ပုံပြင်လေးကတော့ ဒါပါဘဲကွယ် အပိုင်း ( ၁ )
ဘီးကြဲကြီး ရေးသည်။
အခန်း ( ၁ )
နွေလေရူးက ဟို…သည် တိုက်ခတ်နေသည်ထင်၏။ ညမွှေးပန်းရနံ့က တစ်ချက်တစ်ချက် အခန်းထဲသို့တိုင် ရောက်ရှိလာခဲ့သည်။ အိပ်မပျော်နိုင်လောက်အောင် အတွေးများနှင့် ယောက်ရက်ခတ်နေသော ဘုန်းသုတ တစ်ယောက်အတွက် မွှေးအီလှသောပန်းရနံ့ကို ခံစားမနေဖြစ်ပေ။
သူ့အတွက် ခံစားစရာ ခံစားချက်တစ်ခုက ရင်ဝယ်အသင့်ရှိနေပြီးသားဖြစ်နေသည်။ ပန်းရနံ့လိုပင်ထုံအီမွှေးပျံ ့ သော၊ပန်းဘုရင်မလေးအကြောင်းက သုတအတွေးများကို စိုးမိုးထားလျှက်ရှိနေသည်။အချစ်သည် လူကိုသည် မျှထိအောင်ဖမ်းစားနိုင်သည်တဲ့လား။
မေကြည်နူး….
နာမည်လေးတစ်ကြောင်းဘဲရေးပြီး ဘာဆက်ရေးရမယ်မှန်းမသိဖြစ်နေပြန်သည်။ ခေတ်ဟောင်းအထာနှင့်စာပေး ရန်ကြိုးစားမှုကလဲ အထမြောက်လိမ့်မည်မထင်။ဖွင့်ပြောရဲဖို့သတ္တိကလဲ ကိုယ့်မှာကမရှိ။ ငယ်သူငယ်ချင်းလေးအ ပေါ် စိတ်ကစားမိခြင်းက ကိုယ့်လိပ်ပြာကိုယ်မလုံချင်စရာကောင်းပါသလား။ အချစ်ဆိုတာကို နဖူးတွေ့ဒူးတွေ့ ဆုံတွေ့ရချိန်တွင် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိအောင် ဖြစ်နေမိသည်။
အိပ်မပျော်နိုင်သောညများကိုဖြတ်ကျော် ရင်း လူက ငေါင်စီစီဖြစ်နေ၏။မနေ့က ဖွင့်ပြောမယ်လို့ အားတင်းပြီး မေကြည်နူး တို့အိမ်သို့သွားဖြစ်သည်။ချစ်တယ်ဆိုတဲ့ စကားလေးတစ်ခွန်းကိုပြောဖြစ်ဖို့ဒီလောက်ခက်ခဲနေဖို့မကောင်းဘူးလို့ ကိုယ့်ဖာသာကိုအား ပေးရင်း သူငယ်ချင်းမလေးဆီကိုသွားဖြစ်ခဲ့ခြင်းဖြစ်၏။
မေကြည်နူးတို့အိမ်ရှေ့ရောက်ခါနီးမှ မနက်ခြောက်နာရီလောက်ပဲရှိသေးတယ်ဆိုတာကို သတိ ထားဖြစ်ခဲ့သည်။ငယ်စဉ်ကထဲက ဝင်ထွက်နေကြအိမ်မို့ပြဿနာတော့မရှိ။ခြံရှေ့ရောက်တော့ နိုးနှင့်နေပြီဖြစ် သော သူငယ်ချင်းမလေးကို ခြံထဲမှာပင်အဆင်သင့်တွေ့လိုက်ရ၏။
နယ်မြို့လေးဆိုတော့ မနက်စောစာထ၍ ခြံထဲမှသစ်ရွက်ခြောက်များကို မီးရှို့နေခြင်းဖြစ်သည်။ဆောင့်ကြောင့်လေးထိုင်ရင်း မီးရှို့နေဟန်ရှိသော သူမရှိရာ သို့လှမ်းလျှောက်သွားလိုက်သည်။မနက်စောစောစီးစီးရောက်လာသောကြောင့် အံ့သြပုံမရ။သူကပင်ဝမ်းသာ သွားဟန် နှင့် လှမ်းခေါ်လိုက်သေး၏။
“ ဟဲ့….သုတ၊ ဒီမှာလာကြည့်စမ်း”
ဘာကိုများ ဒီလောက်ဝမ်းသာအားရပြချင်နေရတာလဲလို့ သူမအနားကိုသွားကြည့်လိုက်တော့ သစ်ရွက်ပြာလေး ကိုတွေ့လိုက်ရသည်။ သူ့အတွက်ဘာမှမထူးဆန်းလှသည်မို့သည်တိုင်းလေးသာကြည့်နေလိုက်မိ၏။ရည်းစား စကားပြောမည်ဟု ဆုံးဖြတ်ကာရောက်လာသူမို့ ကိုယ့်ရင်ခုန်သံနှင့်ကိုယ် ဘာကိုမှ စိတ်ဝင်စားခြင်းမရှိတာလဲ ဖြစ်နိုင်ပါသည်။သစ်ရွက်ခြောက်လေးကို အုတ်နီခဲပေါ်တင်ပြီးမီးရှို့ထားသောကြောင့် သစ်ရွက်ပုံလေးအတိုင်းပြာ စုလေးဖြစ်နေခြင်းသာဖြစ်သည်။
ဒါကို မေကြည်နူးက အထူးအဆန်းလုပ်ကာခေါ်ပြနေခြင်းဖြစ်၏။သူ့ဆီက ဘယ်လိုတုန့်ပြန်မှုမျိုးကိုမျော်လင့်ထားသည်မသိ။အေးစက်စက်နှင့်ကြောင်ကြည့်နေမိသော သူ့ကို မေကြည်နူးက စိတ်ကောက်သွားသည်။သူမ၏ထုံးစံအတိုင်း နှုတ်ခမ်းလေးကိုချွန်ရင်းပွစိပွစိလုပ်နေသည်။ချစ်ရသော သူငယ်ချင်းမလေး၏ပုံစံကို အလွတ်ရနေပြီမို့အမြန်ချော့လိုက်ရ၏။
“ နင်ကလဲဟာ ပြာသစ်ရွက်လေးက ဘာများထူးဆန်းလို့လဲ….ဒီ့ထက်ထူးဆန်းတာတစ်ခု နင့်ကို ပြောပြမလို့ ငါစောစောစီးစီး လာခဲ့တာဟ”
ကိုယ်က ကိုယ့်အကြံနှင့်ကိုယ်ဆိုတော့ စကားလမ်းကြောင်းလိုက်ခြင်းဖြစ်သည်။ဒါပေမယ့် ငတိမလေးက စိတ်ကောက်မပြေသေး။သူမ၏နှုတ်သီးချွန်ချွန်လေး ထော်နေသေးသည်ကိုကြည့်ခြင်းအားဖြင့် စိတ်ကောက် မပြေသေးကြောင်းသိနိုင်သည်။
“ ငါ…နင့်ကိုပြောစရာရှိလို့လာခဲ့တာဟ”
“ မပြောနဲ့”
မေကြည်နူးက မပြောနဲ့လို့တားမြစ်သော်လဲ ကိုယ်ကပြောချင်နေမိသည်။သို့သော်လည်း နဂိုကတည်းကမှ ဖွင့် ပြောဖို့ရာ မနည်းအားတင်းလာရသည်မို့ ဘုန်းသုတ နှုတ်ဖျားမှ စကားလုံးများက ပေါ်ထွက်မလာခဲ့။မေကြည်နူးက မတ်တပ်ထရပ်လိုက်သောအခါ သူမကိုအပေါ်စီးကနေအုပ်မိုးထားသလိုဖြစ်နေသောဘုန်းသုတနှင့် မျက်နှာချင်းဆိုင်အနီးကပ် ဖြစ်နေ၏။
မိန်းကလေးတစ်ယောက်၏ ပင်ကိုယ်သဘာဝအလှကို အိပ်ရာမှနိုးထစအချိန်တွင်တွေ့မြင်နိုင်သည်ဆို လား…စာအုပ်တစ်ခုထဲတွင်ဖတ်ဖူးသည်ထင်၏။မေကြည်နူး လှပါသည်။ရှမ်းကြိုက်၍နွားချောခြင်းမဟုတ်ရပါ။
ရွယ်တူတန်းတူ ယောက်ကျားလေးများ၏နှုတ်ဖျားတွင် မေကြည်နူး ဆိုသည့်အမည်နာမ လှုပ်ရှားဖူးပွင့်လာခဲ့ရ သည်မှာ တမြန်မနှစ်ကပင်ဖြစ်၏။ငယ်စဉ်တောင်ကျေး ကလေးဘဝထဲကပင် တူယှဉ်တွဲကာကြီးပြင်းလာခဲ့သော သုတ၏နှလုံးသား ကိုပင် စိုးမိုးသွားခဲ့ပြီမဟုတ်တုံလော။
အသားဖြူဖြူ ၊သေးညှက်ညှက် ကောင်မလေးကနေ ဖွံ့ထွားကားစွင့်သော အလှတရားတို့ဝေလျှံလာသည်ကို မျက်စိရှေ့မှာတင်ပင် မျက်လှည့်ပြလိုက်သလို တွေ့မြင်နေရခြင်းဖြစ်၏။မြင်နေရခြင်းဖြစ်၏။အနီး ကပ်မြင်တွေ့နေရသောကြောင့် ပါးပြင်နုနုပေါ်ရှိစိမ်းဖန့်ဖန့်သွေးကြောမျှင်ကလေးများက မြစ်ကျိုးအင်း မြေပုံ လေးများပမာ ဖြူဝင်းသောအသားအရည်ပေါ်တွင် တည်ရှိနေကြသည်။
