Saturday, November 23, 2024

ရောင်စုံ ဘောလုံး အပိုင်း ( ၉ )

ရောင်စုံ ဘောလုံး အပိုင်း ( ၉ )

ရေးသားသူ - မင်းခိုင်

(၁၂)

ဒီနေ့ မင်းမင်းတို့ ကုပ္မဏီ ရဲ့ Annual Staff Party ကျင်းပမယ့် နေ့ပါ။ ပါတီကို ရန်ကုန် မြို့လည်က နာမည်ကြီး ဟိုတယ်ကြီး တစ်ခုရဲ့ Ballroom မှာ နှစ်စဥ် လုပ်နေကျအတိုင်းပဲ ပျော်စရာ အစီအစဥ်များစွာနဲ့ ကျင်းပမှာ။

မင်းမင်း တို့ ရုံးချုပ်က ဝန်ထမ်းတွေ ရော၊ ရုံးခွဲတွေက ဝန်ထမ်းတွေတင်မက၊ နေပြည်တော်၊ မန္တလေး စတဲ့ နယ်ရုံးခွဲက ဝန်ထမ်းတွေပါ တက်ရောက်ကြမှာပါ။ နယ်က ဝန်ထမ်းတွေ ကဒီနေ့ နေ့လည်ပိုင်းတည်းက ရောက်နေကြပီး သူတို့ကို ဟိုတယ်တစ်လုံးမှာ တည်းခိုဖို့ စီစဥ်ပေးထားတယ်။ တစ်ချို့လဲ မနက်ဖန်ညနေ တစ်ချို့လဲ တနဂ်နွေနေ့ မှပြန်ကြမှာ။

ပွဲကျင်းပဖို့ရော၊ နယ်ဝန်ထမ်းတွေ အတွက် ကားတွေစီစဥ်ပေးရတာရော၊ ဟိုတယ် ဘွတ်ကင်တွေ လုပ်ပေးရတာတွေကို မင်းမင်း နဲ့ ရုံးချုပ်က logistics  ဝန်ထမ်းနှစ်ယောက်နဲ့ လွန်ခဲ့တဲ့ တစ်လလောက်တည်းက စ စီစဥ်နေရတာ။ ဒီအလုပ်တွေက အရင် မယမုံ ရှိတည်းက မင်းမင်း မယမုံ နဲ့အတူ လိုက်လုပ်ပေးနေကျဆိုတော့ နဲနဲ အလုပ်ရှုပ်တာကလွဲရင် ဘာမှ အခက်အခဲ မရှိပါဘူး။

နာမည်ကြီးတီဝိုင်းတစ်ခုရဲ့ ဖျော်ဖြေမှု အစီအစဥ်ရယ်၊ တစ်နှစ်တာအတွင်း လုပ်ငန်းဆောင်ရွက်မှု ကောင်းခဲ့တဲ့ဝန်ထမ်းတွေရော၊ အလုပ်ပျက်ရက်မရှိခဲ့တဲ့ ဝန်ထမ်းတွေကို ဆုချီးမြှင့်မယ့်အစီအစဥ်ရယ်၊ ဝန်ထမ်းတွေရဲ့ ဖျော်ဖြေမှု အစီအစဥ်တွေရယ်၊ အားလုံးကြိုက်နှစ်သက်တဲ့ ဗလာမပါ ကံစမ်းမဲ အစီအစဥ်တွေပါမှာ။

အစားကလဲ ဘူဖေးကြိုက်တာကိုကြိုက်သလောက်သာယူစား...အသောက်လဲစီစဥ်ပေးထားတယ်။ တစ်ကယ့် ပျော်စရာကြီး။ မင်းမင်း လဲ ဒီနှစ် ဝန်ထမ်းကောင်းဆု ရမယ့် အထဲမှာ ပါမယ်လို့ ပြောတယ်။ မယမုံက တနေ့ကတည်းက ရန်ကုန် ပြန်ရောက်နေပြီ။ ရောက်တဲ့နေ့တည်းက မင်းမင်း ကို ဖုန်းဆက်ပြောထားတာ။ မင်းမင်း က ရုံးကို တစ်ရက် လာလည်ဖို့ခေါ်လိုက်သေးတယ်။

သူမ အဖေလဲ နေကောင်းတယ်တဲ့။ ခုတော့ ပါမလာဘူး။ ဟိုမှာ ပျော်နေပြီတဲ့လေ။ ဒီတစ်နှစ်ခွဲလောက်အတွင်း မင်းမင်း မယမုံ နဲ့ ဖုန်း လေးငါးခါလောက်တော့ပြောဖြစ်ပါတယ်။ များသောအားဖြင့် မယမုံ ကစဆက်တာပါ။ ထွေထွေထူးထူးတော့ မဟုတ်ပါဘူး...သာကြောင်း မာကြောင်းနဲ့ တစ်ခါတစ်လေ အလုပ်အကြောင်းတွေပြောကြတာပါ။

ဇာခြည် ပြန်ရောက်လာတဲ့အချိန်ကနေ ခုထိတော့ မင်းမင်းနဲ့ မယမုံ ဖုန်းအဆက်အသွယ် မရှိသေးဘူး။ မယမုံ မနေ့က မင်းမင်း တို့ ရုံးကို လာလည်သွားသေးတယ်။ မယမုံ က မပြောင်းမလဲ လှမြဲလှနေဆဲ ဆက်စီကျနေဆဲပါပဲ။

ဒီက ဝန်ထမ်းတွေအားလုံးကို တစ်ကယ့် နွေးနွေးထွေးထွေး နှုတ်ဆက်သွားတယ်။ ပွဲနေ့မှာ ဆုံကြမယ်လို့ပြောသွားတယ်။ အန်တီမီ ကသွားပြောနေသေးတယ်။

“ မင်းမင်း ကောင်မလေးရသွားပြီ...ချစ်စရာလေး... ဒီတောင် လာလည်တာသုံးခေါက်လောက်ရှိသွားပီ..”...ဆိုပြီး။ မယမုံ ကပြန်ပြောပါတယ် ပြုံးပြုံးလေးနဲ့...

“ သူ မင်းမင်း မှာ ကောင်မလေးရှိတာ သိပါတယ်တဲ့ လူတော့မမြင် ဖူးသေးဘူး... နောက်ကြုံရင် မိတ်ဆက်ပေးလေ”...တဲ့။

ပြုံးပြီးပြောနေပေမယ့်...မယမုံ မျက်ဝန်းတွေမှာ ကြေကွဲနေတဲ့ အရိပ်အယောင်တွေကို မင်းမင်း မြင်နေရတယ်။ မင်းမင်း စိတ်မကောင်းပါဘူး မယမုံ ရယ်။ ဇာခြည့် အဖေက ဒီနေ့ သူ့သမီးကို ပွဲထုပ်မှာ။ သူ့ ဝန်ထမ်းတွေအားလုံးနဲ့ စတင် မိတ်ဆက်ပေးမယ်လို့ ဇာခြည် ပြောတယ်။

ဇာခြည် ပြန်ရောက်ပြီး တစ်လလောက်နေရင် အလုပ်ဝင်မယ် ပြောပြီး အခု လေးလကျော်သွားတယ်..ဇာခြည် အလုပ်မဝင်ရသေးဘူး။ သင်တန်းတွေတက်နေလို့လား...ဒါမှမဟုတ် ဒီနေ့ပွဲကျမှ ဇာခြည့် ကိုစပြီး ပွဲထုပ်ပေးချင်လို့လားပဲ။

မင်းမင်း လဲ မမေးဖြစ်ပါဘူး။ ဇာခြည် နဲ့ မင်းမင်း နေ့စဥ်လိုလို တွေ့နေကြရပေမယ့် ခုတလော ဇာခြည် သူ့မိသားစုအကြောင်းသိပ်မပြောဖြစ်ဘူး။ ဒီနေ့လဲ ဇာခြည် က မင်းမင်း ကို လာကြိုပေးပြီး အတူတူသွားရအောင်ပြောတယ်။ မင်းမင်း ကလာမကြိုဖို့ပြောလိုက်တယ်။

“ ဒီလိုပွဲဆိုတာ...ဇာခြည် ကိုယ့်မိသားစုနဲ့ အတူတက်ရမှာလေ...ပီးတော့ အန်ကယ်က ဇာခြည့် ကို မိတ်ဆက် ပွဲထုပ်ပေးဦးမှာဆိုတော့ ဇာခြည်... ဇာခြည့် အဖေနဲ့ အတူ ပွဲတက်ရမယ်...သူ့အနားမှာပဲ ရှိနေရမယ်...” လို့ မင်းမင်း ပြောတော့ ဇာခြည် မင်းမင်း ပါးကိုနမ်းလိုက်ပြီး...

“ မင်းမင်း ကသိပ်သိတတ်တာပဲ...ဇာခြည် က မင်းမင်း တစ်ယောက်တည်းလာရမှာစိုးလို့ မေးတာပါ...ဇာခြည် နဲ့ ပွဲတက်ချင် ရင်လည်း ဇာခြည် မင်းမင်း အနားမှာ နေပေးလို့ရပါတယ်...” လို့ ပြန်ပြောတယ်။

“ ဟင့်အင်း...နောင်ဆို ဇာခြည် က မင်းမင်း အနားမှာ တစ်သက်လုံးနေပေးရတော့မှာ.. အဲ့ဒီကျမှ စိတ်ညစ်တယ်မလုပ်နဲ့...ခုတော့..ဇာခြည့် အဖေနားမှာပဲ ဇာခြည်နေ....လူကြီးတွေအားလုံး အသိအမှတ်ပြုခံရအောင်လုပ်...ပီးတော့...ဇာခြည် က မင်းမင်း တို့ လူကြီးဖြစ်လာတော့မှာ... နောက်ဆို မင်းမင်း ရုံးကို အလွတ်လာလည်လို့ရတော့မှာ မဟုတ်ဘူးနော်...ရုံးချုပ်က လူကြီးတစ်ယောက် အနေနဲ့ပဲ လာရတော့မှာ.. ခုတည်း ကလေးလေးစားစား ဆတ်ဆံတတ်ဖို့လေ့ကျင့်ထားရဦးမယ်....”

လို့မင်းမင်း ပြောလိုက်တော့ ဇာခြည် စူပုပ်သွားတယ်။

“ မရပါဘူး...ဇာခြည် ဘယ်နေရာပဲရောက်ရောက် ဘာရာထူးပဲရရ...ဇာခြည် ဟာ မင်းမင်း ရဲ့ ဇာခြည် ပဲ....မင်းမင်းရဲ့ အချစ်ရဆုံးသော ချစ်သူ ဆိုတာကိုပဲ ဇာခြည် လိုချင်တယ်...ဘာအကြောင်း တွေကြောင့်မှ....မင်းမင်း နဲ့ ဇာခြည် တို့ နှစ်ယောက်ကြားက ဆတ်ဆံတဲ့ပုံစံက ပြောင်းလဲသွားလို့မရပါဘူး... မင်းမင်း နော်..ဇာခြည် အလုပ်ဝင်ပြီးလို့ မင်းမင်း တို့ဆီလာရင်...ဇာခြည့် ကို အဲ့လို လေးစားတဲ့ ပုံကြီးနဲ့ မင်းမင်း ဆတ်ဆံလို့ကတော့... မင်းမင်း ဇာခြည် နဲ့ အတွေ့ပဲ...လူတွေအားလုံးရှေ့မှာ ဖက်နမ်းပစ်လိုက်မှာ... ဇာခြည့် ကို ဘာမှတ်နေလဲ...” .တဲ့။

ဇာခြည် မကျေမနပ်နဲ့ပြောနေပုံလေးကချစ်စရာလေး။ မင်းမင်း အသံထွက်အောင်တောင် ရယ်လိုက်မိတယ်။

“ မင်းမင်း နော် ဇာခြည် တစ်ကယ်ပြောနေတာနော်....” ဆိုပြီး မင်းမင်း ကို အတင်း ဖက်နမ်းတော့တယ်။ တော်သေးတယ်...ဒီဆိုင်လေးက လူနဲနဲရှင်းနေပေလို့ပဲ။

 “အင်းပါ..ဇာခြည် ရယ်.. ဇာခြည့် စိတ်တိုင်းကျ မင်းမင်း နေပေးပါ့မယ်...” လို့ မင်းမင်း မြန်မြန် ပြန်ပြောမှ ဇာခြည် ဖက်ထားတာကို လွှတ်ပေးတယ်။

ပွဲမှာ မင်းမင်း တို့ရုံးက လူတွေစုပြီး အနားတဝိုက်က ဝိုင်းတွေမှာပဲထိုင်ဖြစ်တယ်။ မင်းမင်း တို့ဝိုင်းက ယောက်ျားလေးတွေချည်းပဲ။ ကိုဇော်ကြီး ၊ ကိုကျော်မျိုး၊ မောင်မျိုး တို့ကမင်းမင်းအနားမှာ ပဲဝိုင်းထိုင်ကြတယ်။ အခန်းအလည်လောက်မှာ။

စားပွဲပေါ်မှာ ထောင်ပေးထားတဲ့ ပုလင်းနှစ်လုံးမှာ တစ်လုံးက ကုန်တောင်နေပြီ။ တစ်ယောက်တစ်ခွက်နဲ့ ဆော်နေကြတာ။ မင်းမင်း လဲ တစ်ခွက်သောက်ရတယ်။ မင်းမင်း တစ်ငုံပဲငုံပြီး ဆက်မသောက်ဘူး။ ဟိုးရှေ့ဝိုင်းတွေက လူကြီးတွေများတယ်။ မယမုံ လဲရှေ့မှာ။ သူတို့ဝိုင်းမှာ နေရာလေးခုလွတ်နေသေးတယ်။ ဇာခြည် တို့ မိသားစုလဲ ရောက်မလာသေးဘူးဆိုတော့ သူတို့အတွက် ချန်ထားတာပဲဖြစ်မယ်။ မယမုံ ကရောက်တည်းက မင်းမင်း တို့ ကိုလာနှုတ်ဆက်ပြီးသွားပြီ။

ကိုဇော်ကြီး တို့အဖွဲ့ကိုတောင် ဘလက်တစ်လုံး လက်ဆောင်ပေးသွားလို့... ကိုဇော်ကြီး တို့ ဟေးကနဲ ထအော်နေကြသေးတယ်။ ကုပ္မဏီ ကလည်း စားပွဲတိုင်းမှာ နှစ်လုံးစီထောင်ပေးထားတယ်။ အမျိုးသမီးတွေ အတွက်ကတော့ ဝိတ်တာလေးတွေက ဗန်းလေးတွေနဲ့...အချိုရည် နှစ်မျိုးရယ်၊ ဘီယာရယ်၊ ဝိုင်အနီနဲ့အဖြူရယ် တင်ပြီး လိုက်ပေးနေတယ်။

တီးဝိုင်းက ဖျော်ဖြေပေးနေပြီ။ အောက်ကနေလိုက်အော်ဆိုတဲ့ လူတွေကအော်လို့။ အစား အစီအစဥ်မစသေးပေမယ့်၊ အသောက်တွေကတော့ စနေတာ တော်တော်မှန်နေကြပြီ။ ပုလင်းသံ၊ ဖန်ခွက်သံ၊ ဇွန်းခရင်းသံ၊ တီးဝိုင်းသံ၊ လူတွေရဲ့အော်သံတွေနဲ့ ဆူနေပြီ။

မင်းမင်း ရှေ့ကို လှမ်းကြည့်လိုက်တော့....ဇာခြည်တို့တောင် မိသားစုလိုက်ရောက်နေပြီ။ သူမ အမေရော၊ သူမ ညီမလေး နေခြည်ပါ ပါလာတယ်။ ဘယ်တုန်းကရောက်နေလဲတောင် မင်းမင်း သတိမထားမိလိုက်ဘူး။ ဇာခြည် က မယမုံ ဘေးမှာထိုင်နေတာ။

မင်းမင်း ဆီကနေ နဲနဲလှမ်းပေမယ့် မင်းမင်း ထိုင်နေတာနဲ့ မျက်နှာချင်းစိုင်လို ဖြစ်နေတော့ ကြားဝိုင်းတွေက လူတွေကြားကနေ ဇာခြည့်ကို မြင် နေရတယ်။ မယမုံ ကတော့ မင်းမင်း ဆီကနေဆို ဘေးတိုက်လို ဖြစ်နေတာ။

မင်းမင်း ဇာခြည့်ကို ငေးကြည့်နေတုန်း ဇာခြည် ပြန်ကြည့်တာနဲ့ ဆုံသွားတယ်။ မင်းမင်း ကသာ ဇာခြည့် ကို ခုမှမြင်တာ...ဇာခြည် ကစောစောတည်းက မင်းမင်း ဘယ်မှာထိုင်နေတယ်ဆိုတာ တွေ့ထားပုံပဲ။ မင်းမင်း ဆီ တည့်တည့် လှမ်းကြည့်ပြီး ပြုံးပြနေတယ်။ လက်လေး မသိမသာ ထောင်ပြပီး ဝှေ့ယမ်းပြနေပြန်တယ်။

မယမုံ ဇာခြည် ဘယ့်သူ့ကို နှုတ်ဆက်နေတာလဲဆိုပြီး လှည့်ကြည့်တော့ မင်းမင်း ပြန်လက်ပြနေတာနဲ့ ဆုံသွားတယ်။ မင်းမင်း မယမုံကိုပါ လှမ်းရယ်ပြလိုက်ရတာပေါ့။ မယမုံ ဇာခြည့် ဘက်ပြန်လှန့်သွားပြီး ခေါင်းလေးအနားကပ်ပြီးစကားပြောနေတယ်။

ကြည့်ရတာ ဇာခြည် နဲ့ မယမုံ အရင်တည်းက သိနေသလို ပဲ။ မယမုံ မင်းမင်း ဘက်ပြန်လှည့်လာတယ်။ နဲနဲလှမ်းပေမယ့်...သူမမျက်နှာမှာ အံ့သြနေတဲ့ ပုံပေါ်နေတာ မင်းမင်း တွေ့လိုက်ရတယ်။ ဇာခြည် မင်းမင်း တို့နှစ်ယောက် ချစ်သူတွေဆိုတာ မယမုံ ကို ပြောလိုက်တယ်ထင်ပါရဲ့။

မင်းမင်း ဇာခြည့် ကို ထိုင်နေရက်ကဆိုတော့ သူမ ခန္ဓာကိုယ် အပေါ်ပိုင်း ကိုပဲ လှမ်းမြင်နေရတာ။ မင်းမင်း အံ့သြသွားတယ်။ ဇာခြည် ကအဝါရောင်အင်္ကျီ လေးဝတ်ထားတာ။ အဝါလက်ရှည် မိန်းမဝတ် ရှပ်အင်္ကျီ လေး လည်ပင်းမှာ ကော်လံလေးတွေကို အလှထည့်ချုပ်ထားတယ်။ လက်ရှည်အနားစမှာလဲ လေးလက်မလောက်ကို အနားစသတ်ထားတဲ့ လက်ပုံစံ။ ရင်ဘတ်ပေါ်မှာတော့ ပြောင်ပြောင်လက်လက်နဲ့ဆိုတော့ ဖန်စီ ဆီးကွင့်တွေလား ကျောက်လေးတွေ စီချယ်ထားတာလား မင်းမင်း မသေချာဘူး။

ပုံစံက ရိုးရိုးယဥ်ယဥ်လေးပေမယ့် သူမ ခန္ဓာကိုယ်ရယ်၊ အသားဖွေးတာလေးရယ်နဲ့က လိုက်ဖက့်လွန်းနေတယ်။

မင်းမင်း အံ့သြရတာက မင်းမင်း ဝတ်ထားတဲ့ စပို့ရှပ် အက်ျီအရောင်ကလည်း...ဇာခြည့် အက်ျီအရောင်အတိုင်းပဲ။ အဝါဆိုပေမယ့် အရင့်..လိမ်မော်ရောင်ဘက်နဲနဲပြေးချင်နေတာ။ ဒီ အင်္ကျီ က ဇာခြည်ကိုယ်တိုင် ပြီးခဲ့တဲ့တစ်ပတ်ကပဲ လိုက်ဝယ်ပေးထားတာ။ သူဝယ်ပေးတာလက်မခံရင် သူဒီပွဲကိုမတက်ဘူးလို့ ခြိမ်းခြောက်လို့ မင်းမင်း လက်ခံလိုက်ရတာ။

သြော်...သူမနဲ့ ဆင်တူမဖြစ်ဖြစ်အောင် မင်းမင်း ကို ရွေးပေးထားတာ။ သူမ ကြိုစီစဥ်ထားတာပေါ့လေ။ အိမ်လာတုန်းကလည်း ဒီအက်ျီကို ဘယ်ဘောင်းဘီနဲ့ဝတ်မှာလဲ ဆိုပြီး သူမပဲ ရွေးပေးသွားတာ။ နက်ပြာရောင် ဂျင်းပျော့ဖစ်တင် ဘောင်းဘီကိုသူမဝယ်ပေးထားတဲ့ ဒီအင်္ကျီ နဲ့ တွဲပေးပြီး ဒီကြားထဲ လုံးဝ မဝတ်နဲ့ဦးနော်လို့ကို မှာထားတာ။ တစ်ပတ်အလိုလောက်တည်းကပဲ။

ပြီးတော့...အင်္ကျီ ကိုလဲ သူမကိုယ်တိုင် မင်းမင်း ကို ပြည်လမ်း ပေါ်က နာမည်ကြီး ဘရန်းတွေပဲရောင်းတဲ့ ဖက်ရှင်ဆိုင်ခေါ်သွားပြီး စိတ်ကြိုက် ရွေးဝယ်ပေးထားတာ။

အဲ့ဒီဆိုင်က အင်္ကျီ ဘရန်းတွေ မင်းမင်း တစ်ခါမှ မဝယ်ဝတ်ဖူးဘူး။ ဈေးကြီးလွန်းလို့။ ဇာခြည် ခေါ်သွားလို့ လိုက်ကြည့်တုန်းက ဈေးတွေ ကြည့်ပီး မင်းမင်း ကျွတ် သွားတယ်။ ဒေါ်လာ နဲ့ကပ်ထားတာ ဈေးနှုန်းတွေက။ လက်ရှိ ဒေါ်လာ ပေါက်ဈေးနဲ့ မင်းမင်း စိတ်နဲ့ တွက်ကြည့် လိုက်တာ ခေါင်းပါ ပူထူသွားတယ်...ဈေးနှုန်းတွေက။ အတော်အသင့် ပုံစံ နဲ့ ဈေးနှုန်းသင့်တဲ့ မြှားတံဆိပ် အက်ျီလေးပြတော့ ဇာခြည် က...

