Thursday, August 22, 2013

သင်းသင်းမွှေးမွှေး နှင်းဖွေးဖွေး အပိုင်း ( ၂ )

သင်းသင်းမွှေးမွှေး နှင်းဖွေးဖွေး အပိုင်း ( ၂ )

SnowFlake ရေးသည်။

အခန်း ( ၄ )

“ ခိုင်.. ပင်ပန်းသွားပြီ.. ကျေးဇူးတင်ပါတယ် ခိုင်ရယ်.. သမီးလေးတွေက အရမ်း ချစ်ဘို့ကောင်းတာပဲ.. မောင့် ဘဝ ပြီးပြည့်စုံသွားပြီ သိလား…”

“ မောင် ရယ်..”

“ ဟုတ်တယ် ခိုင်.. မောင် တစ်ခါမှ သည်လောက် မပျော်ဖူးဘူး... သည်လောက်လည်း စိတ်မလှုပ်ရှားခဲ့ဘူး.. မောင့် စိတ်ထဲမှာ ခိုင်နဲ့ သမီးနှစ်ယောက်ကို စိတ်ပူတာကော.. ပျော်တာကော ရောနေတယ်.. မိုးလင်းတာနဲ့ ဘုရားသွားမယ် သိလား.. သမီးလေးနှစ်ယောက်လုံး ကျန်းမာပျော်ရွှင်ပြီး လိမ္မာ ထူးချွန်တဲ့ သမီးလေးတွေ ဖြစ်ဘို့ ဘုရားမှာ ဆုသွားတောင်းမယ်..”

“ ကလေး နို့တိုက်ရအောင် အစ်မ.. မွေး ပြီးတာနဲ့ နို့ဦးရည်ဝင်အောင် တိုက်ပေးရမယ်..”

ခိုင့် နှဖူးလေးကို တယုတယ ပွတ်သပ်ကာ စကားတွေ ဖောင်ဖွဲ့နေသော မောင်..။ သူနာပြု ဆရာမလေး ရောက်လာမှပင် အနားက ခွာတော့၏။ သမီးလေး နှစ်ယောက်၏ မျက်နှာ သေးသေးလေးများကို ကြည့်ရင်း ခိုင့်ရင်ထဲတွင် ပြောပြရန်မစွမ်းသာသော ခံစားမှုများ ဖြင့်ပြည့်နှက် နေတော့သည်။ “ဒေါ်လေးကော မောင်..”

“ ကိုအေးမောင် နဲ့ ပြန်လိုက်သွား ခိုင်းလိုက်တယ်.. နက်ဖြန် ခိုင် စားဘို့သောက်ဘို့ ချက်ပြုတ်ပြီးမှ ပြန်လာလို့.. သည်မှာက ဆရာမလည်း ရှိနေတော့ မလိုဘူးလားလို့လေ.. သူလည်း နားရအောင်ပါ.. ခိုင် အဆင်ပြေတယ် မဟုတ်လား..”

“ ဟုတ်.. ပြေပါတယ် မောင်ရဲ့..”

“ သည်လိုချီ အစ်မ.. သူက အငယ်လေးလေ.. နို့ဆာနေရှာပြီ.. ပါးစပ်တပြင်ပြင်နဲ့ အာပြဲလေး.. ခိခိ.. သူ့ကို အရင်တိုက်လိုက်..”

ဆရာမလေးက သမီးလေးကို ခိုင့်ရင်ခွင်ထဲ နို့ချို တိုက်ကျွေးရန် လာထည့်ပေးသည်။ 

“ ပန်းသီးလေးတွေ ကျနေတာပဲနော် မောင်..” 

ခိုင့်၏ ကြံကြံဖန်ဖန် ခိုင်းနှိုင်းစကားကို ဆရာမလေးက ရယ်၏။ မွေးကင်းစ ကလေး ဆိုတာကို ကိုယ်တိုင် မွေးလိုက်မှပင် မြင်ဘူးသော ခိုင့်အဖို့ ဤလူသား ပိစိကွေးလေးများ မိမိ ဝမ်းအတွင်းမှ ထွက်လာကြသည်ကို ကြည်နူး အံ့သြ မဆုံးတော့နိုင်။ စောစောပိုင်းက ခံစားခဲ့ရသည့် အသက်ပျောက်မတတ် နာကျင်မှုများသည်ပင်လျှင် ဘယ်ဆီ ရောက်သွားမှန်း မသိနိုင်တော့။ သမီးလေးများ၏ အသားလေးများက ပိုးသားထက်ပင် နူးညံ့ နေသေးတော့သည်။

ပါးပြင်မို့မို့ကလေးများပေါ်တွင် နီတြာတြာ သွေးကြောလေးများက ယှက်သန်းလျှက်။ ဆံစ တွန့်တွန့်လေးများကလည်း ပိုချည်မျှင်ကလေးများ အလား သေးမျှင်နုညက် နေသည်။ မျက်တောင်နှင့် မျက်ခုံးမွှေးလေးများကတော့ ပါသည်ဆိုယုံ အရာလေးမျှသာ။ ခိုင့်ရင်ခွင်ထဲ ထည့်ချီလိုက်တော့ သမီးလေး၏ ဦးခေါင်းလေးက လက်တစ်ဝါးစာ ကွက်တိ။ အနှီးဖြူဖြူဖြင့် ထွေးပတ်ထားသော ပူနွေးနွေး လှုပ်စိစိ ကလေး ပုစိကွေးလေးကို ကိုင်ရင်း ခိုင့် ရင်ထဲမှ ကြည်နူးမှုက တရိပ်ရိပ်။

လူသားတစ်ဦး သင်ယူရန်မလိုဘဲ တတ်သော မွေးရာပါ အတတ်ပညာများတွင် နို့စို့ခြင်းက ထိပ်ဆုံးက ဖြစ်မည် ထင်သည်။ ပါးစပ် ပိစိကွေးလေးနှင့် အငမ်းမရ နို့စို့နေသော သမီးငယ်လေး။ ဖောင်းဖောင်းအိအိ ပါးလေးကို ခိုင့် လက်ညှိုးနှင့် တို့ကြည့်မိသည်။ အနားတွင် ထိုင်ကြည့်နေသည့် မောင့် မျက်နှာကလည်း ပီတိပြုံးတို့ ဝေလျှက်။ သမီးကြီးလေးကို ဆရာမက နို့ဗူးတိုက်ပေးနေသည်။ 

“ ပြီးရင် သူ့လည်း အမေနို့ တိုက်မယ်နော် အစ်မ.. ဖော်မြူလာက မိခင်နို့လောက် အာဟာရ မပြည့်စုံဘူး.. ရောဂါ ကာကွယ်နိုင်တဲ့ ဓါတ်က မိခင်နို့မှာ ကောင်းဆုံးပါတာလေ..” 

ဆရာမလေးက ဤသို့ ပြောတော့ မောင် တစ်ယောက် ခွိ ကနဲ ရယ်၏။ ဟွန်းး ဘာပေါက်ကရ ပြောဦးမလဲ ကိုယ်တော်.. ခိုင့်စိတ်မှ တွေးကာ မျက်စောင်း လှလှလေး ထိုးလိုက်စဉ်..

“ သေချာပြီခိုင်.. မောင့် ဘို့ ဘယ်နည်းနဲ့မှ မကျန်နိုင်တော့ဘူး.. ခုတောင် တစ်ယောက်က လက်ပေါ်မှာ တစ်ယောက်က နောက်မှာ တန်းစီနေတယ်.. ဟီးဟီး..” 

ဆရာမလေး အလစ် ပြောဖြစ်အောင် ကပ်ပြောလိုက်သေး၏။

“ သမီးလေးတွေ အတွက် နံမည် စဉ်းစားထားလား အစ်မ.. သောကြာတစ်ယောက် စနေတစ်ယောက် ဆိုတော့..”

“ ကျနော် စဉ်းစားပြီးပြီဗျ.. ခိုင့် သိလား မောင်စဉ်းစားထားတဲ့နံမည် ခိုင်တွေးမိတာရှိရင်လည်း ပြောလေ..”

“ ဟင့်အင်း.. မောင်ပဲ ရွေးပါ.. ”

“ အွန်း.. အကြီးလေးက သောကြာဆိုတော့ သင်းသင်းမွှေး.. အငယ်လေးက စနေသမီး နှင်းဖွေးဖွေး.. ဘယ်လိုလည်း ခိုင်.. သဘောကျလား..”

“ ဝါးး အစ်ကိုက တွေးတတ်သားပဲ.. နေ့မတူ အမြွှာဆိုတော့ နံမည်ဆင်တူရဘို့ ခက်မယ် ထင်တာ.. ခုတော့လည်း ဟုတ်နေသား.. နော် အစ်မ..”