ကပိုကယိုလေး ဝဲကျနေသော ဆံနွယ်စ ခွေလိပ်လိပ်ကလေးများက နဖူးပြင်ကို ကန့်လန့်ကာချထားသလိုတည်ရှိနေကြ၏။နီစွေးစွေးနှုတ်ခမ်း ဖူးဖူးလေး ကတော့ ပေါက်ကွဲရန်တာစူနေသော မီးတောင်ပေါက်စလေးလို တည်ရှိနေသည်။ချစ်သည်…။
သူမ၏ အမူအယာ…၊သူမ၏….ဟန်ပန်သွင်ပြင်…၊သူမ၏ စကားသံချို….၊သူမနှင့် ပတ်သက်သမျှ အရာအားလုံးကို သူချစ်သည်။သူမနှင့်တွဲဖက်ပေါင်းစည်းနေသော မနက်ခင်းလေးကိုလဲ သူချစ်ပါသည်။သူမနှင့် ယှဉ်တွဲနေသော မီးတောက်ကလေးများကိုလဲသူချစ်သည်။
သူမနှင့်အတူ တည်ရှိနေသော မီးခိုးငွေ့လေးများကအစ ချစ်စရာကောင်းသည်လို့သုတ ထင်နေမိသည်မှာ အချစ်၏ဖမ်းစာနိုင်မှုပေလော…။
“ နင့်ကို..ငါ…”
“ အိမ်သာသွားတက်လိုက်ဦးမယ်ဟာ…နောက်မှပြော”
စကားသံနှစ်ခုက တစ်ဆက်ထဲပေါ်ထွက်လာခြင်းပင်။ချစ်တယ်ဆိုတဲ့ စကားလေးတစ်ခွန်းကိုဖွင့်ဟပြောဆိုရန် အတွက် သည်မျှ ခက်ခဲသည်တဲ့လား။သူငယ်ချင်းမလေး၏အကြောင်းကိုသိနေသောကြောင့် အတင်းအကျပ် မတားမြစ်ဖြစ်တော့။အိမ်သာရှေ့လိုက်ပြီးတော့ ရည်စားစကားပြောရအောင်ကလဲ လူကြားလို့မကောင်း။စကထဲ ကယဉ်သကို ဆိုတာလိုမျိုးဖြစ်နေပြီထင်သည်။
“ အဲဒါဆိုလဲ…ငါပြန်တော့မယ်ဟာ….နောက်မှပြောတော့မယ်”
“ အေး….ငါလဲပြေးတော့မယ်၊ကိစ္စက ထိပ်ဝကိုရောက်နေပြီ”
ကဲ….ဘယ်လောက်တောင် ရိုမန့်တစ်မဆန်လိုက်ပါသလဲ။ ပြောပြီးပြေးထွက်သွားသော ကောင်မလေးကို ရပ်ငေး နေလိုက်ပြီး အိမ်ထဲဝင်သွားလို့မြင်ကွင်းကပျောက်သွားတော့မှ သူလှည့်ထွက်လာခဲ့လိုက်သည်။ခြံဝင်း ထဲမှ အထွက် ဈေးကပြန်လာသော အန်တီမေနှင့် လမ်းပေါ်မှာဆုံသည်။
“ ဟဲ့ကောင်လေး.....ပြန်တော့မလို့လား....ငါ ဈေးက မုန့်ဟင်းခါးဝယ်လာတယ်....တစ်ခါထဲဝင်စားသွားလေ...ဘာမှမစားရသေးဘူးမဟုတ်လား”
မိခင်လိုဖြစ်နေသော အန်တီမေက စေတနာကောင်းစွာဖိတ်ခေါ်နေပြန်၏။ဒီကကောင်က သူ့သမီးကို စောစော စီးစီး ဖွန်လာကြောင်သည်ဆိုတာကိုသိရင်ဘယ်လိုနေမည်မသိ။
“ မစားတော့ဘူးအန်တီ…လဖက်ရည်ဆိုင်မှာသူငယ်ချင်းတွေနဲ့ချိန်းထားလို့ထွက်လာရင်းကနေ ခြံထဲမှာ မေကြည်နူးကိုတွေ့လို့ခဏဝင်စကားပြောတာ”
မုသားမပါလင်္ကာမချောဆိုတာလို မှန်သောသစ္စာစကားကိုပြောခွင့်မရဘဲ လိမ်ညာလိုက်ရသည်။
“ အေး…သွား…သွား….ဒါနဲ့မင်းတို့တွေ အောင်စာရင်းထွက်တော့မယ်နော်….အိမ်ကဟာမလေး ကတော့ အဆင်မှပြေပါ့မလားမသိဘူးဟေ့”
အန်တီမေ့ကို ပူစရာမရှိပူရန်ကောဟု ပြောလိုက်ချင်သော်လဲ မပြောဖြစ်ခဲ့။သူလဲ စိတ်မပူဘူးလားဆိုတော့ ပူပါသည်။သူ့အတွက်တော့မဟုတ်။ချစ်ရသူလေးအတွက်သာ….။လူဆိုတဲ့အမျိုးကလဲခက်သားလား။မဖြေနိုင်သူ တွေက ကျရှုံးမှာကို ပူပင်သည်။
ဖြေနိုင်သူများက အမှတ်မကောင်း၊ဒီမထွက်မှာကိုပူပန်သည်။အခု....သူစိတ်ပူမိနေသည်က မေကြည်နူး ကျရှုံးမှာကို စိတ်ပူနေတာမျိုးမဟုတ်။အမှတ်မကောင်းမှာကို ပူပင်နေမိခြင်း မျိုးသာဖြစ်၏။အန်တီမေလဲ သူ့လိုဘဲဖြစ်သည်ဆိုတာကိုသိနေသည်။
..............................................................................................
အန်တီမေကတော့ မိခင်ဖြစ်နေလို့ သူ့ သမီးလေး MC မရမှာစိတ်ပူနေခြင်းမျိုးုဖြစ်၏။သူကတော့ မေကြည်နူးနှင့်အတူ ဆေးကျောင်းမတက်ရမှာကို စိုးရိမ် ပူပန်နေခြင်းသာဖြစ်သည်။အချစ်သည် လူကို ပူပင်စေတတ်သည်တဲ့လား…..။
ဘုန်းသုတဆိုတာ မေကြည်နူးငယ်ငယ်လေးထဲကပေါင်းလာသောသူငယ်ချင်းလေးဖြစ်သည်။ကလေး ဘဝကထဲက အတူတူကြီးပြင်းလာကြသူများမို့ဒီကောင်ဘာဖြစ်နေသည်ဆိုတာကို သူမသိနေသည်။
ရွယ်တူ ယောက်ကျားလေးများ၏ စိတ်ဝင်စားမှုများကိုကြုံတွေ့နေကြဖြစ်သောကြောင့် ဘုန်းသုတတစ်ယောက် သူမအ ပေါ်တွင် မရိုးမသားစိတ်များဖြစ်ပေါ်နေသည်ဆိုတာကို မိန်းကလေးတို့၏သဘာဝ ခံစားချက်အရ မေကြည်နူး မသိဘဲနေမည်တဲ့လား။
ခက်တာက သူမအနေနှင့် သုတကိုဘယ်လိုမှစိတ်မလှုပ်ရှားခြင်းပင်။သူငယ်ချင်းတစ် ယောက်လို၊မောင်နှစ်မ တစ်ယောက်လိုသာ သဘောထားသည်။သုတ ဖွင့်ပြောလာမည်ကိုပင် စိုးရိမ်နေမိသလို ဖြစ်နေမိသည်။ဒီအတိုင်းလေးနေသွားတာကမှကောင်းလိမ့်ဦးမည်။သူသာဖွင့်ပြောလာပါက အခြေအနေတွေက ပြောင်းလဲသွားနိုင်သည်။
သုတက ဖွင့်ပြောလာသည်ဆိုပါစို့........။သူမသာငြင်းလိုက်လျှင် ဘာတွေဖြစ်လာမည်လဲ။ဒီကောင် အသည်းတွေဘာတွေကွဲ…အရက်တွေသောက်....စိတ်မခိုင်ပါက ဘဝတစ်ခုလုံးနစ်မွန်းသွားနိုင်သည်ထင်၏။ ဟုတ်သည်လေ။မေကြည်နူး ကြည့်ဖူး၊ဖတ်ဖူးသော မြန်မာဗွီဒီယိုနှင့်ဝတ္ထုစာအုပ်များထဲတွင် ယောက်ကျားလေး များအသည်းကွဲပါက ထိုကဲ့သို့ဖြစ်တတ်ကြသည်မဟုတ်ပါလား။
သူမအနေနှင့်သုတကို ထိုကဲ့သို့မဖြစ်စေလိုပါ။ချစ်သူတစ်ယောက်အဖြစ် ရင်မခုန်မိသော်လဲ ငယ်သူငယ်ချင်းတစ်ယောက်၏ သံယောဇဉ်ဖြင့် စာနာမိပါသည်။ဟိုတစ်နေ့ကလဲ စောစောစီးစီးအိမ်ကိုရောက်လာသည်။ပြောစရာရှိလို့တဲ့။
