးတွေရယ်.. မေမေ့နား မကပ်ရလို့ စူပုပ်ပုပ် ဖြစ်နေမဲ့ ဖေဖေရယ်.. မေမေနဲ့ သမီးတို့ပေါင်းပြီး ဖေဖေ့ကို ကရော်ကရော် လုပ်ကြမယ်လေ…နော်…”

ည (၇) နာရီထိုးခါနီးပြီမို့ ကိုဇာနည် လမ်းထိပ်အထိ ထွက်ကာ ကားငှားရသည်။ ဆောင်းလေ တဖြူးဖြူးတိုက်နေသော်လည်း လူက ချွေးပြန်နေ၏။ သည်အချိန် သည်ရပ်ကွက်တွင် ကားငှားရတာ သိပ်မလွယ်လှချေ။ နောက်ဆုံး မရသည့်အဆုံးတော့ ရုံးမှ ကားသမားကို ဖုန်းလှမ်းဆက်ကာ အကူညီ တောင်းရမည်။ (၅)မိနစ်လောက်တော့ စောင့်ကြည့်လိုက်ဦးမည်။ စာအုပ်ထဲတွင် ဖတ်ဘူး သည်ကတော့ စတင်ဗိုက်နာသည်နှင့် ချက်ချင်းမွေးတာမျိုး မဟုတ်ဘူးပဲ။

ဒေါ်လေးကလည်း ညနက် ပိုင်းလောက်မှ မွေးနိုင်မည်ဟု မှန်းသည်။ ကျွမ်းကျင်သော ဆေးပညာရှင် မဟုတ်သော်လည်း မိမိတို့နှင့်စာလျှင်တော့ ဒေါ်လေးက အတွေ့အကြုံ သာသေးသည်ပဲလေ။ မဟုတ်တရုတ် အယူ သီးလွန်းသည်က လွဲလို့ပေါ့။ လမ်းမပေါ်တွင် ဟိုဘက် လျှောက်လိုက် သည်ဘက် လျှောက်လိုက်နှင့် ကိုဇာနည် ယောက်ယက်ခတ်နေသည်။ လက်နှစ်ဘက်က ခါးကိုထောက်လိုက်.. လက်ဝါးချင်း ပွတ်ချေလိုက်.. မျက်နှာကို ပွတ်လိုက်.. ခေါင်းပေါ်က ဆံပင်တွေကို ဖွလိုက်။

“ ခိုင် တော်တော်များ နာနေပြီလား မသိဘူး.. ခိုင်တစ်ယောက်က တစ်ကယ့် ကလေးလိုပဲ.. ကိုယ့်ကိုကိုယ် ဗိုက်နာလို့ နာနေမှန်းလည်း မသိ.. ဝယ်ပေးထားတဲ့ စာအုပ်တွေလည်း မဖတ်ဘူးလား မသိပါဘူး… အတွေ့အကြုံကလည်း မရှိ.. ကြိုတင်စီစဉ်လို့ ရအောင် ခွဲမွေးပါဆိုတော့လည်း မဟုတ်.. ကားကလည်း ငှားရခက်လိုက်တာ သည်အချိန် သည်ဘက်ကို မလာကြတော့တာ ထင်တယ်.. စောစောက သိရင် ရုံးကဖယ်ရီကို ဆွဲထားလို့ရသေးတယ်… ဟူးး ခံတွင်းချဉ်လာသလိုလိုပဲ… ဆေးလိပ် တစ်လိပ်လောက် သောက်လိုက်ရရင် ကောင်းမလား.. မဖြစ်သေးပါဘူး.. တော်ကြာ ဆေးလိပ် ဝယ်နေတုန်း ကားလာတာ မသိလိုက်ရင် ဒုက္ခ.. သည်ညက သောကြာဆိုတော့ မနက်မှ မွေးမယ်ဆိုရင် စနေသမီးတွေပေါ့.. ခိုင် နဲ့ဒေါ်လေးကို ပေါက်ကရတွေ လျှောက်မပြောအောင် ပိတ်ဟောက် ထားဦးမှ.. ”