ကရင်သံ ၀ဲဝဲလေးနှင့် ပြောလိုက်သော ဆရာမလေး၏ စကားကို အပြုံးနှင့် ခေါင်းငြိမ့်ရင်း ခိုင် ထောက်ခံလိုက်တော့သည်။ မောင်ရယ်.. သူ့သမီးနှစ်ယောက်အတွက် တွေးတတ်လိုက်တာ.. အရမ်းလှတဲ့ ချစ်စရာ နံမည်ဆင်တူလေး နှစ်ခု.. သင်းသင်းမွှေး၊ နှင်းဖွေးဖွေး.. ။ အိုးး အတွေးဖြင့် ကြည်နူးနေစဉ် ခိုင့်ပေါင်ပေါ်သို့ ပူနွေးသော စီးဆင်းမှု တစ်ခု။

“ ရှုရှုး ပေါက်ချပြီ ဆရာမရေ…”

“ လာပြီ အစ်မ.. ကျမ လုပ်ပေးမယ်.. အတော်ပဲ သူတို့ နေရာလဲရမယ်.. အကြီးလေး အမေနို့ စို့သင့်ပြီ… အစ်မလည်း ထမီ လည်းလေ.. ကျမ လုပ်ပေးမယ်.. ပြီးရင် ကလေးအောက်မှာ ဒါလေးခင်းထားလိုက်.. စောစောက ကျမ အကြီးလေးကို နို့တိုက်ဘို့လောနေမိလို့ မေ့သွားတယ် အစ်မရယ်.. စိတ်မရှိပါနဲ့နော်..”

“ စိတ်ရှိစရာလား ဆရာမရယ်.. မအေပေါ် ကလေး သေးပေါက်ချတာ..”

“ ပေးပေး ဆရာမ ကျနော် ချီပေးထားမယ်..”

“ ချီတတ်လို့လား အစ်ကိုရဲ့..”

“ အာ ဘာခက်တာ မှတ်လို့ ဆရာမရယ်.. ပေးပါ.. ကျနော် ချီချင်လို့..”

“ ရော့.. ရဲရဲ ကိုင်နော် အစ်ကို.. သည်လိုလေး..”

“ ဟဟ.. အသည်းယား စရာလေးကွာ.. လူသေးသေးလေး.. အဟေးဟေး.. သမီးတွေက မောင်နဲ့တူတာကွ.. ကြီးရင် ချောမှာ.. နော် ခိုင်..”

“ ဟင်းဟင်း ဟုတ်မှာ ဟုတ်မှာ.. ဖြစ်နေလိုက်တာ တကတည်း မွေးရတဲ့ အမေသည်းဘို့လည်း ထားပါဦး အဖေကြီးရယ်..”

“ ဟားဟား.. ကြည့်စမ်း သမီးက ဖေဖေ့ကိုထောက်ခံနေတယ်.. မျက်လုံးကြီး မှိတ်ပြီး ရယ်ပြနေတယ်.. ခိုင့် သည်မှာ ကြည့်စမ်း.. ကလေးပုစိလေးက ရယ်တယ်ဗျ..”

“ ကြံကြံ ဖန်ဖန် မောင်ရယ်.. တကယ်ပဲ.. ခိခိခိ…”

ဆရာမလေးက မောင့် လက်ပေါ် ကလေး ထည့်ပေးပြီး ရှုးပေါက်ထားသော အငယ်လေးကို အနှီးလဲပေးရန် ပြင်သည်။ ကျွမ်းကျင် သွက်လက်သော ဆရာမလေး၏ လုပ်ပုံကိုင်ပုံများကို ခိုင် ငေးကြည့်နေမိ၏။ ထိုစဉ် သမီးလေးကို ငုံ့ကြည့်နေသည့် ခိုင် ရုတ်တရက် မှင်သက်မိသွားသည်။

“ ခဏ.. ခဏလေး ဆရာမ.. ဒါလေးက ဘာလည်းလို့.. တစ်ခုခု ပေနေတာများလား..”

“ မဟုတ်ဘူး အစ်မ..”

“ ဘာလဲ ခိုင်.. သမီးလေး ဘာဖြစ်လို့လဲ..”

သမီးကြီးကို ချီထားသော မောင်က ထ လာကြည့်ရင်း မေးသည်။ မောင့် မျက်နှာကို ခိုင် မော့ကြည့်မိ၏။ မောင်လည်း ခိုင်မြင်လိုက်သော အရာကို တွေ့မြင်သွားသည်။ အေးမြ ကြည်လင်သော အပြုံးဖြင့် ခိုင့်ကိုကြည့်ရင်း.. 

“ ဘာများလဲလို့ ခိုင်ရယ်.. မိန်းမ.. ပေါက်ကရတွေ တွေးပြီး ကလေးကို မဟုတ်တရုတ် နိမိတ်ဖတ်မယ် မကြံနဲ့.. နာမယ်.. ဟွန်းးး…”

မောင် ဘယ်လိုပင် ပေါ့ပေါ့ ပြောသော်လည်း ခိုင်ကတော့ဖြင့် ရင်ထဲ မအေးလှပါ။ ဖတ်ဖူး မှတ်ဖူးသော စာအုပ်များနှင့် အရပ်ပြောစကားများ မှားပါစေ ဟုသာ တွေးနေမိသည်။ နှင်းဖွေးဖွေး ဟူသော ချစ်စရာ အမည်လေးနှင့် သမီးငယ်လေး၏ ရှုရှုးဖင်ကလေးတွင် မှဲ့နက် လေးက ထင်းနေသည်လေ။

.........................................................................................

အခန်း ( ၅ )

“ ဖွေးဖွေး ရေ.. မိဖွေး.. ဘယ်ရောက်နေပြန်လဲ ဒီကောင်မလေး…”

“ လာပြီ ဘွားလေး.. လာ ပြီ လာ ပြီ…”

“ ညည်း ဘာလုပ်နေတာလဲ… ဒီမှာ ခေါ်နေတာ လည်ချောင်း ကွဲတော့မယ်…”

“ အပေါ်ထပ်မှာ ကြမ်းတိုက်နေတာပါ ဘွားလေး…”

“ ညည်းအမ အဝတ်တွေကော မီးပူတိုက်ပြီးပြီလား…”

“ ညနေ ကျူရှင်က ပြန်လာမှ တိုက် မလို့…”

“ ကျူရှင်က အပြန် စျေးဝင် ဝယ်ခဲ့ဦး.. ရေးပြီးပြီလား ဝယ်ရမယ့် စာရင်း..”

“ ဟုတ်ကဲ့ပါ.. စာရင်းက ခဏနေ သွားခါနီးရင် ရေးမှာပါ ဘွားလေးရဲ့..”

“ ဘာ ခိုင်းလိုက်ခိုင်းလိုက် သွက်သွက်လက်လက် တစ်ချက်မှ မရှိဘူး၊ ပြောလိုက်ရင် ပါးစပ်က ဟုတ်ကဲ့ ဆိုပြီး ပြန်ကြည့်တဲ့ အချိုးကိုပြင်ထား မိဖွေးဖွေး.. စနေဂြိုဟ်မ..”

မြည်တွန်တောက်တီးရင်း ထွက်သွားသော ဘွားလေးကို ခေါင်းငုံ့ထားလျှက်မှ ပေစောင်း ကြည့်မိသည်။ 

“ စနေဂြိုဟ်မ.. စနေဂြိုဟ်မ.. စနေဂြိုဟ်မ..” 

ဟူသည့် စကားက နားထဲမှ မထွက်။ သည်အိမ်တွင် မေမေရယ်၊ မွှေးရယ်၊ ဘွားလေး နှင့် ဖွေး.. စုစုပေါင်း မိန်းမသား လေးဦးသာ ရှိသည်။ သည်မိသားစု လေးဦးတွင် ဖွေးက အပယ်ခံ။ မေမေကတော့ မိခင်ပီပီ ဖွေးကို ထိုက်သင့်သလောက် ချစ်ကောင်း ချစ်ပါလိမ့်မည်။ မေမေ့ အဒေါ်ဝမ်းကွဲဖြစ်သူ ဘွားလေးကတော့ မွှေးမှ မွှေး။ စာတော်ပြီး အနေအထိုင် သိမ်မွေ့သော မွှေးကို လိုတာထက်ပိုပြီး အရေးပေး၏။ 

မွှေးကလည်း အလိုက် သိတတ်လွန်းသည်လေ။ မေမေနှင့် ဘွားလေး ထံမှ အရေးပေးမှုနှင့် အချစ်ကိုရဘို့ နေတတ် ထိုင်တတ်သည်။ အောင်မြင်သော စီးပွားရေး လုပ်ငန်းများကို တစ်ဦးတည်း လုပ်ကိုင်နေရသည့် မေမေကတော့ အိမ်တွင်းရေးများကို သိပ်အာရုံ မထည့်နိုင်အားပေ။ သမီးနှစ်ယောက်၏ အနေအထိုင်၊ ပညာရေး အစစအရာရာ အဒေါ်ဖြစ်သူ လက်ကို အပ်ထားရသည်။ ယောကျ်ားသားများနှင့် ယှဉ်ကာ စီးပွား ရှာနေရသည့်မေမေ၊ မိုးလင်း မိုးချုပ် အလုပ်နှင့်သာ အချိန်ကုန်နေရသည်မို့ သမီးများနှင့် ကုန်ဆုံးရန် ကိုယ်ပိုင်ချိန်ဟူ၍ပင်မရှိ။