“ အဲ့ဒီတံဆိပ်က ဇာခြည့် အဖေတို့လို အဖိုးကြီးတွေပဲ ဝတ်တော့တာ...လူငယ်တွေသိပ်မကြိုက်တော့ဘူး...လာ...ဇာခြည်ရွေးပေးတာဝတ်....”

ဆိုလို့ကြည့်လိုက်တော့....Hugo Boss ရှပ်လေး၊ ဈေးက တွက်ကြည့်လိုက်တော့...နှစ်သိန်းရှစ်သောင်းနားကပ်နေပီ။ မင်းမင်း ရဲ့ တစ်လ လစာနဲ့ ဒီအင်္ကျီ နှစ်ထည် ဝယ်လို့မရတဲ့ ဈေးမျိုး။ မင်းမင်း ငြင်းဖို့လုပ်လိုက်တယ်။ ဇာခြည် ကကြိုသိနေတယ်။

“ မောင်မင်းမင်း.....ဘာပြောထားလဲ သိတယ်နော်...ပွဲပျက်သွားမယ်....” တဲ့။

မင်းမင်း ငြင်းမရတော့ဘူး။ ဒါပေမယ့်...မင်းမင်း မလိုချင်ဘူး။ ကိုယ့် ဝင်ငွေနဲ့ မမျှတဲ့ အသုံးစရိတ်ကိုလည်း မင်းမင်း ဘယ်တော့မှမသုံးသလို အဲ့လို အသုံးအဆောင်မျိုးကိုလည်း မသုံးချင်ဘူး။ ဒါပေမယ့်...ဇာခြည့် စေတနာကို မင်းမင်း တန်ဖိုးထားရမယ်။ ကိုယ့်ချစ်သူ စိတ်မကောင်းအောင် မလုပ်ချင်ဘူးလေ။ မင်းမင်း လက်ခံခဲ့ရတယ်။ ဇာခြည် က အက်ျီကို ဒေါ်လာနဲ့ပဲ ထုပ်ရှင်းပေးလိုက်တယ်။

ခုတော့...မင်းမင်း တို့နှစ်ယောက်က အက်ျီအရောင်တူလေးတွေနဲ့ ဖြစ်နေအောင် ဇာခြည် စီစဥ်ထားတာပေါ့လေ။ သေချာတယ်.ဇာခြည် ဝတ်လာတာ ဘောင်းဘီလား၊ စကတ်လား မသိပေမယ့် မင်းမင်းနဲ့ အရောင်တူနေမယ်ဆိုတာ။

အဲ့ဒီ အချိန်မှာပဲ အစီအစဥ်တင်ဆက်နေသူက သူတို့ ကုပ္မဏီ ကြီးတစ်ခုလုံးရဲ့ အကြီးအကဲ ဖြစ်သူ Group MD ဦးစိုးမောင်ကို ဝန်ထမ်းများအားလုံးအား နှုတ်ခွန်းဆက်စကား ပြောကြားပေးပါရန် လေးစားစွာဖြင့်...ဖိတ်ခေါ်အပ်ပါသည်လို့ စတင် ကြေညာလိုက်တာနဲ့ တစ်ခန်းလုံး အသံတွေ တိတ်ဆိတ်သွားပါတယ်။ ဇာခြည့် အဖေက နှုတ်ဆက်စကားပြောတော့ သိပ် မကြာပါဘူး။ 

ဝန်ထမ်းအားလုံးကို ကျေးဇူးတင်ကြောင်း...ဆက်လက်ကြိုးစားသွားဖို့ အကြောင်း....အားလုံဟာ မိသားစု အကြီးကြီး တစ်ခုလိုဖြစ်ကြောင်း....တွေပြောပြီး...သူ့ ရဲ့ ချစ်လှစွာသော သမီးကြီးဖြစ်သူ နန်းဇာခြည်မောင် နဲ့ မိတ်ဆက်ပေးလိုကြောင်း.... သူမက အခုချိန်ကစပီး ဒီ ကုပ္မဏီ မှာ အလုပ် စဝင်တော့မှာဖြစ်လို့ သူ့ မိသားစုဝင်ကနေ...ဝန်ထမ်းအားလုံးရဲ့ မိသားစုဝင်တစ်ယောက်လည်း ဖြစ်လာတော့မှာမို့ အားလုံး နွေးနွေးထွေးထွေး ကြိုဆိုပေးကြပါလို့ ပြောတာနဲ့ အကုန် မတ်တပ် ထရပ်ပေးကြတယ်။ VIP စင်ပေါ်တက်လာတာကြနေတာပဲ။

ဇာခြည် စင်ပေါ် တက်လာလို့ မင်းမင်း ကြည့်လိုက်တာ တစ်ကယ်လဲ နက်ပြာရောင် စတိုင်ပန်လေးနဲ့။ ဘောင်းဘီအပေါ်ပိုင်းက ဖစ်တင်...အောက်ပိုင်းက နဲနဲ ပွပွလေးနဲ့ လှလိုက်တာ...ဇာခြည်က။ ရဲရဲဝံဝံ စတိုင်ကျကျလေး စင်ပေါ်တက်လာတာ။

“ ဇာခြည့်ကို အခုလို ကြိုဆိုပေးတာ ဝမ်းသာရပေမယ့် အားလုံးပြန်ထိုင်ပေးပါလို့..” ဇာခြည်စပြောတယ်။

“ ပီးတော့....ဇာခြည်က ဒီစင်ပေါ်ကနေပီး...စကားပြောနေတာဆိုတော့ အောက်မှာ ထိုင်နေကြတဲ့ လူကြီးတွေအားလုံးကို မရိုမသေဖြစ်နေရင် ဒီကနေ ကန်တော့ပါလို့ တောင်းပန်ချင်ပါတယ်....” ဆိုပြီး လက်အုပ်လေးချီပြီးပါ ပြောနေတာ။

အားလုံးသူ့ကို ချီးကျူး တဲ့အနေနဲ့ လက်ခုပ်ဝိုင်းတီးပီးမှ ပြန်ထိုင်လိုက်ကြတယ်။ လိမ်မာလိုက်တာ ဇာခြည်လေးက။ လူကြီးချစ်အောင်နေတတ်လိုက်တာ။ လှုပ်လှုပ် ရွရွနဲ့ ဖြစ်ကုန်ကြတာက မင်းမင်း တို့နား ဝိုင်းတွေကလူတွေလေ။ မင်းမင်း ရုံးကလူတွေပေါ့။

စင်ပေါ်က ဇာခြည့်ကို တစ်လှည့် မင်းမင်းကို တစ်လှည့် တအံ့တသြနဲ့ ကြည့်နေကြတယ်။ အချို့ အမျိုးသမီးတွေဆို အချင်းချင်းကပ်ပြီး တီးတိုးတွေပါပြောနေကြတာ။ ဘေးက ကိုဇော်ကြီး က အံကြီးကြိတ်၊ မျက်လုံးကြီးပြူးပြီး မင်းမင်း ကို တစ်လှည့် စင်ပေါ်က ဇာခြည့်ကို တစ်လှည့်ကြည့်နေရုံမကဘူး....မင်းမင်း ပေါင်ကိုပါ ဖြန်းကနဲ လာပုတ်တယ်။ ပြီးတော့ စိတ်ဆိုးတဲ့ပုံလုပ်ပြနေပြန်တယ်။

ကျန်တဲ့လူတွေလည်း ဒီအတိုင်းပဲ...အားလုံး အံ့သြနေတဲ့ ပုံတွေနဲ့။ မောင်မျိုးက...ကိုကြီးမင်းမင်း....ကိုကြီးမင်းမင်း....ပဲပြောပြီး မတ်တပ်ပါထရပ်ကာ ဇာခြည့်ကိုပါ လက်ညှိုးထိုးပြနေလို့...ကိုကျော်မျိုး အတင်း ပြန်ဆွဲချကာ ထိုင်ခိုင်းနေရတယ်။ ဇာခြည် ဒါတွေကို စင်ပေါ်ကနေ မြင်ပုံပဲ။

“ ဇာခြည့်.. ဖေဖေပြောခဲ့သလိုပါပဲ...ဇာခြည် က အခုဆိုရင်...အားလုံးရဲ့ မိသားစုဝင်တစ်ယောက်....အငယ်ဆုံးမိသားစုဝင်လေးပေါ့...ဖြစ်သွားပါပြီ။ ဇာခြည့် မှာ လေ့လာစရာတွေ...ကြိုးစားစရာတွေ အများကြီးရှိနေမယ်ဆိုတာ ဇာခြည် သိပါတယ်။ အားလုံးက ဇာခြည့်ကို သင်ကြားပြသပေးပါ...ဇာခြည် မသိတတ်တာ... မလိမ်မာတာရှိရင်လဲ ဆုံးမပေးပါလို့...ဇာခြည်တောင်းဆိုပါရစေ...”

ဝိုင်းပြီး လက်ခုပ်တီးကြပြန်တယ်။

“ ပီးတော့..ဇာခြည်က ဒီမှာရှိတဲ့ သူအားလုံးရဲ့ မိသားစုဝင် အသစ်တစ်ယောက်ဆိုပေမယ့်....တောင်ဥက္ကလာ ရုံးခွဲက သူတွေနဲ့တော့ ရင်းနှီးပီးသားပါ....သူတို့ရဲ့ မိသားစုဝင် ဖြစ်နေပြီးသားပါလို့ပြောချင်ပါတယ်...အားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်...အားလုံးပျော်ရွှင်စွာ ပါဝင် ဆင်နွှဲကြပါဦးရှင့်...”

လက်ခုပ်သံတွေက မဆဲတော့ဘူး။ မင်းမင်းတို့ ရုံးကလူတွေက အကဲဆုံး။ မောင်မျိုးဆို လက်ခေါက်ပါမှုတ်ပီး “မမဇာခြည်... မမဇာခြည်” လို့မနားတမ်းအော်နေတာ။ ကျန်တဲ့ လူတွေပါ လိုက်အော်ကုန်တယ်။

မသိရင်...ဘောလုံးပွဲမှာ ရန်ကုန် အသင်းကို အားပေးနေတာ ကျနေတာပဲ။ မမဇာခြည်...ဒုံး...ဒုံး...ဒုံး...မမဇာခြည်... ဒုံး..ဒုံး...ဒုံး...။

မင်းမင်း ရိပ်မိပီးသားပါ။ ဒီနေ့ပွဲမှာ ဇာခြည် မင်းမင်း နဲ့ သူမ ချစ်သူတွေဖြစ်နေတယ်ဆိုတာကို တစ်နည်းနည်းနဲ့ ထုပ်ပြလိမ့်မယ်ဆိုတာ...မင်းမင်း ရိပ်မိနေတယ်။

ဒီလိုမျိုး...စင်ပေါ်ကနေ....သွယ်ဝိုက်သောနည်းနဲ့ ပြောလိုက်တာကတော့ မင်းမင်းရုံးကလူတွေရဲ့ ချစ်ခင်မှုလည်းရ...မင်းမင်း တို့အကြောင်းလည်း အခြားလူတွေရိပ်မိရအောင် ဇာခြည် ပါးပါးနပ်နပ်နဲ့ လုပ်ပြသွားတာပါ။ အရောင်တူ အင်္ကျီ ဘောင်းဘီတွေဝတ်တာလဲ တခြားအတွဲတွေလို အမှတ်တရ ဖြစ်ရုံ သက်သက် မဟုတ်ဘူး။

မင်းမင်း နဲ့ ဇာခြည့် ကို လူတွေ တွဲမြင်လိုက်တာနဲ့...အတွဲမှန်းသိသွားအောင်ကို ဇာခြည် ကြံစည်ထားတာပဲလို့ မင်းမင်း တွက်မိလိုက်တယ်။

တော်လိုက်တဲ့ မင်းမင်း ရဲ့ ချစ်သူလေး။ ပီးတော့ ပိုသေချာသွားတာက.....။ ညစာ စစားကြဖို့ ဘူဖေးတန်းကို သွားတော့ လူကြီးဝိုင်းတွေက ရှေ့က အရင် ထွက်ကြတယ်။ ဇာခြည့် အဖေ မတိုင်ခင် ဟိုအရင်ကတော့...လူကြီးဝိုင်းတွေကို ဟိုတယ် ဝိတ်တာတွေက အစားအစာတွေလာချပေးရတာ။

ဇာခြည့် အဖေရောက်လာတော့...သူက ဘယ်သူမဆို ဒီနေ့မှာ တစ်ပြေးညီပဲ ဖြစ်ရမယ်။ ဘူဖေးဆို အားလုံးထပြီး ကိုယ့်ဟာကိုယ်ယူစား၊ ဝိုင်းပေါ်ချပေးရမယ်ဆိုရင်လဲ အားလုံးကို ချပေးတဲ့ ပုံစံပဲ ဖြစ်ရမယ်..ဆိုလို့...လူကြီးဝိုင်းတွေ အရင် ထယူပြီးမှ...ကျန်တဲ့သူတွေ လိုက်စားကြတယ်။

လူကြီးတွေဘက်က သာတူညီမျှဖြစ်မှုကို ပြပေးသလို...လူငယ်တွေကလည်း... ဂါရဝရှိမှုကို ပြပေးရာရောက်လို့ မင်းမင်း တော့ ဒီအစီအစဥ်ကို သဘောကျတယ်။ အဲ့မှာ.....ဇာခြည်တို့ မိသားစုလဲ သူ့အဖေနဲ့ အတူ လိုက်ထွက်လာတော့....မင်းမင်း တို့ဝိုင်းနားရောက်တာနဲ့ ဇာခြည် ဆက်လိုက်မသွားဘဲ... မင်းမင်း ဘေးလာပြေးကပ်ရပ်လိုက်တယ်။

မင်းမင်း ရုံးကလူတွေက ဟေး...ဆိုပြီး အကျယ်ကြီးထအော်ကြရော။ ဇာခြည့် အဖေတောင်ပြန်လှည့်ကြည့်တယ်။ ဘာမှတော့ မပြောဘဲ ဆက်လျှောက်သွားတယ်။ ဇာခြည် က မင်းမင်း ကိုလက်ပါ လာတွဲတာ။ ဖုန်းပါတဲ့ သူတွေက ဖုန်းတွေနဲ့ မင်းမင်း တို့ကို ဓါတ်ပုံတွေ တဖျပ်ဖျပ်ရိုက်ကြတယ်။ မယမုံ ပါ ပါတယ် ဓါတ်ပုံရိုက်တဲ့ အထဲမှာ။

မင်းမင်း ကိုလည်း ဘာမှန်းလဲမသိဘူး...ကွန်ဂရက်ကျူရေးရှင်း တွေလာလုပ်ကြတယ်။ ဇာခြည့် ကိုလဲ လှလိုက်တာ၊ ချောလိုက်တာ၊ တော်လိုက်တာ နဲ့ပြောမဆုံးတော့ဘူး။ ဘုမသိ ဘမသိနဲ့ ကင်မရာမန်းတွေရယ်၊ ဗွီဒီယို ရိုက်ကူးရေး အဖွဲ့ကလည်း မင်းမင်း တို့နှစ်ယောက်ကို မီးတွေမှန်တွေထိုးပြီး ရိုက်နေကြတယ်။ မသိရင် မင်းမင်း တိုက အကယ်ဒမီပေးပွဲတက်လာတဲ့ ဆယ်လီ စုံတွဲကျနေတာပဲ။

တစ်ယောက်က ဟိုမှာ...လူကြီးတွေ ရှေ့ရောက်သွားပြီ...လူကြီးတွေလိုက်ရိုက်ဦး ဆိုမှ သူတို့ပြေးလိုက်သွားကြတာ။ ဇာခြည် ကအဲ့ဒီအချိန်တည်းက မင်းမင်း အနားမှာပဲ နေသွားတာ...ပြန်တဲ့ အထိပါပဲ။ ဆုချီးမြင့်တဲ့ အစီအစဥ်မှာ မင်းမင်း ဆုတက်ယူရတော့ .... ဇာခြည့် လက်ခုပ်သံက အကျယ်ဆုံး။

ဇာခြည့် အဖေရယ်၊ အမေရယ်၊ သူ့ညီမလေးရယ်က ခဏနေတော့ ပြန်သွားပြီ။ အားလုံး လွပ်လွပ်လတ်လတ် ပျော်ကြပါ...စားကြသောက်ကြပါလို့ ပြောပြီးဇာခြည့်အဖေ နှုတ်ဆက်သွားတာ ကြားလိုက်ရတယ်။

အဲ့ဒီအချိန်မှာ ဇာခြည် က မင်းမင်း ဘေးမှာ ထိုင်ရင်း ဇတ်လေးပုနေတယ်။ သူ့အဖေကလဲ မြင်ပါတယ်။ တစ်ချက်တောင် ခေါင်းစောင်းကြည့်သွားသေးတာ။ ပြန်တော့ မင်းမင်းကို ပြန်ပို့မယ် ပြောပြီး သူ့ကားနဲ့ ဇာခြည် လိုက်ခိုင်းတယ်။ မင်းမင်း က ငြင်းနေတာတောင်.....

“ လာတုန်းက အတူမလာရဘူး...ပြန်ရင်တော့ အတူပြန်ကြရအောင် မင်းမင်း ရယ်... အဖေတို့လဲပြန်ပြီပဲ....” လို့ဇာခြည် ပြောတာနဲ့ မင်းမင်း လိုက်ခဲ့ရတယ်။

“ မင်းမင်း....”

“ ဟင်....ပြောလေ ဇာခြည်....” ဇာခြည် ကားမောင်းနေရင်းနဲ့ခေါ်နေတာ။

“ မင်းမင်း.....”

“ ဟောဗျာ ထူးနေတယ်လေ...ဇာခြည်ရဲ့...”