ထိုစဉ် ခပ်လှမ်းလှမ်းဆီမှ တက်စီတစ်စီး လာနေသည်ကို တွေ့လိုက်သည်။ ခရီးသည်ပါလား မပါလား.. မရပ်မည်စိုး၍ လမ်းမပေါ်ထိ ရောက်အောင်ပင် တက်ကာ ကားကို တားမိသည်။ အကယ်၍ ခရီးသည် ပါလာခဲ့လျှင်လည်း မိမိ အခက်ခဲကို ပြောပြကာ အကူအညီတောင်း၍ ရလိုရငြားပေါ့။ ကံကောင်းချင်တော့ ဘေးတစ်အိမ်ကျော်မှ တက်စီသမား မိတ်ဆွေ ကားသိမ်းလာတာနှင့် ကြုံသည်။ 

ကိုဇာနည် တစ်ယောက်ဖြင့် ထီပေါက် လျင်ပင် သည်လောက် ပျော်မည် မထင်ပါ။ ခိုင်ပြောနေကျအတိုင်း ပြောရလျှင်ဖြင့် သမီးလေးများ၏ ကံဟုပဲ ဆိုရလေမလား.. ကိုအေးမောင်က သည်အချိန် ကားသိမ်းနေကျ မဟုတ်မှန်း ကိုဇာနည် သိသည်ပဲလေ။ ဘာပဲပြောပြော အဆင်ပြေ သွားတာကိုတော့ ကျေးဇူးတင်ရပါသည်။ မဟုတ်လျှင် ရုံးကားကို လှမ်းမှာရန်မှာ အတွေးလွယ်ပေမယ့် သည်ချိန် ကားသမားတွေက ရုံးပိုင်ဂိုဒေါင်တွင် ကားသိမ်းကာ အိမ်သို့ပြန် သောက်ကြ စားကြ အနားယူကြသည်ကိုး။ အနားသို့ အရှိန်လျှော့ကာ ထိုးရပ်လာသော ကားထဲသို့ ငုံ့ကြည့်ရင်း..

“ ကိုအေးမောင် ကားသိမ်းလာတာလားဗျ…”

“ ဟုတ်တယ် ကိုဇာနည်… ဘာလည်း… မခိုင် ဗိုက်နာပြီလားဗျ…”

“ ဟုတ်တယ် ကိုအေးမောင်ရယ် အားတော့နာပါတယ်… ကူညီပါဦးဗျာ…”

“ အားနာစရာလားဗျာ.. ကဲလာ တက်…ကျနော် သည်ဘက်ကို ခရီးသည်ရတာနဲ့ တစ်လက်စတည်း သိမ်းလာလိုက်တာလေ.. ခါလီပြန်လာရတာထက်စာရင် ကိုက်သေးတာပဲကော.. မခိုင်က သားဦး ဖြစ်တဲ့ အပြင် အမြွှာဆိုတော့ ပိုပင်ပန်းမှာဗျ.. ကျနော့် အငယ်ဆုံးကောင်တုန်းက အိမ်မှာတင် မွေးတာလေ.. လွယ်ဘူးဗျ.. သူတို့ ရေလည်ခံစားရတာ… တကယ့် ကျွတ်ဆင်ကြီး… ”

“ ကျနော်လည်း ပြောပါတယ်ဗျာ.. ခွဲမွေးဘို့… ခိုင်က ခေါင်းမာတယ်ဗျ… ကျနော်ကိုကလည်း မှားတာပါဗျာ.. ဇွတ်အတင်း စီစဉ်လိုက်ရမှာ… ခုတော့ သူလည်းနာ… ကိုယ်လည်း စိတ်ပူ…ဟူးးး…”

“ သိပ်ကြီးလည်း မပူပါနဲ့ဗျာ.. ဒါက သဘာဝ ဖြစ်ရိုးဖြစ်စဉ်ပါ.. သည်အချိန်မှာ သူ့ကို အားပေးရမယ်ဗျ.. စိတ်ပူတာလည်း ပူတာပေါ့ဗျာ… ကျနော်တို့ တုန်းကလည်း သည်လိုပါပဲ.. ”

အိမ်ရှေ့ရောက်တော့ အထုတ် အပိုးတွေချကာ လည်တဆန့်ဆန့် ထွက်မျှော် နေသော ဒေါ်လေးကို အရင် တွေ့ရသည်။ ကားရပ်သည်နှင့် ကသောကမြော ဆင်းကာ..

