Friday, August 24, 2012

ဟိုပင်ဒီပင်ကူးပါလို့ အပိုင်း ( ၂ )

ဟိုပင်ဒီပင်ကူးပါလို့ အပိုင်း ( ၂ )

ဂျင်ကလိ ရေးသည်။

{လူ၏စိတ် ကို မျဉ်းကြောင်း တခုအဖြစ် သတ်မှတ်ရေးဆွဲမည် ဆိုပါလျှင် ဖြောင့်တန်းသော မျဉ်းတကြောင်းကို မြင်ရရန် အလွန်ခဲယဉ်းပေမည်။ ပန်းချီရုပ်ပုံတို့ ရေးဆွဲရာတွင် ယောက်ျား ပုံကိုမျဉ်းဖြောင့်များ ကိုအသုံးပြု ရေးဆွဲရပြီး မိန်းမရုပ်ရေးဆွဲ ရာတွင် မျဉ်းကောက် မျဉ်းကွေးများ နှင့် တည်ဆောက်ရေးဆွဲ့ လေ့ ရှိကြ သည် ဟု ပန်းချီ ပညာနှင့် နီးစပ်ကျွမ်းဝင်သူတို့က ဆိုကြသည်။ ပြင်ပသဏ္ဍန် မဟုတ်သော စိတ်ကို ဖေါ်ပြလျှင်မူ ကား မျဉ်းကြောင်းတို့၏ ဖြောင့်တန်းမှု၊ ကောက်ကွေ့မှု တို့သည် ကျား၊ မ တည်းဟူသော ကွဲပြားသည့်လိင် ကို အခြေတည်ပြီး ခွဲခြားဖေါ်ပြနိုင်မည် မဟုတ်ပေ။ လူတို့၏ မူလဗီဇ အလေ့စရိုတ် နှင့် ကျဉ်လည်ရာ လူ့လောကတို့ ပေါင်းစပ်ရာမှ သို့မဟုတ် တိုက်ခိုက်ရာမှ ဖြစ်ပေါ်လာသော အကြောင်းအကျိုးဆက်တို့ သည် အသွင်အမျိုးမျိုးကို ဖေါ်ဆောင်နေသောကြောင့်ဖြစ်သည်။}

..............................................

အခန်း (၂ )

အိပ်ပျော်နေရာမှ နိုးလာတော့ အားလုံးက ကျော်ကျော့်အတွက်ေ၀ဝါးနေတယ်။  အရာရာက ကျော်ကျော် နဲ့ဘာမှမသက်ဆိုင်သလိုလို။ မျက်နှာပေါ် ကိုကျ နေတဲ့ အလင်းရောင်ကလည်း မီးခိုးငွေ့တွေလို အုံ့မှိုင်း နေတယ်။ အရင်ဆုံးကျော်ကျော် ရလိုက်သည့် အသိက အရမ်းကို ဆာလောင် နေတာကိုပါ။ မနက် အဆောင် က ထွက်မလာခင် ရွှေရည် ကျွေးလိုက်တဲ့ ထမင်းကြော်တပန်းကန် စားတယ်။

အဲဒီနောက်တော့ ……………….

ကျော်ကျော် လှဲနေရာ က ဆတ်ကနဲထထိုင်လိုက် ပြီးအလန့်တကြား ဘေးကိုကြည့်လိုက်မိတယ်။ဟိုလူကြီး မရှိတော့ဘူး။ စိတ်သက်သာရာ ရသွားလို့သက်ပြင်းတချက် မှုတ်ထုတ်လိုက်အပြီးမှာ ကျော်ကျော့် တကိုယ် လုံး တဆတ်ဆတ်တုန်ရီလာတယ်။အဆောင်မှာ ရွှေရည်နဲ့တူတူ ထမင်းကြော်စား ပြီး ထွက်လာခဲ့တဲ့ နောက်ပိုင်း အဖြစ်တွေက ရုပ်ရှင်ကို ခပ်မြန်မြန်ကျော်လိုက်သလို တဖျပ်ဖျပ်ဆက်တိုက်ပေါ်လာပြီး

ဆို့လာတဲ့ရင်က မျက်လုံး အမြင်ကိုပိုမှုန်ဝါးသွားစေပေမယ့် မျက်ရည် ကကျမလာဘူး။ ကျော်ကျော် ငိုခဲ့ပြီးပြီ။ခွန်အား ကင်းမဲ့နေတဲ့ ကျော်ကျော့် ကိုယ်ထဲမှာ မျက်ရည်ဆိုတာတောင် မကျန်တော့ဘူး။ အားယူ ထလိုက်ပြီး ကုတင်ပေါ်ကနေ ခြေတွဲလောင်းချထိုင်လိုက်မိတယ်။ စိတ်က ကိုယ်မှာ တဖြည်းဖြည်း ပြန်ကပ်လာတဲ့ နောက်မှာ တော့ မျက်လုံးက ဗလာကျင်းနေတဲ့ ခြေသလုံးတွေ ပေါင်တံတွေ ဆီရောက်တယ်။

နောက်တော့ အထိန်းအကွပ်မဲ့ ဟင်းလင်းပွင့်နေတဲ့ ရင်အုံ။ ဝါလဲ့လဲ့ အသားစိုင်ပေါ်မှာ သွေးခြေဥ နေတဲ့ဒါဏ်ရာတွေ။ ဟို လူကြီးလက်တွေက သန်မာလွန်းတာကို သတိရလိုက်မိချိန် မှာ ဒါဏ်ရာတွေကပြန်ပြီး နာကျင်လာသလိုပဲ။

အင်္ကျ ီ ကို ဆွဲစေ့လိုက်ရင်း အခန်းထဲမှာ ထမိန်ကိုလိုက်ရှာတော့ တခါး၀ နားမှာကျနေတာမြင်လိုက်ရလို့ ပြေးကောက်ရင်း တံခါးချက်ကိုပါ အလန့်တကြားထိုးပိတ်လိုက်မိတယ်။ ဟို လူကြီး အပြင်မှာ ရှိချင်ရှိနေမှာအပုံလိုက်လေး ကျနေတဲ့ ထမိန်က မခြောက်သေးပါဘူး။စိုထိုင်းထိုင်းဖြစ်နေပေမယ့် ကျော်ကျော့် မှာဝတ်စရာ ဒါပဲရှိလို့ ကောက်ဝတ်လိုက်မိပါတယ်။ ပြီးတော့ ရင်ဘတ်အပေါ်ပိုင်း မှာကပ်နေတဲ့ ဘရာစီယာကို ပြန်တွန်းချပြီး ခုတိုင် နာကျင်နေဆဲ ရင်နှစ်မွှာကိုခွက်တွေထဲ ပြန်ထိုးသွင်းရတယ်။ ကျော်ကျော် စိတ်ထင်လို့ပဲလား အရင်လို အသားတကျ မခံစားရဘူး။ ကျော်ကျော် နဲ့မတော်သလို တင်းကျပ်ပြီး ထုံနေတယ်။ ကိုယ်ပေါ်က အင်္ကျ ီကတော့ ကြယ်သီး နှစ်လုံးပဲ ကျန်တော့တယ်။ ကျန်တာတွေ ဘယ်ကို လွင့်ထွက်ကုန်တယ်မသိတော့။ တွေ့လိုတွေ့ငြား လိုက်ရှာရင်း ကြယ်သီးမတွေ့ဘဲ ကြမ်းပြင်နဲ့ ကပ်နေတဲ့ ကျော်ကျော့် ပင်တီဘောင်းဘီလေး ပဲတွေ့လို့ ကောက်ဝတ်လိုက်မိပြန်တယ်။

ခုလို အဝတ်အစားတွေ ကိုယ်ပေါ်ကို တစိတ်တပိုင်းပဲဖြစ်ဖြစ်  ပြန်ဝတ်လိုက်ရတော့ စိတ်နဲနဲ လုံခြုံ လာသလို ပဲ်။ တံခါးပိတ်ထားလို့ ဟိုလူကြီး လဲဝင်မလာနိုင်သေးပါ။ ကြယ်သီးတတ် မရတဲ့ အင်္ကျ ီရင်ဘတ် ကိုလက်နဲ့စေ့ထားရင်း ကျော်ကျော် ကု တင်ပေါ်ပြန်ထိုင်ချလိုက်မိတယ်။ အခန်းအပြင်ကို တောင်မထွက်ရဲတဲ့ ကျော်ကျော် အခန်းထဲမှာလည်း ဘယ်လိုနေရမှန်း မသိဘူး ဖြစ်နေရတယ်။ ထိုင်ပြီးတဲ့ နောက်ဝင်လာတဲ့ အတွေးက အချိန်။ ဘယ်အချိန်ရှိ နေပြီလဲ မသိ။အကျင့်ပါနေကျ အတိုင်း လက်ကိုမြှောက်ကြည့်လိုက်တော့ နာရီလည်း။ ပြတင်းပေါက်ကလည်း ခန်းဆီးစတွေ ချထားပြီး မီးကလဲ အထဲမှာထိန်ထိန်လင်း နေလို့ အပြင်မှာ မှောင် နေသလားလင်း နေသလား မသေချာဘူး။ ကျော်ကျော် ပြတင်းပေါက်ဆီ လျှောက်သွားပြီးမှ ပြန်လှည့်လာမိတယ်။ အပြင်ကို မကြည့်ချင်သလိုအပြင်က တယောက်ယောက် ကလဲကျော်ကျော့် ကိုမမြင်စေချင်ပါ။ ဘတ်စ်ကား ပေါ်မှာ ရေတွေပက်ကြတော့ နာရီရေဝင်မှာစိုးပြီး ပိုက်ဆံအိတ်ထဲ ချွတ်ထည့်ထားလိုက်တာကို သတိရတော့ ပိုက်ဆံအိတ် ရှာရပြန်တယ်။ ကျော်ကျော် မှတ်မိသလောက် ဒီအခန်းထဲကို ဝင်တော့အိတ်က လက်ထဲမှာ။အခုန ကြယ်သီး ရှာတုန်းက ကြမ်းပေါ် မှာ ပိုက်ဆံအိတ် မတွေ့ဘူး။

ဟိုဟိုဒီဒီ ကြည့်ရင်း မှန်တင်ခုံပေါ်မှာ ပိုက်ဆံအိတ်ကို မြင်လိုက်ရတယ်။ ထုပ်ထားတဲ့ ပလပ်စတစ် အိတ်တော့ မရှိတောဘူး့။နာရီထုတ်ကြည့်လိုက်တော့ ည ဆယ့်နှစ်နာရီ ခွဲပြီ။ နောက်တနေ့ ကို ကူးခဲ့ပြီပေါ့။ အိတ်ကို ပြန်တင်ရင်းမြင်လိုက်ရတဲ့ ငွေ အထပ်လိုက်ကြောင့် ကျော်ကျော်ကြက်သေသေ သွားရတယ်။တထောင်တန်တွေ အထုပ်လိုက်။ မရဲတရဲ နဲ့ ကိုင်ကြည့်တော့ အားလုံး သုံးအုပ်ရှိတယ်။ တအုပ် ကတော့နဲနဲပါး တယ်။ ပိုက်ဆံတွေကို ကိုင်ကြည့်နေတဲ့ လက်တွေက ကတုန်ကရင်ဖြစ်နေတာ ကို သတိထားလိုက်မိတော့ ချက်ချင်း ပြန်ချထားလိုက်တယ်။ ဟိုလူကြီး  ပိုက်ဆံတွေ ဆိုတာ သေချာပါတယ်။ ဒါပေမယ့်ဘာကြောင့် ကျော်ကျော့် ပိုက်ဆံအိတ် နဲ့ အတူတူ ထားခဲ့ရတာလဲ။

တံခါးဝကိုလျှောက်သွားပြီး အပြင်က အသံနားစွင့်ကြည့်တော့ ဘာသံမှမကြားရဘူး။ အသံမမြည်အောင်ဖွင့်ပြီး ခေါင်းထုတ်ကြည့်လိုက်တယ်။ လူရိပ်လူယောင်လုံး၀ မမြင်ရဘူး။ ဟိုလူကြီး မရှိတော့ဘူး ထင်တယ်။ဧည့်ခန်းဖက် မှာ ဘယ်သူမှ မရှိတာ သေချာသွားတော့ မရဲတရဲ နဲ့ ဧည့်ခန်းထဲ ခြေဖွနင်း ဝင်သွားပြီး မိုးကာကို ယူဝတ် ဇစ်ကို ဆွဲပိတ်လိုက်ပြီးတဲ့ နောက်မှာတော့ စိတ်လဲ လုံခြုံသွားပြီး ကျော်ကျော် အတော်လေး တည်တည် ငြိမ်ငြိမ် ဖြစ်သွားတယ်။