“ ဟဲ...ဟဲ...မင်းမင်း ဒီညပျော်လား....” ဇာခြည် ၀ိုင်လေး နဲနဲပဲ သောက်တာပါ။ မ မူးဘဲ ရစ်နေတာလား။

“ ပျော်တာပေါ့...ဇာခြည် ရဲ့...အရင်နှစ်တွေက ပါတီတွေထက်...ပိုပျော်တယ်....ပိုပီးလဲ အဓိပ္ပါယ်တွေရှိနေသလိုပဲ...ဇာခြည် ရော မပျော်ဘူးလား....”

“ ပျော်တာပေါ့...ရင်တွေလဲ တုန်နေတယ်....မင်းမင်း သိလား...အဖေ ဘာများလာပြောမလဲဆိုပြီး ရင်တမမ နဲ့....ပီးတော့...အဲ့ဒါသိလို့....ဒီည ဒဂုံအိမ်မပြန်ဘူး....ငွေကြာရံ ကအိမ်မှာ အိပ်ဖို့ စီစဥ်ထားတယ်...တီစိန့်ကို နေ့လည်ထဲက ကြိုလွှတ်ထားတာ.....”

“ လူလည်မလေး...ကြိုတင် ကြံစည်ထားတာပေါ့လေ...ဟုတ်လား...”

“ ဟုတ်တယ်...မင်းမင်း ရဲ့....အဖေ့ကို ဇာခြည် ဖွင့်မပြောရဲဘူး....သူ အလိုလို မသိ သိအောင်လုပ်နေတာ....သူ့သဘော စောစောသိရအောင်လုပ်နေတာလေ....သူမကြားဘဲ မနေပါဘူး...ဘာမှတော့မပြောသေးဘူး.....”

“ ကြားပြီး....ဘာမှ မပြောတာ အခြေအနေကောင်းတာပေါ့ ဇာခြည်ရဲ့...မဟုတ်ဘူးလား.....”

“ မဟုတ်ဘူး....မင်းမင်း ရဲ့....ဇာခြည် ကျောင်းသွားမတက်ခင်....ဇာခြည် အဖေနဲ့ အပေးအယူ သဘောမျိုး လုပ်ခဲ့တာ မင်းမင်း သိတယ်မဟုတ်လား....”

“ သိတယ်လေ..ဇာခြည်ပြောပြလို့...မင်းမင်း တောင်ပြန်မေးခဲ့သေးတယ်လေ...တန်ဖိုးကြီးတာတစ်ခုခု ဇာခြည်တောင်းလိုက်တာလားဆိုတော့...ဇာခြည်ပြောတယ်လေ......”

“ ဇာခြည့် ဘဝ အတွက် တန်ဖိုးအရှိဆုံးနဲ့ အဓိပ္ပါယ် အရှိဆုံးအရာတစ်ခုလို့....ပြောခဲ့တာလေ..” ဇာခြည် ဝင်ပြောလိုက်တာပါ။

“ အင်း...ဟုတ်တယ်...မင်းမင်းမှတ်မိတယ်...”

“ အဲ့ဒါဘာလဲ...မင်းမင်း သိလား....”

“ ဟင်အင်း....မသိဘူး... ဘာတောင်းခဲ့တာလဲ ဇာခြည်က....”

“ မင်းမင်း နဲ့ ဇာခြည် ကိစ္စကို အဖေစဥ်းစားပေးရမယ်လို့ ပြောခဲ့တာ....”

“ ဟင်....အဲ့ဒီတုန်းက မင်းမင်း တို့ က ချစ်သူတွေမှမဖြစ်ကြသေးတာကို...”

“ မောင်မင်းမင်း... ဖြစ်ဖြစ် မဖြစ်ဖြစ် လျှာမရှည်နဲ့...ပြောတာနားထောင်....ကားမောင်းနေလို့ လက်မအားဘူးနော်...လိမ်ဆွဲလိုက်ဦးမယ်....”

“ ဟုတ်ကဲ့ပါ....မမဇာခြည် ရယ်...ဆက်ပြောပါဦး...”

“ ဟုတ်တယ်....တို့တွေ အဲ့ဒီတုန်း ဘာမှ မဖြစ်ကြသေးပေမယ့်...ဇာခြည့် ရင်ထဲမှာ မင်းမင်းရှိနေတော့....အဖေခေါ်မေးတာနဲ့ ဇာခြည် ဟုတ်တယ်ဆိုပြီး ဝန်ခံလိုက်တာ...အဲ့တုန်းက ဇာခြည် နဲ့ မင်းမင်း သင်တန်းတက်ပြီး မင်းမင်း တို့အိမ်ဝင်ထွက်နေတုန်းပဲရှိသေးတာ...အဖေက သိသွားတော့... ဘာလို့ မင်းမင်း တို့အိမ် ခဏခဏ သွားနေရတာလဲ မေးပြီး မင်းမင်း နဲ့ ကြိုက်နေပီလားမေးတာ....ဇာခြည်လဲ ဟုတ်တယ်လို့ ဝန်ခံလိုက်တယ်...အဖေ့ကို ရွဲ့ချင်တာရော...မင်းမင်း ကလဲ ဇာခြည့် ရင်ထဲ ရှိနေပြီဆိုတော့လေ.....”

“ အဲ့ဒါ...ဇာခြည် အိမ်ကို သုံးရက်မပေါ်လာဘဲ ပျောက်သွားတုန်းက မဟုတ်လား....”

“ ဟုတ်တယ်...မင်းမင်း ရိပ်မိနေတာလား....”

“ မဟုတ်ဘူး....ဦးလေးအောင်ကြီး ပြောပြလို့ သိတာ...သူ့လဲ ဇာခြည့်အဖေက မင်းမင်း အကြောင်းတွေ မေးဖူးတယ်တဲ့....ပီးတော့ ဇာခြည် ဝန်ခံတာလဲမမှားပါဘူး...မင်းမင်း ရင်ထဲမှာလဲ...အဲ့တုန်းတည်းက ဇာခြည် ရှိနေတာကို....”

“ ဒီတစ်ခါကျတော့....မောင်မင်းမင်း တော်သွားပြန်ပြီ...အဲ့ဒါ ဇာခြည့် ကို ဘယ်သူက အဖေနဲ့ အဲ့လို အပေးအယူ လုပ်ဖို့ အကြံပေးတယ်ထင်လဲ.....”

“ ဘယ်သူလဲ... အန်တီစိန်လား.....”

“ ဘယ်ကလာ...မင်းမင်းရေ...နန်းနန်း....အဲ...ဇာခြည့် အမေက အကြံပေးတာ....”

“ ဝိုး....မင်းမင်း ယောက္ခမကြီးက အဲ့တည်းက မင်းမင်း ကို သဘောတူနေတာပေါ့လေ...ဟုတ်လား....”

“ ဘာ..ယောက္ခမကြီးလဲ...သူများအမေကိုများ...ဟုတ်တယ် မင်းမင်း ရဲ့ နန်းနန်းက မင်းမင်း ကို ဦးမောင်ကို သားလို့ သိတော့ သူ့အနေနဲ့ လက်ခံနိုင်တယ်တဲ့...အဖေ့ကိုသာ ရအောင်ပြောဆိုပြီး...ဒီအကြံပေးတာပဲ...နန်းနန်းလဲ အဖေ့ကို ဝိုင်းပြောပေးတယ်....သူတို့ နှစ်ယောက်ထဲလဲ ခဏခဏတိုင်ပင်ကြတယ်....နောက်ဆုံးမှ အဖေလက်ခံလိုက်တာ....”

“ နေပါဦး....ဇာခြည် က ဇာခြည့် အမေကို ဘာလို့ နန်းနန်းဆိုပြီး လိုက်ခေါ်ရတာလဲ....”

“ အင်း...အဲ့ဒါက...ဇာခြည် ငယ်ငယ်တည်းက အဖေနဲ့တူတာ...ရုပ်ကတော့ အမေ့နဲ့တူပေမယ့်လေ....အဖေက အမေ့ကို အဲ့လို နန်းနန်းလို့ ခေါ်တာကို လိုက်ခေါ်ရင်း နှုတ်ကျိုးသွားတာ....ဘယ်လိုမှ ပြန်ပြင်ပေးလို့ မရဘူးတဲ့...ငယ်ငယ်ထဲက ပဲ....”

“ ဆက်ပြောဦးလေ...ဇာခြည့်အဖေနဲ့ ဘယ်လို သဘောတူညီမှုတွေယူခဲ့လဲဆိုတာ.....”

“ မင်းမင်း.....”

“ ဟင်......”

“ ငွေကြာရံ အိမ်ရောက်တော့မယ်....မင်းမင်း ဒီအိမ်မှာ ဒီည လိုက်အိပ်ပါလား....”

“ ဟင်...ဇာခြည် တစ်ကယ်ပြောနေတာလား...”

“ အင်းပေါ့....ဘာလဲ..ဒါကို ဇာခြည်က မင်းမင်းကို နောက်ပြောစရာလား....” ဇာခြည် ရှက်နေပါသည်။ နှုတ်ခမ်းလေးစူပြီးပါပြောနေတာပါ။

“ အန်တီစိန်ရှိတယ်ဆို....ဘယ်လို....”

“ ခိုးဝင်မှာပေါ့...မင်းမင်း ရဲ့..ခြံထဲဝင်ရင်...ကားနောက်ခုံမှာ မင်းမင်း ငုံ့ပြီးပုန်းနေ...ကားကို ရှေ့မှာ မရပ်ဘူး..Garage ထဲတန်းထည့် လိုက်မယ်....အဲ့ဒီကနေ အိမ်ထဲ ဝင်လို့ရတယ်...အန်တီစိန်ကြီး အပေါ်တက်သွားမှ မင်းမင်း ဝင်လာလေ....ဇာခြည်..လာခေါ်လိုက်မယ်...”

မင်းမင်း ရင်တောင်ခုန်သွားတယ်။ ချစ်သူလေးဆီမှာ ညအိပ်ရမှာ။ ဒါပေမယ့်...မင်းမင်း ဇာခြည့်ကို စချင်သေးတယ်။

“ အင်...မင်းမင်း က ဘယ်မှာ အိပ်ရမှာလဲ...”

“ ဘယ်မှာ ဖြစ်မလဲ...ဇာခြည့် အခန်းမှာ အိပ်ပေါ့...”

“ ကုတင်က နှစ်လုံးရှိလို့လား...ဇာခြည့် အခန်းမှာ....”

“ ဘယ်ရှိမှာလဲ......တစ်လုံးပဲရှိတာလေ....”

“ ဒါဆို...မင်းမင်း က....”

“ အဲ့ဒီမှာပဲ အိပ်ပေါ့.....”

“ ဘယ်လို အိပ်ရမှာလဲ......”

ဇာခြည် မင်းမင်း ကို စောင်းကြည့်လာတယ်။ မင်းမင်း က အူကြောင်ကြောင် ပုံလေးဖမ်းပြီး တစ်ကယ် အတည် မေးသလို ရုပ်ကိုလုပ်ထားလိုက်တယ်။

“ ဟိုဘက်တစ်ယောက်....ဒီဘက်တစ်ယောက် အိပ်ပေါ့ကွာ....”

“ အဲ့လို...ဟိုဘက်တစ်ယောက် ဒီဘက်တစ်ယောက် မအိပ်ချင်ပါဘူး...မင်းမင်း က တစ်ယောက်နဲ့ တစ်ယောက်...........”

“ ကြည့်...မင်းမင်း ပြောရင်းနဲ့ မယုတ်ပတ်နဲ့ကွာ....ဇာခြည် ကတစ်ကယ်ပြောနေတာကို....”

“ အင်...မင်းမင်း ကလဲ တစ်ကယ်ပြောတာ...တစ်ယောက်နဲ့တစ်ယောက်......”

“ မပြောပါနဲ့ဆိုကွာ...ပြောမရရင် ဗိုက်ခေါက်လိမ်ဆွဲမှာနော်....”

“ သြော်....တစ်ယောက်နဲ့တစ်ယောက် တစ်နေရာစီ အိပ်ကြမလားပြောချင်တာပါ....ဇာခြည်ရဲ့....ဇာခြည် ကဘယ်လိုထင်လို့လဲ.....”

“ သွား...သူ...အဲ့လိုပြောဖို့မဟုတ်ဘဲနဲ့ မသိရင်ခက်မယ်...ဟွန်း....”

ဇာခြည် ကားကို သူတို့အိမ်မရောက်ခင်လမ်းထိပ်မှာခဏရပ်လိုက်ပါသည်။ မင်းမင်း နောက်ပြောင်းထိုင်ဖို့။ မင်းမင်း ချက်ချင်း မပြောင်းသေးဘဲ..ဇာခြည် ဘက်လှည့်ပီး ကြည့်လိုက်တယ်။ ဇာခြည် မင်းမင်း ကို ပြန်လှည့်ကြည့်တယ်။ ပြင်ပက လမ်းမီးရောင် မလင်းတလင်းကြားမှာ ဇာခြည့် ကို စူးစူးရှရှ ကြည့်နေမိတယ်။

“ မင်းမင်း က အဲ့ဒီလိုပဲ ဖြစ်ချင်ပါတယ်ဆိုရင်ရော....ဇာခြည် ကခွင့်ပြုမှာလား...ဟင်....” ဇာခြည် မျက်ဝန်းလေးတွေအရောင်တွေလဲ့သွားသလိုပဲ။

“ မင်းမင်းရယ်...မင်းမင်း မသိဘူးလာဟင်...ဇာခြည့် ဘဝမှာ...မင်းမင်းအတွက် မလိုက်လျောပေးနိုင်တာမရှိဘူးဆိုတာ.....”

ဒီစကားမျိုးမင်းမင်း တစ်ယောက်သောသူဆီက ကြားခဲ့ဖူးတယ်။ အဲ့ဒီတုန်းကတော့ မင်းမင်း စိတ်တွေ ရှုပ်ထွေးသလို ခံစားခဲ့ရပီး...အခုတော့ ရင်တွေခုန်သွားရတယ်။ ကျေနပ် ကြည်နူးလိုက်တာ...ချစ်သူလေးရဲ့ စကားလေးတစ်ခွန်းက။ မင်းမင်း နဲ့ ဇာခြည် ရင်ခုန်ခြင်းတွေကိုယ်စီနဲ့ တစ်ယောက်နဲ့တစ်ယောက် ကြည့်နေမိကြတယ်။

ဒါ...သူတို့နှစ်ဦး...ခွဲခွာကာနီးတိုင်း အနမ်းရှည်တွေ မဖူးပွင့်ကြခင် တစ်ဦးနဲ့တစ်ဦး ကြည့်ကြတဲ့ အကြည့်မျိုးတွေလေ။ အခုတော့...စိတ်လှုပ်ရှားတက်ကြွ နေမှုတွေပါ ပါ တယ်လို့ ခံစားနေကြရတယ်။

“ ဇာခြည်ရယ်....အရမ်းချစ်လိုက်ရတာ....”

မင်းမင်း ဇာခြည့်  မေးလေးကို အသာကိုင်လိုက်မိတယ်။ ဇာခြည့် နှုတ်ခမ်းလေးတွေ မသိမသာတုန်နေသလိုပဲ။ မင်းမင်း ခေါင်းလေးစောင်းပီး ဇာခြည် ကိုနမ်းလိုက်တယ်။ ဇာခြည့် မျက်လုံးလေးတွေ မှေးဆင်းသွားပြီး...မင်းမင်း အနမ်းတွေကို ပြန်တုန့်ပြန်တယ်။ ညက တိတ်ဆိတ် ညိမ်သက်နေပေမယ့် မင်းမင်း တို့ ရင်ခုန်သံတွေက အပြင်းစား ဂီတတစ်ခုကို ဖန်တီးနေကြသလိုပဲ။

သူတို့....ရှည်လျားတဲ့ ညလေးကို အတူဖြတ်သန်းလိုက်ကြဖို့ အဆင်သင့် ဖြစ်နေကြပြီထင်ပါရဲ့။

..............................................

(၁၃)

“ မင်းမင်း..လာ...အပေါ်တက်ရအောင်.....”

“ ဇာခြည်... ဘာလုပ်ဖို့ ရုံးကိုလာတာလဲ....ဒီနေ့ ရုံးပိတ်တာကို......”

“ ကဲ...ခေါ်နေတာကို...လာသာလာစမ်းပါ မောင်မင်းမင်းရယ်...စကားရှည်မနေပါနဲ့....”

ဇာခြည် တနဂ်နွေ ပိတ်ရက်ကြီးကို မနက်ဆယ်နာရီလောက်မှာ မပြောမဆိုနဲ့ မင်းမင်းတို့ အိမ်ရောက်လာပြီး...မင်းမင်း ကို ခေါ်ကာ ရုံးချုပ်ကို ခေါ်လာပါသည်။ အိမ်မှာတောင်....အိမ်ပေါ်မတက်နိုင်....ကားထဲကနေပဲ စောင့်နေပီး မင်းမင်း အမေနဲ့ အစ်မကို ကားထဲကနေလှမ်းနှုတ်ဆက်နေတာ။

“ ကြီးကြီး နဲ့ မမမွန် ဇာခြည် ကိစ္စလေးတစ်ခုရှိနေလို့...မဆင်းတော့ဘူး...နောက်မှ လာခဲ့မယ်နော်....”

အမေကတောင် “ရတယ်...သမီး” လို့ ပြန်ပြောနေတုန်းမှာပဲ ကားကိုမောင်းထွက်လာခဲ့တာပါ။ ပုံစံက တစ်ကယ့် အရေးကြီးကိစ္စ တစ်ခုရှိနေသလိုမျိုး။ ကားမောင်းနေရင်းနဲ့လဲ မင်းမင်း ကို ဘာမှ မပြော။ တစ်ခုခုကို လေးလေးနက်နက် စဥ်းစား နေသလိုမျိုး။

“ ဘယ်သွားဖို့လဲ...ဇာခြည်...” လို့ မင်းမင်းမေးတာကို....

“ ရောက်ရင်သိလိမ့်မယ်...” လို့ ပြန်ဖြေတယ်။ မင်းမင်း လဲဘာမှ ဆက်မမေးဘဲ လိုက်လာတာ...နောက်တော့...ရုံးချုပ်ကို ရောက်လာရတာပဲ။

ပိတ်ရက်မှာ အေးအေးဆေးဆေး နေနေတဲ့ လုံခြုံရေး ဦးလေးကြီးတောင် ဇာခြည့် ကားမြင်တာနဲ့  အပြေးအလွှားရောက်လာပီး ပါကင်နေရာပြပေးနေတာကို မှန်ချပြီး...

“ ဦးရေ...ခေါင်မိုးသော့လေး ထုပ်ပီး သွားဖွင့်ပေးထားပါလား.. ကျေးဇူးနော်....” လို့ ပါခိုင်းလိုက်တာပါ။

မင်းမင်း ဇာခြည် ဘာတွေလုပ်နေတာလဲ စဥ်းစားမရ။ အင်းပေါ့လေ....ခေါ်ရာလိုက်ရတော့မှာပေါ့။ ကိုယ့်ချစ်သူပဲကို....ဘဝပဲပျက်ပျက် ဘာပဲပျက်ပျက် သူခေါ်ရာလိုက်ရမယ့် မင်းမင်း ဘဝ။ အင်း...ဒါကို ပါးစပ်က ထုပ်ပြောရင် မဇာခြည် မောင်မင်းမင်း ဆိုပြီး ဗိုက်ခေါက် လာလိမ်ဆွဲနေဦးမယ်။ တိတ်တိတ်လေး နေမှ။

“ မင်းမင်းလာ ဟောဟိုက စားပွဲခုံလေးကို...ဟိုအစပ်ကို ရွှေ့ရအောင်...”

အင်း...သူပြောတော့လဲလုပ်ရတော့မှာပေါ့။ Roof Top ကိုရောက်လာတော့ ဇာခြည် ဟိုရှာ ဒီရှာ လုပ်ပြီး စားပွဲခုံတစ်လုံးကို...တွေ့တော့...ခေါင်မိုးအစပ်မှာ ကာထားတဲ့ လက်ရန်းဘောင်နားကို ရွှေ့ခိုင်းပြန်ပါသည်။

“ သိပ်မကပ်နဲ့ မင်းမင်း... တစ်ပေလောက်ခွာထား...”