“ ကံကောင်းလို့ ဒေါ်လေးရေးး… ကိုအေးမောင် ကားသိမ်းစောလာတာ ကျေးဇူးတင်ရမယ်.. ခိုင်ကော တော်တော် နာနေပြီလား…”

“ အိမ်ထဲမှာ ဇာနည်ရေ… စောစောကတော့ ဘုရားရှိခိုးနေတယ်.. ပစ္စည်းတွေ ဒေါ်လေး တင်နှင့် လိုက်မယ်.. သားက ခိုင့်ကို သွားတွဲချည်…”

“ ကျနော် လှခင်ကို တစ်ချက် ပြေးပြောလိုက်ဦးမယ် ကိုဇာနည်… ပစ္စည်းတွေတင်နှင့်လိုက်နော်…”

“ ဟုတ်ကဲ့ဗျာ… မြန်မြန်လေးတော့ ပြန်လာပေးပါ ကိုအေးမောင်ရေ.. အားကိုးပါတယ်ဗျာ နော်…”

“ မြန်တယ် မြန်တယ် ကျနော် ချက်ချင်းပြန်ပြေးခဲ့မယ်…”

ကိုအေးမောင် ပြောလည်းပြော ပြေးလည်းပြေးလေ၏။ ကိုဇာနည် အိမ်ထဲဝင်ပြီး ခိုင့်ကို တွဲခေါ်သည်။ သနားစရာ ခိုင်ကလေး မျက်နှာတွင် ချွေးစက်များနှင့် နှုတ်ခမ်းကလေးများ တုန်ရီနေသည်။ ကြည့်ရတာ အတော်လေးများ နာနေပြီလား။ မျက်ဝန်းကလေးတွေ အရည်လဲ့ကာ မိမိကို မော့ကြည့်နေရှာသည့် ဇနီးသည်ကို ကြင်နာစွာ တွဲထူလိုက်ရင်း….

“ သိပ်နာနေလား ခိုင်… ကားရောက်ပြီနော်.. မောင်တို့ ဆေးရုံသွားကြမယ်.. နော် ခိုင်လေး…”

“ အင်း ဟင်း.. မောင်ရယ်.. ရပါတယ်..ခိုင် အဆင်ပြေပါတယ်… နည်းနည်း အင်းးး ကျွတ်… နည်းနည်း နာတယ် မောင်ရယ်…ဟင်းးး…”

ကိုဇာနည် တစ်ယောက် အသွားလမ်းတလျှောက်လုံး ခိုင့် မျက်နှာကို မမှိတ်မသုံကြည့်ကာ နေမရ ထိုင်မရဖြစ်နေမိသည်။ အိမ်ထောင်သည် ကလေး (၃) ယောက် အဖေဖြစ်သော ကိုအေးမောင်က.

“ မိန်းမတွေ ကလေးမွေးခါနီး ဗိုက်နာတာ တကယ် သနားဘို့ကောင်းပါတယ်ဗျာ.. ဘေးက မြင်ရတဲ့သူလည်း မစားသာဘူး… လှခင်တုန်းကလည်း သည်လိုပဲဗျ.. သူတို့ နာနေတာ ကြည့်ရမယ့်အစား ကိုယ်သာ ဝင်နာလို့ရရင် နာပေးလိုက်ချင်တယ်…”

“ အေးဗျာ…ခိုင်လေး… မောင်ရှိတယ်နော်… သိပ်နာနေလား…”

“ အင်းးး ဟင်းးး … နာတယ်မောင်ရယ်… ကျွတ် ကျွတ်…”

“ ရောက်တော့မှာပါ.. ခဏပဲ… နော်.. အသက် ပြင်းပြင်းရှု… မျက်စိမှိတ်ထားနော် ခိုင်… မောင့်ကို မှီထား… အိုကေ…”