ရုတ်တရက် ဖွင့်ပြောလိုက်လေမ လားဟု စိတ်ထဲမှ ဘုရားတနေရသည်။တော်သေးသည်။ဘုန်းသုတ ဆိုတဲ့ကောင်က မပွင့်မလင်းနှင့်အုံပုန်းဖြစ် နေပေလို့သာ။ဖွင့်ပြောကာနီးကျမှ အိမ်သာတက်ချင်သည်ဆိုကာ ရှောင်ထွက်လာရသည်။
အိမ်သာရှေ့ထိလိုက် မလာတာ တော်သေး၏။ပြောလို့ရတာမဟုတ်။သူက ဒီအိမ်မှာ ဝင်ချင်သလိုဝင်ထွက်ချင်သလိုထွက်ဆိုသည့် အခွင့်အရေးကိုရရှိထားသူမဟုတ်လား။တကယ်တမ်းမှာတော့ ဘုန်းသုတလိုကောင်လေးမျိုးက မိန်းကလေးတစ်ယောက်အနေနှင့် စိတ်ကူး ယဉ်ချင်စရာကောင်းပါသည်။
ရည်မွန်ဖော်ရွေတတ်သော မျက်နှာလေးနှင့် သပ်ရပ်သားနားသော ကောင်လေး တစ်ယောက်ဖြစ်သည်။မေကြည်နူး၏သူငယ်ချင်းများဆိုလျှင် ဘုန်းသုတကိုစိတ်ကူးယဉ်နေကြသူတွေအများကြီး ရှိပါသည်။သုတက ပညာရေးတွင်လဲထူးချွန်လှသူမို့ကျောင်းတွင်နာမည်ကြီးစာရင်းဝင်ဖြစ်နေပြန်သည်။
ချစ်မြတ်နိုးဇော် ဆိုသော သူငယ်ချင်းမလေးတစ်ယောက်ဆိုလျှင်ဘုန်းသုတကိုသိသိသာသာကြီးကျွေပြနေတာဖြစ်သည်။ဖြစ်နိုင် မည်ဆို ပါလျှင် သုတကို တစ်ယောက်ယောက်နှင့်အဆင်ပြေသွားစေချင်သည်။မေကြည်နူးအလှကဝင်းဖန့်သော အလှဟုဆိုရပါလျှင် ချစ်မြတ်နိုးဇော်အလှက လန်းစွင့်သောအလှဟုဆိုရမည်ထင်သည်။ မေကြည်နူးအနေနှင့်က ဘုန်းသုတကိုမှမဟုတ် ဘယ်သူ့အပေါ်ကိုမှရင်ခုန်ခြင်းမရှိသေးတာမျိုးဖြစ် သည်။
အရွယ်ရောက်စပြုနေသော မိန်းကလေးတစ်ယောက်အနေနှင့် တစ်ခါတစ်ရံ စိတ်လှုပ်ရှားမိသည်များရှိသည်ဆိုတာကိုတော့ ဝန်ခံပါသည်။သို့သော်စိတ်လှုပ်ရှားခြင်းသည်အချစ်မဟုတ်ဟု မေကြည်နူးယူဆသည်။အချစ်ဆိုတာ ဘယ်လိုခံစားမှုမျိုးများလဲကွယ်။
အချစ်သည်ကြည်နူးစရာပေလား၊အချစ်သည်ကြေကွဲစရာပေလား၊အချစ်သည် လေပြည်လေညင်းပေလား၊အချစ်သည် မုန်တိုင်းကြမ်းကြမ်းပေလား သိချင်စမ်းပါဘိတော့။မေကြည်နူးကိုချစ်သည် ဆိုသူများအတွက်ကရော…အချစ်သည်မည်သို့သော သဏ္ဍန်ရှိနေသည်လဲ။ဘာမှ မစဉ်းစားတာဘဲကောင်းလိမ့်မည်။ကိုယ်မသိသောအရာကို ရော်ရမ်းမှန်းဆနေရသည်ကစိတ်ပင်ပန်းစရာကောင်း သည်ဟုထင်၏။ကိုယ့်ဘဝရှေ့ရေးအတွက်စဉ်းစားနေတာကမှကောင်းလိမ့်ဦးမည်။
လောလောဆယ်တော့ အချစ် မရှိသေးသော ကောင်မလေးတစ်ယောက်အဖြစ်နဲ့သာနေထိုင်သွားလိုပါသည်။တချိန်ချိန်ကျရင်တော့ အချစ်ဆို သည်ကို မြည်းစမ်းခွင့်ရပါလိမ့်မည်။သူမနှင့်ပတ်သက်၍ ဘုန်းသုတ ကိုတော့ဘာမှမခံစားစေချင်ပါ။သူငယ်ချင်း လေးကို စိတ်ဒုက္ခကင်းဝေးစေချင်ပါသည်။
..............................................................................................................................................
အခန်း ( ၂ )
မြို့လေး၏ တစ်ခုထဲသောဆွတ်ပျံလွမ်းမောဖွယ်ဖြစ်သည့် လွမ်းစေတီတောင်ကုန်းပေါ်တွင် လေတဖြူး ဖြူး တိုက်ခတ်လျှက်ရှိနေသည်။ကိုးတောင်ပြည့်စေတီတော်လေးဆီမှ ပေါ်ထွက်လျှက်ရှိသော ဆည်းလည်းသံ လေးများကလဲ တချွင်ချွင်နှင့် လေတိုက်တိုင်းမြည်ဟည်းနေလေ၏။
စေတီတော်ရင်ပြင်ရှိ တစ်ခုသောခုံတန်းလျား လေးတွင် ကောင်မလေးတစ်ယောက်ထိုင်ရက်ရှိနေပြီး သူမ၏ နဘေးတွင်တော့ ကောင်လေးတစ်ယောက် ရပ်လျှက်ရှိနေလေသည်။ဘုန်းသုတနှင့် မေကြည်နူးတို့နှစ်ယောက်ပင်ဖြစ်၏။
လွမ်းစေတီဘုရားကုန်းတော်ပေါ်သို့လာခဲ့ရန် မေကြည်နူးကချိန်းဆိုကထဲက သုတ ရင်တွေအရမ်းခုန် နေသည်။မည်သို့သောစကားမျိုးကြားရမည်နည်းဟူ၍ သိလိုစိတ်တို့ကလဲ ရင်ထဲတွင်ကလိကလိဖြစ်နေကြ၏။အခုအချိန်အထိ မေကြည်နူး ကို ချစ်ပါသည်ဟု ဖွင့်မပြောရသေးသောကြောင့် အဖြေပေးရန်ချိန်းဆိုခြင်းမျိုးမ ဟုတ်တာကို သူသိပါသည်။
အမြဲတမ်းတွေ့ဆုံနေရသူခြင်း တကူးတကချိန်းပြီးပြောသည်ဆိုကထဲက အလေး အနက်ဖြစ်စေလိုခြင်းဟု သူနားလည်ထားသည်။သူနားလည်ထားသည်။ဘုရား…ဘုရား…မေကြည်နူးတစ်ယောက် ချစ်သူတွေ ဘာတွေ ရသွားတာများလား။
ဖွဟဲ့….လွဲပါစေ…ဖယ်ပါစေ…။
ကိုယ့် အတွေးနဲ့ကိုယ် တိုင်ပတ်နေပြန်သည်။တကယ်တမ်း ဖြစ်လာခဲ့မည်ဆိုရင်ရော…။စိတ်ကူးကြည့်ရုံနဲ့တောင် သူ..အခါခါသေဆုံးနေမိသည်။ဖြစ်တော့လဲမဖြစ်နိုင် ဟု ဖြေတွေး တွေးလိုက်မိပြန်သည်။ဒီမြို့သေးသေးလေးမှာ သူ မသိဘဲ မေကြည်နူး ရည်းစာရသွားဖို့ဆိုတာ တကယ်တမ်းမှာလဲ မဖြစ်နိုင်ပေ။စိတ်ကိုက တွေးပူနေမိခြင်းဖြစ်၏။
“ သုတ….”
မေကြည်နူး တစ်ခုခုကိုပြောဖို့အားယူနေပုံရသည်။သူ့နာမည်ကိုခေါ်ပြီး ဟိုးအဝေးသို့ငေးကြည့်နေပြန်သည်။
“ နူနူး…နင်ဘာပြောချင်လို့လဲ…နင့်မှာဘာပြဿနာရှိနေလို့လဲဟင်၊ငါ..ဘာကူညီပေးရမလဲ”
ချစ်ရသူလေးကို ကြင်နာနူးညံ့စွာမေးခွန်းထုတ်လိုက်မိသည်။ပုံမှန်အားဖြင့်ဆိုလျှင်တော့ သုတ အနေနှင့် သူမကို နင်တလုံးငါတစ်လုံးသာပြောဆိုတတ်သော်လဲ တစ်ခါတစ်လေတော့ နူနူးဟု ချစ်စနိုးခေါ်ဆိုတတ်သည်။သူမ၏ နာမည်ဖြစ်သော မေကြည်နူးကို နူးနူးဟု ခေါ်ရာမှ နူနူးဖြစ်သွားခြင်းပင်ဖြစ်၏။
ဒီကောင်မလေးကို နူနူးဟုခေါ် တတ်သူဆိုလို့ သူနှင့်အန်တီမေနှစ်ယောက်သာရှိသည်။
“ နင်ကူညီမှ..ဖြစ်မှာ….”