မင်းမင်း တို့ ရုံးချုပ် အဆောက်အဦက ရှစ်ထပ်တိုက်ပါ။ မင်းမင်း ခုံကို ဇာခြည်ပြောသလိုရွှေ့ပေးပီး...ကာထားတဲ့ဘောင်နဲ့ ခုံကြားကနေ ဘောင်ပေါ်လက်ထောက်ပြီး အောက်ကို ငုံ့ကြည့်မိတယ်။ ရှစ်ထပ်က သိပ်မမြင့်ပေမယ့်...မင်းမင်းက အမြင့်ကြောက်တတ်တော့ ခေါင်းတောင် နဲနဲ မူးသွားသလိုပဲ။

“ မင်းမင်း ဒီမှာ ခဏနေဦး ဇာခြည် ဖုန်းဆက်လိုက်ဦးမယ်....”

“ အင်း..အင်း....”

မဇာခြည် ဘာတွေ ကြံစည်နေသလဲမသိ။ ဖုန်းဆက်မယ်ပြောပြီး ခေါင်မိုးဟိုဘက်ခြမ်းကို ထွက်သွားတယ်။ ဖုန်းပြောနေတာ မင်းမင်း လှမ်းတွေ့နေရပေမယ့်...အသံတော့မကြားရဘူး။ ဘယ်ကိုဆက်နေတာလဲမသိ။ ခဏနေတော့ မင်းမင်း ဆီပြန်လျှောက်လာတယ်။

“ မင်းမင်း....”

“ ဟင်..ဘာလဲ ဇာခြည်...ဘာလုပ်ပေးရဦးမလဲ....”

“ ဘာမှမလုပ်ပေးနဲ့တော့...ဇာခြည် တစ်ခုမေးမလို့..မင်းမင်းကို... “

“ မေးလေ...ဇာခြည် ဘာမေးမလို့လဲ..”

“ မင်းမင်း ဇာခြည့် ကိုချစ်လား....” ဘာများမေးမှာလဲလို့...မဇာခြည် အထူးအဆန်းတွေလုပ်နေပြန်ပါပြီ။

“ ချစ်တာပေါ့...ဇာခြည် ရဲ့...မင်းမင်း က.....”

“ ရပြီ..တော်ပီ.....ထပ်မေးမယ်နော်.....”

“ အင်း..မေး.....”

“ မင်းမင်း ဇာခြည့် ကို တစ်ကယ်ချစ်တယ်ဆိုရင်...ဇာခြည် နဲ့အတူတူ...ဒီခေါင်မိုးပေါ်ကနေ....အောက်ကို.... ခုန်ချရဲလား....”

ဟဲ့..သောက်ပလုတ်တုပ်...ဇာခြည်ဘာတွေလာမေးနေတာလဲ...။ အမလေး....မင်းမင်း ကျောချမ်းသွားရတယ်။ စားပွဲခုံလေးကို မှေးထိုင်နေရာကနေ မင်းမင်း ဆတ်ကနဲတောင် ဖြစ်ပီး ဇာခြည် နဲ့ မျက်နှာချင်းစိုင် ရပ်လိုက်မိတယ်။ တိုက်ခေါင်မိုးဘောင်ကိုကျောပေးရပ်နေရာကနေ ကျောချမ်းသွားရလို့ မျက်နှာမူလိုက်သလိုလဲ ဖြစ်သွားအောင်လို့လေ။

“ ဇာခြည်...အဲ့လို.. ပေါက်ကရတွေ မပြောကောင်းဘူးလေကွာ...နောက်နေတာလား....”

“ ပြောပါ...ဇာခြည် မေးတာသာဖြေစမ်းပါ...ဒါ...ဇာခြည် နောက်နေတာမဟုတ်ဘူး...တစ်ကယ်ပြောနေတာ...တွေ့လား...ဒီခုံပေါ်ကို မင်းမင်း နဲ့ ဇာခြည် တက်ရပ်လိုက်လို့ရှိရင်...ကာထားတဲ့ ဘောင်နဲ့ သိပ်မကွာတော့ဘူး...လှမ်းခုန်လိုက်ရင် အောက်ကို အကျပဲ...တွေ့တယ်မဟုတ်လား...ဇာခြည် လုပ်ထားတာ....”

အမငီး...သူပြောတာတွေ မျက်စိထဲ မြင်ယောင်ပီး မင်းမင်း သေးတောင်ထွက်ကျချင်သွားတယ်။ မျက်နှာကပြောနေတာတော့...စပ်ဖြီးဖြီးကြီးနဲ့..ပြောတဲ့ စကားတွေက ကြောက်စရာကြီးတွေ။ ပုံစံက...သဘောတော့ ကောင်းတယ်...ဓားထိုးတော့နဲနဲ ကြမ်းတယ် ဆိုတဲ့ပုံမျိုးပေါက်နေတယ်။

“ ဇာခြည် ကလဲကွာ.. ဘာတွေပြောနေတာလဲ...လာလာ..ပြန်ကြရအောင်...နော်...လာ..”

“ မောင်မင်းမင်း...”

“ ဗျာ...”

“ ဘယ်ကိုပြန်မှာလဲ....ဇာခြည်ကပြန်ခိုင်းလို့လား...”

“ ဇာခြည် လေးကလဲကွာ....ဒီမှာ ဘာလုပ်မှာလဲ...ပြန်မယ်လေကွာ...မင်းမင်း တို့အိမ်ပြန်မလား..ဇာခြည့်.. .ငွေကြာရံအိမ်ပြန်မလား...ဒဂုံအိမ်ပြန်မလား..ပြော...မင်းမင်း....အင်း...အင်း..အု....”

မင်းမင်း စကားမဆုံးသေးဘူး။ ဇာခြည် မင်းမင်းကို အတင်းဆွဲနမ်းပစ်လိုက်တာပါ။ ကောင်းတယ်...အဲ့လို အနမ်းရှည်ကြီးပေးပီး...ဇာခြည် ကို ပြန်ခေါ်သွားရမယ်။

ဇာခြည် က အမြဲပြောတယ်...မင်းမင်း နဲ့ အကြာကြီးနမ်းနေရရင်...သူမ ခဏတာ အသိစိတ်တွေမဲ့သွားသလိုမျိုး ခံစားရတယ်တဲ့။ တစ်ကယ်..အကြာကြီးမေ့သွားရင်လဲကောင်းသား...မေ့သွားမှ ထမ်းခေါ်ခဲ့လို့ရမှာ။ ဒီနေ့...သူမ....ဘာတွေ စိတ်ရူးပေါက်နေမှန်းမသိဘူး။ ဇာခြည် တစ်ကယ်လဲ မျက်လုံးလေးတွေ မှေးစင်းပီးနမ်းနေရာက မျက်လုံးတွေပါ ပိတ်သွားပါပီ။

မင်းမင်း နမ်းတာရပ်ပြီး...ဇာခြည့် ခါးလေးကို ဖက်လိုက်တယ်။ ဇာခြည်မျက်လုံးလေးတွေ ပွင့်လာတယ်။

“ အဲ့လို နမ်းရင်းနဲ့...ခုန်ချလိုက်ရင်...ဘာမှတောင်သိတော့မှာ မဟုတ်ဘူးနော်...မင်းမင်း....”

“ ဟာကွာ...အဲ့ဒါတွေမပြောပါနဲ့တော့ဆို...မင်းမင်း တစ်ကယ်ကြောက်လာပီနော်...ပြန်မယ်...”

မင်းမင်း ဇာခြည့် လက်ကိုဆွဲနေတုန်း လှေကားကနေ တက်လာတဲ့ ခြေသံတွေရော လူသံတွေပါကြားလိုက်ရတယ်။

ဇာခြည် မင်းမင်းလက်ကို အတင်းပြန်ဆွဲထားတယ်။ ပီးတော့ မင်းမင်းကို တိုးတိုးကပ်ပြောတယ်။

“ လာ..မင်းမင်း...တို့နှစ်ယောက်ဒီခုံပေါ်တက်ရအောင်...မင်းမင်း မကြောက်နဲ့နော်...ဇာခြည် တစ်ကယ်လဲ ခုန်မချခိုင်းပါဘူး...ဇာခြည် ပြောတာနားထောင်...မေးတာပဲပြန်ဖြေ...ဘာမှဝင်မပြောနဲ့...ကြားလား..မင်းမင်း...သေချာလုပ်နော်....မကြောက်နဲ့...မကြောက်နဲ့... ကဲ.. တက်ကြမယ်...တက်....”

ဘာတွေမှန်းလဲ မသိဘူး။ ဇာခြည် ပြောလဲပြော မင်းမင်းကို ခုံပေါ်တက်ခိုင်းပီး သူမပါ တက်လာပါသည်။ ခုံက နှစ်ယောက်တက်တော့ နဲနဲ ယိုင်တိုင်ဖြစ်နေတယ်။ မင်းမင်း နဲ့ ခေါင်မိုးကိုကာထားတဲ့ ဘောင်နဲ့က နဲနဲ လှမ်းနေပေမယ့်.... အစပ်ကိုရောက်နေသလိုပဲ။ အောက်ကို လှမ်းမကြည့်ရဲတာတောင် မင်းမင်း ဒူးနဲနဲတုန်ချင်နေပီ...ကိုယ့်ဟာကိုယ်...သိတယ်။

ဇာခြည် က မင်းမင်း လက်မောင်းကို သူမလက်နဲ့ ကိုင်ထားပီး မင်းမင်း ရှေ့မှာရပ်နေတယ်။ ဇာခြည် ရေ...ဘာတွေလုပ်နေတာလဲကွာ။ မင်းမင်း ပြန်ဆင်းချင်နေပီ။ အဲ့ဒီအချိန်မှာ ခေါင်မိုးပေါ်ကို တက်လာတာက...ဇာခြည့် အဖေ...နောက်က ဇာခြည့် အမေရယ်..အန်တီစိန်ရယ်...ဟိုးနောက်မှာ ဦးလေးအောင်ကြီး ပါ ပါတယ်။

“ ဟေ့...သမီး...သမီး...ရပ်စမ်း...ဘာတွေလုပ်နေတာလဲ...အဲ့ဒီမှာ...အခုဆင်းလာကြစမ်း...အခုဆင်း......”

“ သမီးရေ...အဲ့လိုမလုပ်ပါနဲ့... သမီးရေ...တီစိန်တို့ဆီ ပြန်လာခဲ့ပါ..သမီးရေ....”

ဇာခြည့် အဖေနဲ့ အန်တီစိန် လှမ်းအော်ပြောတာ။ သူမ အမေကတော့ ဘာမှမပြောဘူး။ ဦးလေးအောင်ကြီး ကတော့ မင်းမင်းတို့ကို လှမ်းကြည့်ပီး ဘာပြောရမှန်းမသိ ခြေမကိုင်မိ...လက်မကိုင်မိ ပုံနဲ့ဖြစ်နေတာ။

“ အဖေတို့....ရှေ့ဆက်တိုးမလာနဲ့နော်....အဲ့ဒီမှာပဲရပ်နေ....ဆက်တိုးလာရင် သမီးတို့ခုန်ချလိုက်မှာ...”

အမလေးဗျာ....စောစောကတော့ တစ်ကယ်မခုန်ချဘူးပြောနေပေမယ့်...ခုကျ ခုန်ချမယ်လုပ်နေပြန်ပီ။

“ သမီးရယ်...ဘာလို့...အဲ့လိုလုပ်နေရတာလဲ.....ဘာကိစ္စနဲ့....သမီးတို့ခုန်ချရမှာလဲ....”

“ အဖေ...ရှေ့တိုးမလာနဲ့နော်....သမီးတို့တစ်ကယ်...ခုန်ချလိုက်မှာ...”

လုပ်ပြန်ပီ...ဇာခြည် ဒါပဲပြောနေတယ်။ မင်းမင်း ဒူးတွေပိုတုန်လာတယ်။ ဇာခြည့် အဖေက ရပ်လိုက်တယ်။ ရပ်နေရာကနေပဲ လှမ်းပြောတော့တယ်။

“ သမီးရယ်...သမီးခုန်ချရဲလဲ...ဟိုကောင်က ခုန်မချရဲပါဘူး...ဒူးတောင်တုန်နေပီ...ကြည့်ပါလား....ဟေ့ကောင်....”

“ ခင်ဗျာ.....”

“ ပြောလိုက်လေ...ငါ့သမီးကို....မင်း ခုန်မချရဲဘူးဆိုတာ....”

“ ဗျာ......”

မင်းမင်း ဇာခြည့်အဖေကို ဗျာကလွဲလို့ ဘာမှပြန်မပြောနိုင်ဘူး။ ဒီလူကြီး....လူကဲခတ်တော်လိုက်တာ...မင်းမင်း ကြောက်နေတာ ချက်ချင်း ရိပ်မိတယ်။

“ ဟုတ်တယ်...အဖေ...သူခုန်မချရဲဘူး...ဒါပေမယ့် ဒီမှာတွေ့လား...သမီး သူ့လက်မောင်းကိုကိုင်ထားတာ...သူကို အရင်တွန်းချဖို့ပဲ...ပီးမှ သမီးပါ လိုက်ခုန်ချလိုက်မှာ...သမီးစီစဥ်ထားပီးသား...”

အမလေးဗျာ...မင်းမင်း တုန်ပါသွားတယ်။ ဒါမှန်းသိရင်..ဇာခြည်သူ့လက်မောင်းကိုင်တုန်းက အကိုင်မခံလိုက်ပါဘူး။ ကြိုတင် စီစဥ်ထားတယ် ဆိုတာကပါသေးတယ်။ တစ်ကယ်လဲ စီစဥ်ထားတာနေမှာ။ ဇာခြည် ကအဲ့လို အကွက်ချစီစဥ်တတ်တဲ့ ဉာဥ်ရှိတယ်။

“ ဘာလို့ အဲ့လိုလုပ်ရမှာလဲ...သမီးရယ်...အဓိပ္ပါယ်မရှိတာ.....”

“ အဖေ...ကတိမတည်ဘူး...သမီးကိုပေးထားတဲ့ ကတိကို အဖေမတည်ဘူး...သမီးက ကတိတည်တယ်...သမီးအဖေ ပြောခဲ့တာတွေအကုန်လိုက်နာတယ်...ကတိတည်တယ်...”

“ အဖေ..သမီးကောင်းဖို့တွေကြီးပဲ လုပ်ပေးခဲတာပါ...ဘာတွေများ အဖေ လုပ်မိလို့လဲ....”

“ သမီး...အဖေ့စိတ်တိုင်းကျ ကျောင်းသွားတက်ပေးတယ်....ဒီသုံးနှစ်အတွင်း..သူနဲ့ လုံးဝအဆက်အသွယ်မလုပ်ရဘူးဆိုလို့...သမီးမလုပ်ခဲ့ဘူး..ပိတ်ရက်တောင်ပြန်မလာရဘူးဆိုလို့လဲ...သမီးမပြန်ခဲ့ဘူး...သမီးလိုက်နာတယ်...အဖေက...အဖေကတော့...”

“ သမီးရယ်....သမီးသူ့ကို အလုပ်ခန့်ပေးပါဆိုလို့...အဖေအလုပ်ခန့်ခိုင်းခဲ့တယ်လေ..သမီးပြောတဲ့အတိုင်းအဖေလိုက်လုပ်တာပဲလေ....”

“ အဖေရယ်...အဖေ သူ့ကို အလုပ်ခန့်ခဲ့တာက သမီးပြောလို့ပဲမဟုတ်ပါဘူး...အဖေကိုယ်တိုင်သူ့ကို စမ်းသပ်ချင်လို့...စောင့်ကြည့်ချင်လို့ပါ...”

သားအဖနှစ်ယောက် အပြန်အလှန် ငြင်းနေကြပါသည်။ မင်းမင်း ကြောက်စိတ်နဲနဲ ပြေသွားပီ။ သူတို့ ငြင်းနေတာတွေကနေ မင်းမင်း မသိသေးတာတွေ သိလာရလို့...မင်းမင်း စိတ်ဝင်တစားဆက်နားထောင်နေလိုက်တယ်။

“ အဖေ ပြောခဲ့တယ်လေ...သုံးနှစ်အတွင်းမှာ...သူ...ဘာအရည်အချင်းမှ မပြနိုင်ရင်၊ သမီးကို လွယ်လွယ်မေ့သွားပြီး တစ်ယောက်ယောက်နဲ့ ဖြစ်သွားရင်...သမီးအလိုလို နောက်ဆုတ်ပေးရမယ်ဆိုပြီး...အဖေသူ့ကို အမျိုးမျိုးစမ်းသပ်ခဲ့တာလေ....မမယမုံကိုတောင်...သူ့အနားအဖေပို့ပေးခဲ့တယ်လေ...သူရောဘာမှားလို့လဲ...သူ အဖေကျေနပ်လောက်အောင် သူ ကျော်ဖြတ်နိုင်ခဲ့တယ်လေ...အဖေ့ အကြံအစည်တွေ ဘာမှမသိတာတောင်..သူလုပ်ပြနိုင်ခဲ့တယ်လေ..”

ဟောဗျာ...။ မင်းမင်း ကခုမှ တိုက်ခေါင်မိုးစွန်းမှာ ရောက်နေရတာမှ မဟုတ်ဘဲ။ မယမုံ ဆိုတဲ့ ချောက်နှုတ်ခမ်းပေါ်ကနေ ကျဖို့...လက်နှစ်လုံးလောက်ပဲလိုခဲ့တာပဲ။ အောင်မလေး...ကျများကျသွားခဲ့ရင်...မတွေးဝန့်စရာပါလား။

မယမုံနဲ့များ...ညိစွန်းခဲ့မယ်ဆိုရင်...ခုလောက်ရှိ...ဒီခေါင်မိုးပေါ်ကနေ ဇာခြည် တစ်ကယ်တွန်းချနေပီးလောက်ပီ။

“ သမီးရယ်....ယမုံ ကို အဖေသူ့နားပို့ခဲ့တာက သူ့ကိုစမ်းချင်ရုံသက်သက်မဟုတ်ပါဘူး...ယမုံကတော်လို့...သူပညာတွေ အများကြီး လေ့လာနိုင်အောင်အဖေပို့ပေးခဲ့တာပါ....ဟုတ်ပါတယ်...သမီးပြောတာ...ယမုံက ကအလုပ်ထွက်မယ်လို့...အဖေ့ကို လာပြောတုန်းက သူဝန်ခံသွားပါတယ်...ဒီကောင်က အရမ်းဖြူစင်ပါတယ်တဲ့...အခွင့်အရေးလုံးဝမယူတတ်ဘူး...တော်လဲတော်တယ်..စိတ်ကောင်းလဲရှိတယ်တဲ့...ဒီကောင်...အဖေစမ်းသပ်တာ အောင်မြင်ပါတယ်...”

ယောက္ခမကြီးရယ်...မင်းမင်း ကို အဲ့လောက်မမြှောက်ပါနဲ့ဗျာ။ မင်းမင်းမ မနေတတ်တော့ဘူး..အဟီး။

“ ဒါပေမယ့်...အဲ့ဒါတွေကို အဖေ သမီးကို မပြောပြဘူး...ခုမှပြောတယ်...သမီး နန်းနန်းရယ် တီစိန် ရယ်ပြောပြလို့သိရတာ...မတော်လို့ သူ မမယမုံနောက်ပါသွားရင်...သမီး...ကိုယ့်ဖာသာကိုယ်သတ်သေပစ်လိုက်မှာ...အဖေသိရဲ့လား...အဖေလုပ်လိုက်တာကို...”

“ သမီးရယ်...သမီးထက်နောက်တစ်ယောက်ကို ပိုမက်မောနေရင်...ဒီလိုကောင်မျိုး ဘာမက်စရာရှိလို့သမီးဒီလိုတွေးရတာလဲ...အဖေသမီးနဲ့ ထိုက်တန်တဲ့သူတွေ အများကြီးရှာပေးလို့ရတယ်...”