စိတ်ထဲကတော့

“ မောင့်စကားနားထောင်ပြီး ဗိုက်ခွဲမွေးရင် ခိုင် သည်လို နာမှာ မဟုတ်ဘူး…”

ဟု ပြောနေမိသည်။ နှုတ်ဖျားကတော့ သည်စကားလုံးများ ထွက်မလာပါ။ တကယ်တမ်း ဝေဒနာ ခံစားနေရသော ဇနီးသည်ကို အပြစ်တင်စကား မဆိုရက်နိုင်ပါချေ။ ချွေးစို့နေသော နှဖူးလေးကို အကြင်နာ အနမ်းများပေးနေမိသည်။ နာကျင်မှုဝေဒနာကို အံတုနေရသော ခိုင့် ရင်မွှာတို့က ဖားဖိုသဖွယ် နိမ့်လိုက်မြင့်လိုက်။ ညည်းတွားသံသဲ့သဲ့တို့က ကိုဇာနည့် ရင်ကိုပါ ကူးစက် နာကျင် နေတော့သည်။ 

အချစ်ကမ္ဘာလေးတွင် နှစ်ဦးသားပျာ်မွေ့စဉ်အခါက သည်သို့ ငိုညည်းညည်း အသံ ကလေးကပဲ မိမိ၏ ရမ္မက်သွေးတို့ကို ဆူဝေ စေခဲ့သည် မဟုတ်ပါလား.. မရိုးနိုင်သော အချစ်၏ အရသာတို့ကို မြိန်ယှက်စွာ သုံးဆောင်ကြစဉ်က နှစ်ယောက် အတူတူ.. ယခုတော့ ခိုင့်ခမျာ  ဝေဒနာ၏ဒဏ်ကို တစ်ယောက်တည်း ခံစားနေရရှာသည်။ မိမိက ချစ်ဇနီးကို ထွေးပွေ့ထားရုံမှလွဲ၍ ဘာများ တတ်နိုင်ပါသေးသနည်း။

ဆေးရုံဝင်းထဲ ကားဝင်ပြီး မွေးလူနာဆောင်ဆီ ရောက်ခဲ့သည်။ ထိုအချိန်တွင် ခိုင် တစ်ယောက် လမ်းပင် ကောင်းကောင်း မလျှောက် နိုင်တော့ပေ။ သူနာပြုဆရာမများ၏ အကူအညီဖြင့် မွေးခန်းထဲ ဝင်သွားသော ခိုင့် ကိုကြည့်ရင်း ကိုဇာနည် ငိုချင်သလိုလို… မိမိကိုယ်ထဲကပဲ နာကျင်လာသလိုလို..ခိုင့် အလိုလိုက်ပြီး ရိုးရိုးမွေးဘို့ ခွင့်ပြုမိတာ မှားသွားပြီလား.. ဘာပဲပြောပြော ဟိုးစောစော ကတည်းက အိမ်ဦးနတ် အာဏာသုံးပြီး တစ်ချက်လွတ် အမိန့်ပေးခဲ့ရမှာကို။ ခုနေ ဆရာဝန်ကြီးထံ သွားပြီး ဗိုက်ခွဲမွေးပေးဘို့ ပြောရကောင်းမလား… အတွေးပေါင်းစုံ ယောက်ယက်ခတ်ရင်း မွေးခန်း ရှေ့တွင် ခေါက်တုန့်ခေါက်ပြန် လျှောက်ကာ လူရော စိတ်ပါ အငြိမ် မနေနိုင်ပါတော့ချေ။

.................................................................................................

အခန်း ( ၃ )

ပြင်းထန်သော ဝေဒနာ၏ ဒဏ်ကို အံတုရင်း ခိုင် ကြောက်စိတ်များ ဝင်လာမိသည်။  ဆရာမများ၏ အားပေးစကားသံများကခိုင့် ဝေဒနာကြားမှာ တိမ်မြုပ်နေသယောင်။ စိတ်ထဲမှလည်း မေမေ့ကို တ လိုက်.. မောင့်ကို တ လိုက်ပေါ့။ အချိန်ကြာလာသည်နှင့် အမျှ ဝေဒနာက သည်းလာသည်။ မေမေရေ… ခိုင့်ကို သည်လိုပဲ နာကျင်ပြီး မွေးထုတ်ခဲ့ရတာလား.. ခိုင့် သမီးလေးတွေလည်း ခိုင့်လိုပဲ နာရမှာလားမေမေ..။ 