သမီးများနှင့် ပတ်သက်၍ ဘွားလေး ပြောသမျှ သာ အတည်ဖြစ်ရသည့် မေမေ့အတွက် ဖွေးက တကယ်ပဲ စနေဂြိုဟ်မလေးပေလား။ မေးကြောများ ထောင်လာသည်အထိ အံကျိတ်ထားရင်း လှိုက်တက်လာသည့် ဝမ်းနည်းမှုတို့ကို ခွန်အား အဖြစ်ပြောင်းယူလိုက်သည်။ ဒါက ဖွေးကို အလွန်ချစ်သော ဖေဖေ မှာခဲ့သည့်စကား။ ဝမ်းနည်းစရာ ကြုံလာတိုင်း၊ တနည်းအားဖြင့် “စနေဂြိုဟ်မ” ဟူသည့် စကားလုံးကို ကြားရချိန်တိုင်း သွားလေသူ ဖေဖေ့ကို တမ်းတကာ မျက်ရည်ကျမိသည်။ 

လူ့လောကထဲသို့ တပြိုင်နက် ရောက်လာရသူချင်းတူတူ (၁၀) မိနစ်တည်းသော အချိန်ကလေးကြောင့် စနေသမီး ဖြစ်ခဲ့ရသော နှင်းဖွေးဖွေး..။ သည်မိသားစုတွင် ကြုံလာသည့် အဆိုးဟူသမျှ စနေသမီး၏ ဂြိုဟ်ဆိုးကြောင့် ဖြစ်ခဲ့ရသည်။ ထမင်း ပန်ကန်တစ်ချပ် ကျကွဲသည့် ကိစ္စလေးမှသည် ဖွေးတို့ ညီအမ ဆယ်တန်းအောင်သည့် နှစ်က ကားအက်ဆီးဒင့်နှင့် ဖေဖေ ဆုံးပါးသွားရသည့် ကိစ္စအထိ စနေသမီး ဖွေး၏ ဂြိုဟ်ဆိုးက တရားခံ။

ကျလုလု မျက်ရည်တို့ကို ခါထုတ်ပစ်ရင်း တောက် တစ်ချက် ခေါက်မိသည်။ ဝမ်းနည်းခြင်း အနည်အနှစ်တို့က ခွန်အား ဖြစ်မလာဘဲ ဒေါသအဖြစ် ပြောင်းလဲ ကုန်၏။အများ အမြင်တွင်မတော့ မိမိက အထည်ချုပ်လုပ်ငန်းပိုင်ရှင် ဒေါ်မိမိခိုင်၏ သမီး၊ တနည်းအားဖြင့် သူဌေးသမီးပေါ့လေ။ အိမ်တွင် အလုပ်သမား ခေါ်ထားနိုင်ပါလျက် ဖေဖေ ဆုံးပြီးကတည်းက ရှိပြီးသား လူဟောင်းများကိုပင် ဖြုတ်ပစ်ကာ ဖွေးတို့ ညီအစ်မကို အိမ်မှုကိစ္စ ကူစေရန် ဘွားလေး စီစဉ်ခဲ့သည်။ 

မိန်းမသားများချည်းသာနေသည့် သည်အိမ်တွင် အိမ်ဖော် ထားရန် မလို တဲ့။ ဘွားလေး ဆုံးဖြတ်ချက်က မမှားသည်မို့ မေမေ မငြင်းခဲ့။ သို့သော် ခက်သည်က ချက်ရေးပြုတ်ရေးတွင် ဘွားလေးကို လက်တိုလက်တောင်း ကူရသည်မှ အစ ကျန်အိမ်မှုကိစ္စ ဗာဟီရအားလုံး ဖွေး တစ်ယောက်တည်း လုပ်ရသည်။ ဆေးကျောင်းသူ မွှေးက သူ့စာနှင့်သူပင် အနိုင်နိုင်လေ။ 

ဘီအေဘွဲ့လေး တစ်ခုရထားပြီး အလုပ်အကိုင်မရှိ၊ ဟိုဟိုဒီဒီ သင်တန်းလေးတွေ လိုက်တက်နေသည့် ဖွေးက ဆရာဝန်လောင်း အမဖြစ်သူ၏ ခိုင်းဖတ်။ ပြောင်လက်နေပြီးသား ပါကေးကြမ်းခင်းကို ဆောင့်ကြီးအောင့်ကြီး ပွတ်တိုက်ရင်း ကြမ်းပြင်တွင် ခပ်ရေးရေး မြင်နေရသည့် မိမိ ပုံရိပ်က စိတ်အစဉ်ကို အတိတ်သို့ ခေတ္တ ခေါ်သွားပြန်၏။

ဖွေးတို့ ညီအမကို မွေးသည့် နှစ်မှာပင် ဖေဖေ အလုပ်တွင် ရာထူးတိုးသည်။ ဖွေးတို့ ညီအမအတွက် ဘွားလေးက အနီးကပ် စောင့်ရှောက်နေသဖြင့် မေမေလည်း အလုပ်မှ အနားယူစရာ မလိုခဲ့။ ဖွေးတို့ အသက် (၂) နှစ် သမီးတွင် နိုင်ငံခြားရှိ ကုမ္မဏီ ရုံးခွဲ၌ တာဝန်ထမ်းဆောင်ရန် ဖေဖေ ရွေးချယ်ခြင်း ခံရသည်။ လစာဝင်ငွေလည်း သုံးလေးဆ မက တိုးခဲ့သည်ဖြစ်ရာ အစုဆောင်း ကောင်းသည့် မေမေ့ အရည်ချင်းနှင့် ပေါင်းလိုက်တော့ ဖွေးတို့မိသားစု အတော်အသင့် ပြည့်စုံခဲ့၏။ ဤသို့သော ကံကောင်းခြင်းတွေ အားလုံးက သည်မိသားစု၏ lucky person မွှေး ခေါ် သင်းသင်းမွှေး ၏ ကံကြမ္မာ ကောင်းခြင်းကြောင့်။ 

သည် အယူအစွဲကို ထောက်ခံသည့် အကြောင်းရင်း တစ်ရပ်ကလည်း ပေါ်ခဲ့သေးသည်။ ဖွေးတို့ ညီအမ မူကြို တက်တော့ မူကြိုကျောင်းတွင် ထီလုပ်ငန်း ပိုင်ရှင် မိသားစုမှ ကလေးငယ်တစ်ဦးက မွေးနေ့ အမှတ်တရအဖြစ် လက်ဆောင် အရုပ်များ မုန့်များ အပြင် ထီလက်မှတ်များ ဝေပေးသည်။ ဖွေးတို့ ညီအမ ရခဲ့သည့် ထီလက်မှတ် ( ၂ ) စောင် အနက်မှ တစ်စောင်က ထီဆုကြီး ပေါက်ခဲ့၏။

အမြွှာညီအမ နှစ်ယောက်ပေါင်း ထမင်းချိုင့် နှင့် ရေဗူး ထည့်သည့် ခြင်းတောင်းလေး တစ်လုံး တွင် ညီအမ နှစ်ယောက်စာအတွက် ဆရာမ ထည့်ပေးလိုက်သည့် ထီလက်မှတ် နှစ်စောင် အနက်မှ တစ်စောင်က ကံထူးသွားခြင်း ဖြစ်သော်လည်း ထို ကံကောင်းခြင်းက မွှေး ခေါ် သင်းသင်းမွှေး၏ ကံကြမ္မာ ကောင်းခြင်းကြောင့်ပင် ဖြစ်ခဲ့ရပြန်၏။ တကယ်တမ်း ထိုဖြစ်ရပ်တွေက သုံးနှစ်သမီးလေး နှင်းဖွေးဖွေး၏ ဦးဏှောက်သေးသေးလေးတွင် မှတ်မှတ်ရရ မရှိခဲ့သော်လည်း ဖေဖေ ဆုံးပြီးနောက် ဘွားလေး၏ ကံကြမ္မာ သရုပ်ခွဲ မှတ်တမ်းစကားများက ဖွေး အတွက် မသိမသာ စိတ်ဒဏ်ရာ ပေးခဲ့လေသည်။

ထီပေါက်သည့် အခွင့်အရေးကို မိမိရရ အသုံးချလိုသော မေမေက ကုမ္မဏီ မှ အလုပ်ထွက်ကာ အထည်ဆိုင်လေး တစ်ခုဖြင့် ကိုယ်ပိုင် စီးပွားရေးကို စတင်ခဲ့သည်။ အိမ်မှု ကိစ္စနှင့် ကလေးနှစ်ယောက် တာဝန်အတွက် ဘွားလေးကို ကူရန် နယ်ဘက်မှ အလုပ်သမလေးတစ်ဦး မေမေ ခေါ်ဖြစ်ခဲ့၏။ ဖေဖေက အဝေးတွင် ရောက်နေချိန်၊ မေမေက စီးပွားရေးဘက် အာရုံစိုက်နေရချိန်များတွင် ဘွားလေးထံမှ မျက်နှာကောင်းရလေ့မရှိသည့် ဖွေးအတွက် အိမ်အကူ နော်အယ်ဝါး (ဖွေး အခေါ် မမနော်) က ဖွေးအတွက် အကောင်းဆုံး အဖော်ဖြစ်ခဲ့ပါသည်။

သည်လိုနှင့် မူလတန်း ကျောင်းတက်သည့် အရွယ်ရောက်တော့လည်း စာတော်သည့် မွှေးက အတန်းထဲတွင် အမြဲ အဆင့် (၁) ရသည်။ စာမေးပွဲ ဆိုတာ ဖြေတာက ကိုယ့် အလုပ် စစ်တာက ဆရာမ အလုပ်ဟုသာ ခပ်ပေါ့ပေါ့ ခံယူသော ဖွေးကတော့ ဘယ် ဘာသာမှ အမှတ် (၆၀) မပြည့်စဖူး။