ဧည့်ခန်းစားပွဲ ပေါ်မှာ သော့တွဲ ရှိတယ်။ စိတ်ကို တင်းပြီး တခန်းဝင်တခန်းထွက် လျှောက်သွားကြည့် ပြီးတဲ့ နောက်မှာတော့ ဒီအိမ်မှာ ကျော်ကျော် တယောက်ထဲ ဆိုတာ သေချာသွားပြီ။ ဟိုလူကြီး ကျော်ကျော့်ကို ထားပြီးထွက်သွားပြီ။ ဒါဆို ဟိုပိုက်ဆံတွေက ကျော်ကျော့် ကို ပေးခဲ့တာပေါ့။ လှိုက်ကနဲ ဝမ်းသာ သွားတဲ့ စိတ်ကို လမ်းတဝက်မှာတင် တစုံတရာက ဖမ်းဆုပ် ဆွဲချေပစ်လိုက်တယ်။ ကျော်ကျော် ကြမ်းပြင်ပေါ် မှာ ဒူးထောက်လျက်လေး ကျသွားပြီး တသိမ့်သိမ့် ရှိုက်နေ မိတယ်။

“ မေမေ”

ပါးစပ်က အသံထွက် ရေရွတ်လိုက်မိသလို မျက်လုံးထဲမှာလည်း မေမေ့ရုပ်သွင် ချင်ချင်းပေါ်လာတယ်။ကြေကွဲတဲ့ အကြည့်နဲ့ ကျော်ကျော့် ကိုကြည့်လို့။ နောက်ပြီးတော့ ဖေဖေ။ ကျော်ကျော့် ကိုသိပ်ချစ်တဲ့ ဖေဖေ။ ခုနေခါမှာသာ ဖေဖေ ကျော်ကျော့် ကိုမြင်ရင်ဘယ်လို နေမလဲ။ မေမေ ကတော့ငိုလိမ့်မယ်။ ဖေဖေ ကတော့ မငိုပေမယ့် ဖြစ်လာမယ့် ဖေဖေရင်ထဲက ကြေကွဲမှုကို ကျော်ကျော့် စိတ်ထဲက မြင်နေရတယ်။

“ သမီး …သမီး…. တတ်နိုင်သမျှတော့ လက်မလျှော့ခဲ့ပါဘူး ဖေဖေ တို့မေမေ တို့ရယ်”

ဖေဖေ နဲ့ မေမေ တို့ ကျော်ကျော့် ကို မြင်နိုင်တွေ့ နိုင်ကြတော့မှာ မဟုတ်ပါဘူး။ ကျော်ကျော့် စကားတွေ ကိုလဲ ကြားနိုင်ကြတော့မှာ မဟုတ်ပါဘူး။ ဒါပေမယ့် သမီးတယောက် ရဲ့ကျရှုံးမှု က တမလွန် က မိဖ တွေကိုအေးချမ်းမှု ကင်းစေခဲ့မယ် ဆိုရင်တော့ …..။ မျက်နှာ ကိုလက်ဝါးနဲ့ အုပ်ပြီး ကျော်ကျော် ငြိမ်နေမိတယ်။  အထဲမှာ တွေ့ခဲ့ရတဲ့ ငွေတွေက ကျော်ကျော် လတ်တလော ကြုံ တွေ့ နေရတဲ့ အခက်အခဲ ကိုဖြေရှင်း နိုင်ရုံမက ပိုလို့တောင်နေပါသေးတယ်။ နောက်ပြီးတော့ ဟိုလူကြီး ကိုမနေ့က မေးတော့ ဒီမှာ နေလို့ရတယ်တဲ့။ အသက် ကို မှန်မှန်ရှုရင်း တင်းကြပ်နေတဲ့ စိတ်ကိုဖြေချ ဖို့ ကျော်ကျော်ကြိုးစား နေမိတယ်။ ဒီနည်းကို မေမေ သင်ပေးခဲ့တာ။

“ သမီး ဘာဆက်လုပ်ရ မလဲ မေမေရယ်”

နံရံ ကို မှီထိုင်လိုက်ရင်း မေမေ့ကို တမ်းတမ်းတတ ပြောမိတယ်။ ဘယ်လိုကြောင့်ပဲဖြစ်ဖြစ် မေမေ့ကို သတိ ရတမ်းတစိတ် နဲ့ မေမေ့ကို မြင်ယောင်မတဲ့ အခါ မှတ်မိနေသေးတဲ့ မေမေ့ အပြုံးကို ပါမြင်မိတာ ကြောင့်ကျော်ကျော့် စိတ် နည်းနည်းတော့ အေးချမ်းတည်ငြိမ်သွားသလိုပါပဲ။ အကြာကြီး ငြိမ်သက်နေမိပြီးတဲ့ နောက်စိတ်က ပြန်ငြိမ်သွား တော့ ဗိုက်ထဲကဆာလောင် မှု က ပိုပြီးသိသာလာတယ်။ လည်ချောင်းတွေလည်း ခြောက် ကပ်လို့ ရေလဲ ငတ်နေတယ်။ ဒရီးဒယိုင် နဲ့ ထရပ်လိုက်ပြီး ရေရှိမယ် လို့ထင်တဲ့ နောက်ဖေးဖက်ကို ဝင်လာမိတယ်။ မှောင်ထဲမှာ ဟိုဝင်တိုးဒီဝင်တိုး နဲ့ ဖြစ်ပြီး အရင်ဆုံးမီးခလုပ်ရှာ ပြီး ဖွင့်လိုက်ရတယ်။ ကျော်ကျော် နောက်ဖက်ကို ဝင်ဝင်လာချင်း တိုက်မိတာ လက်ဆေး ဘေစင်ဖြစ်နေတာ တွေ့လို့ ဝမ်းသာအားရနဲ့ ဖွင့်လိုက်တော့ သံချေးရောင်ရေတွေ ထွက်ကျလာတယ်။

“ ဟာ”

စိတ်ပျက်သွားရပေမယ့် ခနအကြာ မှာတော့ ရေတွေကကြည်သွားလို့လက်ထိုးခံ လိုက်ပြီးမှ ရလိုက်တဲ့အနံ့ကြောင့် ကျော်ကျော် စိတ်ညစ်ရပြန်ပါတယ်။ ပိုက်ထဲမှာ အချိန်အကြာကြီး ပိတ်လှောင်မိနေခဲ့တဲ့ ရေက ပုပ်အက်အက် အနံ့တွေထွက်နေတယ်။

“ တော်ပြီ ဟာ မသောက်တော့ဘူး”

ဘုံဘိုင်ခေါင်းကို ဆောင့်ကြီးအောင့်ကြီး ပိတ်ပြီး အိမ်ရှေ့ပြန်အထွက်မှာ ရေခဲသေတ္တာ ကိုမြင်လိုက်ရလို့သွားဖွင့်ကြည့်လိုက်တော့ ရေသန့်ဗူး နှစ်ဗူး တွေ့လိုက်ရတယ်။ တဗူးက တဝက်။ တဗူးကတော့ အဖုံးကပလပ်စတစ်တောင်မခွာရသေးဘူး။ ဒါကြောင့် ဗူးသစ်ကိုပဲ ယူလိုက်တယ်။ သူလဲ အနံ့ ကတမျိုးပဲ။ ဒါပေမယ့် စောစော ကရေတွေထက်စာရင် အများကြီး သာတယ်။ ဆာဆာနဲ့ မော့ချလိုက်တာ ပုလင်းတဝက်ကျိုးတဲ့ အထိပဲ။ အစားအစာ မဟုတ်ပေမယ့် အစာအိမ်ထဲ ရေဝင်သွားတော့လဲ ကျော်ကျော် နေသာထိုင်သာ နည်းနည်းရှိသွားတယ်။ ဒါကြောင့် အိမ်ရှေ့ မှာပြန်သွားထိုင်ပြီး ဘာဆက်လုပ်ရင် ကောင်းမလဲ စဉ်းစား နေမိတယ်။အိပ်ခန်း ထဲကိုတော့ ပြန်မဝင်ရဲသေးဘူး။ ဟိုပိုက်ဆံတွေ ကြောင့်စိတ်ပင်ပန်းရသလို နှစ်ယောက် အိပ် ကုတင်ကြီးကလဲ ကျော်ကျော့် ကိုစိတ် အနှောက်အယှက်ပေးတယ်။ ထိုင်ခုံတွေ ပေါ်မှာ မထိုင်ချင်တာနဲ့ အခုန ကလို ကြမ်းပြင်မှာပဲနံရံကို မှီပြီးထိုင်နေလိုက်တယ်။

“ လောလော ဆယ်အရင်ဆုံးလုပ်ရမှာ ဘာလဲ”

ဘာဆက်လုပ်ရင်ကောင်းမလဲ စဉ်းစားမိတော့ နေ့ခင်းက အကြောင်းတွေကို စိတ်ကရောက်ပြန်တယ်။ ဟိုလူကြီးနဲ့ မတွေ့ခင် သုံးနာရီ အလိုလောက်က ဒီလှေခါးတွေကို ပဲ ဒီအခန်းရဲ့ အပေါ် ငါးလွှာကို ကျော်ကျော် တက်ခဲ့သေး တယ်။ အဲဒီတုန်းကတော့ မျှော်လင့်ချက် တခုနဲ့ နောက်တော့ မျှော်လင့်ချက် ကင်းမဲ့စွာနဲ့ ပြန်ဆင်းခဲ့ရပါတယ်။ ဒါကြောင့် နောက်တကြိမ် ဟိုလူကြီးနဲ့ ဒီရှေ့ပြန် ရောက်လာတော့ ဆန်းကျယ်တဲ့ တိုက်ဆိုင်မှု လို့ ကျော်ကျော် တွေး မိပါသေးတယ်။ ဒါပေမယ့် တချို့ တိုက်ဆိုင်မှုတွေက တမင်သက်သက်ဖြစ်လာသလိုမျိုးပဲ။ ရွှေရည် အဝတ်သွားလျျှော် နေတုန်း ရွှေရည့် ကိုလှမ်းခေါ်တဲ့ အဆောင် ပိုင်ရှင် အန်တီအေးဆီကို ကျော်ကျော်က မဆီမဆိုင် ဘာဖြစ်လို့တက်သွားမိတာလဲ။ တက်မသွားခဲ့ရင် အန်တီအေး နဲ့စကားများရမှာမဟုတ်ဘူး။ နောက်ပြီး အန်တီအေးက ဘယ်လိုမှ သူသိနိုင်စရာမရှိတဲ့ ကျော်ကျော့် မိသားစု အကြောင်းကို ပြောချလိုက်ပုံက အရမ်းကို ထူးဆန်းလွန်းတယ်။ နောက်ဆုံးတော့ ဖြစ်လာသမျှ ဘယ်ပေါ်ကို ပုံချရမယ် ဆိုတာ ကျော်ကျော် မတွေး တတ်တော့ဘူး။ ကံကြမ္မာ တခုထဲကိုတော့ ပုံမချချင်ပါဘူး။

ဒါပေမယ့် မနေ့က အဆောင်က ထွက်လာတဲ့ အချိန်မှာ တော့ ကံကြမ္မာ ကို နာနာကျဉ်းကျဉ်း နဲ့ ရက်စက်လွန်းတယ် ထင်ခဲ့တယ်။ သင်္ကြန်တွင်း အဆမတန်တက်နေတဲ့ ကားခကြောင့် ကျော်ကျော်ပါတဲ့ မဖြစ်စလောက် ပိုက်ဆံလေး ကုန်သွားတာ ကျော်ကျော် ကံဆိုးတာလား။ အဆောင် ပြန်စရာ စားရိတ်မရှိတော့တဲ့ အပြင် ပြန်သွားချင်စိတ် လဲတစက် မှမရှိလို့ ခြေဦးတည့်ရာ လျှောက်သွားနေမိတာ မှားတယ်လို့ ခေါ်မလား။ ခြေကုန်လက်ပန်း ကျနေချိန် မှာ ကားတစီးစီးကြုံရင်ကောင်း မှာပဲတွေးမိတာ ရူးတယ် ဆိုနိုင်မလား။ ဒါဆိုရင်တော့ ခုမှတွေ့ တဲ့ ဘယ်သူမှန်းလည်း မသိတဲ့ ယောက်ျားတယောက်က လိုက်ခဲ့ပါလို့ ခေါ်ချိန်မှာ နေလို့ ရမလား မေးပြီးတော့လိုက်လာခဲ့မိတာက အရမ်းကို မိုက်မဲတဲ့ လုပ်ရပ်တခု ဖြစ်ပါလိမ့်မယ်။

....................