“ အဖေ မသိပါဘူး...သမီးရောသူရောက ဘယ်တော့မှနောက်တစ်ယောက်ဆိုတာ ရှိလာမှာမဟုတ်ဘူး...အဖေသူ့ကို ဘာတွေနဲ့ဘယ်လိုစမ်းခဲ့..စမ်းခဲ့...အဖေတို့အပေါ် သူဘယ်လောက်သိတတ်လဲ သူဘယ်လောက် သမီးတို မိသားစုကို အဆင်ပြေစေချင်လဲ... အဖေ...မသိပါဘူး...အဖေသူ့စိတ်ရင်းအမှန်ကို..နဲနဲလေးတောင်မသိပါဘူး...”

“ သမီးရယ်...သမီးအဖေ...သိပါတယ်...သမီးတို့ အပြန်အလှန်ရေးတဲ့ စာတွေ...တီစိန်..ဟိုမှာဖတ်ကြည့်ပီး...သမီးအတွက်ရော...သူ့အတွက်ရော...တီစိန် စိတ်မကောင်းဖြစ်ရလွန်းလို့...တီစိန်ကိုယ်တိုင်...အစ်ကိုစိုးဆီကို မိတ္တူပို့ပေးခဲ့ပါတယ်...ကလေးတွေရဲ့ စိတ်ရင်းလေးတွေ ခံစားချက်လေးတွေ..အစ်ကိုစိုးသိရအောင်လို့ပါ....”

“ နင်..ဝင်လျှာမရှည်ပါနဲ့...ငါ့သမီးကို ငါ့ဟာငါ ပြောမယ်....” ဇာခြည့် အဒေါ် အန်တီစိန် ဝင်ပြောလို့ ဇာခြည့် အဖေ ဟောက်နေတာပါ။

“ ပီးတော့...အဖေသိလား...သူက မမယမုံ အပေါ်သာ...အခွင်အရေး မယူတာမဟုတ်ဘူး...သမီးအပေါ်လဲမယူဘူး....သမီးက အဖေ့ကို အကျပ်ကိုင်ချင်လို့...သူ့ကို အခွင့်အရေးပေးလိုက်တယ်...သူသမီးကို လက်ဖျားနဲ့တောင် မထိခဲ့ဘူး...အဖေတို့ လူကြီးတွေ တရားဝင် သဘောမတူသရွေ့..သမီးတို့စောင့်ထိန်းကြမယ်လို့သူပြောတယ်...အဖေသိရဲ့လား...သမီးအခန်းထဲမှာ တီစိန်မိသွားပီး...အဖေတို့ပါသိသွားအောင် သမီးစီစဥ်ထားတာ...သူစောင့်ထိန်းခဲ့တယ်...”

အမလေး...မဇာခြည် ရဲ့... မင်းမင်း ကိုချောက်တွေထဲပဲ တွန်းချခဲ့တာပါလား။ အမျိုးမျိုးလဲ ကြံစည်နိုင်တဲ့ဇာခြည်။ သူမ အဖေမိသွားလို့ မပေးစားဘဲ...မင်းမင်း ကိုတစ်ခါတည်း သတ်ပစ်လိုက်မှာကျ မစဥ်းစားမိဘူး။ ဟူး.....ကံကြီးပေလို့...မင်းမင်း ရေ။ ပီးတော့...သူမကိုလက်ဖျားနဲ့တောင်မထိခဲ့ဘူးဆိုတာတော့..ဇာခြည် ပိုပြောတာပါ။ အဲ့ဒီညက...မင်းမင်း ဇာခြည့် ကို သူမအခန်းထဲက မွေ့ရာပေါ်မှာ...နမ်းနေခဲ့တာ။ မင်းမင်းကိုယ်ပေါ်က အက်ျီကိုချွတ်ထားပြီးပီ။

ဇာခြည့် အက်ျီတင်မက ဘရာလေးပါချွတ်ခဲ့ပြီးပီ...လှလိုက်တာ။ ဇာခြည့် အတွင်းသားတွေနဲ့...သူမ ရွှေရင်နှစ်စုံက ..မင်းမင်း အိပ်မက်ထဲမှာထက်တောင်...ဝင်းဖန့်စိမ်းမြနေပီး...တစ်ကယ့်ကို ဆော့ကစား ချော့မြူချင်စရာကောင်း လောက်အောင် ဝင့်ထည်လွန်းနေတာ။ မင်းမင်း ရဲ့သွေးတွေဆူပွက် နေရပြီး မင်းမင်းမှာ ရယ်ဒီအနေအထား ဖြစ်နေပီ။

မင်းမင်း နမ်းရှိုက်ဖို့ အလုပ်မှာ စိတ်ထဲ တွေးမိတာက....။ ဇာခြည် ဟာ မင်းမင်း အတွက်တစ်ကယ့်ကို မြတ်နိုးတန်ဖိုးထားဖွယ် ရတနာလေးတစ်ပါးပါပဲ။ ဒီ ရတနာလေးက မင်းမင်းကို ကြည်ဖြူလို့ သူ့ကို အပိုင် ဆွတ်ယူခိုင်းနေပီ။ ဒါပေမယ့်...မင်းမင်း ကတန်ဖိုးထားရမယ်။

တစ်ကယ် တရားဝင် မပိုင်ဆိုင်ရသေးပဲ...မင်းမင်း ယူငင် သုံးဆောင်ပစ်လိုက်ရမှာမျိုးမင်းမင်း မလိုချင်ဘူး။ မင်းမင်း ဘဝမှာ တွေ့ခဲ့တဲ့ ဟိုးအရင်က တခြားမိန်းကလေးတွေလိုပဲ ဖြစ်သွားတော့မှာပေါ့။ ပီးတော့...နှစ်ယောက်လုံးရဲ့ အချစ်ညဦးလေးကို ခံစားရင် မင်းမင်း စိတ်ကူးတွေယဥ်ထားသလို... ထည်ဝါနေရမယ်။ ခမ်းနားနေရမယ်။ မြင့်မားနေရမယ်။

ဒါနဲ့ မင်းမင်း အတွေးကို ဖွင့်ပြောပြလိုက်တယ်။ ဇာခြည် ပြုံးပီး ကျေနပ်သွားတယ်။ မင်းမင်း တို့နှစ်ယောက်သား ခန္ဓာကိုယ်အပေါ်ပိုင်း တွေ naked နဲ့ တစ်ယောက် နဲ့ တစ်ယောက် တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်ကြတယ်။ အဲ့ဒီ..ဖက်ထားတဲ့ အချိန်ခဏလေးမှာ နှစ်ဦးသား..ခံစားနေကြရတဲ့ ကျေနပ်နှစ်သက် မှုမျိုးက အတူနေလိုက်ရတဲ့ စိတ်ကျေနပ်မှုမျိုးထက် မလျော့ဘူးဆိုတာ မင်းမင်း သိလိုက်ရတယ်။

ဒါကိုများ...မင်းမင်း ကသူ့ကို လက်ဖျားနဲ့တောင် မထိဘူးတဲ့..ဇာခြည် သက်သက် အပိုပြောတာ။

“ ဘာကွ....ဟေ့ကောင်...မင်းက...ငါ့သမီးအခန်းထဲထိလာရဲတယ်ပေါ့...ဟုတ်လား....” ဟင်...မင်းမင်း ကို သူ့သမီးခေါ်လာတာကို လာဟောက်နေတယ်။

“ ဗျာ....ဟို..ဟို...ငွေကြာယံ...အိမ်မှာပါ....”

“ ဘာ...အဲ့ဒီအိမ်က ငါ့သမီးအတွက် ပေးထားတဲ့အိမ်ကွ....မင်းကများ ရာရာစစ..”

“ သမီးခေါ်လာတာလေ...ကုပ္မဏီ annual party ညက....သမီးထပ်ပြောမယ်...အဖေ....သမီးတို့ဖက်က...ဒီလောက်စောင့်ထိန်းနေ...နားထောင်နေတာကို...အဖေက...ကတိမတည်ဘူး...သမီးပြန်ရောက်တည်းက ဒီအကြောင်းကို စကားအစမခံဘူး.....သမီးတို့ တတ်နိုင်တာ ဘာမှမရှိတော့ဘူး....ခုန်ချမယ်...ဒါမှအေးမှာ...လာ...မင်းမင်း....”

အီး...ဇာခြည် လုပ်လာပြန်ပြီ။ နေပါဦးဟ....နင်ကလဲဆိုတာ။

“ မဟုတ်ပါဘူး...သမီးရယ် အဖေက...သမီးကို စောစောစီးစီး ဆုံးရှုံးသွားမှာ ကြောက်နေတာပါ....အဖေတို့ သမီးကို ဘယ်လောက်ချစ်လဲ သမီးသိပါတယ်.....”

“ ဘာဆိုင်လို့လဲ...အဖေရယ်....အဖေတို့ သမီးကိုချစ်တာ သမီးသိပါတယ်.... မိဘဆိုတာ ဘယ်လိုမှ အစားထိုးလို့မရဘူး..ဘာနဲ့မှ လဲလို့မရဘူး...အဲ့ဒီအချစ်က သမီးတို့ အတွက် အဆုံးမရှိဘူး....မင်းမင်း ကိုချစ်တာက သပ်သပ်....မင်းမင်း နဲ့ သမီးကို အဖေ သဘောတူပေးရလို့လဲ...အဖေတို့ သမီးကို ဆုံးရှုံးရမှာမှ မဟုတ်တာ...အဖေတို့ သားတစ်ယောက်တောင် ထပ်ရသလိုမျိုး ဖြစ်မှာကို...”

မင်းမင်း ဇာခြည့် စကားကို မြန်မြန်ထောက်ခံလိုက်တယ်။

“ ဟုတ်ကဲ့...ဟုတ်ကဲ့....”

“ ဟေ့ကောင်...မင်း ဘာမှဝင်ပြောစရာမလိုဘူး...ငါနဲ့ငါ့သမီးကြားကို...”

သူပဲ...အမျိုးမျိုး....။ စောစောကတော့...ပြောလိုက်လေတဲ့...ငါ့သမီးကို မင်းမခုန်ချရဲဘူးဆိုတာတဲ့။ ခုကျ ဘာမှ ဝင်မပြောနဲ့တဲ့။ ဒီသားအဖတွေ...ဘယ်တော့ ပြီးမလဲမသိဘူး။ မင်းမင်း ညောင်းနေပီ။ စားပွဲအစွန်းမှာရပ်နေရတာ။

“ အဲ့ဒါ...ဒီကောင် အောင်ကြီး ကြောင့်ဖြစ်ရတာ...မင်းကြောင့်....”

“ ဗျာ...ဗိုလ်မှူးကြီး... ကျွန်တော်...ဘာလုပ်မိလို့လဲ....” ဇာခြည့် အဖေ သူ့ဘေးက ဦလေးအောင်ကြီး ကို ဆွဲထည့်နေပြန်ပီ။

“ မင်းကို ငါက...ဆရာကြီးဦးမောင်ကိုတို့ကို မတွေ့ရတာကြာလို့အိမ်အလည်ခေါ်လိုက်..သူ့တိုမှာ ပြောချင်တာတွေ...ရှိရင်လဲပြောခိုင်းဖို့ဆိုပြီး..မင်းကို ငါပြောလိုက်တယ်လေ...” ဟုတ်ကဲ့...ကျွန်တော်လဲ.အဲ့အတိုင်းပဲပြောပီး ခေါ်လာတယ်လေ... ဗိုလ်မှူးကြီး....”

“ ဘာ..အဲ့အတိုင်းပဲပြောတာလဲ...ငါပြောချင်တာက....သူတို့ သားရေးသမီးရေး ကိစ္စလေးများပြောမလားလို့...ငါ့ကို သူ့မြေးမတစ်ယောက်ကျောင်းပီးရင် အလုပ်ခန့်ပေးဖို့ပဲပြောသွားတယ်...အဲ့ဒါမင်း...သေချာသဘောပေါက်အောင်မပြောလိုက်လို့...ခု..ငါ့သမီးက ငါ့ကိုစိတ်ဆိုးနေတာ...”

“ ဗျာ....ဟုတ်ကဲ့ ဗိုလ်မှူးကြီး.... အောင်ကြီးမှားသွားပါတယ်...နောက်အဲ့လိုမဖြစ်စေရပါဘူး....”

“ ဘာ...နောက်မဖြစ်ရမှာလဲ..အခုဖြစ်နေပီ...မင်းရှင်းစမ်း...ငါသမီးကို...မင်းရှင်းပြစမ်း...”

“ ဟုတ်ကဲ့...ဗိုလ်မှူးကြီး... ကျွန်တော်ရှင်းပြပါ့မယ်...” ဦးလေးအောင်ကြီး က တပ်ထဲကပုံစံအတိုင်း...ခြေစောင့် အလေးပြုပီးပါ ပြန်ပြောနေတာ။

“ သမီး ဇာခြည်... ဦးအောင်ကြီး ရှင်ပြပါ့မယ်..ဗိုလ်မှူးကြီး က သမီးတို့ကို သဘောတူပါတယ်တဲ့...သမီးတို့ဆင်းလာပါတော့...”

“ ဟေ့ကောင်...ငါက အဲ့လိုပြောခိုင်းလို့လား..မင်းကို... လျှာရှည်တဲ့ကောင် သွားစမ်း...ငါ့ရှေ့ကထွက်သွားစမ်း....”

ဦးလေးအောင်ကြီး ကြီးတစ်ချိုးတည်း လစ်ပြေးသွားတယ်။ ဇာခြည့် အမေက နောက်ကနေပြုံးနေတယ်။ ပီးတော့...ဇာခြည့် ကို လက်နဲ့ ပြပီး ဆက်ပြော...ဆက်ပြောလို့ ပါ ဆင်ဂနယ် ရိုက်နေတာ။ သြော....ကြည့်ရတာ ခုလိုမျိုး...ဇာခြည် သူမအဖေကို ခြိမ်းခြောက် အကျပ်ကိုင် ဖို့ အကြံပေးတာ ဇာခြည့် အမေပဲ ဖြစ်ရမယ်။

တစ်ခွန်းမှလဲ ဝင်မပြောသလို...သူ့ယောက်ျားဖြစ်သူလောက်လဲ ဇာခြည့် ကို စိုးရိမ်နေပုံမပေါ်ဘူး။ သေချာတယ်... ဒါ..သားအမိနှစ်ယောက် ပူးပေါင်း ကြံစည် မှုပဲဖြစ်ရမယ်။

“ ပီးတော့..အဖေတို့ သမီးကို အဖေတို့အသိ လုပ်ငန်းရှင်တစ်ယောက်ရဲ့သားနဲ့ စေ့စပ်ပေးဖို့ စီစဥ်နေတာ သမီးရိပ်မိနေတယ်...သမီးသဘောမတူဘူး.. အဖေတို့ ဆက်လုပ်မယ်ဆို သမီးခုန်ချတော့မှာ....”

“ ဘယ်မှာ...စီစဥ်လို့လဲ...သမီးရယ်...မဟုတ်တာကို....”

“ အဖေတို့...မနေ့ညက...စာကြည့်ခန်းထဲမှာ ပြောနေတာလေ...သမီးကြားတယ်...”

“ မဟုတ်ပါဘူး...သမီးရယ်..အဲ့ဒါ နေခြည်လေး အတွက်ပြောနေတာပါ....စေ့စပ်ပေးဖို့ ကမ်းလှမ်းလာလို့...အဖေတို့တိုင်ပင်နေတာပါ....သမီး အတွက် မဟုတ်ပါဘူး....”

“ သေချာတယ်နော်...အဖေ....”

“ သြော်... သမီးရယ်...သမီး နန်းနန်းကိုမေးကြည့်....”

“ ဟုတ်ပါတယ်...ဇာခြည်ရဲ့....နေခြည့် ကိစ္စ ပြောနေတာပါ....”

“ အို...ရှုပ်တယ်...အဖေ..ပြော...သမီးတို့ကို သဘောတူမှာလား မတူဘူးလား....”

“ သြော်...ခက်တာပဲသမီးရယ်...သမီးက ငယ်ပါသေးတယ်...”

“ သမီး နှစ်ဆယ့်သုံးကျော်လို့...နှစ်ဆယ့်လေးထဲရောက်နေပီ...ဒါကို ငယ်သေးတာလား...အဖေ နန်းနန်းနဲ့ လက်ထပ်တော့...နန်းနန်းက နှစ်ဆယ့်နှစ်ပဲရှိသေးတာဆို....ပီးတော့....အငယ်မကျ စေ့စပ်ပေးမယ်...သမီးကျ ငယ်သေးတယ်...အဖေပြောတယ်နော်...ရှုပ်ပါတယ်...မင်းမင်းရေ...ခုန်ချမယ်...လာ....”

အံမလေး...လုပ်ကြပါဦး... ဇာခြည် တစ်ကယ် တွန်းနေပီ...မင်းမင်း ကို။ မင်းမင်း ဘာလုပ်ရမှာလဲ။

“ သမီးရယ်..မလုပ်...မလုပ်..ပါနဲ့..ဆင်းလာပါတော့...လာ..လာ...”

“ အဖေ...သဘောတူလား..မတူဘူးလား အရင်ပြောမှ ဆင်းမယ်...ပြောလေ...အဖေ...ခုပြော....”

“ သြော်...သမီးရယ်...ဖအေကို သမီးကောင်ရှေ့မှာ အဲ့လို အကျပ်ကိုင်စရာလား....ဟေ့ကောင်....”

“ ဗျာ....”

“ ဗျာမနေနဲ့...မင်းအခုဆင်းလာခဲ့...မင်းအဖေနဲ့ အမေကိုသွားခေါ်...အောင်ကြီးလို မလွဲစေနဲ့...ငါ့အိမ်လာတွေ့လို့...ကြားလား...”

“ ဗျာ...ဟုတ်ကဲ့...ဟုတ်ကဲ့....”

“ နေဦး...မင်းမင်း...အဖေ...သဘောတူတယ် မပြောရသေးဘူး...ပြောဦးလေ....”

“ ကဲ...ဇာခြည် ....ဖအေကို အဲ့လောက်...စိတ်ဒုက္ခ မပေးနဲ့ ဆင်းလာတော့...မဆင်းရင်လဲ..ညည်း လုပ်ချင်တာသာလုပ်တော့...လာကိုမောင်...ပြန်ကြမယ်....”

ဇာခြည့် အမေဝင်ပြောတာပါ။ ပြတ်လိုက်သမှ ပြတ်ပြတ်ပြတ်နဲ့တောင်နေဦးမယ်။ စကားပြောသွားတာ။ ငါ့အဖေ နဲ့ အမေ့ရဲ့ ပုံစံကို အပြင်လူတွေက ပြောင်းပြန်ပြောနေတာဟ။ တစ်ကယ်က အမေက ပိုပြတ်တယ်။ စကားအများကြီးမပြောဘူး။ ပြောရင်လဲ တစ်ခွန်းထဲကို တစ်ခါပဲပြောတယ်။ ပီးတော့ အဖေ့ကို အကြံကောင်းတွေ နောက်ကနေ တစ်ချိန်လုံးပေးနေတာ...ငါ့ အမေပဲ။ မသိတဲ့..လူတွေက ငါ့ အမေက ငါ့အဖေကို တုန်နေအောင် ကြောက်ရတယ် ထင်နေတာ။ ပြောင်းပြန်ကြီး...အဲ့ဒါ...ငါ့မိသားစုပုံစံပဲ။

ဇာခြည် တစ်ခါ မင်းမင်း ကိုပြောပြဖူးတာ...တစ်ကယ်ပဲ ဆိုတာ အခုလက်တွေ့။ ဇာခြည့် အဖေနဲ့ အမေရော၊ အန်တီစိန်ကြီးပါ ပြန်ဖို့လုပ်နေပါပီ။ မင်းမင်း ဇာခြည့် လက်ကို ဆွဲလို့ ခုံပေါ်က မြန်မြန် ဆင်းလိုက်တယ်။

“ လာ...ဇာခြည်.. တို့တွေ...လူကြီးတွေကို ကန်တော့ရအောင်...ဇာခြည့် အမေပြောတာ..ဟုတ်တယ်....ဇာခြည်... ဇာခြည့် အဖေကိုစိတ်ဒုက္ခတွေ ပေးလိုက်မိပီ...ပြန်တောင်းပန်ကန်တော့ရမယ်...လာ...”

“ အင်း...ဟင့်..ဟင့်...ဟီး...”