ကူညီချင်ပါသည်ဆိုမှ နင်ကူညီမှဖြစ်မှာလုပ်နေပြန်သည်။ဒီကောင်မလေးက တစ်ခါတစ်ခါ အသည်းယားဖို့ ကောင်းသည်။ရင်ဘတ်အတွင်းထဲမှာရှိနေသော အသည်းကယားကျိကျိဖြစ်နေခြင်းမျိုးတော့ဘယ်ဟုတ်ပါ့မလဲ။
“ ငါ…ဆေးကျောင်းမတက်ချင်ဘူးဟာ…အဲဒါ..နင်မေမေ့ကိုပြောပေး”
“ ဘာ…”
ကိုယ့်နားကိုယ်တောင်မယုံကြည်ချင်ဖြစ်သွားသည်။မျှော်လင့် မထားသော အကူအညီတောင်းခြင်းမျိုးနှင့်သူမက အံ့သြအောင်တမင်လုပ်နေသည်လား။မေကြည်နူးကို သေချာ အကဲခတ်မိတော့လဲ မျက်နှာလေးက လေးနက် တည်ငြိမ်နေပြန်သည်။သူ..နားကြားလွဲခြင်းမဟုတ် ဆိုတာတော့ သေချာပါသည်။ဒါဆိုဘယ်လိုဖြစ်တာလဲ….။
သူ နားမလည်နိုင်ဖြစ်နေမိသည်။
“ ဟုတ်တယ်ဟ…..အစကတော့ နင်တို့ဆေးကျောင်းတက်ရင် ငါတစ်ယောက်ထဲဘက်ပဲ့ ကျန် နေ မှာကို စိုးရိမ်စိတ်နဲ့ငါအရမ်းကြိုးစားခဲ့တာ”
အခုကျတော့ရော…အခုကျတော့ နင်ကိုယ်တိုင်က ဘက်ပဲ့ကျန်နေခဲ့ဖို့လုပ်နေတာမဟုတ်လား..။စိတ်ထဲမှာဘဲ ပြောနေမိခြင်းဖြစ်ပါသည်။မေးခွန်းများစွာကနှုတ်ခမ်းဝမှာတင် တစ်ဆို့နေကြ၏။အံ့သြစိတ်ကလဲ ခုထိမပြေသေး။
“ ငါ…ဆရာဝန်မဖြစ်ချင်ဘူး။ဝါသနာလဲမပါဘူး။နင်စဉ်းစားကြည့်လေဟာ….ငါ..ဆရာဝန်ဖြစ်ပါပြီတဲ့၊ စိတ်မပါဘဲသင်ထားတဲ့ ပညာတွေနဲ့ လူနာတွေကို စိတ်ဝင်စားမှုမရှိစွာကုသပေးနေရမှာဟ…လူရိုသေရှင်ရိုသေ ဆရာဝန်ဘွဲ့ကိုရအောင်ယူထားပြီး တခြားနည်းလမ်းမျိုးနဲ့လဲငါမရပ်တည်ချင်ဘူး။ငါ့စိတ်ကိုနင်သိပါတယ်”
ငါ့ စိတ်ကိုနင်သိပါတယ်တဲ့..လား ကောင်မလေးရယ်။တကယ်တော့ ငါဆိုတဲ့ကောင်က ဘာကိုမှမသိတဲ့ကောင်စား မျိုးရယ်ပါ။အခုတောင် နားမလည်နိုင်ဖြစ်နေတာကိုဘဲကြည့်လေ။
“ မဟုတ်သေးပါဘူးဟာ”
ကိုယ့်ပါးစပ်ကထွက်သွားသော စကားတစ်ခွန်းဖြစ်သော်လဲ ကိုယ်တိုင်ပြောလိုက်တာမှဟုတ်ပါလေစဟု ဇဝေဇဝါ ဖြစ်နေမိပြန်သည်။ဒီအချိန်မှာ သူပြောသင့်သည်က အကျိုးသင့်အကြောင်းသင့်နှင့် သူမ ဆေးကျောင်းတက်ရန်ပြောဆိုဆွဲဆောင်သင့်သည်။
သူမနှင့်ပတ်သက်လာလျှင် သူ့နှုတ်ဖျားက အလိုလို တိတ်ဆိတ်နေတတ်တာ ဘာ ကြောင့်ပါလဲ။
..............................................................................................................................................
“ ငါ…သေချာစဉ်းစားပြီးပြီဟ….ငါက ဝါသနာမပါဘဲ ဂုဏ်သိက္ခာတစ်ခုထဲအတွက် နေရာဝင်ယူလိုက်တယ်ဆိုပါစို့…..တကယ်ဝါသနာပါပြီး တကယ်ပေးဆပ်လိုသူတစ်ယောက်အတွက် တစ်နေရာ နစ်နာမသွားဘူး လား…..နင့်လို ကိုယ်တိုင်ကဝါသနာပါပြီးကျိုးစားလိုတဲ့သူတစ်ယောက်ဆိုရင်တော့ ကောင်းတာပေါ့ဟာ….ငါက ဆေးပညာကိုရော ကုသဖို့ကိုရောလုံးဝကိုဝါသနာမပါတာဟ…ဖေဖေက ဘာပြဿနာမှမရှိဘူး။ခက်နေတာက မေမေ။မေမေက ငါ့ကိုဆရာဝန်မအရမ်းဖြစ်စေချင်နေတာ…ငါ..မေမေ့ကို ဘယ်လိုပြောရမလဲ”
အခုငါ့ကိုပြောသလိုသွားပြောလိုက်ပေါ့ဟလို့ ပြောလိုက်ချင်သည်။ထုံးစံအတိုင်း စကားလုံးများက နှုတ်ခမ်း ဖျားမှာတင် တစ်ဆို့နေကြပြန်သည်။သူမငေးမောနေရာ အဝေးရှိတောင်တန်းများသို့လိုက်လံငေးမော ကြည့်နေလိုက်သည်။
တောင်များက မြေသားလှိုင်းလုံးများသဖွယ် တလိပ်လိပ် ခုံးကြွနေကြ၏။တောင်တန်းများ ကြားမှ တိမ်သားစိုင်များက လေနှင့်အတူ မျောလွင့်နေကြသည်။တောင်များကပင် ပို၍မြင့်နေသယောင်။
တစ်ခါ တစ်ရံတွင် တိမ်သည် တောင်ထက်နိမ့်ပါးနေတတ်သည်ဆိုသောအတွေးက မဆီမဆိုင် စိတ်ထဲကိုဝင်ရောက်လာ သည်။ကိုးတောင်ပြည့်စေတီတော်ဆီမှဆည်းလည်းသံလေးများကသာယာနာပျော်ဖွယ်ဆက်လက်မြည်ဟည်း နေသော်လဲစိတ်ထဲတွင် စောစောကလိုကြည်နူးမှုမျိုးဖြစ်ပေါ်မနေပြန်တော့။
ကမ္ဘာကြီးသည် စိတ်ခံစားမှုအပေါ် လိုက်၍ လှလိုက်မလှလိုက် ဖြစ်နေတတ်သည်တဲ့လား။ကျောင်းတက်ရသောအခါတွင်မေကြည်နူးနှင့်အတူတွဲခွင့်မရတော့ပေ။
အန်တီမေ ဘယ်လောက်ပင် တားတား သူမက ခေါင်းမာစွာနှင့် ကွန်ပျူတာတက္ကသိုလ် ကိုသာရွေးချယ်တက်ရောက်ခဲ့သည်။မြတ်နိုးဇော် က တော့ ဆေးကျောင်းတက်ခွင့်ရသောကြောင့် သူနှင့်အတူတစ်ကျောင်းထဲ၊တစ်ခန်းထဲမှာတွေ့ခွင့်ရနေသည်။
သူ တို့မြို့လေးမှ ဆေးကျောင်းတက်ခွင့်ရသူ လေးဦးသာရှိသောကြောင့် မေကြည်နူးပါမလာတော့ သူတို့သုံး ယောက်က တတွဲတွဲဖြစ်သွားရသည်။သူတို့နှင့်အထက်တန်းကျောင်းမတူသော တစ်မြို့ထဲသား နေဝင်းလွင်ဆို သော တရုတ်လေးတစ်ယောက်ပါ ပါလာခြင်းဖြစ်သည်။
ဘုန်းသုတနှင့်မြတ်နိုးဇော်က စတိတ်ကျောင်းမှာထဲက အတူတူဖြစ်သောကြောင့် ပိုပြီးရင်းသလိုဖြစ်သွားရသည်။မြတ်နိုးဇော်သူ့ကိုကျွေနေတယ်ဆိုတာကိုလဲ သုတ သိ ပါသည်။မိန်းကလေးမို့ဖွင့်မပြောသာသော်လဲ သူမ၏အမူအယာတွေက သိသာပါသည်။
တစ်မြို့ထဲအတူနေစဉ် က ဒီမျှလောက်ရင်းနှီးမှုမရှိသော်လဲ အတော်အသင့်တော့ရင်းနှီးမှုရှိခဲ့သည်မို့တစ်မြို့တစ်ရွာမှာပညာလာရောက် ဆည်းပူးရသောအခါတွင် တစ်ယောက်နှင့်တစ်ယောက်ရင်းနှီးမှုပိုလာသည်ကတော့အမှန်ပင်။
သုတ၏စိတ်တွေက မေကြည်နူးထံတွင်သာရှိနေဆဲဖြစ်သည်။ဆေးကျောင်းနှင့်ကွန်ပျူတာ တက္ကသိုလ်ကို ချောင်းပေါက်အောင်ကူးလူးသွားလာနေရအောင်ကလဲအဆင်မပြေလှ။တခါတစ်လေဆိုလျှင် ဆေးကျောင်းကထွက်ပြီး ကွန်ပျူတာတက္ကသိုလ်သို့ပြောင်းတက်ချင်စိတ်ပင်ပေါက်မိသည်။
စာတွေကလဲများသ လားတော့မမေးနဲ့ဆိုတာမျိုးထဲကဖြစ်နေသည်။ဘယ်လိုဘဲဖြစ်ဖြစ် မေကြည်နူးရှိရာကိုတော့ တစ်ပတ်တစ်ခါတော့ ရောက်အောင်သွားဖြစ်သည်။ချစ်ရသူ၏မျက်နှာလေးကိုတွေ့ခွင့်ရရုံနှင့်ကြေနပ်ပါသည်။
ဖွင့်ပြောဖို့ကြိုးစားတိုင်း အကြောင်းတစ်ခုခုကြောင့်ပျက်သွားရသည်ချည်းပင်ဖြစ်နေသောကြောင့်ဖွင့်မပြောဖြစ်တော့။
အချိန်တန်လျှင် ဒီကောင်မလေး ဒေါက်တာဘုန်းသုတ၏ အိမ်သူသက်ထားဖြစ်လာမည်ဆိုတာသေချာသည် ဟု စိတ်ထဲတွင်သေချာနေခဲ့မိသည်။
မေကြည်နူးကိုယ်တိုင်က သူ့ကိုငြင်းပယ်နိုင်သည်ဆိုတာကိုတော့ ဘုန်းသုတ အနေနှင့် ယောင်မှားလို့ပင်မတွေးဖူးခဲ့ချေ။
ရန်ကုန်လိုနေရာမျိုးမှာ ဆေးကျောင်းတက်ရဖို့လုပ်ဆောင်ခဲ့ရသည့်အဆင့်တွေကသိပ်မလွယ် ကူလှ။ဆယ်တန်းစာမေးပွဲကို ရန်ကုန်တွင်လာဖြေခဲ့ရသည်။သူတို့မြို့လေးမှာဘဲဖြေဆိုခဲ့မည်ဆိုပါက မကွေး ဆေးတက္ကသိုလ်မှာသာတက်ရောက်ရမည်ဖြစ်သည်။
ရန်ကုန်မှာကျောင်းတက်ချင်၍ ဆယ်တန်းစာမေးပွဲကို ဒုက္ခ ခံကာရန်ကုန်သို့တက်ဖြေခဲ့ကြသူများထဲတွင် မေကြည်နူးလဲပါဝင်ခဲ့ပါသည်။ဆေးတက္ကသိုလ်မမှီမှာကို စိုးရိမ်စိတ်ကြီး စွာနှင့် အတင်းကာရောကြိုးစားပြီးကာမှ တကယ်တမ်းလဲကျရော မတက်ချင်ဘူးဖြစ်သွားသည်။
မေကြည်နူး၏ စိတ်ကို နားလည်လှပြီထင်နေသော ဘုန်းသုတ မှာဘယ်လိုနားလည်ရမှန်းမသိဖြစ်နေသည်။အခုတော့ တစ် ယောက်တစ်ကျောင်းစီဖြစ်နေရသည်။စာသင်နေရတာတောင်စိတ်က မဖြောင့်ချင်။ဒီအချိန်ဆို သူမ ဘာလုပ်နေ လောက်သည် ဆိုသည့်စိတ်က ဘုန်းသုတကို ဒုက္ခပေးနေသည်။အချစ်သည် ဒုက္ခဖြစ်တတ်သည်လား။
...........................................................................................................................................