မွေးခန်းကုတင်ပေါ်တွင် လူးလိမ့်ခံစားရင်း ညီးတွားမိသည်။ သမီးလေးတို့ရေ… သမီးတို့လည်း ငိုများငိုချင်နေမလား.. သမီးတို့ မေမေ့ဗိုက်ထဲကနေ ချောချောမောမော ထွက်လာနိုင်ပါ့မလား.. မောင့်စကား နားမထောင်မိတာများ မှားပြီလားမသိဘူး.. သမီးလေးတွေ တစ်ခုခုများ အဆင်မပြေခဲ့ရင်။ မိမိခံစားရသော ဝေဒနာအပြင် ရင်သွေးများအတွက်ပါ ပူပန်နေမိသည်။ အချိန်ကလည်း ညနက် သန်းခေါင် တိုင်နေပြီ.. သောကြာတွေ စနေ တွေလည်း တွေးမနေနိုင်အားတော့ပါ။ ခံစားနေရသည့် ဝေဒနာက ပြင်းထန် လွန်းသည်လေ။

“ ဟုတ်ပြီ ညီမလေးရေ… ညှစ်ထား.. အားမလျှော့လိုက်နဲ့နော်…”

“ အင်းးး… ဟူးးး… နာ တယ်… အရမ်းနာတယ်… ”

“ သည်လိုပဲ ညီမလေးရေ… အမေတိုင်း သည်လို ချည့်ပါပဲ… ခဏပါပဲကွယ်…”

“ ဟင့်အင်းး… မေမေရေ… အားးဟားးး…”

“ ညှစ် ညီမလေး… အသက် ကိုအောင့်ထားပြီး ညှစ်လိုက်.. သားဦးဆိုတော့ ခက်တာ သဘာဝ ပါပဲကွယ်.. ခဏနေ ကလေးငိုသံကြားရင် ငါ့ညီမ နာနေတာတွေ ပျောက်သွားမှာပါ…နော်…”

“ မောင်ရေးးး… အာာားးး ဟားးး… ဟင့် ဟင့်…”

“ အို.. မငိုရဘူးလေ.. ညီမရယ်… ရှိပါတယ်.. ညီမအမျိုးသား အပြင်မှာစောင့်နေတယ်… ”

“ အရမ်းနာတယ် ဆရာမရယ်… ခိုင့်ကို ခွဲမွေးပေးပါတော့… ဆရာကြီးကိုပြောပေးပါ…အား… ဟားးး….”

“ ကလေးက မွေးလမ်းကြောင်းထဲ ရောက်နေပြီ ညီမရဲ့… အားတင်းထားပါ… နော်… ခဏပဲ.. ခဏပဲ… နည်းနည်း အားစိုက်လိုက်… နော်…ရပြီ… ရပြီ… ”

“ အင်းးး ဟင်းးး ဟင်းးးး…..”

“ ဟုတ်ပြီ… ညီမ… စိတ်မလျှော့လိုက်နဲ့… ရပြီ…ကလေး ခေါင်း မြင်နေရပြီနော်… နည်းနည်းလေး… နည်းနည်းလေး… အားစိုက်… ဟုတ်ပြီ.. ဟုတ်ပြီ…”

“ ဟုတ်ပြီ… ညှစ်ထား… ညှစ်ထား… ”

“ အရမ်း နာတယ်… အာာားးး ဟားးး… ဟင့် ဟင့်…”

“ ဝေးးး ဘယ်လို လည်းကွ… မိမိခိုင်…သမီး… ညည်းပဲ အမေဆိုတာ အားရှိရမယ်ဆို… သည်လောက်တော့ အပျော့ပေါ့ကွာ… နော့… ကိုင်းးး အထဲက မင်းသမီးလေးတွေ မြန်မြန် ထွက်လာ ကြဟေ့… နင်တို့ အမေ ငိုနေပြီ… ”