ဇာခြည် ကို မင်းမင်း အောက်မှာထိုင်ကန်တော့ဖို့ဆွဲခေါ်လိုက်တာနဲ့ ဇာခြည် ရှိုက်ကြီးတငင်ငိုချလိုက်ပီ။ ဝမ်းနည်းနေလို့ရော ဝမ်းသာနေလို့ပါ ဖြစ်မှာ မင်းမင်း သိပါသည်။

“ အဖေ....သမီး...အဖေ့ကို...အီး...ဟင့်...စိတ်ဒုက္ခရောက်အောင် လုပ်မိသလိုဖြစ်သွားရင်..သမီးကို ခွင့်လွှတ်ပေးပါ... အဖေ..ဟီး....သမီးကန်တော့ပီး...တောင်းပန်ပါတယ်...အင့်...”

မင်းမင်း ပါ ရော ကန်တော့လိုက်တယ်။ ဇာခြည့် အဖေ ပြန်လှည့်လာတယ်။ မျက်လုံးကို ပုတ်ခတ်ပုတ်ခတ် လုပ်နေတယ်။ အန်တီစိန်ကြီးလဲ့...ဟင့်ဆိုပြီး တစ်ချက် ရှိုက်တယ်။ ဘာမှ မဖြစ်တာ ဇာခြည့် အမေပဲ။

“ ထ...သမီး...အဖေ...ဘာမှမဖြစ်ပါဘူး....ငါ့သမီးက လိမ်မာပီးသား...တော်ပီးသားပဲ....မင်း...သူ့ကို စိတ်ချမ်းသာအောင်ထား...သူ..မင်းအပေါ် များကြီးကောင်းတာ...ငါသိတယ်...ကြားလား....”

“ ဟုတ်ကဲ့....”

မင်းမင်း လဲသိပါတယ်ဗျာ။ မင်းမင်း ချစ်သူက အမြဲတမ်း မင်းမင်း အတွက် ဦးစားပေး စဥ်းစားတတ်တာကို။ မင်းမင်း ကြောင့် သူဘယ်တော့မှ စိတ်သောက မဖြစ်စေရဘူး။ လူကြီးတွေ ဆင်း သွားတော့ မင်းမင်း တို့ တစ်ယောက်နဲ့ တစ်ယောက် ရွှန်းရွှန်းစားစား ကြည့်မိကြတယ်။ မျက်ရည်တွေနဲ့ ဇာခြည့်ကို မင်းမင်း ဖက်လိုက်တယ်။

“ မင်းမင်း ရေ တို့ကို အဖေက သဘောတူသွားပြီ..ဇာခြည် ပျော်လိုက်တာ.... ” ဆိုပြီး...ဟီးကနဲ ထပ်ငိုနေတယ်။

ငိုပလေ့စေ။ မင်းမင်း ချော့စရာမလိုဘူး။ နှစ်သိမ့် ပေးစရာမလိုဘူး။ ဒီမျက်ရည်တွေလဲ သုပ်ပေးစရာမလိုဘူး။ မင်းမင်းလဲ မငိုပေမယ့် မျက်ရည်ကျနေတယ်။ ဒါ... မင်းမင်း တို့ နှစ်ယောက်ပေါင်းထားတဲ့ ဘဝရဲ့ ပန်းပင်လေးတစ်ပင်....စတင်ရှင်သန်ကြီးထွားလာဖို့...အားအင်တွေပေးမယ့် မျက်ရည်...မျက်ရည်တွေမဟုတ်ပါဘူး...အားဆေးအရည်တွေ။

နေက မင်းမင်း တို့ ခေါင်းပေါ်တည့်တည့် မှာ ရောက်နေပီး အစွမ်းကုန် ထွန်းလင်းနေတယ်။ မင်းမင်း တို့က ပူတယ်လို့ကိုမထင်ဘူး။ နေရောင်ခြည်သည်..ရောဂါပိုးအချို့ကို သေစေနိုင်တယ်လို့... မင်းမင်း တို့ ငယ်ငယ်က သင်ခဲ့ရတယ်။

အခုလဲ...ဒီနေရောင်ခြည်က မင်းမင်းတို့နှစ်ယောက်ရဲ့ ရင်ထဲက စိုးရိမ်သောက ပိုးမွှားတွေကို အပြီးတိုက်ထုပ်ပေးလိုက်ပီလေ။ မင်းမင်း တို့ မျက်ရည်တွေကြားမှာ တစ်ယောက်နဲ့ တစ်ယောက် ဖက်ထားကြပြီး ပြုံးနေကြလေရဲ့။

................................................

ရောင်စုံ ဘောလုံး အပိုင်း ( ၃ ) ပြီးပါပြီ။ မူရင်းစာရေးဆရာ ရဲ့ ပိုင်းထားသော အပိုင်း ဖြစ်ပါသည်။

..............................................

{ ဇာတ်သိမ်းပိုင်း }

“ Min, I am very pleased to be a partner of you.

You did a great job during such tough time. I really appreciate it.

We will look forward a better future relationship and opportunities.”

“ It's my pleasure, Teo.

I am very proud of your recommendation on me and I affirm we both decided well.

Hoping for a better tomorrow, Teo!”

ဒီနေ့ မင်းမင်း ညနေ သုံးနာရီကျော်မှ ရုံးပြန်ရောက်လာပါသည်။ လွန်ခဲ့သော ခြောက်လလောက်ကမှ ပရောဂျက်အသစ် တစ်ခုကို ပါတနာ အဖြစ်လက်တွဲ ဆောင်ရွက်ခဲ့သော နိုင်ငံခြား ကုပ္မဏီ တစ်ခု၏ တာဝန်ရှိကိုယ်စားလှယ်ဖြစ်သူ Mr.Teo နှင့် သူ့အဖွဲ့ကို မင်းမင်း ကိုယ်တိုင် Inspection လိုက်ပြပီး ပြန်လာရလို့ပါ။

Mr.Teo ကတော့ သူတို့ မင်းမင်း တို့နဲ့ လက်တွဲလုပ်ဆောင်ရတာ ဝမ်းသာမိပါကြောင်း၊ အခုလို ကပ်ရောဂါဆိုးကြီးဖြစ်နေတဲ့ ခက်ခဲတဲ့ ကာလမှာတောင် မင်းမင်းတို့ဘက်က အကောင်းဆုံးလုပ်ဆောင်ထားနိုင်ကြောင်း၊ သူဂုဏ်ယူမိပါကြောင်း၊ ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးနဲ့အတူ အခွင့်အလမ်းကောင်းများ ရရှိလာမှာကို သူမျှော်လင့်ပါကြောင်း မင်းမင်း တို့ကို ချီးကျူးသွားပါသည်။

မင်းမင်းကလည်း ကျေနပ်မိပါတယ်ပေါ့၊ သူရဲ့ ချီးမွမ်းခံရလို့ ဂုဏ်ယူပါတယ်ပေါ့...ပီးတော့ နှစ်ဖက်လုံးက ကောင်းမွန်တဲ့ ဆုံးဖြတ်မှုတွေချနိုင်ခဲ့တယ်ဆိုတာ သူ အတပ်ပြောနိုင်ပါတယ်ပေါ့၊ ပိုမိုကောင်းမွန်တဲ့ မနက်ဖန်တွေကို မျှော်လင့်မိပါတယ်ပေါ့လေ...ပြောပီး နှုတ်ဆက်လိုက်တယ်။ မင်းမင်း ရုံးပေါ်ပြန်တက်ဖို့လုပ်တော့..မောင်မျိုး နောက်ကနေ ပြေးလိုက်လာတယ်။

“ ကိုကြီးမင်းမင်း ညနေ လေးနာရီမှာ ရုံးခွဲ တာဝန်ခံတွေနဲ့ ဇွန်းမီတင် (Zoom Meeting)ရှိတယ်လို့ သီသီ ပြောတယ်...သူ ကိုကြီးမင်းမင်း မေးထဲ လင့်ပို့ပေးထားတယ်တဲ့...အဲ့ဒါ သတိပေး ပေးပါဆိုလို့..”

“ ဟေ့ကောင်....ငါအခု ရုံးခန်းထဲပြန်မှာ...အထဲရောင်ရင် သီသီ့ကို ငါ့ရုံးခန်းထဲ လွှတ်လိုက်လေ...ဟုတ်ပီလား...”

“ ဟုတ်ကဲ့...သီသီ ကပြောထားတယ်...ကိုကြီးမင်းမင်း ကညနေ ငါးနာရီလောက်ကို ဆေးခန်းသွားရဦးမယ် ဆိုလို့တဲ့....မီတင် ဘယ်မှာ ထိုင်ဖြစ်မလဲ မသိသေးဘူးဆိုလို့ ပို့ပေးထားတာပါတဲ့...”

“ ဟေ....အေး...ဟုတ်သားပဲ.... ငါ မင်းအစ်မကို ဆေးခန်းလိုက်ပို့ရဦးမှာပဲ...ရပါတယ် မီတင်က နာရီဝက်လောက်ပဲကြာမှာ...ငါလဲ တနေကုန် မနားရသေးလို့...ရုံးခန်းမှာပဲ ပြန်နားပီး မီတင် join လိုက်တော့မယ်...သီသီ့ကို ကော်ဖီတစ်ခွက်လောက်ဖျော်ပေးဖို့ပြောလိုက်....”

“ ကိုကြီးမင်းမင်း မောင်မျိုး ဖျော်ပေးမယ်လေ....”

“ ငါ...မင်းဖျော်တာ သောက်မယ်လို့ ပြောနေလို့လား....”

“ ဗျာ...ဟုတ်ကဲ့...ဟုတ်ကဲ့...” လို့ ပြောပီး မောင်မျိုး ဇတ်ပုသွားတယ်။

ရုံးခန်းထဲ မင်းမင်း လှမ်းဝင်လိုက်ပီး ထိုင်ခုံမှာ ထိုင်လိုက်တယ်။ မောင်မျိုး မင်းမင်း အိတ်ချပေးပီး ပြန်ထွက်သွားပြီ။ စားပွဲပေါ်မှာ လက်မှတ်ထိုးဖို့ ဖိုင်တွေက အထပ်လိုက်။ မင်းမင်း တစ်ခုချင်းလက်မှတ်ထိုးပေးနေတုန်း...တံခါးခေါက်သံ ကြားလိုက်ရပီး... သီသီ ဝင်လာတယ်။ သူမ ကိုင်လာတဲ့ ကော်ဖီခွက်လေးကို..မင်းမင်း စားပွဲ ပေါ် တင်ပေးလိုက်တယ်။

“ ကိုမင်း...ခေါ်တယ်ဆိုလို့....”

မင်းမင်း လှမ်းကြည့်လိုက်တော့ သီသီ့ကို မျက်နှာပေါ်မှာ ကြက်သွေးရောင် မက်စ် (Mask) လေး တပ်ထားတာ တွေ့ရတယ်။ အံမယ်..သူက ဝမ်းဆက်လုပ်လာတာ။ မက်စ်ကြက်သွေးရောင်ကို အက်ျီကြက်သွေးရောင်နဲ့...စကတ်အနက် ဒူးအထက်ထိ အတိုလေးနဲ့ ဝတ်လာတာ။ စကတ်အနက်...အဲ...သူမ စကတ်အနက်လေးက.....။

“ သီသီ.....”

“ ရှင်ကိုမင်း....”

“ ကိုမင်း အတွက် ဘာ အပွိုင့်မန့် (appointment) တွေရှိသေးလဲ..ဒီညနေ.....”

“ ကိုမင်း..လေးနာရီမှာ ရုံးခွဲ တာဝန်ခံတွေနဲ့ ဇွန်းမီတင်ရှိတယ်....ပီးရင် ငါးနာရီမှာ တီလေး ကိုဆေးခန်းပို့ရမယ်ပြောထားတယ်...ဒီနေ့ ဒင်နာ ကို သောကြာနေ့ ရွှေ့ခိုင်းလို့...သီသီ...ရွှေ့ထားပီးပါပီ...မနက်ဖန်....”

“ ရပီ..သီသီ...မနက်ဖန်အတွက်... မနက်ကျမှ ဆက်ပြော...ကိုမင်း မသိချင်သေးဘူး...သီသီ့ကို နှစ်ခုပြောစရာရှိတယ်....”

“ ဟုတ်...ကိုမင်း...ပြောပါ..”

ကောင်မလေးက သူမဖုန်း ချက်ချင်း ဖွင့်ပီး မှတ်ဖို့ပြင်နေပီ။ ဒီကောင်မလေးက အသက်နှစ်ဆယ့်တစ်နှစ် ဆိုပေမယ့်..တော်တော့တော်သား။ alert ဖြစ်တယ်။ အင်းလေ...ဇာခြည့် အမျိုးပဲ...ဇာခြည် စိတ်ကြိုက်ခေါ်ခ န့်ထားတာပဲ...ဒီလောက်တော့ ရှိမှာပေါ့လို့ မင်းမင်း တွေးမိတယ်။

ဒီနေရာ အတွက် ဘယ်သူ့ခန့်ခန့် ဇာခြည် စိတ်တိုင်းမကျဘူး။ ဒီနေရာမှာလုပ်ရတဲ့သူက မင်းမင်း နဲ့ ဇာခြည် နှစ်ယောက်လုံးကို ကူညီပေးရတဲ့ personal assistant လေ။ မင်းမင်း မှာ ဘယ်သူနဲ့ပဲ ဖြစ်ဖြစ် ဘာပြဿနာ မှမရှိပေမယ့် ပြဿနာရှိနေတာက ဇာခြည်။ တစ်ယောက်ခန့် လိုက်လဲ ကောင်မလေးက E ပဲကောင်းပီး အလုပ်လုပ် လုပ်တာ ရှပ်ပြာ ရှပ်ပြာနဲ့ ဆိုပီး နေရာပြောင်းပစ်ပြန်ရော။

အမှန်ကတော့...ဘာမှ မဟုတ်ဘူး....။ နောက်မှ ပြန်ကြားရတာ...ကောင်မလေး မင်းမင်း ကိုကြည့်ပုံ မကြိုက်လို့ တဲ့။ သူ့ကိုကြည့်ရင်တစ်မျိုး၊ မင်းမင်း ကိုကြည့်ရင် ရုပ်က ပြီတီတီ ဖြစ်နေလို့ ဆိုလားပဲ။ မင်းမင်းနဲ့လဲ ဘာမှ မပတ်သက်၊ ဘာမှလဲ မဆိုင်ပါဘဲ နဲ့ကို အဲ့လို လုပ်လာတာ လူပေါင်း မနည်းတော့ဘူး။

ရေရေရာရာမရှိတဲ့ အကြောင်းပြချက် အမျိုးမျိုးနဲ့ ဒီနေရာ လူမမြဲတာ ကြာပြီပေါ့။ သိတယ်...တစ်ကယ်က ..မင်းမင်း ကို သဝန်လိုက်တိုနေတာ။ ဒါဆိုလဲ...ယောက်ျားလေး ခန့်ဆိုလဲ မဟုတ်ပြန်ဘူး။ ယော်ကျားလေးတွေက မစေ့စပ်ဘူး။ ဖင်မမြဲချင်ဘူးတဲ့။ ကဲ... ဒါဆိုလည်း မောင်မျိုးပဲထားတော့ ဆိုတော့လည်း....မောင်မျိုးက မင်းမင်း နောက်က တကောက်ကောက် လိုက်နေရင် သူ့ကို ကူဖို့ တစ်ယောက် လိုပြန်ရောတဲ့။

ဇာခြည် ကြိုက်တာလုပ်....ကြိုက်တဲ့လူခန့်..ဇာခြည့် သဘောလို့ပြောလိုက်ရတယ်။ အခုခန့်ထားတဲ့ သီသီက မင်းမင်း တူမအကြီးဆုံးထက်တောင်အများကြီးငယ်သေးတယ်။ မင်းမင်း ကို ကိုမင်းလို့သာ သူများတွေခေါ်လို့လိုက်ခေါ်နေတာ...တစ်ကယ်က....သီသီက ဇာခြည့် တူမဝမ်းကွဲလေးတစ်ယောက်ဆိုတော့..ဝါစဥ်အရ...ဦးလေး နဲ့ တူမ ပါပဲ။

မင်းမင်း ကို ကျတော့ ကိုမင်းလို့ခေါ်ပီး....ဇာခြည့်ကိုကျတော့..တီလေး ခေါ်လို့ ဇာခြည် သိပ်သဘောမကျပေမယ့် ဘာမှတော့မပြောဘူး....မင်းမင်း သိတာပေါ့။

“ အခုပြောမှာက လိုက်မှတ်ထားစရာမလိုဘူး...သီသီရဲ့...သီသီ့ရဲ့ ပါစင်နယ် ကိစ္စ....”

“ ဟုတ်...ကိုမင်း ဘာများလဲ...မသိဘူး....”

“ ရုံးက ကောင်းလေးတွေ ကိုမင်းကို လာတိုင်နေကြတယ်...သီသီ့အကြောင်း....”

“ ရှင်...သီသီ ဘာအမှားလုပ်မိလို့လဲ...ဘယ်သူနဲ့မှလည်း.....”

“ ရှူး...သီသီ....ဟုတ်တယ် သီသီ...ဘယ်သူနဲ့မှ ဘာပြဿနာမှမရှိဘူး...ပြဿနာက ဒီကောင်တွေ...သီသီက ရုံးထဲမှာတောင်တဲ့...မက်စ် တပ်ထားလို့တဲ့...သီသီ့မျက်နှာလှလှလေးကို မမြင်ရတော့ဘူးဆိုပီး ကိုမင်းကို လာတိုင်နေကြတယ်...အဲ့ဒါ.....”

“ အို...ကိုမင်းကလဲ....ဟုတ်လဲ..မဟုတ်ဘဲနဲ့...”

“ ဟုတ်တယ်...တစ်ကယ်ပြောတာ..အခုချွတ်လိုက်တော့...သီသီ့မက်စ်ကို....”

သီသီ သူမ မက်စ်ကို ချွတ်လိုက်ပါသည်။ မျက်နှာ လှလှလေးပေါ်လာတယ်...ရှက်ပြုံးပြုံးနေသေးတယ်။ သီသီက ဇာခြည့် ထက် နေခြည် နဲ့ ပိုဆင်ချင်ပါသည်။ အေးလေ....တူမဝမ်းကွဲဆိုတော့ နဲနဲဆင်မပေါ့။

“ ပီးတော့...နောက်တစ်ခုက...သီသီ.. ကိုမင်းဆီမလာခင်...rest room ဝင်ခဲ့သေးလား...”

“ ဟုတ်...ကိုမင်း ဘယ်လိုသိတာလဲ....”

“ အဲ့ဒီကနေ...ဘယ်တွေသွားခဲ့သေးလဲ....”

“ ဟင့်အင်း...ဘယ်မှ မသွားပါဘူး... ကော်ဖီဖျော်ပီး ကိုမင်းဆီပဲ တန်းလာတာလေ...ဘာလို့လဲ...ကိုမင်းရဲ့....” မင်းမင်း ထိုင်ခုံမှ ထလိုက်ပီး သီသီ့အနား ကပ်သွားလိုက်ပါသည်။

“ နောက်ဆို...rest room ကနေထွက်လာရင် ကိုယ့်စကတ်ကို ကိုယ် ဇစ် ပြန်တင်ပီးမပီး အရင်စစ် ဟုတ်ပီလား.....”

“ အို...ကိုမင်း...ဟဲ့တော့....ဟီ...ဟိ..”

သီသီ သူမ စကတ်ဇစ်ကို သူမကိုင်ကြည့်လိုက်ပီး....ရှက်သွားတယ်။ ပီးမှ အရှက်ပြေ ရယ်လိုက်ပီး...ဇစ်ဆွဲတင်လိုက်တယ်။ မင်းမင်း ဘက်ကနေ သူမ ခန္ဓာကိုယ်ကို ဟိုဘက်ဘေးစောင်းလိုက်ပီး ဇစ်ဆွဲတင်နေတာ....။

အဲ့ဒီအချိန်မှာ.....မင်းမင်း ရုံးခန်း ဘေးဘက်က တံခါးလေးတစ်ခု ပွင့်လာတယ်။

“ မောင်မင်းမင်း.....”