အခန်း ( ၃ )
ခုတလောချစ်မြတ်နိုးဇော်တစ်ယောက်ဘုန်းသုတကို သိပ်မကပ်တော့ပြန်။အရင်က ဝေးလေကောင်းလေ ဟုသဘောထားခဲ့မိသော်လဲ အခုတော့ ဘုန်းသုတကိုယ်တိုင် မြတ်နိုးဇော်ကိုလိုက်ရှာနေရသည်။အတန်းထဲတွင် တွေးနေ၊ငေးနေ မိသောကြောင့် စာမလိုက်နိုင်ပေ။
အထက်တန်းကျောင်းသားဘဝတုန်းက စာတော်ခဲ့သော သုတ တစ်ယောက် သူ့လောက်မတော်သောမြတ်နိုးဇော်ထံတွင် ပြန်သင်နေရသည်။မေကြည်နူးဆီကိုလဲ ပုံမှန် မရောက်ဖြစ်တော့။အချိန်ရရင်ရသလိုတော့သွားဖြစ်နေသည်။
မြတ်နိုးဇော်နှင့်တော့ အရင်ကထက်ပိုပြီး ရင်းနှီး လာခဲ့သည်။မြတ်နိုးဇော်နှင့်ပတ်သက်မိလိမ့်မယ်လို့ ဘုန်းသုတ ထင်မှတ်မထားခဲ့။တကယ်တော့ ကံကြမ္မာက သူ့အတွက် အားလုံးစီစဉ်ပြီးသားရှိထား ဟန်တူပါသည်။
မေကြည်နူးနှင့်ပတ်သက်၍ အသည်းကွဲရလိမ့်မယ်လို့ဘယ်တုန်းကမှ စိတ်မကူးမိခဲ့သော သုတ အတွက် ကြမ္မာဆိုးက ဝင်ရောက်လာခဲ့သည်။
“ ဟဲ့…သုတ၊နင့်ရဲ့မေကြည်နူးကို ဘဲတစ်ပွေနဲ့တွေ့လိုက်တယ်”
ပြောလာသူက ချစ်မြတ်နိုးဇော်ဖြစ်နေခြင်းကြောင့်သူ မယုံခဲ့။မြတ်နိုးဇော်မှမဟုတ်၊တခြားသူတစ်ယောက်ယောက် ဖြစ်နေခဲ့လျှင်လဲ သူ..ယုံကြည်ဖြစ်လိမ့်မည်မထင်ပါ။
“ သူငယ်ချင်းဖြစ်မှာပါ”
ခပ်လွယ်လွယ်ပြောလိုက်တဲ့ သူ့စကားကို မြတ်နိုးဇော်က သိပ်ကျေနပ်ပုံမရ။
“ ဘဲကြီးက သူ့ထက်အသက်ကြီးမယ့်ပုံဟ”
ထပ်ပြောလာသော မြတ်နိုးဇော်ကို သူ ဘာမှတုန့်ပြန်ပြောဆိုမနေတော့ဘဲ စာကိုသာကုန်းကျက်နေလိုက်သည်။သူ့ဘက်ကတုန့်ပြန်မှုမရှိသောကြောင့်မြတ်နိုးဇော်လဲ စာဘဲလုပ်နေလိုက်ရသည်။ ဒါတောင်တစ်ခွန်းတော့ မကြားတကြားပြောလိုက်သေးသည်။
“ ငါက..စေတနာနဲ့လဲပြောရသေးတယ်”
ချစ်မြတ်နိုးဇော်အနေနှင့် အမှန်တကယ် စေတနာနှင့်လာပြောတာဖြစ်နိုင်ပါသည်။သို့သော်လဲ မေကြည်နူးကိုယုံ ကြည်မိသောကြောင့် သူမစကားကို မဖြစ်နိုင်ဘူးလို့တထစ်ချယူဆလိုက်မိတာဖြစ်သည်။
“ ကျေးဇူးတင်ပါတယ်ဟာ”
သုတ အမှန်ပင်ကျေးဇူးတင်ကြောင်းပြောလိုက်မိတာဖြစ်ပါသည်။မြတ်နိုး သူ့အပေါ်ကောင်းသည်ဆိုတာကို သိနေသောကြောင့် လုပ်ဇာတ်လာခင်းနေတာမဖြစ်နိုင်ဘူးလို့သူယူဆမိသောကြောင့်ပင်။သူမအထင်မှားနေခြင်း သာဖြစ်နိုင်သည်ဟု သူ ယုံကြည်သည်။ဘာဘဲဖြစ်ဖြစ် သူမရဲ့စေတနာကိုတော့ ကျေးဇူးတင်ရမည်မဟုတ်လား။
နောက်တစ်ယောက်လာပြောတာကတော့ တစ်မြို့ထဲသား တရုတ်လေးဖြစ်နေသည်။ဒီကောင်က ရန်ကုန်တွင်ဆွေမျိုးများရှိသောကြောင့် သုတ တို့နဲ့သိပ်မတွဲဖြစ်သော်လဲ တစ်မြို့ထဲသားဟူသော သံယောဇဉ် တော့ရှိသည်။ကျောင်းမှာ တတွဲတွဲမရှိလှသော်လဲ ရန်ဖန်ရန်ခါဆိုသလို သုတတို့နှင့် လာရောတတ်သည်။
ဒီကောင်ကလဲ မေကြည်နူးကို လူတစ်ယောက်နှင့်တွေ့လိုက်သည်ဟု ဆိုလာတော့ သုတ ရင်ထိတ်သွားခဲ့ရ သည်။ဒီကောင်ပြောတာက ပိုတိကျသည်။ရုပ်ရှင်ရုံထဲမှနေ၍ နှစ်ယောက်အတူထွက်လာကြခြင်းဖြစ်သည်တဲ့။ထို သူက မေကြည်နူးကို ပခုံးတောင်ဖက်ထားလိုက်သေးသည်ဆိုဘဲ။
ပိုပြီးသေချာအောင် သူသွားနှုတ်ဆက်လိုက် တော့ မေကြည်နူးက သူ့ကိုထိုသူနဲ့တောင်မိတ်ဆက်ပေးလိုက်ပါသေးသတဲ့။ကြားရသောသတင်းကြောင့် သူ့ ရင်ထဲတွင် ဆို့တက်လာရသည်။
မရောက်ဖြစ်တဲ့ ဆယ့်လေးငါးရက်အတွင်း သူမ ဒီလိုပြောင်းလဲသွားတယ်ဆို တာကို သူ မယုံမရဲဖြစ်မိ၏။သူရောက်ရောက်သွားတတ်သည်ဆိုတာကလဲ တစ်ပတ်တစ်ခါလောက်သာဆိုတော့ ဘယ်တုန်းထဲက သူမ ပြောင်းလဲနေခဲ့သည်မသိ။
သူ..သူမကိုချစ်နေသည်ဆိုတာကို နှုတ်ဖျားမှဖွင့်ဟမပြောသော် လဲ သူမ သိနေလိမ့်မည်လို့ သူယူဆထားခဲ့သည်။သူမကလဲ သူ့ကိုပြန်ချစ်လိမ့်မည်လို့ယုံကြည်နေခဲ့သည်။
....................................................................................................................