ညစဉ်ရက်ဆက် အိပ်မပျော်ခဲ့တာတွေကြောင့် လေးလံရီဝေနေတဲ့ ဦးနှောက်က ကျော်ကျော့် ကို ဆင်ခြင်စဉ်းစားဖို့ အခြေအနေ မပေးတော့ဘူးတဲ့လား။ ဘာကြောင့် ဟိုလူကြီး နောက်က နေ အခန်းထဲကို လိုက်ဝင်မိတယ် ဆိုတာ အခုထိကျော်ကျော် ဝေခွဲလို့ မရဘူးဖြစ်နေတယ်။ ကျော်ကျော့် ကို နောက်ကနေ လှမ်းကြည့်နေတဲ့ ဟိုလူကြီး မျက်လုံးတွေကို မြင်ကထဲက အားလုံးပြီးဆုံး တော့မယ် ဆိုတာ သိနေပါတယ်။ ဒါပေမယ့် ပြန်မထွက်ခဲ့မိဘူး။ ဖြစ်လာမှာတွေသိနေလျှက်နဲ့ ငြင်းဆန်ရုန်းထွက်ဖို့ အဲဒီအချိန် က ကျော်ကျော် ဘာကြောင့် မကြိုးစားခဲ့တာလဲ ကိုယ်တိုင်လည်း ခုချိန်ထိ အံ့သြနေမိပါတယ်။

ဟိုလူကြီးက ရုပ်ရည်တော့သန့်ပါတယ်။ လူကောင်းသူကောင်းပုံလဲ ပေါက်ပါတယ်။ ဒါပေမယ့် တော်တော်လေး မူးနေတယ်ဆိုတာ စတွေ့တွေ့ချင်းထဲက ကျော်ကျော်သတိထားမိတယ်။ သူ့ကိုယ်သူ ကြိုးစားထိန်းချုပ်ပြီး လူကောင်းလို နေနေပေမယ့် မသိမသာ ယိမ်းထိုး နေတယ်။ လိုက်ခဲ့ ရင်တိုက်ခန်းတခန်းရမှာတဲ့။ သူရမှာလား ကျော်ကျော် ရမှာလား ဘာမှစောကြောဘဲ မူးနေတဲ့ သူတယောက်ရဲ့ နေလို့ရတယ်ဆိုတဲ့ စကားတခွန်းကြောင့် လိုက်လာတယ်ဆိုရင်တော့ ကျော်ကျော် ရူး နေပါပြီ။ ဒီအခန်းဆီကို တက်လာတဲ့ လှေခါးထစ်တွေတိုင်း မှာလဲ ကိုယ့်ကိုယ်ကို ရူးနေသလား ဆိုတဲ့ မေးခွန်းမေးမိ နေခဲ့တယ်။ ဒါပေမယ့် အဖြေမရခင် အထဲ ရောက်သွားခဲ့ပြီ။ နောက်တော့ မမျှော်လင့်ပေမယ့် သိနေပြီးသား လိုလို ကိစ္စတွေ ဖြစ်လာတယ်။ ကျော်ကျော် ဒါတွေကို ရပ်တန့်ဖို့ တွေဝေနေရင်း အဖြစ်အပျက် တွေကပြီးဆုံးသွားတယ်။

စိတ်ပင်ပန်းတာ လူပင်ပန်းတာ အမျိုးမျိုး ကျော်ကျော် ကြုံခဲ့ ဖူး ပေမယ့် ကျော်ကျော်ဒီလောက်အထိ တခါမှ စိတ်ရောလူပါ မနွမ်းနယ် ခဲ့သေးဘူး။ နဂိုထဲက ပင်ပန်းချိနည့် နေတဲ့ ကျော်ကျော် ဟိုလူကြီးလက်မှာ လုံးဝကို ခွန်အားမဲ့သွားတယ်။ ဟိုလူကြီး ကျော်ကျော့် ကိုယ်ပေါ်က ဆင်းသွားတော့ ကျော်ကျော် မလှုပ်နိုင်တော့ ဘူး။လှုပ်ချင်စိတ်လဲ မရှိဘူး။ ကားယားကြီး ဖြစ်နေတဲ့ ပေါင်တံ တွေကို ပြန်စေ့ဖို့တောင်မှ မဖြစ်နိုင်အောင်ပါပဲ။  အဲဒီအချိန် က ကျော်ကျော့် ကိုယ်ပေါ်မှာ လှုပ်လှုပ်ရှားရှား ဖြစ်နေတာဆိုလို့ အဆီးအတား မရှိ ဒလ ဟောကျနေတဲ့ မျက်ရည်တွေပဲ ရှိတယ်။ ခုချိန်ထိတောင် မှ ကျော်ကျော် ရင်တလှပ်လှပ်နဲ့ နွမ်းနယ် မောပန်း နေတယ်။ ရင်တုန်တာကတော့ ဆာလို့ဖြစ်မယ်။ ရေကို ထပ်မော့ချလိုက်တယ်။ အကျင့်ရလာတော့ အနံ့ ဆိုးတယ်လို့တောင်မထင်မိတော့ ဘူး။ရေသောက်ပြီး ကျော်ကျော် နံရံကို မှီပြီး အိပ်ပျော်သွားပြန်တယ်။ ခန လေးပဲ ပြန်နိုးလာတယ်။ ကျောက တောင့်ပြီး ခြေထောက်တွေ ကျဉ်လာတာကြောင့် ထိုင်နေရာက ပြန်ထလိုက်ပြီး ဧည့်ခန်းထဲက နှစ်ယောက် ထိုင်ဆိုဖာကြီးဆီ ထလာခဲ့တယ်။ အိပ်ခန်းထဲ တော့ပြန်မသွားချင်ဘူး။

ဖုန်တက်နေတဲ့ ပလပ်စတစ် စကို ဆွဲဖယ်၊ ဝတ်ထားတဲ့ မိုးကာချွတ်ပြီး ဆိုဖါကို တချက်နှစ်ချက်လောက် ခါလိုက်တယ်။ ပိတ်လှောင်နေတဲ့ အခန်းက အိုက်စပ်စပ် ဖြစ်နေလို့ မိုးကာကိုပြန် မဝတ်တော့ဘဲ ဒီအတိုင်း ကွေးကွေး လေးလှဲချလိုက်တယ်။ ရေလဲ ထပ်သောက်လိုက်သေးတယ်။ ဒီတခါ တော့ ကျော်ကျော် ခပ်ကြာကြာလေးအိပ်ပျော်သွားပါတယ်။ နိုးလာတော့ ခန်းဆီးစ လွတ်နေတဲ့ နေရာတွေကနေ အပြင်က အလင်းရောင်ကိုမြင်နေရပြီ။ ဆာလောင်မှုကြောင့်ရင်တုန် နေပေမယ့် လူကတော့ အိပ်လိုက်ရလို့ နည်းနည်းလန်းဆန်းလာတယ်။ လက်ကျန်ရေလေး ကို မော့သောက်ရင်း ဘာလုပ်ရင်ကောင်းမလဲလို့ စဉ်းစားတော့ ဆာနေတာ ကိုအရင်ဖြည့်ဆည်းဖို့ ဆုံးဖြတ်လိုက်တယ်။ မနက်ရောက်ပြီ ဆိုတော့ တခုခု သွားဝယ်စားလို့ ရပြီလေ။ ဒါပေမယ့် ကျော်ကျော့် မှာပိုက်ဆံ တပြားတချပ်မှ မရှိတော့ဘူး။ ဟိုလူကြီး ပိုက်ဆံတွေပဲ ရှိတော့တယ်။

“ ငါ့ နှယ်နော်”

ဆုံးဖြတ်ရခက်နေချိန် မှာ မျက်ရည်ကလဲ ဝဲလာပြန်တော့ ကိုယ့်ကိုယ်ကို မကျေမနပ်ပြောမိတယ်။

“ ဟုတ်ပြီ”

လက်ထဲက ရေကုန်နေတဲ့ ရေသန့်ဗူးကို ကိုင်မြောက်လိုက်တယ်။ အပေါ်ကို ချာလည်ရမ်းပြီးတက်သွားအောင်ပစ်လိုက်မယ်။ တကယ်လို့ အဖုံးရှိတဲ့ဖက်က ကျော်ကျော့် ဖက်ကိုဦးတည် ပြီးကျမယ် ဆိုရင် အထဲက ဟိုလူကြီးပိုက်ဆံ တွေကို ယူမယ်။ မနက်စာ ဝယ်စားမယ်။ ပေးစရာ ရှိတာတွေကို ဒီထဲက ပဲ ပေးလိုက်မယ်။ ဒီလိုမှ မဖြစ်ရင်တော့ ဖြစ်ချင်ရာ ဖြစ်တော့ အဆောင်ကိုလမ်းလျှောက်ပြန်တော့မယ်။

ကျော်ကျော် ဘယ်လိုမှ မပြန်ချင်တဲ့ နေရာဖြစ်ပေမယ့် ရွေးစရာလမ်း မှမရှိတော့တာလေ။ကျော်ကျော်မျက်စိ ကို တင်းတင်း မှိတ်ပြီး ရေသန့်ဗူးကို အပေါ်ပစ်တင်လိုက်တယ်။ မျက်နှာကြက်ကိုဝင်တိုက်မိသံ နောက်တော့ကြမ်းပြင်ပေါ်ဖျန်းကနဲ ကျလာသံကြားရတယ်။ မရဲတရဲ နဲ့ မျက်လုံးလေးဖွင့်ပြီး ငုံ့ကြည့်လိုက်တော့ ရေသန့်ဗူး အဖုံးပြာပြာလေးက ကျော်ကျော့် ခြေမဖျားလေးထိပ်မှာ။ ကျော်ကျော့် ရင်တွေ တဝုန်းဝုန်းခုန်သွားတယ်။ မျက်စိကို ပြန်မှိတ်ပြီးဆိုဖါပေါ်ပြန်လှဲ ချလိုက်မိတယ်။ ဒါဟာ ကျော်ကျော့် ကံကြမ္မာလား။ ခနလှဲ နေပြီးမှ ပြန်ထထိုင်ရင်း အသက်ကို တဝရှုပစ်လိုက်ပြီးတော့

“ ဘာတတ်နိုင်တော့မှာလဲ”

တိုးတိုးလေး ရွတ်ရင်း စောစောက မဝင်ချင်တဲ့ အိပ်ခန်းထဲကို ပြန်ဝင်လာခဲ့မိတော့တယ်။ အံကိုတင်းတင်း ကြိတ်လိုက်ပြီး မှန်တင်ခုံပေါ်က ပိုက်ဆံတွေ ကိုရေကြည့်လိုက်တယ်။ အားလုံး နှစ်သိန်းရှစ်သောင်းငါးထောင်တိတိ။ ကျော်ကျော်လိုတာထက်ကို အများကြီးပိုနေသေးတယ်။ အဲဒီထဲက တသိန်းငါး သောင်းနဲ့ ငါးထောင်ကို ဘေးဖယ်ပြီး ပိုတဲ့ တသိန်းသုံးသောင်းကို ပြန်ချထားလိုက်တယ်။

“ လိုသလောက်ပဲယူတာကောင်းပါတယ်။”

ကိုယ့်ဖာသာတိုးတိုးလေး ရေရွတ်ရင်း ပိုတဲ့ပိုက်ဆံ ဘယ်မှာထားရင်ကောင်း မလဲစဉ်းစား ရင်းဟိုဟိုဒီဒီ အခန်းထဲမှာလိုက်ကြည့်မိတော့ ခြေရင်းက နံရံကပ်ဘီရိုကြီးဆီမျက်စိရောက်သွားတယ်။ တံခါးသုံးချပ်ပါ ပြီးတော့ တံခါးတိုင်း မှာသော့ကလေး တွေတွဲလောင်းကျလို့။အနီးဆုံး တံခါးချပ်ကို ဖွင့်ကြည့်လိုက်တော့ အဝတ်အစားတွေ အတွင်းက တန်းမှာအစီအရီချိတ်ထားတယ်။သိပ်တော့ မများပါဘူး။ အမျိုးသမီး အဝတ်တွေ။ အလယ်ခန်းကတော့ ဘာမှမရှိဘူး ဟင်းလင်း။ နောက်တကန့် မှာတော့ ရိုးရိုးဘီရိုလို အဆင့်ဆင့်ရှိပြီးတော့ ခေါင်းအုံး နဲ့စောင်တွေ ရှိတယ်။ ပိုတဲ့ ပိုက်ဆံတွေကို ဘီရိုနံရံနဲ့ ခေါင်းအုံးတွေကြား ထိုးထည့်ပြီး ပြန်ပိတ်ထားလိုက်တယ်။ လိုလိုမယ်မယ်သော့ကိုတော့ချွတ်ယူလာပြီး ဘယ်ထားရမှန်း မသိတာနဲ့ မှန်တင်ခုံပေါ် တင်ထားလိုက်တယ်။ မှန်ထဲက ကိုယ့်အရိပ်ကိုယ်ပြန်မြင်တော့ ကျော်ကျော် စိတ်ရှုပ်သွားတယ်။ ဆံပင်တွေက ဖရိုဖရဲရှုပ်ပွလို့။ အင်္ကျ ီရင်ဘတ်ကလဲ ဟင်းလင်း။ အပေါ်က မိုးကာထပ်မှပဲရတော့မယ်။ စောစောစီးစီး မိုးကာကြီးနဲ့ ဆိုရင် နဲနဲများကြောင်နေမလား တွေးမိတော့ ကျော်ကျော် အခုန အဝတ်အစားတွေ ပြန်မြင်ပြီး ဘီရိုဖက်ကို လှမ်းကြည့်လိုက်မိတယ်။

........................