“ ဗျာ.....”

ဇာခြည် ။ ခေါ်ပုံက အခြေအနေသိပ်မကောင်းဘူး။ ဘယ်တုန်းတည်းက ဟိုဘက်အခန်းထဲရောက်နေလဲမသိ။ မင်းမင်း သတိမပြုမိလိုက်ဘူး။ အဲဲ့ဒီ..အခန်းက ဇာခြည့် အခန်းလေ။ ဒီမှာ သူမ အဖေ ရုံးထိုင်တည်းက အခန်းဖွဲ့ပေးထားတာ။ မှတ်မှတ်ရရ...ဇာခြည် စလုံးမှာ ကျောင်းသွားတက်နေတည်းက စလုပ်ပေးထားတာ။

နောက်မှ...သိရတာက အဲ့ဒီ အခန်း ပုံစံ ဒီဇိုင်း တွေ အပြင်အဆင်တွေ အားလုံးက ဇာခြည့် စိတ်ကူးတွေတဲ့။ မင်းမင်း နဲ့ မယူရသေးခင်တည်းက မင်းမင်း ကို ဒီဘက်မှာ ရုံးထိုင်ခိုင်းရင် ဟိုဘက်မှာ သူမထိုင်မယ်ဆိုပီးစီစဥ်ထားတာ။

တော်တော်ချစ်ဖို့ကောင်းတဲ့...သမီးလေးနော်..ဇာခြည်က။ သူမ အဖေကတော့ သူ့သမီးလေး သူနဲ့ တွဲပီး ရုံးထိုင်ချင်လို့ လုပ်ထားတယ်ထင်နေမှာပဲ။ တစ်ကယ်က..မင်းမင်းနဲ့ယူပီးရင်...သူမယောက်ျားကို ထိုင်ခိုင်းဖို့ လုပ်ထားတာလေ။ ပီးတော့... အခန်းနှစ်ခုကြား ကာထားတဲ့ မှန်က သူမ အခန်းဘက်ကနေ ဒီဘက်ခန်းကို အတိုင်းသားမြင်နိုင်မယ့် မှန်မျိုး။ မင်းမင်းကို သူမ အလုပ်လုပ်ရင်း တစ်ချိန်လုံး လှမ်းမြင်နေရအောင်တဲ့။ ဒါဆိုလည်း CCTV တပ်ပါးလားဆိုတော့လဲ မဟုတ်ပြန်ဘူး။

MD အခန်းကို CCTV တပ်စရာလားတဲ့။ ပီးတော့...ရုံးမှာတပ်တဲ့ CCTV တွေအားလုံးကို မိန်း server ထဲပို့ထားရတာ။ ဇာခြည့်အဖေက လုံခြုံရေးပိုင်း ပေါ်လစီချမှတ်ထားတာကြောင့်လေ။ ကိုယ့်သဘောနဲ့ကိုယ် ခွဲခြား တပ်ရင် လူကြီးတွေကိုယ်တိုင်က ပေါ်လစီ မလိုက်နာသလိုဖြစ်မှာမျိုး ဘာတစ်ခုမှ မလုပ်ကြဖို့ ဇာခြည့် အဖေက မှာထားလို့လေ။

ပီးတော့လဲ...ဇာခြည် က...မင်းမင်း အကြောင်း သိနေလို့လဲ ပါတယ်။ မင်းမင်းက စိတ်ဖောက်လာရင် အချိန်မရွေး...နေရာမရွေး... ဇာခြည်ကို....ရုံးခန်းထဲမှာလဲ... ဖက်နမ်းချင် နမ်းနေတာကိုး။

နမ်းတာထက်တော့...မပိုပါဘူး။ ပိုလာချင်ရင် လဲ...နမ်းနေရင်းနဲ့ကို ...

“ ဇာခြည်လေး... တို့တွေအိမ် ခဏပြန်ရအောင်ကွာ...” လို့ ပြောလိုက်ရင် ဇာခြည်သိပီ။ ဇာခြည် ကလဲ ဘယ်တော့မှ မငြင်းရှာပါဘူး။

မင်းမင်း သူ့ကို ရုံးခန်းထဲမှာ နမ်းတာလဲ မတားမြစ်...အိမ်ခဏပြန်မယ်ဆိုလဲ မတားမြစ်ဘူး....လိုက်လျောပေးရှာပါတယ်။ အိမ်မှာ ကလဲ...အန်တီစိန်နဲ့ အိမ်အလုပ်သမား နှစ်ယောက်ရယ်ပဲ ရှိတာ ဆိုတော့ လွတ်လပ်ပီးသားပဲ။

အိမ်က ငွေကြာရံ အိမ်လေ။ စညားတည်းကနေတာ ခုထိပဲ။ မင်းမင်း ယောက္ခမကြီးက မင်းမင်း နဲ့ ဇာခြည် ရည်းစားဘဝတည်းက သဘောမတူချင်သလိုလို နဲ့မင်းမင်း  တို့ လက်ထပ်ပြီးရင် နေရအောင်ဆိုပြီး ငွေကြာရံ အိမ်ကို လုပ်ပေးထားတာ မင်းမင်း နောက်မှ ဇာခြည် ပြောပြလို့သိရတာ။ ချစ်စရာကောင်းတဲ့ မင်းမင်း ယောက္ခမကြီး ဦးစိုးမောင်။

မညားခင်တည်းက နေဖို့အိမ်စီစဥ်ပေးထားရတာနဲ့။ ညားပီးတော့လဲ မင်းမင်း ကို ရုံးချုပ်မှာ ရုံးလာထိုင်ဖို့ စီစဥ်ပေးခဲ့တာ။ သူကိုယ်တိုင်တော့...မပြောဘူးပေါ့။ ဇာခြည်ပြောပြတာ။ သူ့သဘောမပါဘဲ နဲ့တော့..ဒီနေရာ ဒီရာထူး ဒီအခန်း မင်းမင်း ကို ဘယ်ပေးပါ့မလဲ။

ပီးတော့...မင်းမင်း အမှတ်ရနေတာက မင်းမင်း နဲ့ ဇာခြည် တို့ရဲ့ မဂ်လာဦးညလေး...အချစ်ပန်းပွင့်တွေ လန်းစွင့်ခဲ့ရတဲ့ ညလေး။ မင်းမင်းရဲ့ စိတ်ကူးယဥ် အိပ်မက်ထဲကအတိုင်း...ခမ်းနားပါ၏၊ ထည်ဝါပါ၏၊ ကြီးကျယ်ပါ၏။

“ ခုချိန်ထိ ရှမ်းမလေးက မှဲ့တစ်ပေါက် မစွန်းခဲ့ပါဘူးကွာ...” ဆိုတဲ့ ဦးလေးအောင်ကြီး စကားက တစ်ကယ့်ကို ပဲ သွေးထွက်အောင် မှန်နေခဲ့တာပါ။

ဇာခြည့် ရဲ့ အပျိုစင် ပန်းပွင့်လေးကို မင်းမင်း ဆွတ်ယူ ရှိုက်နမ်းခွင့်ရခဲ့တာ။ အသိမ်မွေ့ဆုံး၊ အနူးညံ့ဆုံး၊ အညင်သာဆုံး ချစ်ခြင်းတွေနဲ့ နှစ်ဦးလုံးရဲ့ အိပ်မက်တွေ လှပနေခဲ့တာလေ။ မင်းမင်း လို ရိုင်းစိုင်းတဲ့အတွေ့အကြုံတွေ ရှိခဲ့တဲ့သူမျိုးတောင် အဲ့ဒီညလေးကို စွဲလန်းနှစ်သက်နေခဲ့ရတာ။

ဇာခြည့်လို အပျိုစင်မလေး...ဘယ်လောက်တောင် ရူးသွပ်မတတ် ခံစားခဲ့ရလဲဆိုတာ မင်းမင်း မျက်မြင် သိခဲ့ရတာ။ အဲ့ဒီညကစလို့ သမီးရည်းစား အချစ်တွေကနေ...လင်မယား အချစ်တွေ စတင်လာပီး တစ်နေ့ထက်တစ်နေ့ ဇာခြည့် အချစ်တွေ မင်းမင်း အပေါ် ပိုပိုတိုးလာနေတာ မင်းမင်း သိတာပေါ့။

သြော်...ဟိုးအရင်ကများ...မင်းမင်း ဇာခြည့် ပန်းလေး ဆွတ်ခူးခဲ့မိရင်... မင်းမင်းတို့ရဲ့ အချစ်ညဦး လေးဟာ အခုလောက် မင်းမင်း နဲ့ ဇာခြည့် အတွက် တစ်သက်စာအမှတ်တရဖြစ်နေမယ် မထင်ပါဘူး။ ယခုတိုင်...နှစ်ကိုယ်ကြား အဲ့ဒီညက အကြောင်းလေးတွေ ပြန်ပြောကြရင်.. အဲ့ဒီတုန်းကအတိုင်း ခံစားနေကြရတုန်း...အဲ့ဒီတုန်းကအတိုင်း...စိတ်တွေတက်ကြွနေကြတုန်းပါပဲ။

ခုတော့...မင်းမင်း ရဲ့ အချစ်ပန်းပွင့်ကြီးက ဘာတွေစိတ်ဆိုးနေတာလဲမသိ။ မျက်နှာကြီး တည်တည် တင်းတင်းနဲ့ ထွက်လာတဲ့ အန်တီဇာခြည်... သူ့တူမကို ခေါ်နေပီ။

“ ဟဲ့...သီသီ....”

“ ဟုတ်....တီလေး....”

“ တီလေး လုပ်မနေနဲ့..သွား...ကိုယ့်စားပွဲကိုယ် သွားပြန်နေစမ်း.....” ကောင်မလေး...လျှာလေးတစ်လစ်ထုပ်ပီး...ထွက်သွားတယ်။ ကျန်နေခဲ့တာက...မင်းမင်း။

“ ဇာခြည် လေး....ဘယ်တုန်းကရောက်နေတာလဲ....အိမ်မှာပဲ နားနေပါဆိုတာ....မင်းမင်း... စကားနားမထောင်ဘူး...”

“ ကိုယ့် အဖေ ကုပ္မဏီ ကိုယ် လာတာ....ဘာဖြစ်လို့လဲ...မောင်မင်းမင်း...ရှင့်ကိုခွင့်တောင်းနေရဦးမှာလားဟင်.... ရှင်... စောစောက ဘာလုပ်နေတာလဲ....ပြောစမ်း....”

“ ဧည့်သည်တွေနဲ့ တွေ့နေတာလေ...ဇာခြည် ရဲ့..ဘာလို့လဲ....”

“ အဲ့ဒါကိုပြောတာမဟုတ်ဘူး..ရှင်နဲ့...ဟိုကောင်မလေး သီသီနဲ့ ဘာလုပ်နေတာလဲလို့...မေးနေတာ...ရူးချင်ယောင်ဆောင်မနေနဲ့...မောင်မင်းမင်း....”

“ သြော်..ဇာခြည် ကလဲ....ဘာလုပ်ရမှာလဲ ..အလုပ်ကိစ္စပြောနေတာပေါ့....”

“ ဘာလုပ်ရမှာလဲ..အလုပ်ကိစ္စ...ဟုတ်လား...ဒါဆို..ဘာလို့သူက သူ့စကတ်ကိုဇစ်ဖြုတ်နေရတာလဲ....”

“ ဖြုတ်တာမဟုတ်ပါဘူး...ပြန်တပ်နေတာပါ...”

“ ပြန်တပ်နေတာ...ခုမှ ပြန်တပ်နေရအောင်....ရှင်ဖြုတ်ထားလို့ ပြန်တပ်နေတာ နေမှာပေါ့ ...ဟုတ်လား...”

“ အင်း...ဟာ...မဟုတ်ပါဘူး...ဇာခြည်ရဲ့...သူ့ဟာသူ ပြုတ်နေလို့ပါ....”

“ အဲ့ဒီ..စကတ်ဇစ်က ရှင်မဖြုတ်ဘဲ....သူ့ဟာသူမပြုတ်ဘူး...ရှင်နားလည်လား....”

“ ဟာ....ဇာခြည်လေးကလဲ....စွတ်စွတ်စွဲစွဲကွာ....ကိုယ့်ယောက်ျားကို...မဟုတ်တရုတ်တွေ....သူ့ဟာသူ တွိုင်းလက်ဝင်ပီးပြန်တပ်ဖို့မေ့ခဲ့လို့...မင်းမင်း ကသတိပေးမှ မြင်သွားပီးပြန်တပ်နေတာ...ပီးတော့..သီသီက ဇာခြည့် တူမလေးပဲ... ဇာခြည် ကိုယ်တိုင်..စိတ်တိုင်းကျခန့်ထားတာပဲကိုကွာ....”

“ ထားလိုက်စမ်းပါ..အဲ့ဒါတွေ..နေပါဦး ဒါဆို...ရှင် သူ့ ပင်တီလေးပါမြင်လိုက်တယ်ပေါ့.....ဟုတ်လား....ဘာအရောင်လေးလဲ....”

“ အနီရောင်လေး.....ဟာ....ဇာခြည် ရယ် ဇစ်တစ်ခုလုံးပြုတ်နေမှတော့...အထဲမှာ ဝတ်ထားတာကို မြင်ရတော့မှာပေါ့...မင်းမင်းကလိုက်ကြည့်နေတာမှ..မဟုတ်တာဘဲကို...”

“ ဒါဆို..အနီရောင်ဆိုတာကို ရှင်...ဘာလို့သိနေလဲ...ပြော...”

“ သြော်...ဇာခြည်ရယ်....ကြည့်လို့သိတာမဟုတ်ပါဘူး...မြင်ရလို့သိတာပါဆိုနေကွာ...စိတ်တိုလာပီနော်....”

“ စိတ်တိုတယ်...ဟုတ်လား...ကဲဟာ...စိတ်တိုချင်ဦး.....ကဲ....မိဇာခြည်က ရှင့်အကြောင်း မသိရင် ခက်မယ်နော် မောင်မင်းမင်း...ဟင်း....”

“ အား...အ..အ...နာတယ် ဇာခြည်လေးရဲ့...တစ်ကယ်နာတာ....”

ဇာခြည် ထုံးစံအတိုင်း မင်းမင်း ကို ဗိုက်ခေါက်လိမ်ဆွဲနေတာပါ။ တော်တော်နာအောင်ကိုဆွဲနေတာ။ ဇာခြည်က ထုံးစံ ဆိုတော့....မင်းမင်း လဲထုံးစံအတိုင်း ပြန်တုန့်ပြန်ပေးရတော့မှာပေါ့။ သိတယ်...မဟုတ်လား...မင်းမင်း ထုံးစံကို။

“ မင်းမင်း ...အနမ်းရှည်တွေပေးတိုင်း..ဇာခြည် နှလုံးခုန်သံတွေမြန်လာပီး....မူးမောသွားသလို...ခံစားရတယ်..” တဲ့။

ဒါ့ကြောင့်...ဇာခြည် မင်းမင်း ကို စိတ်တို၊ စိတ်ကောက်နေပြီ၊ အခုလို စကားလုံးတွေနဲ့ ပစ်ပေါက်နေပြီ ဆိုရင်....မင်းမင်း အတင်းဖက်နမ်းပစ်လိုက်တာပဲ။

အဲ....လူရှင်းနေရင်ပေါ့....မရှင်းလဲ ရှင်းတဲ့ဆီဆွဲခေါ်သွားရတာပေါ့လေ။ ဒီထက်...ပိုဆိုးလာရင်တော့...အဟီး...အိမ်ပြန်ပီး....မွေ့ရာပေါ်ပါဆွဲခေါ်ရတယ်။ အဲ့ဒီကျမှ...ဇာခြည် ညိမ်ကျသွားတာ။ ဇာခြည် ခဏခဏပြောတယ်။

“ တို့တွေ...ဘယ်လောက်ကြာလာလာ...ဘယ်အချိန်မှာပဲဖြစ်ဖြစ်...မင်းမင်း.. ဇာခြည့် ကိုနမ်းရင်...ဇာခြည်...မူးမောသွားရသလိုခံစားရတယ်....အဲ...အိပ်ရာထဲအတူနေပီဆိုရင်တော့...ဇာခြည် ခဏလေးသေသွားရသလိုပဲ”...တဲ့။

မင်းမင်း ကလဲ ခဏခဏ မူးခိုင်း...ခဏခဏ သေခိုင်းနေတာပေါ့။ ဇာခြည်က ထူးဆန်းတယ်။ မင်းမင်း နမ်းလို့ မူးမောသလိုဖြစ်ရတာတော့ ထားပါ...မင်းမင်း နဲ့ အတူနေပီဆိုရင်...အစောပိုင်းမှာ တက်တက်ကြွကြွရှိသလောက်...ခရီးပန်းတိုင်ရောက်သွားပီဆိုရင်တော့...တစ်ကယ့်ကို ခဏတာ သေသွားသလိုပဲ...မျက်လုံးလေးတွေပိတ်ပီး...ညိမ်ကျသွားတာ သုံးလေးမိနစ်လောက်ကြာမယ်...ဒီအတိုင်း ဆန့်ဆန့်ကြီးနဲ့ဖြစ်သွားတာ။ စညားတည်းကနေ...အခုထိ......အမြဲတမ်းအဲ့လိုကြီးပဲ။ ညားကာစကဆိုရင် မင်းမင်း က စိုးရိမ်ပီး....

“ အဲ့လိုကြီးဘာလို့လုပ်လုပ်နေရတာလဲ...” လို့ မေးမိတော့..

“ ဘယ်သူကတမင်လုပ်မှာလဲ...သူ့ဟာသူဖြစ်သွားတာ...ခဏသေသလို ဖြစ်သွားတာပါဆိုနေ... အဲ့လို ..မဖြစ်စေချင်ရင် မင်းမင်း ဘာမှမလုပ်နဲ့ပေါ့..”  လို့ပြန်ဖြေတယ်။

“ တစ်ကယ်လို့...ဇာခြည် တစ်ခုခု နာကျင် ခံစားရတယ်ဆိုရင် မင်းမင်း တစ်ကယ် ဘာမှ မလုပ်တော့ဘူး....” လို့မင်းမင်း ပြန်ပြောတော့...ဇာခြည်...ပြုံးပီး ခေါင်းခါတယ်။ မင်းမင်း ကိုဖက်ထားပီး....

“ ဟင့်အင်း...အဲ့လိုက ခဏလေးပဲဖြစ်တာ...အရှေ့ပိုင်းမှာ လုံးဝမဖြစ်ဘူး....ဇာခြည့် ကို မင်းမင်းချစ်တာကို ဇာခြည် ကြိုက်တယ်...ဒါလေးကြောင့်တော့...တို့တွေ မချစ်ဘဲ မနေနိုင်ပါဘူး...” တဲ့လေ။

သူပဲ...အမျိုးမျိုး။ အဲ့ဒီတော့...မင်းမင်း လဲ ဇာခြည့်ကို ခဏခဏ သေခိုင်းသလိုဖြစ်နေရတော့တာပေါ့။ ခုလဲ...ဇာခြည် ညိမ်သွားအောင်...ဖက်နမ်းမလို့ မင်းမင်း သူမ မေးလေးကို အရင် ဆွဲလိုက်တယ်။

“ မောင်မင်းမင်း သိတယ်နော်...ဘာလုပ်တော့မလဲဆိုတာ...” ဇာခြည် ပြောသာပြောနေတာ..လေသံလျော့သွားပါပီ။

“ ဇာခြည် လေးရယ်...တစ်ကယ်လဲ စိတ်မဆိုး ပဲနဲ့ ဘာလဲ အနမ်းခံချင်လို့ မဟုတ်လား...ကဲ...ဒါဆို လာထား....”