အခုတော့ ထင်မှတ်မထားတာတွေဖြစ်လာသည်။လူက တစ်ကိုယ်လုံးပူထူနေသည်။ကြားရသည့်သတင်းများကို မယုံ ချင်သော်လဲ ပြောသူကသေချာပေါက်လာပြောနေခြင်းဖြစ်နေပြန်သည်။တရုတ်လေးအနေနှင့် သူ့ကို လုပ်ကြံ ပြောဆိုစရာ အကြောင်းမရှိသောကြောင့် ယုံရမလိုဖြစ်နေသည်။
မေကြည်နူးနှင့်တွေ့ရရင်တော့ ဘာဆိုတာ သဲသဲကွဲကွဲ သိရလိမ့်မည်။မေကြည်နူးကိုယ်တိုင်က ဟုတ်သည်လို့ဆိုလာပါလျှင် သူ....ခံနိုင်ရည်ရှိနိုင်ပါမည်လား။ဘာဘဲဖြစ်ဖြစ် မေကြည်နူးနဲ့တော့ တွေ့ရမှဖြစ်မည်။
စဉ်းစားမနေတော့ဘဲ မေကြည်နူးရှိရာ ကွန်ပျူတာ တက္ကသိုလ် သို့ထထွက်လာလိုက်၏။ခါတိုင်းလိုချွေတာရေးလုပ်ပြီး ဘတ်(စ်)ကား တိုးစီးမနေနိုင်တော့….။တက္ကစီတစ်စီးငှားစီးလာလိုက်သည်။ဒါတောင် တက္ကစီဆရာက မောင်းတာနှေးလွန်းသည်လို့ထင်မိ၏။ထင်မိ၏။အရေးထဲ ကျမှ လမ်းတွေကလဲ ပိတ်နေပြန်သည်။
ဖြစ်နိုင်မည်ဆိုပါလျှင် ဒီနေရာမှနေ၍ ချက်ခြင်းကိုယ်ပျောက်သွားပြီး မေကြည်နူးရှေ့တွင် ဘွားကနဲ ချက်ခြင်းသွားပေါ်လိုက်ချင်သည်။
“ ဟုတ်တယ်…သူ့နာမည်က ကိုညီတဲ့…နင်ဘာသိချင်သေးလဲ သုတ”
မေကြည်နူးစကားသံက ဒီမျှလောက်နားခါးစေလိမ့်မယ်လို့ထင်မထားမိခဲ့ဖူးချေ။သူ သွေးဆူနေသလောက် မေကြည်နူးက သွေးအေးလွန်းလှသည်။သူ့အနေနှင့် မမျှော်လင့်ဘဲရင်ဆိုင်နေရပေမယ် မေကြည်နူးကတော့ ဒီလိုဖြစ်လာနိုင် သည်ဆိုတာကို ကြိုတင်မျှော်လင့်ထားခဲ့ပုံရသည်။
“ အချစ်ဆိုတာကို ဖန်တည်းယူလို့ရမယ်ဆိုရင်တော့ ငါ့ရဲ့ရွေးချယ်မှုဟာ နင်ဘဲဖြစ်မှာပါ…နင်ငါ့ကို ချစ်နေတယ်ဆိုတာကို ဟိုးအရင်ထဲက ငါသိပါတယ်ဟာ…ဒါပေမယ့် ငါ..နင့်ကိုချစ်သူတစ်ယောက်လို ချစ်လို့မရ ခဲ့ဘူးဟ….ငါ့ကြောင့် နင်စိတ်ဆင်းရဲရမှာကိုလဲ ငါမမြင်ချင်ဘူး….အခုတော့ ငါ့မှာချစ်ရမယ့်သူရှိလာပြီလေ…ငါရင် မဆိုင်ချင်တဲ့ အခြေအနေတွေကို ရင်ဆိုင်ရဖို့ဖြစ်လာမယ်ဆိုတာ ငါကြိုတင်တွေးထားပြီးသားပါ”
မေကြည်နူးပြောနေသောစကားလုံးများကို သူ သဲကွဲစွာမကြားမိတော့။ရင်ဘတ်တွေအောင့်တက်လာသည်။ဒေါ သဖြစ်နေမိသောစိတ်များကဝမ်းနည်းခြင်းဘက်သို့ပြောင်းလဲကုန်ကြသည်ထင်၏။
မျက်ဝန်းမှ ရစ်ဝဲတက်လာ သောမျက်ရည်စများကို စီးကျမလာစေရန် မျက်တောင်ကိုပုတ်ခတ်လိုက်မိသည်။မျက်ရည်ကျရမည် ဆိုရင် တောင်မှ သူမရှေ့တွင်မဖြစ်ချင်ပါ။ဘဝမှာတစ်ခါသာလင်းလက်ဖူးသောကြယ်စင်လေးကကျွေကျသွားခဲ့ရလေပြီ။
မေကြည်နူးရှေ့ကနေ ဘယ်လိုထွက်ပြေး လွန်မြောက်ခဲ့ရသည်ဆိုတာလဲ ကိုယ့်ကိုကိုယ်မသိတော့။ပြည်လမ်းမ တစ်လျှောက် မရပ်မနား လျှောက်နေမိသည်။ခြေထောက်တွေထုံကျင်လေးပင်လာသည်အထိ…ဘယ်ဆီကိုမှန်း မသိ၊ရည်ရွယ်ချက်မဲ့စွာ ခြေဦးတည့်ရာဆိုသလို လျှောက်နေမိခြင်းဖြစ်၏။
မေကြည်နူးအနေနှင့်လဲ သူမရှေ့မှခေါင်းငိုက်စိုက်ချကာ ထွက်ခွာသွားသော သူငယ်ချင်းလေးကို လိုက်ကြည့်ပြီးစိတ်မကောင်းဖြစ်နေမိပါသည်။သူမအနေနှင့် သုတကို ဒီလိုမျိုး စိတ်ထိခိုက်မှု မဖြစ်စေချင်ပါ။
ချစ်သူတစ်ယောက်လိုရင်မခုန်နိုင်သော်လဲ သာမာန်သူငယ်ချင်းတစ်ယောက်ထက်ပိုသောခံစားချက်မျိုးနှင့်တော့ရင်းနှီးကျွမ်းဝင်မှုရှိပါသည်။
ဘုန်းသုတကိုကြည့်ရတာစိတ်နှင့်ကိုယ် ကပ်ပုံမရသောကြောင့် သူမ စိတ်မချနိုင်ဖြစ် နေရသည်။ကိုယ့်ရပ်ကိုယ့်ရွာမှာဆိုမထောင်းတာလှသော်လဲ ရန်ကုန်လိုနေရာမျိုးမှာဖြစ်နေသောကြောင့် စိတ်ပူမိသည်။အမှန်အတိုင်းဝန်ခံရမည်ဆိုပါလျှင် တခုခုဖြစ်ခဲ့ပါက မိမိကြောင့်ဆိုတာမျိုးဖြစ်လာမည်ကို မလိုလားတာလဲ ပါပါသည်။
သူမ၏ချစ်သူဖြစ်သော ကိုညီ့ကိုဖွင့်ပြောလိုက်ပြီး အနောက်ကနေလိုက်ကြည့်ဖို့ဆုံးဖြတ်လိုက်သည်။ကိုညီရောက်လာတော့ ကိုညီ့ကားနဲ့ဘဲ ဆေးကျောင်းဖက်သို့ထွက်လာခဲ့လိုက်သည်။မြေနီကုန်းရောက်ခါနီးတော့ ပြည်လမ်းဘေးတွင် ခေါင်းငိုက်စိုက်ချကာ လမ်းလျှောက်နေသော ဘုန်းသုတကိုတွေ့လိုက်ရသည်။
ကားပေါ်က ပြေးဆင်းပြီး ကားပေါ်သို့ဆွဲခေါ်လိုက်ချင်သော်လဲ အခြေအနေကပိုဆိုးသွားမှာစိုးသောကြောင့် မခေါ်ဖြစ်ခဲ့။ကို ညီနှင့် သုတကို လောလောဆယ် ဆုံပေးရန်မသင့်တော်သေးဟု မေကြည်နူး ယူဆသည်။
ဘယ်လိုလုပ်ရမည် မသိတော့သောကြောင့် ချစ်ရသူကိုဘဲ အားကိုးတကြီးတိုင်ပင်ဖြစ်၏။ကိုညီက နားလည်မှုရှိ၍တော်ပါသေးသည်။ကားမောင်းနေရင်းမှ သူမ၏အပူကို မျှကူစဉ်းစားပေးရှာသည်။
မြေနီကုန်းမီးပွိုင့်ကိုကျော်တော့ သကောင့်သားက စမ်းချောင်းလမ်းဘက် ကွေ့ဝင်သွားသည်။သူမတို့ကားက စမ်းချောင်းလမ်းသို့ချိုးဝင်လို့မရသောကြောင့် သူမ ကားပေါ်ကဆင်းပြီး ကိုညီ့ကို စီးတီးမတ်ဖက်မှ ကွေ့ပြီးဝင်လာခိုင်းရသည်။
သူမ လိုက်ချောင်းနေကြောင်းကိုလဲ သုတ မသိစေချင်သောကြောင့် နောက် ဖက်ခပ်လှမ်းလှမ်းကနေ မျက်ခြေမပြတ်အောင်လိုက်နေရသည်။လမ်းထဲ နဲနဲဝင်မိတော့ အရက်ဆိုင်တစ်ဆိုင်ထဲသို့ဝင်သွားတာတွေ့လိုက်ရသည်။
..........................................................................................................................................