ဟိုလူကြီးကပြောတော့ ဒီအခန်းမှာလူမနေတာကြာပြီတဲ့။ ဟိုအဝတ်အစားတွေရဲ့ ပိုင်ရှင် အမျိုးသမီးက ဒီမှာ မနေတော့ ရင် ဘယ် ရောက် သွား ပြီလဲ။အဝတ်အစားတွေ  ပြန်လာမယူဘူး ဆိုတော့သေများ သွား ပြီလား။ ကျော်ကျော့် ကျောပြင်လေး စိမ့်ကနဲတွန့်သွားတယ်။ မြင်ခဲ့ရတာတော့ ငယ်ငယ်ရွယ်ရွယ် အမျိုး သမီးတွေ ဝတ်တတ်တာမျိုးတွေပါ။

“ ဘာဖြစ်လဲ၊ ဒါပိုင်ရှင်မဲ့ သဘောပဲ”

ချီတုံချတုံ ဖြစ်နေပြီးမှ စိတ်ကိုအားတင်းလိုက်ပြီး ဘီရိုတံခါးကိုဖွင့်လိုက်တယ်။ အဝတ်အစားတွေက ခေတ်ဆန်ဆန်တွေပါ။ ဂါဝန်အတို၊ စကပ်အတိုတွေ။ အသားကပ်ဘောင်းဘီရှည်တွေ။ စကပ်ထမိန်တွေ ။ နောက်ပြီး တော်မယ့် ပုံလဲမရှိဘူး။ အရင်အမျိုးသမီးက ကျော်ကျော့်ထက်အများကြီး ဖွံ့ဖြိုးလိမ့်မယ်။ ကျော်ကျော် လိုတာက အင်္ကျ ီပဲဆိုတော့ အင်္ကျ ီတွေလိုက်ကြည့်ရင်း ရှပ်လိုကော်လာပါတဲ့ ဘလောက်စ်အဖြူတထည်ကိုပဲ ရွေးလိုက်တယ်။ ကြည့်ရင်ချောင်မယ်လို့ထင်ရပေမယ့် မှန်ရှေ့ မှာ ဝတ်ကြည့် လိုက်တော့ သိပ်မ ချောင် ပါဘူး။ ပွသလိုလိုရှိပေမယ့် ကျော်ကျော့် ကိုယ်ပေါ်မှာချပ်ချပ်ရပ်ရပ် ရှိပါတယ်။ တပြားတချပ်မှ မရှိတဲ့ ပိုက်ဆံအိတ်ထဲကို ပိုက်ဆံထည့်ပြီး ဇစ်ကို သေသေချာချာ ပိတ်တယ်။ မနေ့က ထည့်လာတဲ့ ပလပ်စတစ်အိတ်ကို မတွေ့တာနဲ့ ပိုက်ဆံအိတ် ကို မိုးကာနဲ့ ပတ်ထုပ်ပြီး ကိုင်လိုက်တယ်။ ကြယ်သီး မစုံတော့တဲ့ ကျော်ကျော့် အင်္ကျ ီကိုတော့ ခုံပေါ်မှာပဲ တင်ထားခဲ့ပြီး အိမ်ရှေ့ကိုသွား စားပွဲပေါ်က သော့တွဲ ယူ အခန်းကို သေသေချာချာ သော့ပြန်ခတ်ပြီးတော့ ကမန်းကတန်းဆင်းလာခဲ့တယ်။

ကျော်ကျော် အရမ်းဆာနေပြီ။ နာရီကြည့်လိုက်တော့ မနက်ခုနစ်နာရီ ကျော်ပဲ ရှိသေးတယ်။ လမ်းထိပ်နားရောက်တော့ လဘက်ရည်ဆိုင် တဆိုင် ကိုတွေ့တာနဲ့ ဝင်လိုက်မိတယ်။ ကျော်ကျော် လဘက်ရည်ဆိုင်တွေဘာတွေ သိပ်ဝင်လေ့ မရှိပေ မယ့် ဆိုင်ရှေ့ မှာ မြင်နေရတဲ့ မုန့်ဟင်းခါး အိုးကြီးကြောင့် မနေနိုင်တော့ဘူး။

“ ဘာသောက်မလဲအမ”

“ မုန့်ဟင်းခါး တပွဲပေးပါ”

“ ဘာကြော်ထည့်မလဲ”

“ အကြော်မထည့်ဘူး၊ အိုးဘဲဥနဲ့လုပ်လိုက်”

မုန့်ဟင်းခါးရောက်လာတာနဲ့ အငမ်းမရစားချင်စိတ်တွေကို မနည်းထိန်းပြီး အေးအောင်ခနနေလိုက်ရသေးတယ်။ ဆိုင်ထဲမှာ တခြားသူတွေကလည်း ရှိသေးတော့ လူမြင်မကောင်းဘူးလေ။ မနက်စောစော ဆိုတော့လူရှင်းပါတယ်။ ရေပက်ခံထွက်ကြမယ့် အဖွဲ့တွေပဲ မနက်စာဝင်စားနေကြတာ တွေ့ရတယ်။ အများအားဖြင့် လူငယ်တွေ၊ ကျော်ကျော့်ထက်ငယ်မယ့်သူ၊ ကြီးတဲ့သူ၊ ရွယ်တူ တွေ အစုံပဲ။ အားလုံး ပျော်ရွှင်တက်ကြွလို့။ ဆာဆာနဲ့ စားလိုက်တာ တပန်းကန်ချက်ချင်းကုန်သွားတယ်။ နောက်တပွဲထပ်စားချင်ပေမယ့် ရှက်တာနဲ့ဟင်းရည်ပဲ ထပ်တောင်းလိုက်တယ်။

“ ပဲကြော်လေး တခုထည့်လိုက်နော်”

ဗိုက်ပို၀ သွားအောင် အကြော်ပါထည့်ခိုင်းလိုက်တယ်။ ဒါမျိုးက မိန်းကလေး တွေလုပ်နေကျ ဆိုတော့ တော်သေးတယ်လေ။ ခါတိုင်း လဘက်ရည် မသောက်တတ်ပေမယ့် ဒီနေ့ တော့ခေါင်းကြည် သွားအောင် လဘက်ရည်တခွက်သောက်လိုက်တယ်။ ဆာလောင်မှုတွေ ငြိမ်သက်သွားမှ ကားရဖို့ အသေချာဆုံးဖြစ်မယ့် ဆူးလေလမ်းမ ဖက်ကို လျှောက်သွားလိုက်တယ်။ မှတ်တိုင်တွေမှာ ဘတ်စကားတွေ ရှင်းလို့။ လမ်းပေါ်မှာလည်း တနေ့တာ အပျော်အတွက် စထွက်လာနေတဲ့ ရေပက်ခံကားတွေ သာတွေ့နေရတယ်။ မှတ်တိုင်ကခုံလေးမှာ ထိုင်ပြီးကားမျှော်နေရင်း အဆောင်ပြန်သွားရင် ဘာတွေဖြစ်မလဲ တွေးကြည့်နေမိတယ်။ အန်တီအေးက သိပ်ပြီးစိတ်ထားမဆိုးပါဘူး။ ငွေရေးကြေးရေး နဲ့ ပတ်သက်ရင် လည်း နားလည်ပေး တတ် ပါတယ်။ သူ့ အဆောင်က ဈေးနည်းနည်း များတယ်လို့ ဆိုနိုင်ပေမယ့် အတော်လေးလွတ်လပ်တယ်။ ရေသုံး တာ မီးသုံးတာ က အစ တခြားအဆောင်တွေလို ချုပ်ချယ်ကန့်သတ်တာမျိုး မရှိဘူး။အခန်းပေးတာကလည်း သူများထက်ကျယ်တယ်။  ဒါပေမယ့် ကျော်ကျော် ဆက်နေဖို့ မဖြစ်တာ ကကျိန်းသေနေပြီ။

မနေ့တုန်းက ရွှေရည့် အစား အန်တီအေးဆီ ကျော်ကျော် တက်သွားမိတယ်။ 

“ ရွှေရည် အဝတ်သွားလျှော် နေတယ်၊ ဘာကိစ္စရှိလို့လဲ” 

ဆိုတဲ့ အထိအဆင်ပြေတယ်။ နောက်တော့ အန်တီအေး သမီးမမကြူ က သူတရားစခန်း မသွားခင် သူ့အမေ ရဲ့ နှစ်ဆန်းတစ်ရက်နေ့ အလှု မှာထည့်ဖို့ ငွေငါးသောင်းကို ကျော်ကျော့်ဆီက တောင်းလိုက် ပြောသွားတယ် ဆိုတာ သတိရပြီး အန်တီအေးက မေးတော့မှ ပြသနာက စဖို့ ဖြစ်လာတယ်။ ကျော်ကျော့် မှာ ပိုက်ဆံဘယ်ရှိမလဲ။ မရှိလို့ တောင်မမကြူဆီက ယူရတာ။ အဆင်ပြေမှ ပြန်ပေးလို့ လဲမမကြူကပြောပြီးသား။ အခုမှ ဘာစိတ်ကူးပေါက်ပြီး ခုလိုပြောသွား မှန်းမသိဘူး။ သူ့ အမေ က အလှု အတွက် ငွေ အတင်းထည့်ခိုင်း နေလို့ ကျော်ကျော့် မှာပိုက်ဆံ မရှိမှန်းသိသိ နဲ့ ပြီးစလွယ် ပြောသွားတာလဲဖြစ်နိုင်တယ်။ ကျော်ကျော် မပေး နိုင်ရင် သူလဲ ထည့်စရာ မလိုဘူးလေ။

ဘာပဲဖြစ်ဖြစ် သူက အခုဒီလိုပြောသွားတော့ ဒီကိစ္စ က ကျော်ကျော့် ခေါင်းပေါ် လုံးလုံးရောက်သွားပြီပေါ့။ရှေ့ မျက်နှာနောက်ထားလို့ အန်တီအေးကို ကျော်ကျော် တောင်းပန် ရှင်းပြပါတယ်။ ကျော်ကျော့် မှာဒီ နည်းလမ်းပဲ ရှိတယ်လေ။ အန်တီအေး သိပ်မကျေနပ်ပေမယ့် လက်ခံလိုက်ရတယ်။

“ အင်းလေ …ဒါကတော့ ညည်းတို့ ချင်းကိစ္စ ဆိုတော့ မိကြူ လာမှပဲ ရှင်းကြပေါ့။ ငါကလဲ သူကပြောလို့ တောင်းရတာပါအေ”

ဒါပေမယ့် အန်တီအေးက ကျော်ကျော့်ရဲ့ အဆောင်လခ ကြွေးကျန်တွေဖက်လှည့် ပြောပြန်ပါတယ်။ ကျော်ကျော် အမှန်တကယ်လဲ အားနာမိပါတယ်။ ဒုတိယမြောက်အလုပ်ကနေပြုတ် လာပြီးတဲ့ နောကကျော်ကျော့်မှာဝင်ငွေတပြားတချပ်မှ မရှိတော့ ဘာမှမတတ်နိုင်ဘူး။ အလုပ်ကလဲပြုတ်တဲ့ အပြင် လျော်ခဲ့ ရသေးတယ်လေ။ ဒါကြောင့် ကျော်ကျော် အတတ်နိုင်ဆုံး အောက်ကျို့ ပြီး တောင်းပန်ပါတယ်။ အဆင်ပြေတာနဲ့ ရရပါ စေ့မယ်လို့လဲ အထပ် ထပ်ကတိပေးပါတယ်။

အဲဒီမှာ အန်တီအေး ပြောလိုက်တဲ့ စကားတခွန်းက ကျော်ကျော့် အရှိုက်ကို ထိပြီး စိတ်လွတ်ထွက်သွား တယ်။

...................