သေလုမြောပါး ဝေဒနာခံစားနေရချိန် နွေးထွေးသော အားပေးသံကို ကြားလိုက်ရသည်။ အိုဂျီ ဆရာကြီးပဲ။ ခိုင့် သမီးလေးတွေကို မွေးထုတ်ပေးဘို့ ဆရာကြီး ရောက်လာပြီ။ ခိုင် အားတက် သွားမိ၏။ ဟုတ်သားပဲ.. အမေဆိုတာ သားသမီးမွေးဘို့အားလောက်တော့ ရှိရမယ်လို့ ဆရာကြီး ရှေ့မှာ ခိုင် ကိုယ်တိုင် ပြောခဲ့ဘူးတာပဲ။ ခိုင် လုပ်နိုင်မှာပါ။ ခိုင့်ကို ကိုယ့်စကားနှင့် ကိုယ် ပြန်အားပေး လိုက်သော ဆရာကြီး၏ အားပေးမှုက အထူးပင် ထိရောက်လှပါသည်။ 

မွေးခန်းထဲတွင် ဆရာကြီးနှင့် ဆရာမများ… အပြင်တွင် စိတ်ပူနေမည် ဖြစ်သော မောင်… ဗိုက်ထဲတွင် လူ့လောကထဲသို့ ဝင်ခွင့် ရရန် ကြိုးစား ရုန်းကန်နေရှာမည့် သမီးလေးနှစ်ယောက်။ ခိုင် အာရုံတွေကို စုစည်းလိုက်ပါသည်။ အသက်ကို ပြင်းပြင်းရှုသွင်းကာ အားယူလိုက်၏။ သမီးလေးများ၏ 

“ မေမေ…” 

ဆိုသော ခေါ်သံကလေးကို စိတ်မှန်းနှင့် ကြားယောင်လိုက်သည်။ နောက်ဆုံး မိမိခွန်အားရှိသမျှ အစွမ်းကုန် စိုက်ထုတ်ကာ ကြိုးစားလိုက်၏။ သေချင် သေသွားပါစေ.. စိတ်ကို တဆုံးထိလျှော့ချလိုက်သည်။  ထူးဆန်းသော တွန်းအားတစ်ခုကြောင့်လား.. အသက်ပျောက်မတတ် ဝေဒနာ ဆိုး နင့်ကနဲ နှင့်အတူ မျက်လုံးများ ပြာဝေကာ… ရင်ထဲမှ လှပ်ကနဲ ခံစားလိုက်ရသည်။

“ အားးးး…. ဟူးးးးး….”

“ ဟုတ်ပြီ… ဟုတ်ပြီ… မှန်တယ်… ညှစ်ထား… အားမလျှော့လိုက်နဲ့….”

“ အားးး……”

“ အုဝဲ… အုဝဲ… အုဝဲ…”

နားထဲမှာ ကြားလိုက်ရသည့် ကလေးငိုသံ… အို.. သမီးလေး တစ်ယောက် အဆင်ပြေပြေ လူ့လောကထဲ ရောက်လာပြီပေါ့နော်..ခိုင့်အင်အားတို့ ချိနဲ့ မောပန်းနေသော်လည်း စိတ်အစဉ်က လန်းဆန်း နေပါသည်။ သမီးလေး၏ ငိုသံက မိမိအား ခွန်အားတစ်ရပ် ဖြည့်ပေးလိုက်သည် ထင်ပါရဲ့လေ.. အနားမှ သူနာပြုဆရာမ၏ (၁၁) နာရီ (၅၅) ဟုပြောလိုက်သံကို ကြားလိုက်ရသည်။ သောကြာ သမီးလေးပေါ့။

ခိုင် ကြာကြာ အမောမဖြေနိုင်ပါ.. မိမိဝမ်းကြာတိုက်ထဲတွင် ဒုတိယ သမီးလေး ရှိနေသေးသည်လေ.. ဆရာမ တစ်ဦးက ခိုင့် နှဖူး နှင့် လည်ပင်းတလျှောက်မှ ချွေးတို့ကို မျက်နှာသုတ်ပုဝါ အေးအေးလေးဖြင့် လာသုတ်ပေး၏။ နောက်တစ်ချီ ကြိုးစားရပြန်ပါသည်။လက်ငင်းပင် သိခဲ့ပြီးသော အတွေ့အကြုံကြောင့်ထင့်.. ပထမတစ်ယောက်ထက် အနည်းငယ် ပိုမြန်သလို ထင်လိုက်မိသည်။ 