ကိုညီ ကားနှင့်ထွက်လာမည့်လမ်းကို မရောက်သေးတာကြောင့် သုတ မမြင် အောင် လမ်းတစ်ဖက်ခြမ်းမှနေ၍ ကိုညီရှိရာသို့သွားလိုက်ရသည်။သူမ အနေနှင့် ဘာလုပ်ရမည်ဆိုတာကို မဆုံး ဖြတ်တတ်တော့။
ကိုယ်ငြင်းပယ်လိုက်လို့အသည်းကွဲပြီး ထင်ရာလျှောက်လုပ်နေသော ယောက်ကျားတစ် ယောက်ကို ချစ်သူအား အကူအညီတောင်းပြီး လိုက်လံချောင်းကြည့် နေသည်ဆိုထဲက အလုပ်ကမဟုတ်တော့။
သဘောကောင်းလွန်းလှသော ချစ်သူကို အားနားသလို ငယ်သူငယ်ချင်းလေးဖြစ်ချင်သလို ဖြစ်ပျက်နေမည့်အ ရေးကိုလဲ ဒီအတိုင်းပြစ်မထားနိုင်ပြန်ပါ။သုတ ဆိုင်ထဲဝင်ပြီး Grandတစ်ပြားမှာလိုက်သည်။
စားပွဲထိုးလေးက ဘာအမြည်းစားမလဲ ဆိုသော ကြောင့် ခပ်လွယ်လွယ်နှင့်မြန်မြန်ရနိုင်သော ကြက်ဥမွှေကြော်တစ်ပွဲမှာလိုက်သည်။ကြက်ဥမွှေကြော်တစ်ပွဲမှာလိုက်သည်။
အရက်ကိုဖန်ခွက်ထဲထည့်ပြီး မော့ချလိုက်တော့ လည်ချောင်းထဲသို့ပူလောင်စွာစီးဝင်သွားကြ၏။သောက်လေ့သောက်ထမရှိသောကြောင့် သီးသလိုဖြစ်သွားသေးသည်။
စားပွဲထိုးကောင်လေးက ကြက်ဥမွှေကြော်လာချရင်း သူ ဖြစ်နေပုံကိုမြင်သွားသော ကြောင့် ရေသန့်၊ရေခဲ ယူမလားဆိုသဖြင့် မှာလိုက်သည်။အရက်ကို သောက်ချင်လို့မဟုတ်လှသော်လဲ ငယ် စဉ်ကထဲက ပုံသေနည်းတစ်ခုလို သိမှတ်ခဲ့ရသော အသည်းကွဲ၊အရက်သောက် ဆိုသည်ု ဖော်မြူလာအတိုင်းအရက်ဆိုင်ရှိရာသို့ဝင်လာမိခြင်းသာဖြစ်သည်။
စားပွဲထိုးလေး လာချပေးသည့် ရေသန့်ပုလင်းကိုဖောက်၍ အ ရက်ခွက်ထဲသို့ရောလိုက်ပြီး ရေသန့်ရေခဲနှစ်တုံးကို ဖန်ခွက်ထဲထည့်ကာ ထပ်မော့လိုက်သည်။စောစောကလို အဝင်မကြမ်းတော့သော်လဲ သူနှစ်သက်သောအရသာမျိုးတော့မဟုတ်တာသေချာသွားသည်။အရက်ပုလင်းကို ဘေးသို့တွန်းပို့လိုက်ပြီး ကြက်ဥမွှေကြော်တစ်ဇွန်းခပ်စားလိုက်သည်။
အရက်သောက်ရတာအဆင်မပြေသော ကြောင့် ဘီယာပြောင်းသောက်ကြည့်မယ်လို့ဆုံးဖြတ်လိုက်ပြီး မြန်မာတစ်လုံးမှာလိုက်သည်။ဘီယာခပ်အေး အေးကို မော့ရသည်က သိပ်တော့မဆိုးလှ။သောက်လို့ဖြစ်သေးသည်။
အရက်ကတော့ အရသာကိုမကြိူက်လှ။အရက်ပုလင်းကို အသာဘေးပို့ပြီး ဘီယာစုပ်ရင်း အသည်းကွဲရသည့်အရသာကိုပြန်လည်ခံစားနေမိသည်။ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ စောသေးသည်မို့တခြားဝိုင်းတွေ သိပ်မရှိလှ။
ဒီဆိုင်၏ဖောက်သည်ဖြစ်ပုံရသော ဝိုင်းတစ်ဝိုင်းတော့ရှိနေသည်။ထိုလူများကိုအကဲခတ်ကြည့်လိုက်တော့ အရက်လေးတစ်ငုံလောက်သောက်လိုက် စကားလေးပြောလိုက်၊ဆေးလိပ်လေးဖွာလိုက် လုပ်နေကြသည်။သူလဲဆေးလိပ်သောက်ကြည့်ချင်လာသည်။ဆေးလိပ်တစ်ပွဲလို့မှာလိုက်တော့ Red Ruby သုံးလိပ်လာချသည်။
မီးခြစ်တောင်းလိုက်ပြီး စီးကရက်ကိုဟန်ပါပါရှိုက်ဖွာလိုက်သောအခါ တဟွတ်ဟွတ်နှင့် သီးသွားရ၏။
မေကြည်နူးအနေနှင့် ဘုန်းသုတကို ဒီလောက်ထိဂရုစိုက်နေဖို့မသင့်။အထူးသဖြင့်သူမ၏ချစ်သူအသစ်စက်စက်လေးသာရှိသေးသောကိုညီ့ရှေ့တွင်ဒီလိုလုပ်နေဖို့မသင့်ပေ။သို့ပေမယ့် ဘာမှမတတ်နိုင်ချေ။လောလောဆယ် သုတကို ကူညီနိုင်မည့်သူဆိုလို့ သူမသာရှိသည်။
သူမကို ကူညီမည့်သူဆို၍လဲ ကိုညီတစ်ယောက်ကိုသာ စဉ်းစားလို့ရသောကြောင့် အကူအညီတောင်းခဲ့မိခြင်းဖြစ်၏။ချစ်ရသူမို့အားကိုးမိတာလဲဖြစ်ပါသည်။
သုတဆိုတဲ့ကောင်က အရက်ဆိုင်ထဲဝင်ထိုင်နေတာဆိုတော့ သူမအနေနှင့် ဘာလုပ်ရမယ်မှန်းမသိတော့။ကိုညီ့ ကိုတိုင်ပင်တော့ သုတ သူငယ်ချင်းတစ်ယောက်ယောက်နဲ့ဆုံပေးလိုက်ရင်ကောင်းမယ်လို့ပြောသည်။ဟုတ် တော့ဟုတ်ပါသည်။
တစ်ယောက်ထဲဖြစ်ချင်သလိုဖြစ်နေမှာထက်စာရင် ထိန်းကူဖေးမမည့်သူငယ်ချင်းတစ် ယောက်ရှိနေသည်က ပိုကောင်းနိုင်သည်မဟုတ်လား။မေကြည်နူး စဉ်းစားကြည့်သောအခါ တမြို့ထဲသားဖြစ် သောတရုတ်လေး နေဝင်းလွင် ကိုဘဲစဉ်းစားလို့ရသည်။
သုတကို တစ်ယောက်ထဲထားပြစ်ခဲ့ဖို့ကလဲစိတ်မချနိုင် ဖြစ်နေမိသည်။သူမဖြစ်နေပုံကိုကြည့်၍ ကိုညီလဲ နဲနဲမျက်နှာပျက်ချင်လာသည်။နောက်ဆုံးတော့ ကိုညီ့သဘောအတိုင်း သုတ သူငယ်ချင်းတစ်ယောက်ယောက်ကို တွေ့လိုတွေ့ငြား ဆေးကျောင်းဘက်သို့ထွက်လာခဲ့လိုက်ရသည်။
ဘုန်းသု တဆိုသည့် အကောင်ကိုတော့ ဖြစ်ချင်ရာဖြစ် ပြစ်ထားခဲ့လိုက်ရ၏။
....................................................................................................................................
သုတ အိပ်ယာကနိုးတော့ ဟိုတယ်အခန်းတစ်ခုထဲတွင်ရောက်နေတာ တွေ့ရသည်။အိပ်ယာကနိုးနိုး ခြင်း ပထမဆုံးသတိရလိုက်မိသူမှာ မေကြည်နူးဘဲဖြစ်ပါသည်။မနေ့ကအဖြစ်အပျက်များကိုပြန်စဉ်းစားကြည့် မိ၏။သူ အသည်းကွဲသည်။
ခံစားနေရတာတွေကို မေ့ဖျောက်နိုင်ဖို့အရက်သောက်ဖြစ်သည်။အရက်၏ အရ သာကို ပြန်သတိရလိုက်မိသောကြောင့် လူကပျို့အန်ချင်သလိုပင်ဖြစ်သွားရ၏။
သူဘီယာမှာသောက်တာမှတ်မိ သည်။ဘီယာသုံးလုံးကုန်တော့ သူ ကျွဲရိုင်းတစ်ဗူးမှာသည်။စဉ်းစားနေရင်း ခေါင်းထဲမှတဆစ်ဆစ်ကိုက်လာသော ကြောင့် မီနီဘားကိုဖွင့်ပြီး ရေသန့်တစ်ဗူးဖောက်သောက်လိုက်ရ၏။
သူ…သူ အရက်ကို အချိုရည်နှင့်ရောပြီး သောက်ဖြစ်တာကို သတိရသွားသည်။အရက်တစ်ပြားလုံး ကုန်သွားသလား….မမှတ်မိတော့ပြန်။ဒီဟိုတယ်ကို ဘယ်လိုရောက်လာတာလဲ…သူ စဉ်းစားသော်လဲ မမှတ်မိ။
သူ နောက်ဆုံးမှတ်မိတာက အချိုရည်နှင့်ရော၍ သူ အရက်သောက်နေသည်။သူ မူးလာ၏။သူ့မြင်ကွင်းများက ချာချာလည်နေသည်။ထို့ထက်ပိုပြီး သူ စဉ်းစားလို့ မရတော့ချေ။ဘာဘဲဖြစ်ဖြစ် လောလောဆယ်တော့ သူ အဆောင်ကိုပြန်ရလိမ့်မည်။
.....................................................................................