ဖွေးကလည်း ဖွေး ပင်။ ညီအမ နှစ်ယောက် အတွက် အိမ်တွင် ဆရာမ ငှားကာ ကျူရှင် သင်ချိန်များတွင် ဖွေး၏ အာရုံတစ်ဝက်က မွှေးနှင့် ယှဉ်ကာ မိမိကို ဆူသောငေါက်သော ဆရာမ ထံမှာ ထက် မိမိလိုချင်သမျှ အနွံတာခံ အလိုလိုက်သော မနော် ဆီမှာ။ ဆရာမကိုယ်တိုင်ကလည်း ဉာဏ်ကောင်းသူကိုမှ မြင့်သထက် မြင့်အောင် မြှင့်လိုခြင်းပေလား၊ အိမ်တော်ထိန်း ဘွားလေး၏ အရိပ်အကဲကို နားလည်ခြင်းပေလား၊ အမြွာညီအမ နှစ်ဦးအပေါ် ဆက်ဆံပုံခြင်းက မတူ။ 

ငယ်စဉ် ကလေးဘဝ ကတည်းက ကံကြမ္မာခြင်းယှဉ်က ခွဲခြား သတ်မှတ်ခံခဲ့ရသည့် ဖွေး၏ စိတ်က တစထက်တစ ညစ်ကျယ်ကျယ် ဖြစ်လာခဲ့သည်။ ဖွေးတို့ ညီအမ ငါးတန်း နှစ်တွင် ဖေဖေ မြန်မာပြည် ရုံးသို့ ပြန်ရောက်လာ၏။ မေမေ့ ဆိုင်ကလည်း အတော် အသင့်မက အောင်မြင်နေပြီ ဖြစ်ရာ ဖေဖေ စုဆောင်းလာသည့် ငွေများ ထပ်မံဖြည့်စွက်ပြီး အထည်ချုပ် လုပ်ငန်းလေးတစ်ခု ထူထောင်ဖြစ်ကြသည်။ ဆေးစက်ကျရာ အရုပ်ထင်နေသည့် အချိန်ကာလများတွင် စနေဂြိုဟ်၏ အဆိုးများ တဒင်္ဂ ငုပ်လျှိုးလျက်..။ 

တကယ်က ကံကြမ္မာသည် လူ့ အရည်အချင်း ဟု တထစ်ချ ယုံကြည်ထားသော ဖေဖေ့ စိတ်ဓာတ်ကို ဘွားလေး ကြောက်ရခြင်းသာ ။ဖေဖေ ပြန်ရောက်လာပြီးသည့်နောက်ပိုင်းနှင့် ဆယ်တန်း အောင်စာရင်း မထွက်မီ ညအထိက ဖွေး၏ ဘဝတွင် အပျော်ဆုံး အချိန်များ ဖြစ်ခဲ့သည်။ ဖေဖေ့ လက်မောင်းကို ချိတ်ခိုတွဲရင်း ဘွားလေးကို မထိတထိ အကြည့်များနှင့် ကလိရခြင်းက ဖွေးအတွက် အရသာအရှိဆုံးပင်။ ဖေဖေကတော့ သမီး နှစ်ယောက်လုံးကို တန်းတူ ချစ်ပုံရပါသည်။ 

အထူးသဖြင့် သူ မရှိခင် အချိန်များက ဘွားလေး အနှိမ်ခံရသော ဖွေးကို ပို၏။ သတ္တိရှိ၍ သွက်လက်ချက်ချာသော ဖွေးကို သားယောကျင်္ားလေး တစ်ဦးလိုပင် ဆက်ဆံသည်။ ဆယ်တန်းအောင်စာရင်း မထွက်မီညက ဖေဖေ အလုပ်ကိစ္စနှင့် နေပြည်တော်တွင် ရောက်နေ၏။ 

မနက်ဖြန် အောင်စာရင်း ထွက်မည်မို့ ညတွင်းချင်း ပြန်လာရန် ဖွေးတို့ ညီအစ်မ ဖေဖေ့ကို ဖုန်းဆက်မိသည်။ အကယ်၍များ ထိုညက ဖေဖေ့ဆီ မရမက ဖုန်းဆက်ခဲ့မိသူမှာ စနေသမီး နှင်းဖွေးဖွေး မဟုတ်ခဲ့ပါလျှင်….။ နောင်တ အတွေးများ ကြားတွင် ထိုတုန်းက စကားသံများက ဖွေး နားထဲသို့ ပဲ့တင် ထပ်လာပြန်သည်။

“ နက်ဖြန် အောင်စာရင်း ထွက်မယ်တဲ့.. နင် ရင် မခုန်ဘူးလား ဖွေး..”

“ အောင်စာရင်း ထွက်တာပဲ ရင်ခုန်ရအောင် ရည်းစားစကား အပြောခံရတာမှ မဟုတ်ဘဲ..”

“ နင်ကတော့လေ.. ပြောလိုက်ရင် အမြဲ ပျက်ချော်ချော်..”

“ ဟုတ်ပါပြီ ဗြောက်ချိတ်ရယ်.. နင်ပဲ လေးနက်ပါ.. ငါက နင့်လို စိတ်ဖိစီး မခံနိုင်ဘူး..”

“ ဖေဖေ့ဆီ ဖုန်းဆက်ရအောင် ဖွေးရယ်.. ဘယ်နေ့ ပြန်လာမလဲလို့လေ..”

“ ဒီရက်ထဲ ပြန်လာမယ် ပြောထားသားပဲ မွှေးရာ.. နင်ကလည်း..”

ဖွေး စကား မဆုံးမီပင် မွှေးလက်က ဖုန်းကို နှိပ်ပြီး နှင့်ပြီ။ တစ်ဘက်မှ ဖေဖေ ချက်ချင်း ပြန်ထူးပုံရ၏။ ထိုစဉ် အောက်ထပ်မှ ဘွားလေး လှမ်းအော်သံ ကြားလိုက်သည်။ မွှေး အတွက် ဖုန်းလာနေသည် တဲ့။ မနက်အောင်စာရင်း ထွက်မည်မို့ ဘာသာစုံ ဂုဏ်ထူးမျှော်မှန်းထားသူ သင်းသင်းမွှေး ထံသို့ ညနေကတည်းက လာလိုက်ကြသည့် ဖုန်းတွေ။ 

အိမ်လိုင်းဖုန်းနှင့် ညီအမနှစ်ဦး သုံးရန် ဖေဖေ ဝယ်ပေးထားသည့် ဟန်းဖုန်းလေးအပြင် မေမေ့ ဖုန်းပါ မနားရ။ ခုလည်း ဖွေးတို့ ဟန်းဖုန်းလေးက ဖေဖေ့ထံ ဝင်နေ၍ တစ်ဦးဦးက လိုင်းကို လှမ်းဆက်ခြင်း ဖြစ်မည်။ မွှေးတစ်ယောက် ဖုန်းလေးကို ဖွေးလက်ထဲ ထိုးထည့်ကာ ချက်ချင်း ထ ထွက်သွားသည်။ လက်မှလည်း ဆက်ပြောရန် လက်ဟန်ခြေဟန် ပြလိုက်သေး၏။ 

“ တော်တော် အရေးကြီးနေတယ်.. မုန်းစရာ ကောင်းလိုက်တာ..”

စိတ်မှ ရေရွတ်ရင်း အမဖြစ်သူကို မျက်စောင်း ထိုးမိသည်။ ဖုန်းလေးကို နားမှာ ကပ်လိုက်တော့ တစ်ဘက်မှ ဖေဖေက ပြန်ပြောနေပြီ။“အွန်း.. ဘယ်သူလည်း သမီး.. ဖွေးလား.. မွှေးလား..”

“ ဖွေးပါ ဖေဖေ..”

“ အေး.. ပြော သမီး.. ဘာမှာမလဲ..”

“ ဖေချစ် ဘယ်တော့ ပြန်လာမလဲလို့ပါ..”

“ ညနေကပဲ အလုပ်တွေ လက်စ သတ်ပြီးတယ် သမီးရဲ့.. မနက် ပြန်ဆင်းလာမယ်လေ..”

“ နက်ဖြန် သမီးတို့ အောင်စာရင်း ထွက်မယ်တဲ့ ဖေရဲ့.. ခုည ပြန်လာလိုက် ပြီးရော..”

“ အွန်.. ဟုတ်လား.. ဖေဖေ မနားရတော့ဘူးလား သမီးငယ်ရဲ့..”

“ အာ.. ဖေချစ်ကလည်း အိမ်ရောက်မှ အတိုးချ နားပေါ့ လို့.. အဆင်ပြေရင် ပြန်လာပါ ဖေရာ နော်..”

သည်လို ဇွတ်တရွတ် ဘာကြောင့် ပြောမိသွားမှန်း ဖွေး မစဉ်းစားတတ်ခဲ့ပါ။ တကယ်တမ်း တွေးကြည့်တော့ ဖွေးက ဆယ်တန်းစာမေးပွဲကို အအိပ် အစား မပျက်ဘဲ ဖြေခဲ့ခြင်းသာ။ ယခုလည်း ဆောက်တည်ရာ မရလောက်အောင် ရင်ခုန်နေသူက မိမိ မဟုတ်။ ဖေဖေ ထံမှ ပြန်လာမည်ဟု ကတိစကား ရသည်အထိ ဖွေး ဂျီကျခဲ့မိသည်။ ဖေဖေ ဖုန်းချသွားတော့မှ အောက်ထပ်သို့ဆင်းကာ မွှေးလက်ထဲသို့ ဖုန်းထည့်ရင်း 

“ အွန့်.. ပြန်လာမယ်တဲ့.. အခု ထွက်လာခဲ့မယ်တဲ့..”