ဒုတိယအကြိမ် လေထဲမှ ပြုတ်ကျသလို ခံစားချက်နှင့် အတူ နောက်ထပ် ငိုသံစူစူးလေး တစ်ခု။ အွန်းး အငယ်လေးအသံက ပိုကျယ်သလိုပဲ.. ကြည့်ရတာ မမကို အနိုင်ကျင့်မယ့် ခပ်ဆိုးဆိုးလေးများ ဖြစ်နေမလား.. အတွေးနှင့် အတူ ခိုင် ပြုံးမိပါ၏။ နှုတ်ခမ်းတို့က ခပ်ယဲ့ယဲ့သာ ပြုံးနိုင်သော်လည်း မိမိမျက်ဝန်းတို့ အရောင်တလက်လက် ထွက်နေမည်ကို စိုစွတ်နေသော မျက်ရည်များကြောင့် သတိထားလိုက်မိပါသည်။ ပျော်လိုက်တာ… သမီးလေး နှစ်ယောက်လုံး လူ့လောကထဲ အောင်အောင်မြင်မြင် ရောက်လာပြီပဲ..

“ ကဲ… ညီမလေး.. ပင်ပန်းသွားပြီ ဟုတ်လား… သမီးလေးနှစ်ယောက်လုံး အင်္ဂါစုံတယ်နော်… ကျန်းကျန်းမာမာပဲ.. အငယ်လေးကတော့ ပို သန်မယ့်ပုံပေါက်တယ်..”

“ ဟုတ်.. ကျေးဇူးတင်ပါတယ် ဆရာမ.. ”

“ သည် အမြွှာညီအစ်မက နေ့မတူဘူးကွ… တစ်ယောက်က သောကြာ… တစ်ယောက်က စနေ… ဟင်းဟင်း ဖြစ်တတ်ပါတယ်… ”

“ ဘယ်လို.. ဘယ်လို… ဆရာမ ဘာပြောတာလည်းဟင်…”

“ အော်… သည်လိုလေ ညီမလေးရယ်… ပထမတစ်ယောက်က (၁၁) နာရီ (၅၅) မိနစ်လေ.. အငယ်လေး ထွက်လာတာ (၁၂) နာရီ (၅) မိနစ်… သည်လိုဆိုတော့ သူက စနေဘက် ကူးသွားတာပေါ့.. ခြားတဲ့ အချိန်က (၁၀) မိနစ်ပေမယ့် ညသန်းခေါင်ဆိုတော့ တစ်ရက် ကူးသွား တယ်လို့ ပြောတာပါ…”

သြော်… ဒါဆို သမီးငယ်လေးက စနေ သမီးပေါ့…ခိုင့် စိတ်ထဲ စောစောပိုင်းက ရှိခဲ့သော အယူများ လားလားမျှပင် မတွေးမိတော့ပါ။ မိမိရင်မှ ဖြစ်သော သားသမီးဟူသည့် မေတ္တာစိတ်သည် အကောင်း အဆိုး အယူအဆများကို မြေလှန်ပစ်နိုင်စွမ်းသည်ထင့်။ စိတ်ထဲတွင် သမီးလေးများ အတွက် နံမည် လှလှလေးများ ပေးရန် စဉ်းစားနေမိသည်။ မောင်ကော… မောင်လည်း သမီးလေးတွေ မွေးပြီးပြီဆိုတာ သိပြီးလောက်ရောပေါ့နော်.. မောင့်ကို တွေ့ချင်လိုက်တာ.. ခိုင် မျက်လုံးကလေး အသာ မှိတ်ကာခေတ္တ အနားယူမိသည်။

.............................................................................................................................


 အပိုင်း ( ၂ ) ဆက်ရန် >>>>



Print Friendly and PDF

No comments:

Post a Comment