“ မင်းမင်း.. နော်...ရုံးခန်းကြီးထဲမှာကို....” ဇာခြည် ပြောနေပေမယ့် မင်းမင်း လှမ်းဖက်လိုက်တယ်။

ဟာ...ဘာကြီးလဲ....။ မင်းမင်း ဇာခြည့် ကို ဖက်မယ်အလုပ်...ဇာခြည် နဲ့ မင်းမင်း ကြားမှာ တစ်ခုခုက လာခံနေသလားလို့။ ကြည့်မိတော့မှ....။ သြော်...ငါ့နဲ့နော်....ဇာခြည် ကိုယ်ဝန်ရှစ်လတောင်ရှိနေပီဆိုတာ...နမ်းချင်ဇောနဲ့ သတိမထားမိလိုက်တာကိုး။

မင်းမင်း နဲ့ ဇာခြည့် ကြား ဇာခြည့် ဗိုက်ကြီး...မင်းမင်း ရင်သွေးလေးကို လွယ်ထားတဲ့ ဇာခြည့် ကိုယ်ဝန်က ခံနေတာကိုး။ ဒီညနေတောင်...ဇာခြည် ဆေးခန်းကို ဗိုက်သွားထပ်ပြဖို့ မင်းမင်းလိုက်ပို့ပေရဦးမှာလေ။

သြော်...ဒါကြောင့်...ဇာခြည် လိုက်လာတာကိုး။ သူ့ယောက်ျား...အိမ်ပြန်လာပီးမှ...ဆေးခန်းသွားရမယ်ဆို..ပင်ပန်းနေမှာစိုးလို့...သူအရင် ရုံးကိုလိုက်လာပီးမှ...ဆေးခန်းသွားပြဖို့ စီစဥ်လာတာပဲဖြစ်မယ်။ ...ဗိုက်ခံနေလဲ...ရပါတယ်။ မင်းမင်း က ခါးလေး ရှေ့နဲနဲ ကုန်းပီးနမ်းမှာပေါ့။

မင်းမင်း ခါးလေးကိုင်း၊ ခေါင်းလေးစောင်းပီး ဇာခြည့် မျက်နှာလေးဆီ ငုံ့သွားတော့...ဇာခြည့် နှုတ်ခမ်းလေးတွေ ထုံးစံအတိုင်း တုန်ရင်လာနေပီး..မင်းမင်း အနမ်းကို လက်ခံဖို့ အသင့်ပြင်နေပီလေ။ ရည်းစားဘဝတုန်းကပဲဖြစ်ဖြစ်၊ ညားကာစ လင်မယား ဘဝတုန်းကပဲဖြစ်ဖြစ်၊ ခုလိုကိုယ်ဝန်ဆောင်နေစဥ်မှာပဲ ဖြစ်ဖြစ် ဇာခြည့် နှုတ်ခမ်းလေးတွေက မင်းမင်း အတွက်ချိုမိန်နေလျက်ပါပဲ။

ဇာခြည် မျက်လုံးလေးတွေ မှေးစင်းသွားပီ။ ချစ်လိုက်ရတာ ဇာခြည် ရယ်။

“ ဟိတ်...ပါပါးနဲ့ မာမား...မောင်မောင်လေး ပိတော့မယ်...မောင်မောင်လေး ကို မဖိကြနဲ့နော်....”

ရုံးခန်းရှေ့တံခါး ဝုန်းကနဲ ပွင့်သွားပီး လေးနှစ်အရွယ်...ချစ်စဖွယ် ကလေးမလေးတစ်ယောက်ပြေးဝင်လာတယ်။ မင်းမင်း တို့ ရုတ်တရက် လန့်သွားပီး...လူချင်းခွာလိုက်ကြတယ်။

“ ဟင်...ရှိုင်းလေး...ဘယ်သူနဲ့ လိုက်လာတာလဲ...”

“ မင်းမင်း ကို ဖိုးဖိုးကြီးခေါ်လာတာ...ဦလေးအောင်ကြီး လိုက်ပို့တာလေ..မာမား...”

မင်းမင်း နဲ့ ဇာခြည် တို့ရဲ့ သမီးကြီး....ရှိုင်းဝတီမင်း လေးပါ။ လေးနှစ်ရှိပီ...စကားကလဲတတ်..အသားလေးကဖွေးဖွေးဆွတ်ဆွတ်နဲ့ အရမ်းချစ်စရာကောင်းတယ်။ ဇာခြည် မေးတာ ဖြေနေပေမယ့်...မင်းမင်း ဆီတန်းပြေးလာတယ်။ မင်းမင်း ထိုင်ပီး လက်ကမ်းကြိုလိုက်တာပေါ့။

“ လာ..မီးလေး..လာ....” မင်းမင်း ကောက်ချီလိုက်တာနဲ့...စပီ။

“ ပါပါးရေ...ပါပါး...”

“ ဗျာ..ဗျ...”

“ အဲ့ကောင်မလေး...အဲ့ဒီလို ခေါ်နေရင်...သတိထားတော့နော်..မင်းမင်း.. သူတစ်ခုခု...ပူဆာတော့မှာ...” ဇာခြည် ဝင်သတိပေးတာ။

“ ဇာခြည် လေးကလဲကွာ...မင်းမင်း က ပါပါးကိုပြောမှာကို.. သိနေတာပဲ....ဟွန်း..ဟွန်း....” မင်းမင်း သမီးလေးပြောလိုက်တာပါ။ မင်းမင်း သဘောကျလွန်းလို့ရယ်လိုက်မိတယ်။

“ ရှိုင်းဝတီမင်း....မာမား...ဘယ်နှစ်ခါပြောရမလဲ...မာမားကို ဇာခြည် လေးလို့...ညည်း အဖေခေါ်သလို လိုက် မခေါ်ပါနဲ့ဆိုတာ.....နားမလည်ဘူးလား...”

“ သမီးလေးကို မအော်ပါနဲ့ကွာ...ဇာခြည် ကလဲ....”

“ အင်းလေ...မင်းမင်း က...မာမားကို ချစ်လို့...ပါပါး ခေါ်သလိုခေါ်တာပဲကို..နော် ပါပါး....”

“ ဟုတ်ပ...ပါပါး သမီးလေးပြောတာ...”

“ ရှိုင်းဝတီမင်း...မာမားထပ်ပြောမယ်နော်...ကိုယ့်ကိုကိုယ်လဲ ရှိုင်းလို့ပဲ ပြောပါဆိုတာ..ဘာလဲ....ဒီမင်းမင်းလို့ ....ထပ်ပြောနေတုန်းပဲလား....”

“ မာမား ကလဲ မင်းမင်း က မင်းမင်း ကို ပါပါး....ပြောသလို...မင်းမင်း လို့ပဲ ပြောချင်တာကို...နော်..ပါပါး....”

“ ဟုတ်ပ...သမီးရယ်...ဟုတ်ပ...ပါပါး သမီးပြောချင်သလိုပြော...ခေါ်ချင်သလိုခေါ်...ပါပါး ခွင့်ပြုတယ်...”

မင်းမင်း တို့ သမီးက မင်းမင်း တို့ နှစ်ယောက်လုံးရဲ့ သွေးအပြည့်ပါလာတယ်။ ရုပ်ရည်ကလဲ နှစ်ယောက်လုံး၊ နှစ်ဖက်လုံးနဲ့ဆင်တယ်။ ပြောကြတာကတော့....ဇာခြည် နဲ့ ရုပ်ချင်းဆင်တဲ့ ဇာခြည့် အမေရုပ်ရယ်.... မင်းမင်းနဲ့ ရုပ်ချင်းဆင်တဲ့ မင်းမင်း အမေ ရုပ်နှစ်ခုကို ပေါင်းထားသလိုပဲတဲ့။

မင်းမင်း အမေက အသားလဲ ဖြူပီး မျက်နှာကျပုံက မင်းမင်း လိုပဲလေ။ ပီးတော့...သမီးက သူတို့နဲ့ တူတာက...ဇာခြည် သူမအမေကို သူ့အဖေခေါ်သလို “နန်းနန်း” လို့လိုက်ခေါ်သလိုပဲ....သမီးကလဲ ဇာခြည့်ကို မင်းမင်းခေါ်သလို..“ ဇာခြည်လေး” လို့ တစ်ခါတစ်လေ လိုက်ခေါ်တတ်တယ်။

သူ..စိတ်အလိုမကျရင်...မင်းမင်း ကိုလဲ...ဇာခြည် ခေါ်တဲ့အတိုင်း....“ မောင်မင်းမင်း” ဆိုပီး သူ့အမေနဲ့ တစ်လေသံတည်း လိုက်ခေါ်သေးတာ။ မင်းမင်း မှာ ချစ်လိုက်ရတာ...ဒီအမေနဲ့ ဒီသမီးကို။ ပီးတော့...အဖေ၊ အမေထက်ပို ထူးချွန်သွားတာက...သူ့အဘွားလေး.... ဇာခြည့် အဒေါ် အန်တီစိန်ကို လည်း...“ တီစိန်ကြီး” တဲ့....ဦးလေးအောင်ကြီး ကို လည်း မင်းမင်း ခေါ်သလို ပဲ “ ဦးလေးအောင်ကြီး” တဲ့လေ။ “ ဘိုးလေး အောင်ကြီး” လို့ခေါ်....”ဘွားစိန်” လို့ခေါ် ဆိုတာ ဘယ်လိုသင်သင်မရဘူး။

သူ့ နာမည် ရှိုင်းဝတီမင်း ကိုလည်း...ကိုယ့်ကိုယ်ကို “ရှိုင်း” လို့သုံးခိုင်းတာ လုံးဝ မရဘူး။ “ မင်းမင်း” တဲ့လေ...သူ့အဖေ သုံးသလိုပဲ သုံးချင်တာဆိုပီး...သူ့ကိုယ်သူ ခေါ်နေတော့တာပါပဲ။ ပီးတော့...ဇာခြည်နဲ့ အတူဆုံးက...ဇာခြည် က သူမအဖေကို ချစ်ခင်သလို...သမီးကလည်း...ဖအေဖြစ်တဲ့ မင်းမင်း ကို ပိုတွယ်တာတယ်။

ဇာခြည် နဲ့ အနေများပီး...ဇာခြည် ဘယ်လောက် အလိုလိုက်လိုက် မင်းမင်း ကို ပိုတွယ်တာနေတာ။ မင်းမင်း ရုံးကို တစ်ရက် မလိုက်ရရင် အကုန်ပြဿနာ ပတ်ရှာတတ်တယ်တဲ့။ လိုက်လာပီး...မင်းမင်း နဲ့တွေ့ပီး......လိုချင်တာတွေပူဆာ၊ အာဘွားတွေပေးပီးရင် ပြန်သွားရော။

သိတယ်မဟုတ်လား...မင်းမင်း သမီးက ဘယ်သူ့ အသည်းစွဲလဲဆိုတာ။ ဘယ်သူရှိမလဲ...ဇာခြည့် အဖေ၊ မင်းမင်း ယောက္ခမကြီး ဦးစိုးမောင် ပေါ့။ သမီးလေး မွေးပီးတည်းက သူ့လက်ပေါ်မှာချည်းပဲ။ တခြား အဖိုး အဖွားတွေတောင် သူ့လောက်မဟုတ်ဘူး။

ဇာခြည့် ညီမ နေခြည် မွေးထားတဲ့ မြေးကိုတောင် ဒီလောက် မဟုတ်လို့...ဟိုဘက် အမျိုးတွေကတောင် စကားနာထိုးတာ ခဏခဏ ခံရတယ်လို့ ဦးလေးအောင်ကြီး ပြောပြဖူးတယ်။ မင်းမင်း အဖေတို့အမေတို့အိမ် တစ်ညအိပ်လောက် လွှတ်ရရင်တောင် သူလိုက်သွားတတ်ပီး ညနေစောင်းမှ ပြန်...နောက်နေ့မနက်လဲ အစောကြီးတည်းက ဦးလေးအောင်ကြီးကို အတင်းလိုက် ပို့ခိုင်းတတ်တယ်တဲ့။

မင်းမင်း ယောက္ခမကြီးက မင်းမင်း နဲ့ ဇာခြည် ညားပီး တစ်နှစ်ခွဲလောက်နေတော့...သူရုံးကို နေ့စဥ်မလာတော့ဘူး။ တစ်ပတ်မှနှစ်ရက်...အများဆုံး သုံးရက်လောက်ပဲ လာတော့တယ်။ မင်းမင်း တို့ကို အလုပ်ကိစ္စတွေ အာဏာကုန်လွှဲထားပေးတယ်။

ဘုရားတရားလေးအားထုပ်ချင်လို့ဆိုပီး။ နောက်တော့...မြေးဦးလေးလဲရရော...ပုတီးချပီး မြေးမ နေတာ အခုထိပဲ။ တရားအားထုပ် ဖြစ် မဖြစ် တော့ မသိဘူး။ ရှိုင်းဝတီမင်း လေးနဲ့ ပဲ တစ်ချိန်လုံး အားထုပ်နေရတော့တာ ပါပဲ။ အဲ့လိုပါဆို...မင်းမင်း ယောက္ခမကြီးက။

“ ဒီမင်းမင်းနှစ်ယောက်တွေ့ လိုက်ရင်...ဒီအတိုင်းချည်းပဲ...ဇာခြည့် ကိုဘာမှတ်နေလဲ...နှစ်ယောက်လုံးအဆော်ခံရတော့မယ်နော်...သတိသာထားကြ....”

ဇာခြည် က သူ့သမီးကို မင်းမင်း ရှေ့မှသာ အော်နေတာ...မင်းမင်း နောက်ကွယ်မှာဆို...တုန်နေအောင်ချစ်တာ။ အော်ဖို့မပြောနဲ့...သူ့သမီး မျက်နှာညိုးရင်တောင်..ကြိုက်တာမဟုတ်ဘူး။ အလိုလိုက်လိုက်တာမှလည်း....ဘာပူဆာဆာ ချက်ချင်း အကုန်ဖြည့်ဆီးပေးတာ...မင်းမင်း သိတာပေါ့။

မင်းမင်း ရှေ့ ဆိုရင်တော့...သူမကပဲ စည်းကမ်းကြီးသလိုလို၊ အမြဲပဲ ဆူနေ ပူနေတတ်သလိုလို နဲ့လုပ်ပြတတ်တာ...မင်းမင်း သိပါသည်။

“ ကဲ....ပါပါး သမီးလေးဘာလိုချင်လို့လဲ...ပြော..ပါပါးကို...”

“ ပါပါး...ပါပါး....မင်းမင်း လာတုန်းက...ရှေ့မှာ...မိုးပျံပူပေါင်းတွေ တွေ့တယ်...မင်းမင်း အများကြီး လိုချင်လို့...လိုက်ဝယ်ပေးပါနော်....”

“ လုပ်ပြန်ပီ....ဒီပူပေါင်းတွေ...ဘောလုံးတွေပဲ ဝယ်နေတယ်...အိမ်မှာလဲ အများကြီးဖြစ်နေပီကို....ဒါပဲပူဆာနေတယ်....”

ဇာခြည် တားချင်ယောင်ဆောင်နေတာပါ။ သူမ ပြောတဲ့ အိမ်က အများကြီးဆိုတာလဲ သူမပဲ ဝယ်ပေးထား တာ။ ခုမှသာ မင်းမင်း တို့ကိုလာတားနေတာ။

“ မာမား ကလဲ....မင်းမင်းက ပါပါးလိုပဲလေ...ပါပါး ငယ်ငယ်တုန်းက ရောင်စုံ ပူပေါင်းလေးတွေကို ကြိုက်တယ်လို့...ကြီးကြိးမွန်မွန်နဲ့ ဖွားဖွားဋ္ဌေးပြောပြလို့...မင်းမင်း ကလဲကြိုက်တာကိုနော် ပါပါး...ဝယ်ပေးနော်....”

အဲ့လို မင်းမင်း ငယ်ငယ်က ရောင်စုံ မိုးပျံ ဘောလုံးတွေကိုကြိုက်တတ်တာကို...မင်းမင်း အစ်မနဲ့ အမေက..သူ့ကို ပြောပြလိုက်တည်းကသူလဲကြိုက်တယ်ဆိုပီး ပူဆာနေတော့တာပါပဲ။ ဟုတ်တယ်...မင်းမင်း ငယ်ငယ်က အဲ့လို ရောင်စုံ ဘောလုံးလေးတွေ တော်တော်ကြိုက်တတ်တာတဲ့။

မင်းမင်း ကောင်းကောင်း မမှတ်မိပေမယ့်...မှတ်မိရသလောက်နဲ့ အမေနဲ့ အစ်မ ပြန်ပြောပြသလောက်က...မင်းမင်း လဲ ရောင်စုံ ဘောလုံးလေးတွေ တစ်လုံးပီးတစ်လုံး ဝယ်ဝယ်ခိုင်းတတ်တယ်တဲ့။ ပီးတော့...တခြားကလေးတွေလို..ဆော့ပစ်၊ ဖောက်ပစ် တာမျိုးမလုပ်ဘူးတဲ့။ ဝယ်လာပီးရင်...အိမ်က မျက်နှာကျတ်မှာ လွှတ်တင်ပေးပီး ထိုင်ကြည့်နေတော့တာပဲတဲ့။

“ ရောင်စုံ ဘောလုံး... ရောင်စုံ ဘောလုံး တစ်လုံး ငါးပြား...တစ်လုံး ငါးပြား .....”

ဆိုတဲ့ သီချင်းလေး စဆိုတတ်တဲ့ အရွယ်ကနေ စကြိုက်လာတာတဲ့။ အိမ်က မျက်နှာကျတ် တွေမှာဆို မင်း မင်း ရဲ့ ရောင်စုံ ဘောလုံး လေးတွေကြီးပဲတဲ့။ သူ့ဟာသူ လေကုန်လို့ ရှုံ့ပီး ကျလာရင် နောက်တစ်လုံး ပူဆာ ပီး ဝယ်ခိုင်းတော့ တာပဲတဲ့။

မင်းမင်း ရောင်စုံ ဘောလုံး လေးတွေကို ငယ်ငယ်တည်းက အဲ့သည်လောက် အရမ်း ကြိုက်တတ် ခဲ့ပေမ ယ့်...ဘယ် ရောင်စုံ ဘောလုံး တစ်လုံးကိုမှ မင်းမင်း မဖေါက်ခွဲ  မဖျက်စီး ပစ်ခဲ့ပါဘူး။ အလှကြည့်နေရတာကို မင်းမင်းက ကြိုက်တာပါ။

ငယ်ငယ်တည်းက ရောင်စုံ ဘောလုံး လေးတွေ ကြိုက်တတ်တဲ့ မင်းမင်း အကျင့်က ခုထိပါပဲ။ ဒီ အသက် ဒီအရွယ်၊ ဒီရာထူး၊ ဒီလုပ်အကိုင်နဲ့၊ ဒီလို မိသားစု နဲ့ မို့ မင်းမင်း ရောင်စုံ ဘောလုံး  လေးတွေကို ငယ်ငယ် ကလို လိုက်လျှောက် ဝယ်နေလို့တော့ဘယ်ဖြစ်မှာလဲ။

မဝယ်ပေမယ့်လည်း တွေ့ရတဲ့ ခဏ တော့ ကိုင်ကြည့်ချင်စိတ် ဖြစ်မိတာပေါ့။ ငယ်ငယ်က အစွဲအလန်းဆိုတာ ဖျောက်နိုင်ခဲတယ်မဟုတ်လား။ ဒါပေမယ့်....ဒါလဲ..မရပါဘူး..ကိုင်တောင် မကြည့်လေနဲ့ပဲ။ ရောင်စုံ ဘောလုံး လေးတွေ ဝယ်လာပီး ငယ်ငယ်ကလို အိမ်မျက်နှာကျတ်မှာ အလှဆွဲထားဖို့ မပြောနဲ့....အခုဆို....မင်းမင်း အိမ်မှာက အိမ်လုံးပြည့် သံမဏိ ဘောလုံးကြီးတစ်လုံးက နေရာ ယူထားပြီးပီလေ။

မင်းမင်း ကြိုက်တဲ့ ရောင်စုံ ဘောလုံး လေးတွေ ကိုင်ကြည့်ဖို့ နေနေသာသာ...မင်းမင်း တောင် လှုပ်လို့မရအောင် ဖိမိနေတာ။ မင်းမင်းကလဲ...ဒါကိုပဲ ကျေနပ်နေမိတာလေ...တစ်သက်လုံးအတွက်ကို။        ။

..........................................................


ခင်မင်လေးစားစွာဖြင့်

မင်းခိုင်


...........................................⭐⭐⭐⭐⭐........................................

ပြီးပါပီ။