သူငယ်ချင်းနှင့် ဖုန်းပြောနေသည့် မွှေးက ခေါင်းငြိမ့်ရင်း လက်မ ပြန်ထောင်ပြသည်။ 

“ ဖေဖေလား ဖွေး..” 

မေမေ မေးလိုက်သော စကားကို ကြားတော့ ဘွားလေးက

“ မိဖွေးဖွေး.. အလုပ်များတဲ့ ဖအေကို ညချင်း ပြန်လာဘို့ ပူဆာပြန်ပြီလား ဟုတ်လား.. ညည်းကတော့လေ.. တကယ့်ကို မလွယ်ကြောပဲ..” 

မြည်တွန်တောက်တီးရင်း ကျန်ခဲ့သော ဘွားလေးကို ပုခုံးတချက် တွန့်ပြကာ အပေါ်ထပ်သို့ ပြန်တက်လာခဲ့၏။ တကယ်တမ်း ထိုညက ဖေဖေပြောခဲ့သည့် 

“ အခု ထွက်လာမယ်..” 

ဟူသည့် စကားသံသည် ဖွေး ဘဝအတွက် နောက်ဆုံး ကြားရသည့် ဖေဖေ့ အသံဖြစ်ကြောင်း ကြိုသိခဲ့ပါလျှင်..။နောက်နေ့ နံနက် အရုံတက်ချိန်တွင် တစ်ရပ်ကွက်လုံးရှိ ဆယ်တန်း ဖြေထားသောကျောင်းသား အားလုံးနီးပါး လမ်းပေါ် ရောက်နေကြပြီ။ အော်ဟစ်ပျော်ရွှင်နေကြသူများ ရှိသလို ခပ်ကုပ်ကုပ် အိမ်ပြန်လာသူများလည်း ရှိသည်ပေါ့လေ။ 

ဆယ်တန်းအောင်စာရင်းကို မိမိနှင့် မဆိုင်သလို သဘောထားသည့် ဖွေးက အိပ်ရာထဲတွင် ဇိမ်ကျနေဆဲ။ ဖေဖေ့ကို မျှော်ရင်း တိတ်ဆိတ်နေသည့် ဖွေးတို့ အိမ်သို့ သတင်းနှစ်ခု တပြိုင်နက်ရောက်လာ၏။ သင်းသင်းမွှေးတစ်ယောက် မျှော်မှန်းထားသည့်အတိုင်း ဘာသာစုံ ဂုဏ်ထူးဖြင့် အောင်မြင်ကြောင်း သတင်းကောင်းနှင့်အတူ နေပြည်တော်မှ ရန်ကုန်အပြန်၊ အမြန်လမ်းမကြီး တစ်နေရာတွင် ယာဉ်မတော်တဆမှုကြောင့် ချစ်ရသော ဖေဖေ နေရာတွင်ပင် ပွဲချင်းပြီး ကွယ်လွန်ခဲ့ကြောင်း သတင်းဆိုး…။

“ ရွှေတောင်ကြီး ပြိုကျလေသည်..” 

ဆိုသော စကားကို အကြိမ်ကြိမ် ကြားဖူးသော်လည်း မိမိ ကိုယ်တိုင် ခံစားရမည်ဟု ဖွေး မတွေးခဲ့ဘူးပါ။ ဖေဖေ့သတင်းကို ကြားကြားချင်း သွေးပျက်ထိတ်လန့်ကာ မေ့လဲကျသွားသည့် မေမေ..။ အသံ အကျယ်ကြီးနှင့် အော်ငိုလိုက်သည့် မွှေး..။ မိမိကို စားတော့ ဝါးတော့မတတ် မျက်လုံးများဖြင့် စိုက်ကြည့်နေသည့် ဘွားလေး..။ အားလုံး အလယ်တွင် အသံတိတ် အံကျိတ်ရင်း ခြေစုံရပ်နေမိသည့် ဖွေး..။ 

ဖေဖေ့ကားထဲမှ ရခဲ့သည့် ပစ္စည်းများထဲတွင် ဖွေး အကြိုက် နေပြည်တော် ဒေသထွက် သွားရည်စာဖြစ်သော ပဲချောင်းထုပ်လေးများ ပါလာခဲ့သည်။ သည်အိမ်တွင် မည်သူမျှ စားလေ့ မရှိသည့် မုန့်ကလေးများ၊ ဖွေးမှလွဲ၍ မည်သူမျှ မကြိုက်သည့် သည်မုန့်လေးတွေကို ဖွေး တစ်ယောက်တည်းအတွက် ဖေဖေ သတိတရ ဝယ်လာခဲ့ရှာသေးသည်။

ပြန်တွေးတိုင်း ကျမိသည့် မျက်ရည်တို့ကို သိမ်းရင်း ရေချိုးခန်းသို့ ဝင်ခဲ့၏။ ဖွေးအတွက် ရင်နာစရာ အတိတ်ကို ထိုင်တွေးကာ ငိုကြွေးနေဘို့ အချိန်မရှိပါ။ မိသားစု၏ ဖိနှိပ်ခံဘဝကို ထိုင်နာကျည်းနေဘို့ အချိန်လည်း မရှိပါ။ အားလုံးသော ခံစားချက်တို့ကို မြိုသိပ်ရင်း ဖွေး စိတ်ဓာတ်တို့ အသက်ထက် များစွာ ရင့်ကျက်ခဲ့သည်။ မိမိ ဆန္ဒရှိသည့် အရာမှန်သမျှ အခက်အခဲများကြားမှပင် ရအောင် လုပ်ယူသည်။ လက်တွေ့အားဖြင့် မရနိုင်လျှင် စိတ်ကူးနှင့် ဖန်တီးခံစားသည်။ 

အထူးသဖြင့် ဘွားလေး နှိပ်ကွပ်သမျှ မကျေနပ်ချက်များ။ အိမ်တွင် စာကျက်ရန် လာရောက်စုဝေးတတ်သည့် မွှေးသူငယ်ချင်း ဆေးကျောင်းသားများ၏ ခပ်နှိမ်နှိမ် အကြည့်များ။ မိမိအပေါ် ကျွန်တစ်ယောက်ပမာ တရင့်တသီး ဆက်ဆံကြပုံများ။ ထိုပုံစံ ထို အနေအထားများကို ဖွေး အလွန်မုန်းသည်။ သည့် အတွက် ဖွေး၏ စိတ်ထွက်ပေါက်က စိတ်ကူးယဉ်ခြင်း ဖြစ်လာ၏။ စိတ်ကူးထဲတွင် ငါ့ဘဝ၊ ငါသာ အရှင်သခင်။ 

ပတ်ဝန်းကျင်မှ လူ အားလုံး (မေမေ မှ လွဲ၍) ဖွေး အလိုရှိရာမှန်သမျှ ဖြည့်ဆည်းရသော၊ ဖွေး စေညွှန်သမျှ နာခံရသော ဖွေး၏ အစေခံများ။ ဖွေး စိတ်တိုင်းမကျလျှင် ဒဏ်ပေးခြင်း ခံရသော အပြစ်သားများ။ တကယ်တမ်း သည်နေ့ အထိတော့ ဖွေး၏ စိတ်ကူးများသည် စိတ်ကူးယဉ်ခြင်း သက်သက်သာ ဖြစ်နေပါသေးသည်။

................................................................................................................

အခန်း ( ၆ )

ရေမိုးချိုး ပြင်ဆင်ပြီး ကျူရှင်သွားရန် ဆင်းလာခဲ့သည်။ ညီအစ်မနှစ်ဦး အနက် အစ်မဖြစ်သူက ဆရာဝန်လောင်းတစ်ဦးမို့ မေမေ့ စီးပွားရေး လုပ်ငန်းများကို ဆက်လက်ဦးဆောင်ရန် တာဝန်က ဖွေးအပေါ် အလိုလို ကျရောက်လာခဲ့၏။ မိမိကို အထင်မကြီးသော ဘွားလေး ရှေ့တွင် အောင်မြင်သည့် အမျိုးသမီး လူငယ်စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်အောင် ကြိုးစားပြရန် ဖွေး ဆုံးဖြတ်ထားသည်။ 

သည့်အတွက် စီးပွားရေးနှင့် လုပ်ငန်းပိုင်းဆိုင်ရာ စီမံအုပ်ချုပ်ရေး သင်တန်းများ ဖွေး တက်ဖြစ်၏။ ဘွားလေးကတော့ ငယ်စဉ်ကတည်းက ခပ်ပေါ့ပေါ့ နေခဲ့သည့် စရိုက်ကြောင့် ဖွေး လုပ်နေသမျှသည် အချိန်နှင့် ငွေကို ဖြုန်းတီးခြင်း သက်သက်ဟုသာ စွပ်စွဲလေ့ရှိသည်။

“ ဒီနေ့ နည်းနည်း နောက်ကျတယ်နော်..”