“ တော်စမ်းပါအေ၊ ညည်းကို ပြောလိုက်ရင် ဒီလိုချည်းပဲ အိညက်အိညက်မယားငယ်သံနဲ့၊ နင် အဆောင်ကို စရောက် လာတဲ့ နေ့ကထဲက နင့်အပြောအဆိုနဲ့ အမူအရာကို ကြည့်ပြီး မယားငယ်က မွေးတဲ့ သမီးဆိုတာ ငါ သိတယ်”

ရုတ်တရက်ကြီးပြောလာတဲ့ စကားကြောင့် ကျော်ကျော် နောက်ကို ယိုင်သွားမတတ် ပဲ။ အန်တီအေး တိတိကျကျ သိတာတော့ မဟုတ်နိုင်ဘူးလို့ နောက်ပိုင်းမှ ပြန်တွေးမိတယ်။ ကျော်ကျော့် ရဲ့ မိသားစု အကြောင်းတွေ ဒီမှာတခါမှ မပြောခဲ့ဖူးဘူး။ မိဖတွေကွယ်လွန်ကုန်ကြပြီ လို့ပဲ အားလုံးကို အသိပေးထားခဲ့တာ။ ဒါလဲ ညာတာ မဟုတ်ပါဘူး။ ဖေဖေ နဲ့ မေမေ လူ့လောက နဲ့ ကျော်ကျော့် ကိုစွန့်ခွာသွားပြီးနောက် မှကျော်ကျော်ရန်ကုန် ရောက်လာခဲ့တယ်။ ဖေဖေ နဲ့ မေမေ ရဲ့ အိမ်ထောင်ရေး အကြောင်းက ကျော်ကျော့်ဇာတိမြို့ ကလေးမှာတောင်မှ လူတိုင်း မသိကြပါဘူး။

မျက်နှာ အောက်ချ တောင်းပန် နေရာကနေ ကျော်ကျော်ချက်ချင်း ကျားမလေး အသွင်ပြောင်း ပြီး အန် တီ အေးကို အညိုးတကြီးနဲ့ ဘာတွေပြောလို့ ပြောမိမှန်းတောင် မသိတော့ဘူး။ အန်တီအေး ကိုယ်တိုင်လဲ ပြောမိပြီးမှ ကျော့်ကျော့် မျက်နှာ အမူအရာကို ကြည့်ပြီး ကြောင်အမ်းအမ်း ဖြစ်သွားတယ်။ ကျော်ကျော် က ဒေါသတကြီး အော်ဟစ်ပြောဆိုနေတာ ကိုတောင် အတော်ကြာတဲ့ အထိကြောင်ကြည့် နေတယ်။ အသံကြားတဲ့တခြားအဆောင်သူ တွေ နဲ့ အန်တီအေး အိမ်သားတွေ ရောက်လာ တော့မှ အသိဝင်လာပြီး ကျော်ကျော့် ကိုအဆောင်က ချက်ချင်းထွက်သွားခိုင်းပါတော့တယ်။

ဒေါသ အရမ်းထွက် နေတဲ့ ကျော်ကျော် ကလဲ သွားမယ်လို့ကတိပေးပြီး ရွှေရည် ဆွဲတဲ့ နောက်ကိုပါသွားတယ်။

“ ဘာတွေ ဖြစ်ကုန် တာလဲ ကျော်ကျော်ရယ်၊ ဒီရက်ကြီးထဲမှာ နောက်ထပ်တနေရာ ဘယ်လိုရှာမလဲ”

ရွှေရည်က စိတ်ထိခိုက်စွာနဲ့ ပြောလာချိန် မှာကျော်ကျော်လဲ ဘာလုပ်ရမလဲ စဉ်းစား မရသေးဘူး။ နောက်မှ သင်္ကြန် မတိုင်ခင်က ကျော်ကျော်တို့ ဇာတိမြို့က အသိတယောက်ပေးသွားတဲ့ လိပ်စာလေးကို ပြေးမြင်မိတယ်။

“ တခုတော့ ရှိပါသေးတယ်ဟာ၊ အဲဒါ အဆင်ပြေ နိုင်တယ်”

ဖြတ်သွားတဲ့ ရေပက်ခံကားတစီးပေါ်က ရေနဲ့ လှမ်းပက်သွားလို့ ကျော်ကျော် အတွေးထဲနစ်နေရာ ကသတိပြန်လည်လာတယ်။ ကျော်ကျော်စီးမယ့် ကားလည်းရောက်လာလို့ ကားပေါ် အပြေးလေးတက် လိုက်တယ်။ အဆောင်ရောက်ရင်တော့ အခြေအနေ ကြည့်ရင်ဆိုင်ရတော့မှာပဲ။ ကားချောင်တဲ့ အချိန်ဆိုတော့ နေရာလည်း ရတာနဲ့ ကျော် ကျော် အပြင်ကိုငေးရင်းငြိမ်ငြိမ်လေး လိုက်လာခဲ့တယ်။ စိတ်ရှုပ်စရာ တွေ မတွေးဘူး။ ဟိုရောက်ရင် အန်တီ အေးကို ဒီပိုက်ဆံတွေ ပေးလိုက်မယ်။ ကျန်တာက တော့နောက်မှ ရှင်းရတော့မှာပေါ့လေ။ အဆောင်ရှေ့ ရောက်တော့ အားလုံးတိတ်ဆိတ်လို့။ ကျော်ကျော် ခြံထဲ ရောက်တော့ အထဲကနေ ရွှေရည်ပြေးထွက်လာတယ်။ကျော်ကျော့်ကို ခြေဆုံး ခေါင်းဆုံးတချက်ကြည့်ပြီးရွှေရည်ပြုံးသွားတယ်။

“ အဆင်ပြေခဲ့တယ်ပေါ့၊ နင့်သူငယ်ချင်းနဲ့ တွေ့တယ် မဟုတ်လား”

တမြို့ထဲ တူတူနေခဲ့ဖူးသလို တက္ကသိုလ်တူတူ တက်ဖူးပြီး ဆွေလိုမျိုးလို ခင်တဲ့ သူငယ်ချင်းက သူ့မိသားစု နဲ့ အတူ အနောက်နိုင်ငံတခုကို အပြီးတိုင် ပြောင်းသွားပြီ ဆိုတာ ကျော်ကျော် ပြောချင်ပေမယ့် မပြောလိုက် တော့ပါဘူး။

“ အဆင်ပြေလာတယ်လို့ ဘာဖြစ်လို့ ထင်တာလဲ”

“ နင်ဝတ်ထားတာ နင့်အင်္ကျ ီ မှ မဟုတ်တာ၊ ဒါနင့်သူငယ်ချင်းဆီက ယူဝတ်လာတာ ဖြစ်ရမယ်”

“ တော်လိုက်တာ တော်”

“ အေး ဟယ်၊ ဒီလိုမှန်း သိရင်နင့်ကိုစောစော စီးစီး သွားခိုင်းပါတယ်၊ ကဲ ... လာလာ”

ဧည့်ခန်းလုပ်ထားတဲ့ ဆီရောက်တော့ ကျော်ကျော့် သားရေသေတ္တာ ကိုထောင့်ကပ်ချထားတာ တွေ့ လိုက်ရ တယ်။ ဘေးမှာလဲ အိုးခွက်ပန်းကန် တွေ၊ တိုလီမိုလီပစ္စည်းတွေ ထည့်ထားတဲ့ ခြင်းတောင်းနဲ့ ကျွပ်ကျွပ်အိတ်  ကြီးတလုံး။ကျော်ကျော် အခြေအနေ ကိုသိလိုက်ပါပြီ။

“ အန်တီအေး ရှိလား”

“ ဘုန်းကြီးကျောင်းသွားတယ်လေ”

“ ဒါဆို နင့်ကိုပဲ ပေးခဲ့တော့မယ်”

“ ဘာလဲ”

“ ပိုက်ဆံလေ”

ရွှေရည် မျက်နှာပျက်သွားတယ်။ ကျော်ကျော့် စကားက အဆောင်ကနေ အပြီးထွက်သွားတော့ မယ်ဆိုတဲ့ သဘောဖြစ်နေတာကိုး။

“ နင်ကလဲဟာ၊ အန်တီအေး က ပိုက်ဆံ အကြွေးပေးလိုက်ရင်ကျေနပ်သွားမှာပါ၊ ဒီလို အချိန်ကြီးမှာ နင်ဘယ် ကို ပြောင်းမလဲ”

“ ရတယ်၊ ငါ နေစရာရခဲ့ပြီ”

“ နင့် သူငယ်ချင်းဆီမှာလား”

“ ဟုတ်တယ်”

လွယ်လွယ်ကူကူပဲပြောလိုက်တော့တယ်။ အချိန်ကုန် ခံပြီး ကျော်ကျော်ထပ်မရှင်းချင်တော့ဘူး၊ ရှင်းလို့ကလဲကောင်းမှ မကောင်းတာ။ ကျော်ကျော် ဘယ်ကနေဘယ်လိုပိုက်ဆံ တွေရခဲ့တယ်ဆိုတာ သိရင် ရွှေရည် ပစ်လဲသွားနိုင်တယ်။

“ နင်တကယ်သွားမှာပေါ့ နော်၊ အန်တီအေး ကို တောင်းပန်ကြည့်ပါလာားဟယ်။”

“ မဖြစ်နိုင်ပါဘူး၊ ဒီမှာကြည့်ပါလား”

အခန်းထောင့် က ပစ္စည်းတွေကို မေးငေါ့ ပြလိုက်တော့ ရွှေရည် ငိုင်သွားတယ်။

“ ဒါတောင်မှ ညနေက အပြင်ကို ထုတ်ထားတာ၊ သူ့အလစ် ငါဒီမှာပြန်ယူထားလိုက်တာ”

“ ငါ အဝတ်အစားနဲ့ တခြားလိုမယ်ထင်တာလေးတွေပဲ ယူသွားမယ်၊ ကျန်တာတွေတော့ နင်ယူထားလိုက်တော့”

“ နင်ရော အန်တီအေးပါ၊ သဘောကောင်းကြပါတယ်ဟယ်၊ မနေ့ က သက်သက်ကိုဂြိုလ်ဝင်တာ၊ အဲဒါ မမကြူကြောင့်”

ရွှေရည်က ပိုက်ဆံ ကိစ္စလို့ပဲထင်နေတယ်။ သူမှ အနားမှာမရှိပဲကိုး။ ဒီလိုထင်တာကိုပဲ ကျော်ကျော် သဘောကျပါတယ်။ အန်တီအေးကို စောင့်ပြီး ဘာကြောင့် ဒီလိုပြောရတာလဲ မေးချင်ပေမယ့် ပြေလည်ရင်တော်သေးတယ်၊ ပိုဆိုးရင် မကောင်းဖြစ်တော့မှာစိုးတာကြောင့် အန်တီအေး ပြန်မရောက်ခင် ပြန်ဖို့ ကျော်ကျော် ဆုံးဖြတ်လိုက်တယ်။

“ ရွှေရည် ဒီမှာ အဆောင်ခ ပိုက်ဆံ မပေးရသေးတာ လေးလနဲ့ ခုလ အတွက်ပါ ပေးလိုက်မယ်၊ အဲဒါက တသိန်း၊ ငါးလစာ၊ ဒီငါးသောင်းက မမကြူ ဆီကယူထားတာ အဲဒါပါ ပေးလိုက်နော်၊ အားလုံး တသိန်းခွဲ”

“ အေးပါဟယ် စိတ်ချပါ၊ နင်ဒီလို အဆင်ပြေ သွားတာပဲ အဆိုးထဲက အကောင်းလို့ မှတ်ပါတယ်”

ရွှေရည် တကယ်စေတနာနဲ့ ပြောတာပါ။ သူကိုယ်တိုင်လဲ ရှိတဲ့ အလုပ်ကလေး ကုပ်ကပ်လုပ်ရင်း နယ်မှာကျန်ခဲ့တဲ့ မိခင်အိုကြီးနဲ့ မောင်နှမတွေကို ထောက်ပံ့ နေရရှာတာဆိုတော့ ကျော်ကျော့် ရဲ့ ဒုက္ခ တွေကိုခွဲေ၀ ခံစားပေးတာကလွဲရင် ကူညီဖို့ မတတ်နိုင်ရှာဘူးလေ။

“ သူငယ်ချင်း မနက်စာစားပြီးပြီလား”

“ ပြီးပြီ”

ကျော်ကျော်ထိုင်ရာက ထပြီး သေတ္တာကို စစ်တယ်။

“ အိပ်ရာ နဲ့ အိုးခွက်တွေတော့ နင်သိမ်းထားပါဟယ်၊ ငါဟို မှာအမြဲ မနေပါဘူး၊ အလုပ်အဆင်ပြေရင် အဆောင်ပဲ ထွက်နေမှာ အဲဒီကျ လာပြန်ယူမယ်”

“ အေးအေး စိတ်ချ၊ ငါသေချာသိမ်းထားပေးမယ်”

အဝတ်အစား နဲ့ တကိုယ်ရည် သုံးပစ္စည်းလေး တွေပဲ စစ်ဆေးပြီး ပြန်ထည့်လိုက်တယ်။ အားလုံးပြီးတော့ ....