အိပ်ကပ်ကိုစမ်းမိတော့ ပိုက်ဆံကနှစ်ထောင်ကျော်လောက်သာရှိတော့သည်။ရေအရင်ချိုးလိုက်ချင်သောကြောင့် အဝတ်အစားများချွတ်ပြစ် လိုက်ပြီး ရေချိုးခန်းထဲသို့ဝင်လာခဲ့လိုက်သည်။ဟိုတယ် ကိစ္စကို ဘယ်လိုရှင်းရမလဲဆိုတာ ခေါင်းပူလာသော ကြောင့်ဖြစ်၏။ရေချိုးရင်း ဘယ်လိုလုပ်ရမလဲ အကွက်ရွှေ့နေမိသည်။
မတတ်နိုင်သည့်အဆုံး နေဝင်းလွင်ကိုဘဲ အပူကပ်ရလိမ့်မည်။ဒီကောင်က ရန်ကုန်မှာဆွေမျိုးတွေနဲ့နေတာဆိုတော့အလွယ်တကူဆက်သွယ်လို့ရနိုင်တာဒီကောင်ဘဲရှိသည်။
အခုရောက်နေသည့်ဟိုတယ်က ဘယ်မှာဆိုတာကိုလဲ သိအောင်လုပ်ရလိမ့်ဦးမည်။ဒါက ပြဿနာမရှိလှ။ပိုက်ဆံရှင်းဖို့က အဓိကပြဿနာဖြစ်နေသည်။ရေပန်းအောက်မှာရေချိုးနေရင်းနဲ့ဇောချွေးများပျံ လာရသည်။သေရည်ကို ရှောင်နိုင်သမျှရှောင်မည်ဟု ဆုံးဖြတ်လိုက်မိ၏။
ရေချိုးခန်းကပြန်ထွက်တော့ အဝတ်များ ပြန်ကောက်ဝတ်ရင်း ကုတင်ပေါ်မှ မိန်းမသုံး ကလစ်လေးတစ်ချောင်းကို အမှတ်မထင်မြင်လိုက်မိ၏။အရင်လူ တွေကျန်နေခဲ့တာဖြစ်မှာပါလေ ဆိုပြီး ကောက်ကိုင်ကြည့်မိရာမှ အနီးရှိစားပွဲခုံပေါ်သို့ပြစ်တင်လိုက်မိသည်။
နောက်တော့ အခန်းတံခါးပိတ်၍ ဓါတ်လှေကားရှိရာသို့သွားလိုက်ပြီး ရီဆက်(ပ်)ရှင်ရှိရာ အောက်ထပ်သို့ဆင်း ခဲ့လိုက်သည်။ရီဆက်(ပ်)ရှင်ရောက်တော့ ကောင်လေးတွေဖြစ်နေလို့တော်သေးသည်။ကောင်မလေးများဆိုပါက ဘယ်လိုမျက်နှာမျိုးနှင့်ဖြေရှင်းရမည်မသိ။
အခန်းသော့ကို လှမ်းပေးလိုက်ရင်း အကို…ကျွန်တော်ဖုန်းတကော(လ်) လောက်ဆက်လို့ရမလားဆိုတော့ အဆင်ပြေစွာဘဲဆက်ခွင့်ရသည်။ပိုက်ဆံအိတ်ထဲက ဖုန်းစာအုပ်လေးထဲတွင် ရေးမှတ်ထားသော တရုတ်လေးအမျိုး၏အိမ်ဖုန်းကို ဆက်လိုက်ရသည်။
ကံကောင်းထောက်မစွာနှင့်တရုတ်လေး က အိမ်မှာရှိနေသောကြောင့် အကျိုးအကြောင်းပြောပြပြီး ပိုက်ဆံလာပို့ခိုင်းရသည်။သူ အခုရောက်နေတာက @@@@ ဟိုတယ်ဖြစ်သောကြောင့် တရုတ်လေးနေသော လသာနှင့်ဆို သိပ်မဝေးလှဟု ဆိုရပေမည်။
သူဖုန်း ပြောနေစဉ် ရီဆက်(ပ်)ရှင် ကကောင်လေးက ကွက်ကြည့်ကွက်ကြည့်လုပ်နေသည်။သူ့အကြံက ဖုန်းဆက်ရင်း ရီဆက်(ပ်)ရှင်ကို မပြောဘဲ သိသွားစေလိုခြင်းပင်။သူ့အကြံအောင်သည်ဟု ဆိုရမည်။သူဖုန်းချလိုက်သောအခါ ရီဆပ်(ပ်)ရှင်မှ တစ်ယောက်က
“ အကို…အခန်းဖိုးက ရှင်းပြီးသွားပြီခင်ဗျ၊အကို မီနီဘားထဲက ယူထားသေးတာရှိရင်တော့ အဲဒီဟာဖိုး ဘဲရှင်းရတော့မှာပါ”
သူကြောင်သွားသည်။သူ့မှာပိုက်ဆံဒီလောက်မပါဘူးဆိုတာကို မှတ်မိနေသောကြောင့်ဖြစ်သည်။ဘယ်လိုနည်း နဲ့ ဟိုတယ်ဖိုးကို သူရှင်းခဲ့တာလဲ။
“ ဗျာ….ဘယ်သူရှင်းတာလဲဗျ”
သူအူကြောင်ကြောင်နှင့်ပြန်မေးလိုက်မိသည်။
“ အကိုနဲ့အတူလာတဲ့ အစ်မ ရှင်းသွားတာပါခင်ဗျ။တကယ်လို့ ချက်အောက်လုပ်ချိန်အထိအကိုမနိုး ရင် ကျွန်တော်တို့ကို နှိုးလိုက်ဖို့လဲမှာသွားပါသေးတယ်”
သူက မိန်းကလေးတစ်ယောက်နဲ့အတူ ဒီဟိုတယ်ကိုရောက်လာခဲ့တာဆိုပါလား။အခန်းခကိုတောင် ထိုမိန်းက လေးက ရှင်းပေးသွားသေးသည်တဲ့။သူ ဘယ်လိုဘဲစဉ်းစား စဉ်းစား မမှတ်မိ။မနေ့ညက ဘာတွေဖြစ်ခဲ့ပါသလဲ။
“ တဆိတ်လောက်ခင်ဗျာ….စိတ်တော့မရှိပါနဲ့ အဲဒီ့မိန်းကလေးက ဘယ်လိုပုံစံမျိုးလဲဆိုတာ ကျွန်တော့်ကို ပြောပြနိုင်မလားခင်ဗျ”
သူ့မေးခွန်းကြောင့် ဟိုတယ်ဝန်ထမ်းက အူကြောင်ကြောင်ကောင်တစ်ယောက်ဟုထင်သွားပုံရသည်။ဒါက အရေးမကြီး။ဘယ်သူလဲဆိုတာကို သိရဖို့ကအရေးကြီးသည်။
“ ခွင့်လွှတ်ပါခင်ဗျာ။အဲဒီ့အစ်မက အကိုနိုးလာလို့အခုလိုမေးလာခဲ့ရင် ဘာမှပြန်မဖြေဖို့ကျွန်တော်တို့ ကိုဂတိတောင်းသွားပါတယ်ခင်ဗျာ”
လဲသေလိုက်ကွာ ဟု စိတ်ထဲတွင်အော်ဟစ်ဆဲရေးလိုက်မိသည်။နှုတ်ဖျားကတော့…
“ ကျေးဇူးပြုပြီးဖြစ်နိုင်ရင်ပြောပြပေးပါလားဗျာ၊ကျွန်တော့်အတွက် အရေးကြီးလို့ပါ”
ပြောရင်းနဲ့ခုနက ရေချိုးပြီးထွက်လာစဉ်တွေ့ခဲ့ရသော ကလစ်လေးတစ်ချောင်းကို သတိရလိုက်သည်။
“ မဖြစ်လို့ပါခင်ဗျ။ကျွန်တော်လဲ ဂတိပေးလိုက်မိလို့ပါ။ကျွန်တော်တို့အခက်အခဲကို အကိုလဲ နားလည်လိမ့်မယ်ထင်ပါတယ်ခင်ဗျာ”
ဒီဘဲတွေပုံစံက ရိုက်စစ်လို့တောင်ပြောမယ့်ပုံမရသောကြောင့် ဆက်မေးမနေတော့။ခုနတွေ့ခဲ့ရသော ကလစ် လေးကိုတော့ ရအောင်ယူသွားရလိမ့်မည်။
“ ဟာ…အခုမှသတိရတယ်…ကျွန်တော်အခန်းထဲမှာ ပစ္စည်းတစ်ခုမေ့ကျန်နေခဲ့တာပြန်သွားယူလို့ရ မလားဗျ”
“ အခန်းကို ကျွန်တော်တို့ဝန်ထမ်းတွေ ချက်အောက်လုပ်ပြီး ဆားဗစ် ဝင်နေပါတယ်ခင်ဗျာ။ပစ္စည်းက အရေးမကြီးဘူးဆိုရင် ဝန်ထမ်းကိုယူလာခဲ့ခိုင်းလိုက်ပါ့မယ်ခင်ဗျ”
“ ကျွန်တော်ကိုယ်တိုင် သွားယူလို့မရဘူးလားဗျ”
ဝန်ထမ်းက သူ့ကို တော်တော်အရစ်ရှည်တဲ့အူကြောင်ကြောင်ကောင်ဟုထင်ကာ စိတ်မကြည်မလင်ဖြစ်သွားပုံရ သည်။ချက်အောက်လုပ်ကာ ရွမ်းဆားဗစ် ဝင်နေကြသော ဝန်ထမ်းများထံသို့ ဖုန်းလှမ်းဆက်ပြီး ထွက်မသွားကြ သေးရန် မှာကြားပြီး သူကိုယ်တိုင် အခန်းသို့လိုက်ပို့သည်။
အခန်းထဲပြန်ရောက်တော့ သူထားခဲ့သောခုံလေး ပေါ်မှာဘဲ ကလစ်လေးတစ်ချောင်းကိုတွေ့လိုက်ရ၏။ကလစ်လေးကို ကောက်ယူလိုက်ပြီးအိတ်ကပ်ထဲထည့် လိုက်ချိန်တွင် ဝန်ထမ်းများတစ်ယောက်မျက်နှာတစ်ယောက်ကြည့်၍ပြုံးစိစိလုပ်နေကြတာကို မြင်ဖြစ်အောင် မြင်လိုက်ရသေးသည်။ကိုယ့်အကြောင်းနှင့်ကိုယ်မို့ဘယ်သူ့ကိုမှ အပြစ်မဆိုချင်တော့။အောက်ပြန်ရောက်တော့
အိပ်ယာနိုးမှ ဖောက်သောက်လိုက်မိသည့် ရေသန့်တစ်ဗူးဖိုးရှင်းပေးလိုက်ပြီး ဟော်တယ်ရှေ့သို့ထွက်ကာ တရုတ်လေးရောက်အလာကို စောင့်နေလိုက်သည်။တရုတ်လေးရောက်လာပါက အဆောင်သို့လိုက်ပို့ခိုင်းရ မည်။ဒီနေ့တော့ ကျောင်းမတက်တော့ဟု ဆုံးဖြတ်လိုက်သည်။ကျောင်းသွားတက်ပါကလဲ ဘာစာမှစိတ်ဝင်စား လို့မရဘဲ ကိုယ့်ဒုက္ခကိုယ်ရှာသလိုဖြစ်နေမှာ သိနေသောကြောင့်ဖြစ်၏။
အပိုင်း ( ၂ ) ဆက်ရန် >>>>
No comments:
Post a Comment