“ အင်း..”

တက္ကစီပေါ်မှ ဆင်းဆင်းချင်း အနားရောက်လာပြီး ခပ်တိုးတိုး နှုတ်ဆက်လိုက်သူက စူးရှ..။ နံမည်ကသာ စူးရှ သော်လည်း လူကဖြင့် ကြည့်လိုက်လျှင် ဘယ်တော့မှ အရောင်မထွက်။ ဖွေး၏ အချစ်ဆုံး သူငယ်ချင်းဖြစ်သူ မာလာကတော့ 

“ နင့်စိတ်က ထင်နေတာပါဟယ်.. ဒီလောက်ကြီးလည်း မဟုတ်ပါဘူး..” 

ဟု ပြောသည်။ တကယ်တမ်းအားဖြင့် စူးရှ ဆိုသော ကောင်လေးသည် အရပ် မြင့်မြင့်၊ မဖြူလွန်း မညိုလွန်းသော အသားအရောင်နှင့် ကျစ်လစ်သည့် ကိုယ်နေဟန်ထားတို့ကြောင့် ကြည့်ကောင်းသော ယောကျ်ားတစ်ယောက်ဟု ဆိုနိုင်ပါသည်။ သို့သော် ဘာကြောင့်မှန်းမသိ၊ သူ့မျက်နှာပေါ်တွင် တစ်စုံတစ်ခုကို ဆုံးရှုံးထားခြင်း.. ဆုံးရှုံးထားခြင်း ဆိုတာထက် အရှုံးပေး ထားသည့် အရိပ်အရောင်များ ပေါ်နေသလိုလို။ 

အထူးသဖြင့် ဖွေးကို တွေ့လျှင် ခိုးကြောင်ခိုးဝှက် ကြည့်တတ်သည့် မျက်ဝန်းညိုညိုများ။ ဖွေးဘက်မှ ခပ်တင်းတင်း အကြည့်တို့ဖြင့် တုန့်ပြန်လိုက်တိုင်း ငုပ်လျှိုးဝပ်စင်းသွားသော သူ့မျက်လုံးများကို ဖွေး အသည်းယားလှပါသည်။

ယခုလည်း ကားပေါ်မှ ဆင်းလာသည့်ဖွေးကို နှုတ်ဆက်ပုံက အတန်းဖော် သူငယ်ချင်း တစ်ဦးနှင့်မတူ။ လုပ်ငန်းခွင်သို့ စစ်ဆေးရန် ရောက်လာသော သူဌေးကို ဦးညွှတ် ကြိုဆိုနေသည့် ဒလဝမ်ရုပ် ပေါက်နေ၏။ ဒါတောင် ဖွေးက မိမိအတွက်ဆိုလျှင် ဘယ်တော့မှ မအားတတ်သော အိမ်က ကားကို စီးခဲလှသူ။ ဖွံ့ထွား ပြည့်ဖြိုးလှသည့် ကိုယ်နေဟန်ထားကြောင့် ဘတ်စ်ကား တိုးစီးရမှာလည်း အာရုံနောက်မိသဖြင့် ဖွေး ဘယ်သွားသွား တက္ကစီ ကိုသာ အားကိုးရသည်။ 

စူးရှ က ဖွေးတို့ ကျူရှင်မှ ကွန်ပြူတာသင်တန်းဆရာ၏ တူ ဖြစ်သည်။ ငယ်စဉ်ကတည်းက မိဘများ ဆုံးပါးသည်လား ကွဲနေသည်လား သေသေချာချာ မသိသော်လည်း ဦးလေးအိမ်တွင် နေရင်း ပညာသင်ရသည်မို့ ဘေးလူ၏ မျက်နှာ အရိပ်အချည်ကို သိတတ်လွန်းခြင်းပေလား။ အခြား သူငယ်ချင်းများကိုလည်း အနစ်နာ ခံတတ်သော စူးရှ..။ မိမိကိုတော့ နဲနဲ ပိုသည်ဟု ဖွေး ခံစားမိသည်။

“ မာလာ ရောက်ပြီလား စူးရှ..”

“ အွန်း.. ဆိုင်ကစောင့်မယ်တဲ့..”

“ ရော့.. ကိုင်ပေး..”

လက်ထဲက ဖိုင်အိတ်ကို သူ့လက်ထဲ ထိုးထည့်ပေးရင်း ရှေ့မှ ခြေတစ်လှမ်း ကျောကာ လျှောက်လာခဲ့သည်။ ခေါင်းငုံ့၍ ခပ်ကုပ်ကုပ် လိုက်ပါလာသော စူးရှ၊ မိမိ နောက်ပိုင်းအလှကို ခိုးကြည့်နေမှာ မလွဲပေ။ ချစ်သူရည်းစား မထားဘူးသေးလို့ပဲလား.. မိမိပင်ကိုယ်စိတ် ကိုယ်တိုင်က တစ်ဘက်သားအပေါ် ရန်လိုအကျင့် ရှိခြင်းကြောင့်ပဲလား.. မိမိ၏ ရှိုက်ဖိုကြီးငယ်တို့ကို ခေါ်တော တစ်ထောင်အားနှင့် ရှုစားတတ်သည့် ငနဲများကို ဖွေး အလွန်မုန်းသည်။ အလှတော့လည်း ကြိုက်ပြန်၏။ လှအောင်လည်း ပြင်တတ်ပါ၏။ 

လှလို့ငေးကြတာကို မသာယာတတ်ဘဲ ဒေါကန် တတ်သည့် ကိုယ့်စိတ် ကိုယ်လည်း နားမလည်။ သို့သော် စူးရှအပေါ်တွင် သည်လို အမုန်းစိတ်မျိုး မဖြစ်မိ။ သူ ဖွေးကို ခိုးကြည့်တတ်မှန်း သိသိနှင့်ပင် သူကြည့်ချင်အောင် တမင် နေပြမိသည်။ ကိုယ့်အကြောင်းနှင့်ကိုယ် အိမ်မှာ စိတ်တိုလာပြီး သူ့ကို မဆီမဆိုင် အပြစ်ရှာ ရန်လုပ်ရတာကိုလည်း နှစ်သက်မိသလိုပင်။ ကျူရှင်ခန်းရှိရာ တိုက်အောက်မှ ထိုင်နေကျ ကော်ဖီဆိုင်လေး အရောက်တွင် ကြိုတင်ရောက်နှင့် နေသည့် မာလာက.

“ ငါတို့က နင် ဒီနေ့ မလာတော့ဘူးတောင် ထင်နေတာ..”

“ အင်း.. အိမ်မှာ အလုပ်နဲနဲ များနေလို့ နောက်ကျသွားတာ..”

“ မွှေး လိုက်ပို့တာလား ဖွေး..”

“ ဟုတ်မယ် အားကြီး.. ငါ့ဘာငါ တက္ကဆီနဲ့လာတာ..”

ဖွေးနောက်မှ ခပ်ခွာခွာ လိုက်လာသည့် စူးရှ.. ဆိုင်ပေါက်ဝတွင် အတန်းထဲမှ ကောင်လေး တစ်ယောက်နှင့် နှုတ်ဆက်နေသေးသည်။ 

“ စူးရှ.. ငါ့ဘို့ Ice coffee သွားယူပေး..” 

အနားရောက်လာပြီး ထိုင်တောင် မထိုင်ရသေးသည့် သူ့ကို ခပ်တည်တည်နှင့် ပြောလိုက်၏။ အားနာသွားဟန်ရှိသော မာလာက..

“ နင်ကလည်းဟယ်.. ဝိတ်တာလာမှာပေါ့.. ဘယ်လိုများဖြစ်နေလဲ..”

“ ဝိတ်တာလာဘို့.. မှာဘို့.. လာပြန်ပို့တာ စောင့်ဘို့.. အဆင့်က သုံးဆင့်.. စိတ်ရှည်ဘူး..”

“ မှားပါတယ် သခင်မရယ်.. ဟဲ့ ငါ့စိတ်ထင်လေ.. အဲ့ကောင် နင့်များ ကျိတ်ကြိုက်နေလား မသိဘူး..”

“ စူးရှ လား..”

“ အွန်းလေ..”

“ ဟာဟ.. ကြံကြံဖန်ဖန် မိမာရယ်.. နင်ပဲ တွေး တွေးတတ်တယ်..”

“ ငါ တကယ်ပြောတာဟ.. နင်မလာခင်ကလေ..”

“ အင်း ဘာဖြစ်လဲ.. ငါမလာခင်က.. မေးနေတယ်မှတ်လား ငါ့အကြောင်း တချိန်လုံး..”

“ ခိခိ.. နင်လည်း သူ့ကို စိတ်ထဲရှိနေပုံပဲ ဒါဆို..”

“ သေလိုက်ပါလား.. ကောင်မနော်..”

“ ဟဲ့.. ငါ အတည်ပြောတာ ဖွေးရဲ့.. သူ့ပုံစံက အတန်းထဲမှာလည်း အေးအေးဆေးဆေး နေတတ်တယ် ဆိုပေမယ့် နင့်ရှေ့ရောက်ရင် ပိုပြီး ငြိမ်ကုပ်သွားသလိုပဲ.. ငါတို့နှစ်ယောက်ကလွဲပြီး ဘယ်သူနဲ့မှလည်း သိပ်ရောရောနှောနှော မနေဘူးလေ..”