“ အန်တီအေး မလာခင်ငါသွားမယ်ဟာ၊ ကျန်တဲ့ သူတွေ ပြန်ရောက်လာကြရင်လဲ ပြောလိုက်ပါ”

“ နင်ကလဲ ဟယ်၊ ခနတောင်မနေဘူး၊ ထမင်းစားသွားပါလား”

“ မစားတော့ဘူး၊”

“ နေဦး ငါလမ်းထိပ်ကိုလိုက်ပို့မယ်”

အဝတ်လဲဖို့ ရွှေရည်ပြေးတက်သွားတုန်း ရေအိမ်ဝင်ဖို့ သတိရလာတာနဲ့ရွှေရည့်ကို လှမ်းအော်ပြီး နောက်ဖေးဖက်ကို ထွက်လာခဲ့တယ်။

“ ရွှေရည်ရေ ငါတွိုင်းလက် သွားဦးမယ်”

ဖြစ်နိုင်ရင် ရေချိုးချင်သေးတယ်။ ဒါပေမယ့် အန်တီအေး နဲ့ တိုးမှာစိုးတာနဲ့ မချိုးတော့ဘူး။ ကိစ္စ ဝိစ္စ ပြီး လို့ သန့်ရှင်းရေးလုပ်တော့ ကျော်ကျော် စိတ်ထင်လို့လားမသိဘူး နဲနဲစပ်ဖျင်းဖျင်းခံစားရတယ်။ အဲဒီအခိုက် မှာတင်ပဲ တမနက်လုံး ကိုယ့်အပူနဲ့ ကိုယ် မေ့နေမိခဲ့တဲ့ ဟိုလူကြီး အကြောင်းခေါင်းထဲ ရောက်လာတယ်။အိမ်သာထဲက မျက်ရည်လေး ဝဲပြီးထွက်လာတဲ့ ကျော်ကျော့် ကို ရွှေရည်က ...

“ ဘာဖြစ်လို့လဲ သူငယ်ချင်း”

“ ဘာမှ မဖြစ်ပါဘူး သွားကြမယ်လေ”

ရွှေရည်က တော့ ခွဲရမှာမို့ ကျော်ကျော် စိတ်မကောင်းဖြစ်နေတယ်ထင်ပြီး သူပါမျက်ရည်ဝဲလာတယ်။သေတ္တာ တစ်လုံး နှစ်ယောက်အတူဆွဲ ထွက် လာကြပြီးတော့ လမ်းမှာရွှေရည်က

“ ငါ့ဆီ ဖုန်းဆက်နော်သူငယ်ချင်း၊ ဒီကို မဆက်ချင် အလုပ်ကိုဆက်၊ နင်နံပါတ်သိတယ် မဟုတ်လား”

“ သိတယ်”

“ ခုနင်နေမယ့် ဆီမှာရောတယ်လီဖုန်းရှိလား”

ဧည့်ခန်းထောင့် က စားပွဲလေးပေါ်မှာ ဖုန်းတလုံးရှိတာ ပြေးမြင်မိတာကြောင့်

“ ရှိတယ်၊ နံပါတ်တော့ မသိဘူး၊ နံပါတ်ရရင် နင့်ဆီ လှမ်းပြောမယ်လေ”

“ အေးအေး၊ ဒီဖက်ရောက်လို့ မဝင်ချင်လဲ အားတဲ့ အခါ ငါ့ အလုပ်ထဲလာခဲ့လေ”

“ လာခဲ့မယ်၊စိတ်ချ”

ကျော်ကျော် ကားပေါ်တက်သွားတော့ ရွှေရည်လဲခေါင်းလေး ငိုက်စိုက်နဲ့ ပြန်သွားရှာတယ်။ ကျော်ကျော်လဲရွှေရည့် ကိုနောက်ကနေ ကြည့်ပြီး ရင်ထဲဆို့နင့်နင့် ခံစားရတယ်။

“ နောက်ပြန်တွေ့ကြမှာပဲ သူငယ်ချင်းရယ်”

တိုးတိုးလေး ရွတ်ပြီး ခုံကိုမှီချလိုက်မိတယ်။ ခုလောလော ဆယ်တော့ ကျော်ကျော့် မှာရွေးချယ်စရာ မရှိတော့ဘူး။ ဟိုအခန်းကိုပဲပြန်ရတော့မယ်။ ဒီနေ့လဲ ဟိုလူကြီး မူးမူး ရူးရူး နဲ့များ ရောက်လာဦးမလား တွေးမိ ပြီး ရင်ထဲမှာ ထိတ်ကနဲ နွေးသွားပေမယ့် ကျော်ကျော် ဘာတတ်နိုင်မှာလဲ။ ကားမှတ်တိုင်ကို လာတုန်းက ရွှေရည်လိုက်ပို့ လို့ အဆင်ပြေပေမယ့် ကားပေါ်က ဆင်းတော့ သေတ္တာတလုံး အထုပ်တထုပ်နဲ့ ကျော်ကျော်ရွာလည် သွားတယ်။ စပယ်ယာက ကားအောက် အထိတော့ လိုက်ပို့ ပေးပါတယ်။ နောက်ဆုံးတော့ ရှိသမျှ အားကိုတင်းပြီး အခန်းဝရောက်အောင် ကြိုးစားပြီး သွားရတော့တယ်။ တံခါး၀ ရောက်တဲ့ အခါ လှုပ်တောင် မလှုပ်ချင်တော့ ဘူး။ဒါကြောင့် ပစ္စည်း တွေအထဲရောက်တာနဲ့ ဘာမှမလုပ်နိုင်တော့ဘဲ ဆိုဖာရှည်ကြီးပေါ် အရုပ်ကြိုးပြတ် လှဲချနားလိုက်ရတယ်။ အမော ပြေသွားတာတောင် မှ မထသေးဘဲ ဆက်မှိန်းနေရင်း စားပွဲ အောက်က ကြမ်းပြင်မှာကျနေတဲ့ ကဒ်ပြားလေး တခု တွေ့တာနဲ့ ဘာရယ်မဟုတ် ထပြီး ကောက် ယူကြည့်လိုက်တော့

U Aung Ba Nyo

Managing Director

Golden Globe Co.Ltd

……………………………………………………

ဆိုပြီး အောက်မှာ လိပ်စာနဲ့ ဖုန်းနံပါတ်တွေ တတန်းကြီး တွေ့ရတယ်။ ဟိုလူကြီးများလား။ ဖြစ်တော့ဖြစ်နိုင်တယ်။ သူ့ရုပ်က သူဌေးရုပ်ပေါက်တယ်။ နောက်ပြီး သိန်းချီတဲ့ ပိုက်ဆံ တွေကို ဒီတိုင်းချထားခဲ့ တယ်ဆိုက ထဲက တော်တော်ချမ်းသာလို့ ဖြစ်မယ်။

“ တခြားတယောက်ယောက်ဟာလဲ ဖြစ်ချင်ဖြစ်နေမှာလေ”

စားပွဲ ပေါ်ကိုကဒ်လေး လှမ်းတင်လိုက်ပြီးတော့ ပိုက်ဆံအိတ်ကလေး ဆွဲယူလိုက်တယ်။ အောက်ကို ပြန်ဆင်းပြီးတခုခု ဝယ်စားရမယ်။ ပြီးရင်တော့ ကျော်ကျော့် မှာလုပ်စရာတွေ အများကြီး ရှိသေးတယ် မဟုတ်လား။

..............................                                                                                                       

{အကယ်၍သာ လောကနှင့်သက်ရှိသက်မဲ့ အရာအားလုံးတို့ကို တစုံတဦးကဖန်တီးပြုလုပ်ခဲ့သည် ဆိုပါ ငြား အံ့၊မိန်းမ ဆိုသည်မှာ ထိုဖန်ဆင်းရှင်၏ လက်ရာအကောင်းဆုံး နှင့်အနုပညာ အမြောက်ဆုံး ဆုံးဖန်တီးမှု ဟု အမှန်ပင်ဆိုနိုင်ပါသည်။ ရုပ် ပိုင်းဆိုင်ရာအရကြည့်လျင်ရှုပ်ထွေး သောအသွင်သဏ္ဍန်ရှိ သလို၊ စိတ်ပိုင်းဆိုင်ရာ အရလည်းနားလည်ရန် ခက် ခဲနက်နဲသောသဘောရှိပေသည်။ သူတို့၏ရုပ်သည်စိတ်ပေါ်တွင်သက်ရောက် လွှမ်း မိုးမှုရှိသည့်နည်းတူ စိတ် သည်လည်းရုပ်ပေါ်သို့သက်ရောက်လွှမ်းမိုးမှုရှိလေ၏။ တဖန်သူတို့၏ ရုပ်နှင့် စိတ်သည်ပဋိပက္ခ သဘောကို ဆောင်ကြသည့် အချိန်များလည်းရှိပြန်သည်။ ထိုထိုသောလွှမ်းမိုးမှု၊ပဋိပက္ခနှင့် ဝိရောဓိတို့၏အကျိုးဆက် ကိုလိုချင်သည်ဖြစ်စေ မလိုချင်သည်ဖြစ်စေ တာဝန်တရပ်လို လက်ခံရသောသူတို့မှာ လူသားယောက်ျားတို့ဖြစ်လေ၏။ သို့ပါလျှင် အဘယ်ကြောင့် ဖန်ဆင်းရှင်သည် လူသားမိန်းမ ဟူသော သက်ရှိပဟေဠိကို ပြုပြင်စီရင်ရလေသနည်း။}

................................................

အခန်း ( ၃ )

ဦးအောင်ဘညို သင်္ကြန်တတွင်းလုံး အိမ်တွင်းမှာပဲ အောင်းနေလိုက်သည်။ ဘယ်ကိုမှမသွားတော့၊ သွား လည်းမသွားချင်။ ဦးမြင့်မောင် တိုက်ခန်းက ပြန်လာသည့်ည က လက်ကိုင်ဖုန်းကိုပါ တခါထဲပိတ်ထား လိုက်သည်။ သူထင်သည့် အတိုင်းပင် ဖုန်းတွေဆက်တိုက်ဝင်လာသည်။ ဖုန်းပိတ် ထား မှန်းသိသော အခါ အိမ်ဖုန်းကို ဆက်ကြသည်။ ဦးအောင်ဘညို လာသမျှဖုန်းကို သူမရှိဘူး ဟုငြင်းပစ်ရန် အိမ်သားတွေကို မှာထား၏။ အေးအေးဆေးဆေး နားလိုသည်ဟု အကြောင်းပြချက်က ခိုင်လုံသောကြောင့် အိမ်ကလူတွေကလည်း သူသင်ပေးသလိုပင်ပြောကြသည်။ သူ့မိတ်ဆွေတွေ အိမ်ကိုလိုက်လာမှာ တခုပဲ ဦးအောင်ဘညို စိုးရိမ်မိသည်။

ထို့ကြောင့် နောက်ရက်တွေ တွင် အိမ်မှာအေးအေးသက်သာ နေနေသော်လည်း စိတ်က တော့ မဖြောင့်နိုင်အောင်ရှိသည်။ အလုပ်နှင့်ပတ်သက်သည့် စာရွက်စာတန်းတွေကို ဖတ်စရာရှိတာဖတ်မည်ဟု စိတ်ကူးသော်လည်း လက်တွေ့ မှာဖြစ်မလာပါ။ စာဖတ်သလိုလို၊ ရုပ်မြင် သံကြား ကြည့်သလိုလို၊ အင်တာနက်ထဲ မှာ ဟိုဟာဒီဟာလျှောက်ရှာ နေသလိုလို နှင့်ဘာအလုပ်မှ မပြီးဘဲ အချိန်တွေ ကုန်သွား ရသည်။ ဦးမြင့် မောင်၏ တိုက်ခန်းမှာ ထားခဲ့သည့် မိန်းကလေး အကြောင်းကိုတော့ အမြဲတွေးဖြစ်သည်။ သူ့ကို မတွေ့သည့်အခါ သူမဘာလုပ်မည်နည်း။ ထားခဲ့သည့်ပိုက်ဆံ တွေကို မြင်လျှင် သူမဘယ်လို နေလေမည်နည်း။ ဒါကိုပဲ တွေးနေမိသည်။ နာနာကျင်ကျင် နှင့်ကြည့်လာသော မျက်ဝန်းတွေကိုပြန် မြင်ယောင်လျှင် ဦးအောင်ဘညို ဂယောင်ချောက်ချားဖြစ်ရသည်။ ဦးမြင့်မောင် ၏တိုက်ခန်း နှင့်ပစ္စည်းတွေ အတွက်ကတော့စိတ်ထဲ ဘယ်လိုမှ မနေပါ။ သူပိုင်ဆိုင် လိုက်ပြီဆိုသည့် အတွေးကိုပင်တွေးမရ။ ဟိုမိန်းကလေး အထဲကပစ္စည်း တွေ အကုန်ယူသွားလည်း အကြောင်းမဟုတ်။ သို့သော် ဒီလိုလုပ်မည့် မိန်းကလေး မျိုးမဟုတ်လို့ စိတ်မှာယုံကြည်နေမိသည်။