“ အဲ့တော့ နင့် ကြိုက်နေတာကော မဖြစ်နိုင်ဘူးလား ကဲ..”

“ သောက်ကောင်မ.. ငါ အကောင်း ပြောနေတာဟာကို..”

“ ဟားဟား.. ငါ သိပါတယ် မာရယ်.. ကိုယ့်ကို ဘယ်ကောင် ဘာစိတ်ဝင်နေလည်း မရိပ်မိ လောက်အောင် ငါ ငတုံးမှ မဟုတ်ဘဲ..”

“ ဟီဟိ.. ကောင်မ ပေါ်ပြီ.. ပြောစမ်း အာ့ဆို.. နင့်စိတ်ကကော သူ့အပေါ် ဘယ်လိုရှိလဲ..”

“ အွမ်းးး.. ငါ့ စိတ်ကလား.. ငါ့ စိတ် က.. ”

ဖွေးတစ်ယောက် မာလာ့ အမေးကို ပြန်ဖြေရန် တွေးတွေးဆဆ ချင့်ချိန်နေစဉ် ကော်ဖီခွက်လေး ကိုင်ထားသော စူးရှ ပြန်ရောက်လာ၏။ ကော်ဖီခွက်ကို ဖွေးရှေ့ ချပေးပြီး မျက်နှာချင်းဆိုင် ခုံတွင် ဝင်ထိုင်သည်။ လက်ထဲတွင်တော့ ဖွေး၏ ဖိုင်အိတ်လေးကို ကိုင်ထားဆဲ။ ဘာစကားမှ မပြောဘဲ ဆိုင်အပြင်ဘက်သို့ ခပ်ငေးငေး ကြည့်နေသော သူ့ကို မာလာက..

“ လက်ထဲက အိတ်က ချထားပါ စူးရှရယ်.. နင့် ပုံစံကြည့်ရတာ သတိဆွဲ တာဝန်ထမ်းဆောင်နေတဲ့ စစ်သား ကျနေတာပဲ..”

“ အာ နင်ကလဲ..”

ရှက်သွားသော စူးရှတစ်ယောက် အိတ်ကို ခုံပေါ်တင်ရန် ပြင်စဉ်..

“ အွမ်းးး ဟွန်းး.. တင် နဲ့.. ကိုင်ထား အိုက်တိုင်း..” 

ဖွေး ပါးစပ်ထဲမှ ကော်ဖီအေးတစ်ငုံကို အမြန်မြိုချပြီး ပြောလိုက်၏။ တစ်ယောက်ယောက်က ပြောလိုက်တိုင်း ရှက်သလို လန့်သလိုနှင့် ချက်ချင်း ထ လုပ်တတ်သော သူ့ရဲ့ အဲ့လိုပုံစံကိုပဲ ဖွေး အကြောမတည့်ခြင်းပင်။ 

“ ငါ အခု ဒါသောက်ပြီးရင် သွားမှာလေ.. ခဏလေးတောင် ကိုင်မထားနိုင်ရအောင် ငါ့အိတ်က ဘယ်လောက်များ လေးနေလို့လဲ..” 

ကုပ်ချိချိလိုလို ပြုံးစိစိလိုလို သူ့မျက်နှာကို မျက်စောင်းထိုးရင်း ပြောပစ်လိုက်သည်။ မာလာက စားပွဲအောက်မှနေ၍ ပေါင်ကို လှမ်း ဆိတ်၏။ မာလာ့ကိုပါ မျက်စောင်း ထိုးပစ်လိုက်သည်။ စူးရှတစ်ယောက် မျက်နှာကို တစ်ဘက်သို့ ခပ်စောင်းစောင်း လှည့်ကာ ပြုံးစိစိ လုပ်နေပြန်သည်။ သူ့ပုံစံက မိမိ စိတ်တိုတာကိုပဲ သဘောကျ နေသလိုလို။ သက်တူရွယ်တူ လူငယ်ချင်းဖြစ်ပြီး အေးတိအေးစက်နှင့် လူကြီးဂိုက် ဖမ်းနေသည့် သူ့ပုံစံက နေရင်းထိုင်ရင်း အော်ချင် ငေါက်ချင်နေသော  ဖွေးကို ပို၍ ဆွပေးနေသလိုပင်။

“ ဘာမှ မစားတော့ဘူးလား ဖွေး.. ငါတို့တောင် အစောလေးကတင် နန်းကြီးသုတ် စားထားပြီးပြီ..”

မာလာပြောလိုက်သော စကားကြောင့် စူးရှကို အကြောင်းမရှိ အကြောင်းရှာ ရစ်ချင်နေသည့် ဖွေး စိတ်ကူးတစ်ခု ရသွား၏။“အော.. ငါ့ မစောင့်ဘဲ စားနှင့်တယ်ပေါ့လေ.. ဟုတ်လား.. မာက ထားပါတော့ ဟိုဘက်ကျူရှင်က ကူးလာရတော့ ဆာလို့ စားတယ် ထား.. နင်က ငါ့ ဘာလို့ မစောင့်တာလဲ စူးရှ..”

“ အာ.. နင် ဒီနေ့ မလာတော့ဘူး ထင်လို့ပါ ဟာ..”

“ မနေ့က ငါ ပြောခဲ့လို့လား.. ဒီနေ့မလာဘူးလို့..”

“ ပြောတော့ မပြောခဲ့ဘူးလေ ဖွေးရယ်.. ဒါမယ့် ဒီနေ့မှ ကိစ္စပေါ်လာလို့ မလာဖြစ်တာမျိုးလားပေါ့.. အဲ့လိုပါ..”

“ မသိဘူးဟာ.. ငါ မကျေနပ်ဘူး..”

“ အယ်.. နင်ကလည်း ဖွေးရယ်.. နင်မလာတော့ဘူးထင်လို့ သူလည်း မစောင့်တာပါဟယ်.. အတန်းချိန်လည်း နီးနေပြီလေဟာ.. သူ စောင့်မယ်ပြောပါသေးတယ်ဟဲ့.. ငါ စားခိုင်းလို့ပါ..”

“ ဘာ…

အမှန်တော့ စူးရှကို ရစ်ချင်တာ သက်သက်သာဖြစ်ပါသည်။ သို့သော် မာလာ ဝင်ရှင်းကာမှ ဖွေး တကယ် ဒေါသ ထွက်သွားမိ၏။ မျက်နှာပေါ်မှ ခပ်ရှိန်းရှိန်း ခံစားချက်အရ မိမိ တကယ်စိတ်တိုပြီမှန်း ကိုယ့်ဘာသာ သိလိုက်သည်။ မာလာ ပြောလိုက်သည့် 

“ ငါ စားခိုင်းလို့ပါ..” 

ဟူသော စကားက နားထဲမှ မထွက်။ သောက်လက်စ ကော်ဖီခွက်ကို ခုံပေါ်ချကာ မျက်မှောင်ကျုံ့ စူပုပ် ထားလိုက်မိသည်။ စူးရှ မျက်နှာကိုလည်း စောင်ပေပေ ကြည့်နေလိုက်၏။ နင်လည်း ငါ့ကို အရေးမလုပ်ဘူးပေါ့ ဟုတ်လား စူးရှ.. စိတ်ထဲမှ သည်သို့ ပြောနေမိသည်။ ငါ့ကို မစောင့်ဘဲ သူ စားခိုင်းတိုင်း စားရလား ဟု အသံကုန် အော်ပစ်ချင်မိသည်။ ဘာမဟုတ်သည့် ကိစ္စလေးကို အကဲဆတ်မိသော မိမိစိတ်ကိုလည်း မကျေနပ်။ တကယ်တမ်း ဒီနေ့ အဘို့ ဖွေးမှာ တစ်ခုခုစားဘို့ အစီအစဉ်လည်း မရှိပါ။

“ စိတ်မဆိုးပါနဲ့ ဖွေးရယ်.. ကဲ.. နင်ကျေနပ်အောင် ငါ ဘာပြန်လုပ်ပေးရမလဲ.. ပြော…” 

မိမိကို ပြုံးကြည့်ရင်း ပြောလိုက်သည့် သူ့မျက်လုံးများက ရီဝေ လဲ့စိုနေသည်။ ဖွေး နှလုံးသားတို့ တလှပ်လှပ် တုန်ရီလာတော့၏။ တကယ်ပဲ ပေါက်ကရတစ်ခုခု ခိုင်းပစ်လိုက်ရမလား.. သူ လုပ်ချင်မှာ မဟုတ်မယ့် တစ်ခုခုပေါ့.. အထူး သဖြင့် မာလာ့ရှေ့မှာ သူ လုပ်ချင်မှာ မဟုတ်မယ့် တခုခု.. ဒါပေမယ့် ခိုင်းလိုက်မှ ငါ့ကို တကယ် စိတ်ဆိုးသွားရင်… … ….။ 

ဖွေး စိတ်ထဲတွင် အတွေးတွေရော၊ အမေးတွေပါ ယောက်ယက် ခတ်သွားသည်။ စောစောက ထွက်သွားရသော ဒေါသ အတွက်လည်း သူ့ထံမှ တစ်စုံတစ်ရာ ပြန်လိုချင်မိ၏။ မိမိဘဝတွင် ဒေါသထွက်တိုင်း ပေါက်ကွဲခွင့်အစား ကျိတ်ငို ခဲ့ရသည်ချည်းသာ မဟုတ်ပါလား။

“ ဟင်.. ဖွေး.. နင်ကျေနပ်အောင် ငါ တစ်ခုခု အလျော် ပေးမယ်လေဟာ နော်.. ကော်ဖီဘိုး ရှင်းပေးရမလား..” 

သူ ထပ်ပြောကာမှ ဖွေးစိတ်တို့ မယိုးမယွ ပိုဖြစ်လာမိသည်။ ကော်ဖီဘိုး ရှင်းခိုင်းရုံလောက်နဲ့ ငါက ကျေနပ်ရမလား.. ဒီလောက်လွယ်နေရင် နင် နောက်ထပ်အာ့လို ငါ့ကို အရေးမစိုက်တာမျိုး ထပ်လုပ်ဦးမှာ..။ စိတ်ကပြောရင်း သူ မလုပ်ချင်လောက်မည့် တစ်ခုခုကိုခိုင်းရန် စဉ်းစားလိုက်၏။ စားပွဲပေါ်မှ ကော်ဖီခွက်ကို ကြည့်ရင်း ခေါင်းထဲတွင် အတွေးတစ်ခု ဝင်လာသည်။ ဘာပဲ ဖြစ်ဖြစ် စမ်းကြည့်မယ်ဟာ… မကျေနပ်လို့ ငါ့ကို မခေါ်တော့လည်း တစ်ယောက် စကားပြောရ သက်သာတယ်.. စိတ်က တွေးရင်း ကော်ဖီခွက်ဆီ လက်လှမ်းလိုက်၏။

အထဲက ရေခဲတုံးတစ်ခုကို ငုံမိသည်အထိ သောက်ချလိုက်သည်။ မျက်လုံးလေး မှေးစင်းကာ သူ့မျက်နှာကို မထီမဲ့မြင် ပုံစံနှင့် ကြည့်လိုက်တော့ သူ့မျက်လုံး အကြည့်များက ဖွေး၏ ထူထူဖောင်းဖောင်း နှုတ်ခမ်းလေးပေါ်မှာ။ အမိန့်တစ်စုံတစ်ရာကို စောင့်စားနေသည့် သူ့နှုတ်ခမ်းများ ပြံုးနေသည်။ နှုတ်ခမ်းလေးကို စုချွန် လိုက်ရင်း ပါးစပ်ထဲမှ ရေခဲတုံးကို သူ့ရှေ့တည့်တည့် ခုံပေါ် ထွေးချလိုက်၏။

“ အွန့် အာ့မှာ.. ကောက် စား…”

“ အင်…”

“ ဟယ်..”

နှစ်ယောက်လုံးထံမှ အာမေဋိတ် သံများ ထွက်လာသည်။ စူးရှ မျက်နှာ ပြုံးနေသော်လည်း အနည်းငယ် နီမြန်းသွားသည်ဟု ဖွေး ထင်လိုက်မိ၏။ သူ စိတ်များ ဆိုးသွားမလား.. နဲနဲတော့ ရှက်သွားမှာပဲ.. ငါ ထွေးထုတ်လိုက်တဲ့ အစားကို ကောက်စားဘို့အထိတော့ သူလည်း ဘယ်လုပ်ချင်ပါ့မလဲ.. အထူးသဖြင့် တခြား မိန်းကလေး သူငယ်ချင်းတစ်ယောက်ရှေ့မှာ သူဘယ်လုပ်ပါ့လဲ.. ဝုန်းကနဲများ ထ ထွက်သွားမလား.. ငါ့ကိုများ ထ ရိုက်မလား.. ။ စိတ်ထဲက ပူပန်သလိုလို ရင်ခုန်သလိုလို ခံစားမိသည်။ မာလာက ဖွေးကို လက်တို့ကာ..

“ ကဲပါဟယ်.. အတန်းချိန်လည်း နီးပြီ.. သွားကြရအောင်.. လာပါဖွေးရယ် နင်ကလည်း ဘာမဟုတ်တာလေးကို..”

ဖွေး မထပါ။ တုတ်တုတ်မျှ မလှုပ်ဘဲ သူ့မျက်နှာကို စိုက်ကြည့်နေမိသည်။ စားပွဲပေါ်က ရေသန့် ရေခဲတုံးလေးလည်း အရည်ပျော်လုပြီ..။စူးရှတစ်ယောက် နှုတ်ခမ်းကို လျှာဖြင့်သပ်ကာ စိတ်ဂဏှာမငြိမ် ဖြစ်နေပုံက မိမိ နှလုံးသားကို ပေါက်ထွက်မတတ် ရင်ခုန်စေ၏။ တဒင်္ဂ အချိန်လေးအတွင်း ခံစားရသည့် အနိုင်ယူလိုစိတ်က ဖွေးတစ်ကိုယ်လုံးရှိ သွေးများကို ဆူပွက်နေစေသည်။ 

ဒါ မိမိရဲ့ ပထမဆုံး စမ်းသပ်မှု မဟုတ်ပါလား။ စိတ်ထဲမှလည်း စိမ်ခေါ် စကားတို့ကို တတွတ်တွတ် ရွတ်နေမိသည်။ နင် တခုခု လုပ်စမ်း စူးရှ.. ငါ့ကို စိတ်ဆိုးမှာဖြင့်လည်း ဆိုးလိုက်.. ဒါမှ မဟုတ်လည်း ငါ ခိုင်းတဲ့အတိုင်း ငါထွေးချလိုက်တဲ့ ရေခဲတုံးကို ကောက်စားစမ်းဟာ..။ ဖွေး နှလုံးသားအတွင်းမှ အမိန့်ပေးစကား အဆုံးတွင် လေးတွဲ့စွာ မတ်တပ် ထ ရပ်လိုက်သော စူးရှ။ 

သူ့ အကြည့်တို့က စူးရှ မနေဘဲ ရီဝေဝေ ဖြစ်နေဆဲမို့ စိတ်ဆိုးပြီး ထွက်သွားရန် ထ ရပ်ခြင်းဟု ဖွေး မထင်မိ..။ ဖွေး လက်ဖျားတို့ အေးစက်ကာ နှလုံးသားမှ တထိတ်ထိတ်ခုန်နေ၏။ တစ်ကြိမ်တစ်ခါမှ မရဘူးသော ထိုစိတ်လှုပ်ရှားမှုက ဖွေး အတွက် နှစ်သက်စရာ ကောင်းလွန်းနေသည်။ မိမိကို ငုံ့မိုးကြည့်နေသော သူ့မျက်လုံးများကို ဖွေး ရဲရဲဝံ့ဝံ့ပဲ ပြန်ကြည့် နေလိုက်သည်။ ပါးပြင်နှစ်ဘက် ပူနွေးလာရခြင်းနှင့် လက်မောင်း တလျှောက် သီးထ လာသည့် မွှေးညှင်းများက ဘာကြောင့်မှန်း ဖွေး မသိပါချေ။

စူးရှ သက်ပြင်းတစ်ချက် မသိမသာ ခိုးချလိုက်သည်။ လက်ညှိုးနှင့် နထင်ကို ကုတ်ရင်း မာလာ့ မျက်နှာကို တစ်ချက် လှမ်းကြည့်၏။ ကြားထဲမှ အနေခက်နေသည့် မာလာ.. ပခုံးတစ်ချက် တွန့်ပြလိုက်သည်။ စူးရှ နှုတ်ခမ်းထောင့်လေး အနည်းငယ် ကွေးတွန့် သွားတာ ဖွေး မြင်လိုက်၏။ နင် မချိပြုံး ပြုံးလိုက်တာလား စူးရှ.. အေးပါ.. မလုပ်ချင်လည်း နေပေါ့.. ဘာမဟုတ်တဲ့ ကိစ္စလေးနဲ့ ငါလည်း အသက်ရှု ကျပ်ပါတယ်..။ 

ဖွေး စိတ်လျှော့ပြီး ထ ရပ်လိုက်ကာမှ လက်ထဲတွင် ဖိုင်အိတ်လေး ကိုင်လျက်နှင့် လက်ပိုက်လိုက်သော စူးရှ။ သူ့ပုံစံက ဆရာမရှေ့တွင် ဒဏ်ပေးခံရန် ရပ်နေသည့် ကလေးငယ်တစ်ဦးလို။ လက်ပိုက် ခါးကိုင်း ခေါင်းကိုငုံ့ကာ ခုံပေါ်ရှိ ပျော်ကျနေသည့် ရေခံတုံး ပိစိလေးကို ပါးစပ်နှင့်ပင် ကုန်းစုပ်လိုက်သည်။ သူ လုပ်လိုက်သော အပြုအမူကြောင့် ဖွေး ရင်တွေ ဗြောင်းဆန် သွားတော့၏။ တကယ်က ကောက်စားရုံ စားခိုင်းတာပါ.. ခုလိုကြီး ပါးစပ်နဲ့ပါ ကုန်းစုပ်ပြလိုက်တော့..။ 

အိုးး.. စူရှ.. အစုတ်ပလုတ်ကောင်.. နင် တကယ်ပဲ အစုတ်ပလုတ်ကောင်..။



 အပိုင်း ( ၃ ) ဆက်ရန် >>>



Print Friendly and PDF

No comments:

Post a Comment