နှစ်ဆန်းတစ်ရက် နေ့ မှာတော့ သားနှင့်သမီးကို ခေါ်ပြီး ငါးသွားလွှတ်သည်။ ငှက်ကလေး တွေဘေးမဲ့ လွှတ်သည်။ ငါးကလေး တွေ နှင့် ငှက်ကလေးတွေက လွတ်လပ်ပေါ့ပါးစွာ ကူးခတ်ပျံသန်းသွား နိုင်ကြသော်လည်းဦးအောင်ဘညို၏ စိတ်ကတော့ မလွတ်လပ်နိုင်အောင်ရှိသည်။ စိတ်ညစ်ညူးမှု တွေကို ခက် ခဲ ပင်ပန်းစွာကြိုးစားဖြေဖျောက်ရင်း နှစ်ဆန်း နှစ်ရက်နေ့ တွင်တော့ရုံးခန်းကို မလာချင်လာချင် နှင့်ထွက်လာခဲ့ရသည်။ ရက်ရှည်ကြာပိတ်ထားရာမှ ပြန်ဖွင့်သော အချိန်မို့ သူကိုယ်တိုင်ရှိနေမှ ဖြစ်ပေမည်။ ဇနီး ဖြစ်သူ မသူဇာ လည်းဒီရက်ပိုင်း ပြန်ရောက်လာမည်ဟု ဆိုထား သောကြောင့် အိမ်မှာလည်း မနေချင်။ မသူဇာ မျက်နှာကို ကြည့်ဖို့ အားနာနေသလို ခံစားရသည်။

“ မမကြီး ပြန်လာတော့မယ် ဆို လေးလေး”

ရုံးခန်း ၀ ကဆီးကြို နုတ်ဆက်လိုက်သူ က မသူဇာ၏ တူဝမ်းကွဲတော်သော ခင်မောင်တင့်။ သူ နှင့် သူ့ဇနီးအေးအေး တို့ နှစ်ယောက်လုံး ဦးအောင်ဘညို ထံမှာအလုပ်လုပ်ကြသည်။ မန်နေဂျာ များအဖြစ် ခန့်ထား သော်လည်း တကယ်တော့ ဦးအောင်ဘညို၏ အတွင်းရေးမှုး များလို့ ဆိုနိုင်သည်။ အလုပ်ရှင် လည်း ဖြစ်နေသည့် အပြင် ဦးလေး လည်း တော်သောကြောင့် ဦးအောင်ဘညို ၏ ဝေယျာဝစ္စ တွေကို သူတို့လင်မယားက ဆောင်ရွက်ပေး ကြသည်။ ထို့ကြောင့် ဦးအောင်ဘညို ဆီမှာ တခြားသူဌေးတွေလို အတွင်းရေးမှုး ချောချောလေး တွေ မရှိပါ။ ခင်မောင်တင့်တို့ လင်မယားရှိနေသည့် အတွက် လို လည်း မလိုအပ်ဟု ထင်သည်။သူတို့လင်မယား ကလည်း အစစ အရာရာ အားကိုးယုံကြည် နိုင်သည်။ ဒီနေ့တော့ ခင်မောင်တင့်၏ အလိုက်ကမ်း ဆိုးမသိ နုတ်ဆက်စကားက နဲနဲ ဦးအောင်ဘညိုကို ထိသည်။

“ အင်း …ပြောတာပဲကွာ၊ နောက်ထပ် တနေရာကကောင်းတယ်ကြားရင်လဲ ထပ်ရောက်ချင်ရောက်သွားနိုင်သေးတယ်၊ မင်းအဒေါ်က ပြောရတာမဟုတ်ဘူး။ ဒီ တဘဝထဲ နဲYနိဗာန် အရောက်သွားချင်နေတာ”

အကြောင်းသိခင်မောင်တင့် ကပြုံးနေသည်။

“ ဘာထူးသေးလဲကွ၊ အရေးတကြီးတဲ့ ဖုန်း လာတာရော ရှိလား”

“ အားလုံးအေးအေးဆေးဆေးပဲ လေးလေး၊ ဒီနေ့ မှရုံးတွေပြန်ဖွင့်တာဆိုတော့ ဘယ်သူမှ မလှုပ်ရှားကြသေးဘူးထင်တယ်”

“ တခြားဖုန်းလာသေးလား”

“ မလာဘူးလေးလေး”

ရုံးရောက်ပြီဆိုတော့ ဦးအောင်ဘညို ဖုန်းပိတ်ထားလို့ မရတော့ ဖုန်းပြန်ဖွင့်ထားလိုက်ရသည်။ လုပ်ငန်းနှင့် ပတ်သက် သော ဖုန်းတွေလာနိုင်သေးသည် မဟုတ်ပါလား။ ကံကောင်းထောက်မစွာဖြင့် သင်္ကြန်မင်းသားကြီး တွေဆီက တခြားသူတွေဖုန်းသာဝင်လာသောကြောင့် စိတ်သက်သာနေစဉ် စားပွဲပေါ်က ဖုန်းမြည်လာသည်။ မနေသာပဲ ကောက်ကိုင်လိုက်ရာ ...

“ ညီလေး ရေ .. အကိုပါ”

သင်္ကြန်တုန်းက အဖွဲ့ မှာပါဝင်ခဲ့သော ဦးမောင်မောင်အေး ဖြစ်နေသည်။

“ ဟုတ်ကဲ့ အကို”

“ ဘယ်တွေပျောက်နေတာတုန်း၊ ဟန်းဖုန်းလဲခေါ်မရ၊ အိမ်မှာလဲ မရှိဆိုတော့”

“ ကျွန်တော် ကလေးတွေလိုက်ပို့နေလို့ပါအကို”

“ ဟုတ်လား၊ သမီးမပါဘူးပေါ့၊ သမီးတရက်ဖုန်းလာကိုင်တယ်၊ ညီလေး အပြင်သွားတယ်တဲ့”

သူငယ်နှပ်စားမဟုတ် စီးပွားရေးလောက မှာနာမည်တလုံးနှင့် နေသူမို့ ဦးမောင်မောင်အေးက ချက်ချင်း ထောက် လာသည်။

“ ဟုတ်တယ်အကို အဲဒီတုန်းက သားကို သူ့သူငယ်ချင်းတွေ ဆီလိုက်ပို့နေလို့”

“ ဟိုကိစ္စ ကောဘယ်လိုလဲ”

“ ဘယ်ကိစ္စလဲ၊”

ဦးအောင်ဘညို သိသိကြီးနှင့် ပြန်မေးလိုက်သည်။ ဦးမောင်မောင်အေး ဆီကဖုန်းဝင်လာကထဲကဘယ်ဘူတာ ဆိုက် တော့ မည်ကို ဦးအောင်ဘညိုလည်း သိထားပြီးဖြစ်သည်။

“ ဟိုကလေး မလေးလေ၊ အိမ်မှာလဲ ငါ့ညီက မရှိဘူးဆိုတော့ ချာတိတ်မနဲ့ သွားနှပ် နေတယ်မှတ်ကြတာပေါ့”

“ မဟုတ်ပါဘူးအကိုရယ်”

“ အဲဒီနေ့ကရောဘယ်လိုလဲ၊ အဆင်ပြေလား”

ဦးအောင်ဘညို ရုတ်တရက်ပြန်မပြောနိုင်၊ အကယ်၍ မေးလာလျင်ဖြေဖို့ စကားလုံးတွေ သူကြိုတင်တွေးခဲ့ ပြီး သားဖြစ်သော်လည်း တကယ့် အရေးကျတော့ တခွန်းမှ ထွက်မလာ၊

“ ပြေတယ်..အင်း ပြေပါတယ် အကို”

“ ဘယ်လိုပြေတာလဲ”

“ ဟာ .. အကိုကလဲ”

တဖက်က ဦးမောင်မောင်အေးရယ်သံကြားရသည်။

“ အင်းပေါ့လေ၊ ခရေစေ့ တွင်းကျ ဆိုတော့ ဘယ် မေးလို့ ကောင်းပါမလဲ မဟုတ်ဘူးလား၊ ဟဲ ...ဟဲ”

ဘာပြန်ပြောရမှန်းမသိလို့ ဦးအောင်ဘညို ငြိမ်နေလိုက်သည်။ သူငြိမ်နေသဖြင့် ဦးမောင်မောင်အေးက

“ ကိုမြင့်မောင်တောင် ခရီးထွက်သွားတယ်၊ ဒီမနက်ပဲ”

ဦးမြင့်မောင် မရှိဟုသိရသောကြောင့် ဦးအောင်ဘညို နည်းနည်းစိတ်ပေါ့သွားသည်။

“ ဘယ်ကိုလဲအကို”

“ Europe ဖက်လို့ ပြောတာပဲ ၊ ကြာလိမ့်မယ်၊ သူ့ကလေးတွေ ဆီလဲဝင်မယ်တဲ့၊ မိန်းမပါခေါ်သွားတယ်၊ တို့လဲဆုံကြရအောင်လေ သင်္ကြန်ထဲကမတွေ့ကြတာ၊ဂေါက်ကွင်းဒီညနေလာမှာလား”

“ မလာဖြစ်ဘူးထင်တယ် အကို ၊မသူဇာလဲပြန်လာမယ်ဆိုလို့”

“ အင်းပေါ့ ခြေငြိမ်ရတော့မှာပေါ့၊ ဟားဟား၊ ဒါဆိုလဲ နောက်တွေ့မယ်လေ၊ ကျန်တဲ့ သူတွေ ကလဲ တွေ့ ချင်နေကြတယ်၊ တွေ့ မှ အတွေ့ အကြုံရှင်းလင်းပွဲ လုပ်ပေါ့၊ အဲဒီနေ့ ကိုယ်ဒကာလုပ်မယ်”

“ ဟုတ်ကဲ့ ဟုတ်ကဲ့ အကို”

ဦးမောင်မောင်အေးဖုန်းချသွားတော့ မှ ဦးအောင်ဘညို သက်ပြင်းချလိုက်မိသည်။ အရေးတကြီး အကြောင်း အရာ မရှိရင် ဒီလူတွေ နှင့်တွေ့ဖို့လတ်တလောရှောင်ထားလိုက်မည်ဟု ဆုံးဖြတ်လိုက်သည်။ ဦးမောင် မောင် အေး ဆက်ပြီးသိပ်မကြာပါချေ ကျန်တဲ့ သူတွေကလည်း ဖုန်းဆက်လာကြသောကြောင့်အလုပ်ပင် ဖြောင့်အောင်မလုပ်နိုင်။ နေ့လည်စာ လည်းကောင်းကောင်းမစားရ။ သို့သော် အကြံကောင်းရသွားသော ဦးအောင်ဘညိုက အကုန်လုံးကို ဦးမောင်မောင်အေး ခေါင်းပေါ်လွှဲချလိုက်သည်။ အလုပ်များနေ သဖြင့် အကျယ်တဝင့် မပြောအားကြောင်း၊ မနက်က ဦးမောင်မောင် အေး

ကို အပြည့် အစုံရှင်းပြပြီးသောကြောင့် ဦးမောင်မောင် အေး ကိုသာ မေးကြရန်ဘော်လီဘောပုတ်ထုတ်လိုက်နိုင်ပြီး အနည်းငယ်မျှသက်သာ ရာရခဲ့သည်။ ပြီးတော့ အိမ်စောစော ပြန်လိုက်၏။

ခါတိုင်း ဂေါက်ကင်းသွားလျင်သွား မသွားလျင်တင်းနစ်စသွားရိုတ်သော်လည်း ဒီနေ့တော့ မသွားတော့ပါ။ သင်္ကြန်တုန်းက တင်းနစ် ရိုတ်ဖက်တွေ မပါပါ။ အထူးသဖြင့် ဒီရက်ပိုင်း မှာဂေါက်ကွင်း ကိုတော့ ရှောင်ရ ပေမည်။

ဇနီးသည်ဖြစ်သူမသူဇာက နောက်တနေ့ မှပြန်ရောက်လာသည်။ သမီးကြီးက ဖုန်းဆက်ပြော၍ အိမ်စောစော ပြန်ခဲ့သည်။ ဒီတစ်ခါ မသူဇာဘယ်လောက်ကြာကြာ နေဦးမလဲဟု ကားပေါ်မှာ တွေးနေမိ၏။ ခါတိုင်း ဆိုလျှင် အကြာဆုံးကတော့ တလ လောက်သာဖြစ်သည်။ စိတ်ကူးပေါက်လျှင် ဖြစ်ဖြစ် ဒါမှမဟုတ် အဖေါ် ကောင်း လျှင် ဖြစ်ဖြစ် တရားစခန်းတခုခု ဆီပြန်ရောက်သွားတတ်သည်။ တခါတလေ လည်း မသူဇာဘာကြောင့် ဒီလိုဖြစ်သွားလေသနည်း လို့ တအံ့တသြတွေးမိသည်။ မသူဇာ အသက်က လေးဆယ်ပင် မပြည့်တတ်သေး။ လပိုင်းလောက်လိုသေးသည်။ ရုပ်ရည်က လည်း လေးဆယ်လို့ မထင်ရအောင်နုပျို၏။ အကြောင်း မသိသူက သုံးဆယ် ဝန်းကျင်လောက်လို့သာထင်တတ်ကြသည်။ ခုလိုနုဆဲပျိုဆဲ ချောမောဆဲဘ၀ မှာ စည်းစိမ်ဥစ္စာ အတွက်လည်းဘာမှ ပူပင်ကြောင့်ကြစရာမလို၊ သူမ နှင့်ရွယ်တူ တန်းတူဂုဏ်ရည်တူ တွေမော်လို့ဝင့်လို့ ကောင်းတုန်း အချိန် မှာ တရားစခန်း ကို အိမ်လုပ်နေသည် အထိဖြစ်သွားရအောင် မိမိ ဘာများလုပ်မိလေသလဲ ဟု ဦးအောင်ဘညို မစဉ်းစားတတ် အောင်ရှိသည်။ သမီး က အခုကျောင်းဖွင့်လျှင် ကိုးတန်းတက်တော့မည်။ အသက်ဆယ့်လေး နှစ်ကျော်ဆိုတော့ အပျိုဖေါ် ဝင် လာပြီ ဒီလိုအချိန် မှာ မိခင်က ရင်အုပ်မကွာ ရှိနေသင့်သည် ဆိုတာ မသူဇာ ဘာကြောင့် မတွေးသလဲ ဦး အောင် ဘညို နားမလည်ပါ။

အိမ်ပြန်ရောက်တော့ မသူဇာကို အိမ်ရှေ့မှာ မတွေ့ရ၊ ခရီးပန်းလာလို့ အခန်းထဲမှာနား နေသည်။ သူတို့လင်မယားက တခန်းထဲမနေကြပါ။သားငယ် ဆယ်နှစ်သားလောက်ကထဲကဆိုတော့ နှစ်နှစ်ကျော် လောက်ရှိ လေပြီ။ အခန်းခွဲ အိပ်ပြီး မကြာမှီပင် တရားခရီးစဉ် စတော့၏။

...............................

အခန်းခွဲ နေသော်လည်း အခန်းချင်းက ကပ်လျှက်ရှိပြီး အလည်ကတံခါးပေါက်ဖြင့်ဆက်ထားသည်။ ခုလည်း အိတ်ကို ချပြီးဦးအောင်ဘညိုတဖက်ခန်းကို ကူးလာတော့ မသူဇာ နှစ်နှစ်ချိုက်ချိုက် အိပ်ပျော် နေသည်ကိုတွေ့ရသည်။ ဦးအောင်ဘညို စိတ်ထင်လို့လားမသိ မသူဇာအရင်ကထက်ပိုပြီး ရုပ်ရည်ရင့်လာသည်။ တရားကြောင့် များရင့်ကျက်လာသလားဟု ဇနီးသည်ကို ငုံ့ ကြည့်ရင်းဦးအောင် ဘညို တွေးလိုက်မိသည်။မသူဇာကလည်း အိမ်ပြန်ရောက်ပြီဆိုသော်လည်း ယောဂီ ရောင် အဝတ်အစား တွေကို မချျွတ်သေး။ ထို့ကြောင့်ပိုရင့် အိုနေတာလည်းဖြစ်နိုင်သည်။ သူ့ဟာသူအိပ်ပျော်နေတာကို မနှောက်ယှက်ဘဲ ဦးအောင်ဘညိုကိုယ့်အခန်းကိုယ်ပြန်ကူးလာခဲ့သည်။

ထမင်းစားချိန် ကျတော့ လာမည်ထင်သော်လည်း မလာပါ။ ကိုးပါးသီလ ယူထားဆဲဖြစ်လို့ ညစာ မစားဟုသိရသည်။ ဦးအောင်ဘညို ပုခုံးသာတွန့်မိတော့သည်။ ညစာစားပြီးတော့ မသူဇာဆီ လည်း ထပ်မသွားတော့ဘဲ ကလေးတွေ နှင့်သာနေလိုက်၏။ ကိုးနာရီ ခွဲလောက်မှ အခန်းထဲပြန်ရောက်ပြီး အခန်းကူးတံခါးကို တွန်းကြည့်လိုက်တော့ ပွင့်သွားသည်။ မီးရောင်လဲ လင်းနေသောကြောင့် ဝင်သွားရာ မသူဇာ ကုတင်ပေါ် မှာလဲလျောင်းရင်းစာဖတ်နေသည်ကို တွေ့လိုက်ရသည်။

“ အကို … လာလေ”

“ ဘာတွေ ဖတ်နေတာလဲ”

ဦးအောင်ဘညို ကုတင်ပေါ်မှာဝင်ထိုင်ရင်းမေးလိုက်သည်။ မသူဇာက တဖက်သို့ကိုယ်လေးကိုကျုံ့လိုက်ရင်း

“ တရားစာအုပ်တွေပါ”

မသူဇာဘေးမှာ စာအုပ်တွေ အထပ်လိုက်ကြီး။ အားလုံးအသစ်စက်စက်တွေ။

“ ဝယ်တာ ကတော့ အကို့ဖို့ ဝယ်လာတာ၊ အကို့ကို မပေးခင် သူဇာအရင်ဖတ်ကြည့်နေတာ။”

အလိုလို ရှုံ့မဲ့သွားသောမျက်နှာကို မသူဇာမမြင်အောင် တဖက်သို့လှည့်လိုက်ရင်း

“ အကို့ ဖို့ … ဟုတ်လား”

“ ဟုတ်တယ်လေ၊ အကိုက တရားစခန်း ဝင်ပါဆိုလည်း မဝင်၊ အားလည်းမအားပါဘူး ဆိုတော့ ကိုယ့်ဖာသာစာအုပ် ကလေးတွေ ဖတ်ပြီး အိမ်မှာလုပ်ကြည့်လို့ ရအောင် ဝယ်လာခဲ့တာ၊ တနေ့ နာရီဝက်ရရ၊ တနာရီ ရရပေါ့ အကိုရယ်”

“ အကို့ အလုပ်တွေက သူဇာသိတဲ့ အတိုင်းပဲ လေ၊ စာတောင်ဖတ် အားပါမလားမသိဘူး”

“ တနေ့ နဲနဲ ပေါ့ အကိုရယ်၊ နောက်ပြီး ခက်ခက်ခဲခဲ ပါဠိ တွေဘာတွေလဲ မပါဘူး၊ အခြေခံ က စပြီးရှင်းရှင်းလေးတွေ ရေးထားတာ၊ နေဦး နမူနာသူဇာဖတ်ပြမယ်”

ဦးအောင်ဘညို ကမန်းကတန်း လက်ကာ ပြလိုက်ရသည်။

“ နောက်မှ နောက်မှပေါ့ သူဇာရယ်၊ တော်ကြာ အကိုတောထွက်ချင်စိတ် ပေါက်သွားရင် သမီးနဲ့ သား ရှာကျွေးမယ့် သူမရှိဘဲဖြစ်နေမယ်”

မသူဇာက မကျေမနပ် ဖြင့်စာအုပ်ကို ဆောင့်ပိတ်ပြီး ပစ်ချလိုက်သည်။

“ ဥပုတ် ကြီးနဲ့ ဆို၊ ဘာလို့ ဒေါသထွက်တာလဲ”

“ ဒီက စေတနာနဲ့ ပြောနေတာကို”

လေသံက မာဆတ်ဆတ် ဖြစ်နေသည့်အတွက် ဦးအောင်ဘညို လေပြေ ထိုးရတော့သည်။

“ ဒီစာအုပ်တွေကို မယူဘူး၊ မဖတ်ဘူး ပြောတာမှမဟုတ်တာ သူဇာရယ်၊ ယူမယ်၊ အားတဲ့ အခါလဲ ဖတ်ပါ့ မယ်”

ပြေပြေလည်လည် ပြောပြသည့်တိုင် မသူဇာက ကျေနပ်ပုံမရပါ။

“ အကို အခုရှာနေဖွေ နေတာ သေရင်ကိုယ့် နောက်ပါတာမဟုတ်ဘူး၊ သားနဲ့ သမီး အတွက်က လည်း လုံ လောက်နေပါပြီ၊ သူတို့ ဖာသာရှာစားဖို့လဲ ထားပါဦး”

“ ဒါကတော့ သူဇာရယ် အကိုက မိုးရွာတုန်း ရေခံနေတဲ့ သဘောပါပဲ”

“ သူဇာ ဥပမာပြောမယ်၊ မေမေ့ကိုကြည့် ဖေဖေ မရှိတော့တဲ့ နောက်သူဇာတို့ အတွက်ပူပင်နေရတာနဲ့ တရား ဖက်ကို မလှည့်နိုင်ဘူး၊ အကိုရောက်လာလို့ သူစိတ်ချပြီး တရားဖက်လှည့်မယ် လုပ်တော့ မှဆုံးသွားရရှာတယ်၊ ဒါကြောင့် သူဇာ အခုကထဲက နေကြိုလုပ်နေတာ၊ သားနဲ့ သမီး က သူတို့ခြေထောက်ပေါ် သူတို့ ရပ်နိုင်ပြီဆို တာနဲ့ သံယောဇဉ်ဖြတ်ပြီး တရားဖက်ပဲ ဇောက်ချတော့မယ်”

“ အကို့ ကိုရော ဖြတ်မှာလား”

ပြုံးစစ နှင့်နောက်သလို မေးလိုက်သည်ကို မသူဇာက သဘောတွေ့ပုံမရ။ မျက်နှာခပ်တည်တည် ဖြင့်

“ ရှေ့ဆုံးကပါတယ်”

“ အဲဒီလောက် အထိတော့ မလုပ်ပါနဲ့ သူဇာရယ်”

“ အကို သူဇာနဲ့ တူတူ တရားလိုက်ထိုင်ကြည့်စမ်းပါ၊ တရား သဘောနဲ့ ယှဉ်ပြီးတွေးလိုက်ရင် ဒါတွေကဘာမှမဟုတ်ပါဘူး”

“ အကို လဲ မိစ ္ဆာဒိဌိ မဟုတ်သေးပါဘူးကွာ၊ တချိန်ချိန်တော့ လုပ်ဖြစ်မှာပါ”

“ သင်္ကြန် တွင်းလေး လိုက်ခဲ့ပါ ဆိုတာတောင်မှ မလိုက်တဲ့ သူကများ”

“ သူဇာ ရော အကိုပါ မရှိလို့ဘယ်ဖြစ်မလဲ၊ ကလေးတွေ ကရှိသေးတာပဲ၊ တယောက်တော့ နေရမှာပေါ့”

“ ဦးလေးစိုးတို့ ရှိတာပဲ၊ သူတို့က အကိုနဲ့ သူဇာထက်တောင် ကလေးတွေကို ဂရုစိုက်သေးတယ်”

ဟုတ်တော့လည်းဟုတ်ပါသည်။ ဦးစိုး နှင့် ဒေါ်ကြည်ကြည် ဆိုတာ မသူဇာတို့မိဖများ လက်ထက်ကထဲကမိသားစုလို အတူနေခဲ့သူတွေ။ သားသမီး လည်း မထွန်းကား၍ ကလေးတွေကို သားလို မြေးလို တုန်နေအောင်ချစ်ကြသည်။

“ ဒါပေမယ့်ကွာ၊ ဒီလိုကြီးထားသွားတော့ ဘယ်ကောင်းမှာလဲ၊ ကလေးတွေလဲ စိတ်ငယ်မှာပေါ့၊ အကိုလဲ သူ တို့ လင်မယားကို ကျေးဇူးတင်ပါတယ်၊ သူဇာမရှိပေမယ့် သူတို့ ရှိနေလို့ စိတ်ဖြောင့်ဖြောင့် စီးပွားရှာနိုင် တာ”

“ သင်္ကြန်တွင်းလဲ လည်လို့ရတယ်လေ၊ ဟုတ်တယ်မဟုတ်လား”

တရက်ကလေး ထွက်မိတာ မသူဇာ ဘယ်လိုသိသွားလေသည်မသိ။ ဖျပ်ကနဲ ဟိုမိန်းကလေး ကိုပြေးမြင် မိပြီး ဦးအောင်ဘညို မလုံမလဲ ခံစားလိုက်ရသည်။


အပိုင်း ( ၃ ) ဆက်ရန် >>>>>


Print Friendly and PDF

No comments:

Post a Comment